Thursday, June 19, 2008

စိတ်ညစ်နေလား…

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက စာရေးဖို့ကြိုးစားလိုက်၊ အဆင်မပြေလိုက်နဲ့ အာရုံတွေ နောက်နေတာနဲ့ပဲ ဘာစာမှ မရေးဖြစ်ခဲ့ပါဘူး။ စာရေးလို့ မရတာနဲ့ တီဗွီရှေ့မှာ ထိုင်ပြီး Channel တွေကို ဟိုဟိုဒီဒီ လိုက်ကြည့်မိရင်းနဲ့ သဘောကျစရာ အစီအစဉ်တခုကို သွားကြည့်မိပါတယ်။ `အစားကောင်း စားရတဲ့အခါ ချစ်တဲ့လူကို သတိရတယ်´ ဆိုတဲ့ စကားအတိုင်း ကျနော် သဘောကျနှစ်ခြိုက်မိတဲ့ အစီအစဉ်ကို ကျနော့် မိတ်ဆွေများကိုလဲ မျှဝေချင်တာကြောင့် ဘလော့ဂ်ပေါ်မှာ တင်ဆက်ပါရစေ။


America’s got Talent … တဲ့။


တကယ်တော့ ကျနော်ကသာ အခုမှ တောသားမြို့တက် ဖြစ်ပြီး အထူးအဆန်း ဖြစ်နေပေမယ့် အဲဒီ အစီအစဉ်ကို တင်ဆက်နေခဲ့တာ နှစ်ပေါင်း အတန်ကြာတောင် ရှိလောက်ပါပြီ။ တခြားသော နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ သြစတေးလျနိုင်ငံတွေမှာလည်း Britain’s got Talent, Australia’s got Talent ဆိုပြီး တင်ဆက်ပါတယ်။ Europe’s got Talent ဆိုတာလဲ ရှိပါသေးတယ်။ ဘယ်နိုင်ငံကနေ ဒီအစီအစဉ်ကို အစောဆုံး တင်ဆက်ခဲ့တာလဲ ဆိုတာကတော့ မသိနိုင်ပါဘူး။


အစီအစဉ်ရဲ့ သဘောက ပါဝင်ယှဉ်ပြိုင်သူ အနေနဲ့ မိမိမှာရှိတဲ့ ထူးခြားတဲ့ မည်သည့်စွမ်းရည်ကို မဆို ပြသပြီး ယှဉ်ပြိုင်ရပါတယ်။ သီချင်းဆို၊ အက၊ မျက်လှည့်၊ ကျွမ်းကျင်မှု အတတ်ပညာတမျိုးမျိုး၊ ကျွမ်းဘား၊ စသဖြင့် မိမိ စိတ်သန်ရာကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်ရပါတယ်။ ဒိုင်သုံးယောက်က အကဲဖြတ်ပါတယ်။ ဒိုင်ရဲ့ မှတ်ချက်၊ ပရိသတ်ရဲ့ အားပေးမှုတွေအပေါ် မူတည်ပြီးတော့ နောက်ထပ် အဆင့်ဆင့်ကို ဖြတ်ကျော်ရပါတယ်။ နောက်ဆုံးအဆင့်မှာ အနိုင်ရသူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တသန်း ရပါတယ်။ တခြားနိုင်ငံတွေရဲ့ ဆုကြေးငွေတွေကိုတော့ မသိပါဘူး။


အခု ကျနော်ကြည့်ခဲ့ရတာကတော့ ၂၀၀၈ ခုနှစ်အတွက် America’s got Talent အစီအစဉ်ပါ။


ဆုကြေးငွေ တသန်းပေးတာပဲ ဆိုပြီးတော့ ကချော်ကချွတ် လာပြိုင်ရင်လဲ အကဲဖြတ်တဲ့ ဒိုင်တွေက အားမနာတတ်သလို အားပေးတဲ့ ပရိသတ်တွေကလဲ တညီတညာတည်း ကန့်ကွက်ကြပါတယ်။ အောက်မှာ နမူနာ ရှုစားကြည့်ပါ။



ကြိုးစားမှု ကောင်းကောင်းနဲ့ တင်ဆက် ဖျော်ဖြေသူတွေကိုတော့ ဒိုင်တွေကရော ပရိသတ်တွေကပါ တခဲနက် အားပေးကြသလို တီဗွီကနေ တဆင့် ကြည့်ရတဲ့လူကိုပါ ပြုံးရွှင်စေအောင် စွမ်းဆောင်နိုင်ကြပါတယ်။





နယူးယောက်ပြည်နယ်က ဖျော်ဖြေတင်ဆက်တာပါ ဆိုတဲ့ ဂျွန်နသန်ရဲ့ တင်ဆက် ဖျော်ဖြေမှုပါ။ ဘယ်လောက်အောင် အားထုတ်ကြိုးစားခဲ့ရသလဲဆိုတာ သူ့ရဲ့ ဖျော်ဖြေမှုမှာ ပေါ်လွင်နေပါတယ်။ နောက်တဆင့် လာ့ဗေးဂပ်စ် မြို့မှာ ယှဉ်ပြိုင်ဖို့အတွက် ဆန်ကာတင် စာရင်းဝင်ပါတယ်။



ဒါကတော့ ညီအကိုနှစ်ယောက်ရဲ့ တယောအတီးနဲ့ တင်ဆက်မှုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ ရှိဟန် သူတို့ ညီအကို နှစ်ယောက်ရဲ့ တင်ဆက်မှုကလဲ နှစ်သက်စရာကောင်းလှပါတယ်။



ဒီကလေးမလေးကတော့ အသက် လေးနှစ်သာ ရှိပါသေးတယ်။ အပူအပင်ကင်းစွာနဲ့ ကြီးပြင်းလာရဟန် တူတဲ့ ကလေးမလေးရဲ့ သီချင်းဆိုဟန်က ပရိသတ် အားလုံးကို ငြိမ်သက်စွာ နားထောင်နေစေအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ စင်ဘေးကနေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေတဲ့ သူ့မိဘတွေရဲ့ မျက်နှာထားကလဲ မိဘမေတ္တာကို ဖော်ကျူးနေစေပါတယ်။ ဒိုင်သုံးယောက် စလုံးရဲ့ ဆုံးဖြတ်ချက်က ဒီကလေးမလေးကို နောက်တဆင့် အနေနဲ့ လားဗေးဂပ်စ် မြို့မှာ ယှဉ်ပြိုင်ခွင့် ရစေခဲ့ပါတယ်။




နီယိုဘွိုက် လို့ အမည်ရတဲ့ ဒီပုဂ္ဂိုလ်ကို သူ့ရဲ့ သီဆိုတင်ဆက်မှု မတိုင်မီက ဒီလောက်ကြီး ဟုတ်မယ် မထင်လှပါဘူး။ ဒါပေမယ့် သူ့ငယ်စဉ်ဘ၀ကို ပြောပြနေတာကတော့ ကရုဏာသက်စရာမို့ စိတ်ဝင်တစားနဲ့ နားထောင်မိတော့မှ သူ့ရဲ့ ပိုင်နိုင်လှတဲ့ အဆိုစွမ်းရည်ကို သိရပါတော့တယ်။ ပရိသတ် အားလုံးက မတ်တပ်ရပ် အားပေးခဲ့ကြတဲ့ သူ့ရဲ့ တင်ဆက်မှုဟာလဲ နောက်တဆင့်အတွက် ထိုက်တန်ပါတယ်။ နောက်တဆင့် ထပ်ပြိုင်ရမယ့် အဖြေကို သိပြီးနောက်မှာ သူ့အမေဆီကို စိတ်လှုပ်ရှားစွာနဲ့ ဖုန်းဆက်ပြောပြနေတဲ့ပုံစံက အိမ်နဲ့ဝေးသူ ကျနော့်ကိုပါ (ခေတ်စကားနဲ့ ပြောရရင်) Heart ထိစေခဲ့ပါတယ်။


တခြားသော တင်ဆက်သူတွေ တချို့လဲ ရှိခဲ့ပါသေးတယ်။ ဘရစ်တနီစပီးယား လို တုပ ကပြတဲ့ မောင်မစ္စက တယောက်ဆိုရင်လဲ ဒိုင်တယောက်က ကန့်ကွက်ပေမယ့် နောက်တဆင့် တက်ရောက်ခွင့် ရသွားပါတယ်။


***


ကျနော့်မိတ်ဆွေများလဲ အခု အစီအစဉ်တွေကို ကြည့်ပြီး ခဏတာပဲ ဖြစ်ဖြစ် စိတ်ရွှင်လန်း ကြည်လင်နိုင်ပါစေ…။



ကလိုစေးထူး

6 comments:

Anonymous said...

ဒီပို့ စ်လေးအတွက် အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုရေ့ ကြော်ငြာကိုတော့ Channel တစ်ခုမှာတွေ့ ဖူးပြီး တစ်ခါမှမကြည့်ဖူးဘူးး တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် အသက်ကန့် သတ်မှုမရှိပဲ လွတ်လွတ်လပ်လပ်နဲ့  ကြည့်ရတာ စိတ်ကြည်နူးတယ်။
ဂျွန်နသန်ရဲ့ ရဲ့ ဖျော်ဖြေမှု နဲ့  ကလေးမလေးရဲ့ သီချင်းလေး ကို ကြိုက်တယ် ။

စိုးထက် - Soe Htet ! said...

BGT က စကြည့်ဖူးတာ .. ကောင်းတယ် ယူတျူ့ဗ် ကနေ ပဲ ချ ကြည့် ဖြစ်တယ် ...

စိုးထက် - Soe Htet ! said...

BGT က စကြည့်ဖူးတာ .. ကောင်းတယ် ယူတျူ့ဗ် ကနေ ပဲ ချ ကြည့် ဖြစ်တယ် ...

Anonymous said...

ကျေးဇူးအရမ်းတင်ပါတယ်...
ကလေူးလေးက အရမ်းကို ချစ်စဖွယ်လေးနဲ့ ယုံကြည်မူ အပြည့်နဲ့ပဲနော်.. လူကြီးလေးလိုလဲ ဖြေလိုက်သေးတယ်..။
သီချင်းဆိုတဲ့ ဟန်လေးရယ် အသံလေးရယ်က ဒိုင်လူကြီးတွေကို .. မယုံကြည်နိုင်လောက်အောင် ဖြစ်စေခဲ့တယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်က အရမ်းငယ်ပေမဲ့ သတ္တိရှိတဲ့ ကလေးလေး ချစိစဖွယ်လေးမို့လို့ လက်ခံတာပါ..။
ခု .. စိတ်ကျေနပ်သွားပီ..

Anonymous said...

ဝေမျှပေးတာ ကျေးဇူးပါ။ အရမ်းကိုကောင်းပါတယ်။ အလုပ်ကြောင့် ပါစင်နယ်ကြောင့် ဘာကြောင့်ညာကြောင့် ညစ်ညူးနေသမျှစိတ်တွေ တခနလွင့်စင်သွားပီး ပါရမီရှင်တွေဆီက ခွန်အားလေးတွေရလိုက်သလိုပါပဲ။

Anonymous said...

နေကောင်းရဲ့လား ..ဟင်..

ဘာတွေ ဖြစ်နေတာလဲ..

စာလဲရေးဘူးး။
လက်ကဘာလို့နာနေတာလဲ..။