Wednesday, November 26, 2008

ခွင့်တိုင်ခြင်း...

အခုရက်ပိုင်းမှာ ကျနော် ခရီးသွားဖို့ ရှိလို့ နောက်ထပ် လေးငါးရက်အတွင်းတော့ ပို့စ်အသစ်တွေ မတင်နိုင်သေးပါဘူး။ ပြန်လာတဲ့အခါကျမှ ဘလော့ဂ်ကို ဆက်ရေးဖြစ်မှာမို့ ကျနော့်ကို ခွင့်ယူခွင့်ပြုပါဦးလို့ စာလာဖတ်တဲ့ မိတ်ဆွေများကို ပန်ကြားပါတယ်။ လာမယ့် တနင်္လာနေ့လောက်ဆိုရင်တော့ ဘလော့ဂ်ကို ပြန်ရေးဖြစ်မယ်လို့ ထင်ပါတယ်။ အဆင်ပြေ ပျော်ရွှင်ကြပါစေ။
လေးစားခင်မင်စွာ

ကလိုစေးထူး

Thursday, November 20, 2008

ချောင်းတစ္ဆေ

`အဟွတ်...၊ အဟွတ်...၊ အဟွတ်´

ပြင်းပြင်းထန်ထန် ဆိုးနိုင်လွန်းတဲ့ ချောင်းက အိပ်စက်ခြင်းကို လှုပ်ကန်နှိုးပစ်လိုက်ပြန်ပါပြီ။ စိတ်ပျက်လက်ပျက်နဲ့ ထထိုင်လိုက်ပြီး တဟွတ်ဟွတ်ဖြင့် အားရပါးရကြီးကို ဆိုးပစ်လိုက်တော့ ရင်ခေါင်းထဲက အောင့်လာသည်။ ရေထသောက်တော့ ခဏတဖြုတ်တော့ သက်သာသလိုလိုနဲ့ အတန်ကြာတော့ ပြန်ဆိုးလာပြန်သည်။ ခက်ပါဘိ...။

***

အခုလို ချောင်းဆိုးနေရတာက တကယ်တော့ သူကိုယ်တိုင်ကိုက ပေါ့လျော့နိုင်လွန်းလှခြင်းကြောင့်ပါ။ အလုပ်ပိတ်ရက်တညမှာ အကျီင်္ရင်ဘတ် ဟောင်းလောင်းဖြင့် တညလုံး အိပ်မိကတည်းက အဆုတ်က ဘာပြဿနာတက်သည် မသိ။ ပထမတော့ ခဏတဖြုတ်ဆိုးလိုက်ရုံနဲ့ သာမန်ပျောက်သွားမယ် ထင်ပြီး Cough Drop လေးတွေလောက်သာ ၀ယ်စားနေရာမှ ညဘက် အိပ်မရလောက်အောင် ဆိုးလာတော့ သတိမထားလို့ မဖြစ်တော့...။

တရက်မှာတော့ အလုပ်ထဲမှာ အထိပါ တဟွတ်ဟွတ်နှင့် အဆက်မပြတ်ဆိုးနေတော့ ဘေးက လုပ်ဖော်ကိုင်ဖက်ကို အားနာတာနှင့် မျက်နှာအကာတခုကို ယူတပ်ပြီး ဟန်မပျက် အလုပ်ဆက်လုပ်နေမိသေးသည်။ ဒါပေမယ့် ချောင်းက ဒီလောက်နဲ့ ရပ်မသွားတဲ့အပြင် ဘယ်လိုမှ အလုပ်ဆက်လုပ်ဖို့ မဖြစ်လောက်အောင် ဆက်တိုက်ဆိုးလာတော့ အလုပ်ရှင်ကိုယ်တိုင်က `မင်းဆရာဝန်ဆီ သွားပြပြီး ဒီနေ့ နားသင့်တယ်´ လို့ ပြောယူရသည်။

ဆရာဝန်ဆီရောက်တော့ လူကို နားပေါက်၊ နှာခေါင်းပေါက်တွေထဲ ဓာတ်မီးသေးသေးလေးထဲ ဟိုဟိုဒီဒီထိုးကြည့်လိုက်၊ အသက်ရှူခိုင်းပြီး ကျောနဲ့ ရင်ဘတ်မှာ ဟိုနားစမ်း၊ ဒီနားစမ်း လုပ်လိုက်၊ ဟိုမေးဒီမေး မေးလိုက်နဲ့ `ငါတော့ ဘက်တီးရီးယားတမျိုးကြောင့် ဖြစ်နေတာလို့ ထင်တယ်၊ ဆေးစာရေးပေးလိုက်မယ်၊ ကံကောင်းပါစေ´ ဆိုပြီး ပြန်လွှတ်လိုက်သည်။ သူရေးပေးလိုက်သော ဆေးစာအတိုင်း ၀ယ်သောက်တဲ့ ဆေးက တပတ်လောက်တော့ လုံးဝ ချောင်းမဆိုးဘဲ နေသေးသည်။ ဒါပေမယ့် နောက်ပိုင်းတော့ ပြန်ဆိုးပြန်၏။

အဆိုးဆုံးက အပြင်ကို မထွက်မဖြစ် ထွက်လိုက်တိုင်း ထိတွေ့နေရသည့် ခိုက်ခိုက်တုန်သော ရာသီဥတုပင်...။ အေးစက်နေသော လေရဲ့ အထိအတွေ့ကိုရပြီးလို့ မိနစ်ပိုင်းအတွင်းမှာပင် ချောင်းက အဆတ်မပြတ်ဆိုးတော့သည်။

***

`ခင်ဗျားချောင်းက ဆိုးနေတာ ကြာပြီနော´
`ဟုတ်တယ်ဗျာ´
`အင်းးးး´

`ဗုဒ္ဓေါ´ ဟု စိတ်ထဲကနေ ရေရွတ်ပြီး ဒီလူ့ရဲ့ သံရှည်ဆွဲသံ `အင်းးးးး´ ဆိုတာကို အသာမျက်မှောင် ပင့်ကြည့်လိုက်တော့ နောက်သလို ပြောင်သလို ပြုံးစစဟန်နဲ့ ပြန်လှည့်ထွက်သွားသည်။ စားပွဲပေါ်တင်ထားတဲ့ စာအုပ်တအုပ်ကို အမှတ်မထင် ယူဖတ်မိတော့...

`တီဘီရောဂါ၏ ထင်ရှားသိသာသော လက္ခဏာမှာ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ သလိပ် ချွဲကပ်ခြင်း´

`ဘုရား...၊ဘုရား´ ဟိုလူစောစောက ပြုံးစိစိလုပ်တာ ဒါကြောင့်များလား...။

***

`ဟဲ့၊ ငါ့အကို ၀မ်းကွဲတယောက်ဟာလေ။ ဒီကိုထွက်လာခါနီးကျမှ တီဘီတွေ့လို့တဲ့၊ သလိပ်ပြန်စစ်နေရတယ်´
`အမလေး...၊ အဲဒါကတော်ပါသေးတယ်၊ တော်ကြာ အဲဒီရောဂါကြီးနဲ့ ဒီကိုရောက်လာမှ ပိုဆိုးနေမယ်´

မွေးနေ့ပွဲတခုရဲ့ စကားဝိုင်းတခုဆီက ပျံ့လွင့်လာသော အသံ....။ ကိုယ်ကလဲ သူတို့ ပြောနေချိန်မှာမှ ချောင်းက ထဆိုးနေတော့ မျက်လုံးတွေက ဒီဘက်ကို ကွက်ကြည့်ကွက်ကြည့်...။ ရော်...၊ ဒီချောင်းနဲ့တော့ ခက်နေပြီ။

တကယ်လို့များ ငါ့မှာသာ တီဘီရောဂါ ဖြစ်နေခဲ့ရင်...။

အမလေးလေးးးးးး ဆိုတဲ့ အာမေဋိတ်အတွေးနဲ့တင် စိတ်တစ္ဆေက ခြောက်လှန့်သည်။ နဂိုကမှ ပိန်ရတဲ့အထဲ အရိုးပေါ် အရေတင်ပုံစံ ထွက်လာမလား၊ အသားတွေက ဖြူဖျော့နေမလား၊ ၀ါတာတာကြီးများ ဖြစ်နေမှာလား၊ ဂလန်ဂလား အရပ်ကြီးကရော ကိုင်းကိုင်းကြီး ဖြစ်လာမှာလား။

အို...၊ ဘာလို့ ဖြစ်နိုင်ရမှာလဲ၊ ငါက ဆေးလိပ်လဲ မသောက်တော့တာ လေးငါးနှစ်တောင် ရှိနေမှဟာ။ ဒီကိုမလာခင်ကလဲ ဆေးစစ်မှတ်တမ်းမှာ ဘာရောဂါမှ မဖြစ်ဘူးလို့ ပြတာပဲ။ သွေးတောင် လှူလိုက်သေးတာပဲ။

အာ...၊ ဒါပေမယ့် ချောင်းက ဘာလို့ ဒီလောက် အဆက်မပြတ်ဆိုးနေရတာလဲ။ တခုခု ဖြစ်လို့နေမှာပေါ့။ အခုနေ သေသွားရယ် ဘယ်နှယ့်လုပ်မလဲ၊ သေလဲ အေးတာပေါ့၊ ဟာ... မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ငါမသေချင်သေးပါဘူး။

ချောင်းဆိုးခြင်းရဲ့ စိတ်တစ္ဆေကလဲ နှိပ်စက်နိုင်လွန်းပါဘိ...။

***

လက်ထဲကိုင်ထားပြီးဖြစ်သည့် ချောင်းဆိုးဆေးရည်ဘူးကို မကောင်းဆိုးဝါး တကောင်လို စူးစိုက်ကြည့်နေမိသည်။ နာရီကို ကြည့်မိတော့ မနက် ၃ နာရီသာသာ။ ဟိုနေ့ကလဲ ဒီလိုအချိန်ကြီးပဲ ချောင်းဆိုးနေလို့ ဒီဆေးရည်ကို သောက်လိုက်တာ သက်တော့ သက်သာပါရဲ့၊ ဒါပေမယ့် ဆေးထဲမှာ ပါဟန်တူတဲ့ အိပ်ဆေးအရှိန်က မနက်အလုပ်သွားချိန်ထိ မသေတော့ အလုပ်ထဲမှာ လူက တော်တော်ကို ခံရလေတော့ အခုတခါ ဒီဆေးကို သောက်ရမှာ လန့်နေသည်။

Weekly Eleven စာစောင်ထဲက စာတပုဒ်ထဲမှာ မြန်မာပြည်က လူတွေ ဈေးထဲက ဟင်းသီးဟင်းရွက်တွေကို အိမ်သုံးဆေးဝါးလို သုံးနေကြတဲ့ ဆောင်းပါးကို ဖတ်မိတော့ အဲဒီထဲက ဂျင်းပြုတ်ရည်ဟာ ချောင်းဆိုးပျောက်တယ် ဆိုလို့ ပြုတ်သောက်ပြီးပြီ။ ဘာမှမထူး...။

`အဟွတ်...၊ အဟွတ်...၊ အဟွတ်))))))))))))))))´

နောက်ထပ် ဆိုးလာတဲ့ ချောင်းဒဏ်ကိုတော့ ဘယ်လိုမှ မခံနိုင်တော့ပါ။ လက်ထဲက မကောင်းဆိုးဝါး ချောင်းဆိုးဆေးရည်ကို ပါးစပ်ထဲ တငုံစာခန့် အငမ်းမရ မျိုချပစ်လိုက်သည်။ ဒီဆေးက ဘာပဲဖြစ်ဖြစ် အခုတလော အလွန့်အလွန် ဒုက္ခပေးနေတဲ့ ချောင်းကိုတော့ သက်သာရာရနိုင်စွမ်းပေလိမ့်မည်။

ခဏနေရင် အိပ်ပျော်လိမ့်မည်။ အိပ်ပျော်တဲ့အခါ တီဘီရောဂါများ ဖြစ်နေမလားလို့လဲ စိုးရိမ်နေမှာ မဟုတ်သလို သေချင်တယ်၊ မသေချင်ဘူးလဲ တွေးဖြစ်နေမှာ မဟုတ်တော့ပါ။

ဒါပေမယ့် ချောင်းကို အမြစ်ဖြတ်အောင် ပျောက်ဖို့ကတော့ လိုပါသေးသည်။ လောလောဆယ်တော့ ... ... ...။

***


ကလိုစေးထူး

Wednesday, November 19, 2008

ပုံရိပ်...

ဆန်ဟောင်းတပြည် ၇ ကျပ်
ဆန်သစ် တပြည် ၅ ကျပ်
အစိတ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန်
သမ၀ါယမဆိုင်၊ ရွှေဝါဆပ်ပြာတောင့်
ဘယ်သွားသွား ကားခပြားလေးဆယ်။

ကြို့ကုန်းလက်ဖက်ရည်ဆိုင်
ဖုန်းမော်၊ စိုးနိုင်၊
စိန်လွင် ခြောက်တန်း တစောက်ကန်း
ကမ္ဘာမကြေဘူး
ဒေါ်အောင်ဆန်းစုကြည်
အိမ်ရှင်မများ သမဂ္ဂ၊ ဦးအောင်ကြီး
ကျောင်းသားသမဂ္ဂ အုတ်မြစ်ချမယ့် မိန်ခွန်း
ဒိုင်းဒိုင်း...၊ ဒက်...ဒက်...ဒက်
စက်တင်ဘာ ၁၈။

ခမောက်၊ စပါးနှံ၊ ပါတီစုံ
၅ယောက်ထက် လူပိုမစုရန်
မေလ ၂၇ ရက်နေ့၊ ၈၀.၈၂%
အကျယ်ချုပ်၊ အကျဉ်းချုပ်

ဆိုကရေးတီးပြိုင်ပွဲ၊ မြင်းခင်းသဘင်
အမျိုးသားအားကစားပွဲတော်၊
လမ်းဖောက် တံတားဆောက်၊ ဆည်ဖို့
မြ၀တီရုပ်သံ၊ ကိုးရီးယားကား
ဆိုကြမယ် ပျော်ကြမယ်
အဖေနဲ့သားများ၊ ဝေလည်းမွှေးကြွေလည်းမွှေး
၅၀၀တန်၊ ၁၀၀၀တန်၊ ကြံ့ခိုင်ဖွံ့ဖြိုး

ဦးတည်ချက် ၁၂ ရပ်၊ အချုပ်အခြာအာဏာ
ပြန်လွှတ်၊ ပြန်ဖမ်း၊ နိုင်ငံတော်ရဲ့ စေတနာ
ကြံ့ဖွတ်သင်းလုံးကျွတ် အစည်းအဝေး
ဆေးတက္ကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာဗိုလ်လောင်း
သူနာပြုဗိုလ်လောင်း၊ ၀မ်းဆွဲဗိုလ်လောင်း (အဲလေ...)
ကျောင်းပိတ်၊ ကျောင်းဖွင့်၊ ပိတ်ဖွင့်၊ ဖွင့်ပိတ်
ဒဂုံတက္ကသိုလ်၊ သန်လျင်တက္ကသိုလ်
SPDC ဂျပန်ပြည်လုပ် စာအိတ်ဗုံး။

ဒီကေဘီအေ၊ စောသမူဟဲ
ဟောင်သရော၊ ဘုရားကုန်း
ဖဒိုအောင်ဆန်း၊ စခုန့်တိန့်ယိမ်း
ညီလာခံကိုယ်စားလှယ်၊
တပ်မတော် စည်းရုံးရေးကော်မတီ
ကလေးစစ်သား၊ ပေါ်တာ
အိုင်အယ်လ်အို၊ ယူအင်န်၊ အိုင်စီအာစီ။

စိန်စီသောည၊ နေပြည်တော်
ဆီဈေး၊ မင်းကိုနိုင်၊ ကိုကိုကြီး
ရွှေဝါရောင်၊ ငွေကြာရံ၊ မဂ္ဂင်
နာဂစ်၊ ဥပဒေမူကြမ်း၊
၂၀၁၀ ရွေးကောက်ပွဲ
အီလက်ထရောနစ် ပုဒ်မ၊
အနှစ် ၂၀၊ ၆၅ နှစ်
... ... ...
... ... ...
... ... ... ။



Tuesday, November 18, 2008

နည်းရွေ့များဟူ...

ကျနော့်ရဲ့ အသက်ခပ်ငယ်ငယ် ပြန်အမှတ်မိနိုင်ဆုံးသော ကာလတခုကို ပြန်တွေးကြည့်ရင် ကျနော် အသက် ခပ်ငယ်ငယ်တုန်းက မိဘများက ကလေးကဗျာလေးတွေ သင်ပေးခဲ့တာ၊ ကျောက်သင်ပုန်းပေါ်မှာ ၀လုံးကလေးတွေ ဆွဲခိုင်းလို့ ကျနော်ဆွဲလာတဲ့ ၀လုံးလေးတွေက ၀ပြားလေးတွေပဲဖြစ်ဖြစ်၊ ၀ပြတ်လေးတွေပဲ ဖြစ်ဖြစ် မိဘတွေက ပီတိအပျော်တွေနဲ့ ကြည်နူးနေကြတာကို စိတ်ထဲမှာ ရေးရေးပြန်မြင်မိတယ်။

ကျောင်းနေရမယ့် အရွယ်ရောက်တော့ ကျောင်းစိမ်းဝတ်စုံ အသစ်လေးကို ကြွကြွရွရွ ၀တ်လို့ မိဘတွေလက်ကို ခပ်တင်းတင်းဆွဲပြီး ကျောင်းကို ပျော်ပျော်ကြီး သွားခဲ့တာ...။ ခဲတံတွေ ပျောက်လွန်းလို့ လည်ပင်းမှာ ခဲတံဆွဲကြိုးလေး တန်းလန်းနဲ့ ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေ။ ကျောင်းမှာ ဆရာမ အဆိုခိုင်းတဲ့ ကလေးကဗျာတွေကို သူတကာထက် အသံပိုကျယ်အောင် အားပါးတရ အော်ဆိုခဲ့တဲ့ ကလေးဘ၀ကို တမ်းတမ်းတတနဲ့ ပြန်သတိရမိပါရဲ့...။

***

အခုတော့ ကလေးဘ၀ဆိုတာဟာ စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်းထဲကလိုပဲ ဘယ်တော့မှပြန်မရနိုင်တဲ့ `ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ´ ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။

ဒါပေမယ့် ... ... ...။

ကလေးတွေ...၊ အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကလေးလေးတွေ။ တခုခုကို မျှော်လင့်နေတဲ့ မျက်လုံးလေးတွေနဲ့ ကလေးလေးတွေ။ သူတို့လေးတွေရဲ့ မျက်နှာထားပေါ်မှာ အတ္တတွေ၊ မာန်မာနတွေ၊ စောင်းမြောင်းငြူစူခြင်းတွေ၊ အညိုးအတေးတွေရဲ့ အရိပ်အယောင်တွေ ရှိဖို့ဝေးလို့ ကူညီကယ်မမယ့်သူ တယောက်တလေကို ကျေးဇူးအတင်ကြီး တင်ချင်နေကြတဲ့ မျက်နှာထားလေးတွေ။

ကျနော့် ငယ်ဘ၀ကို ပြန်သတိရမိရင် ကလေးဘ၀ဆိုတာကို တမ်းတမ်းတတ သတိရမိတာ မှန်ပေမယ့် သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို အမှတ်တမဲ့နဲ့ဖြစ်ဖြစ် တွေ့မိ၊ မြင်မိရင်တော့ ကျနော်တို့ ပြန်ပြန် တမ်းတနေတဲ့ အပူအပင်ကင်းကင်းနဲ့ ကျောင်းနေခဲ့ရတဲ့ ဘ၀မျိုးကို သူတို့မှာတော့ မပိုင်ဆိုင်ကြရရှာပါလားဆိုတဲ့ အသိနဲ့ ကရုဏာသက်စိတ် ဖြစ်ရတယ်။

တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ သက်ဆိုင်ရာ အစိုးရတွေက ဒါကို အာရုံစူးစူးစိုက်စိုက်နဲ့ အလေးထားပြီး အဲဒီလို ကလေးတွေရဲ့ အနာဂတ်ရေးအတွက် စောင့်ရှောက်ရေးဌာနတွေ အသေအချာဖွင့်လှစ်ထားလေတော့ သူတို့ဆီက ကလေးတွေမှာတော့ ပျော်လို့ပါးလို့ပါပဲ။ ကျနော်တို့ဆီမှာကတော့ ... ... ...။

***



မင်္ဂလာသာစည် ကျောင်း...တဲ့။

သာစည်မြို့မှာ မြေပြိုပြီး မြို့သစ်အသွင်ဖြစ်နေတဲ့ ကျေးရွာကလေးမှာ တည်ထားတဲ့ အဲဒီကျောင်းကလေးမှာ ပညာသင်နေကြတဲ့ ကလေးလေးတွေရဲ့ ပုံပါ။

ဒီကလေးတွေဟာ သေချာတာကတော့ ကျနော့်ငယ်စဉ် ကလေးဘ၀တုန်းကလို ပျော်ရွှင်စရာ ဘ၀မျိုးကို ပိုင်ဆိုင်မနေတာကတော့ သေချာပါတယ်။ မိဘတွေက ချို့ငဲ့ရှာလေတော့ အခမဲ့ပညာသင်လို့ရနိုင်ရာ ဘုန်းတော်ကြီးကျောင်းမှာပဲ ပညာသင်ကြရသူလေးတွေပါ။ ဒီကြားထဲ ပညာ့တန်ဖိုးကို နားလည်အားဖို့ထက် ၀မ်းရေးအတွက် ကိုယ့်ရင်သွေးကိုကိုယ် အရွယ်မတိုင်မီ ဖားရှာငါးရှာ အထွက်ခိုင်းနေရတဲ့ မိဘတချို့ကို ဘုန်းတော်ကြီးက သင်္ဃန်းကြီး တလွှားလွှားနဲ့ စည်းရုံးပြီး ကလေးတွေကို ကျောင်းအတက်ခိုင်းရတာ ရှိပါသေးတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း ရင်သွေးငယ်လေးတွေရဲ့ နောင်ရေးအတွက် လောကုတ္တရာရေးထက် လောကီရေးရာအတွက် ရတက်မအေးနိုင်ရတဲ့ ဘုရားသားတော် ဆရာတော်များရဲ့ စေတနာတရားကို ဦးခိုက်မိပါရဲ့...။

`ကျနော် ငွေနည်းနည်းလောက် အဲဒီကျောင်းအတွက် လှူချင်လို့ပါ´ လို့ ပြောခိုက်မှာ အဲဒီကျောင်းက ကလေးတွေအတွက် တခုခုသော အလှူငွေ ရလိုရငြား ဘလော့ဂ်လေး တခု လုပ်ထားသူက ၀မ်းသာအားရနဲ့ `ကျေးဇူး အရမ်းတင်လိုက်တာ´ လို့ ပြောရှာတယ်။ သူတင်တဲ့ ကျေးဇူးဟာ ကျနော့်ကို ကျေးဇူး တင်တာသက်သက်ထက် ဟိုဘက်က ကလေးတွေအတွက် တခုခုသော အကူအပံ့လေးတော့ ရပြီဆိုပြီး ပျော်နေမယ့် ပီတိအပျော်လို့ စိတ်ထဲကနေ ခံစားမိပါတယ်။ `ကျနော့် ဘလော့ဂ်ပေါ်မှာလဲ ဒီကျောင်းအကြောင်းကို တင်ထားပြီး တခြားလှူလိုသူတွေ ရှိလိုရှိငြား တင်ပါရစေ´ လို့ ထပ်ပြောတော့ `ဒါဆိုရင်တော့ သာဓု ခြောက်ခါခေါ်ပြီး ကျေးဇူးတင်လိုက်မယ်´ လို့ ပြန်အရွှမ်းဖောက်ပါတယ်။

ငွေလှူမယ့် အကြောင်း ပြောနေခိုက်မှာတင်ကို ကျနော်ရဲ့ အလှူငွေဟာ ကလေးတွေအတွက် ထမင်းတလုပ်များ ဖြစ်လေမလား၊ ခဲတံ တယောက်တချောင်းစီလောက်များ ဖြစ်မှာလား၊ အ၀တ်ကလေး တထည်စီလောက် ရနိုင်မလားလို့ တွေးနေရတာကိုက ကြည်နူးနေခဲ့ရပါတယ်။

***

`အားလုံး ပြီးပါပြီ။ ငွေလွှဲကုဒ်နံပါတ်ကိုတော့ သေသေချာချာမှတ်ပါ´

ငွေလက်ခံ စာရင်းသွင်းတဲ့ စာရေးမ ပြန်ပေးတဲ့ ဖြတ်ပိုင်းပေါ်က ဂဏန်းဆယ်လုံးကို မမှားရအောင် အသေအချာမှတ်လိုက်တယ်။ ကျေနပ်သွားတဲ့ စိတ်နဲ့အတူ အပြင်မှာ အေးစက်နေတဲ့ ရာသီဥတုကိုတောင် ဂရုမစိုက်အားနိုင်တော့ပါဘူး။ ငွေလွှဲဌာနထဲကနေ ပီတိစိတ်နဲ့ ပြန်ထွက်လာတဲ့သူကို အေးစက်စက်လေတွေက ချီးကျူးဂုဏ်ပြုနေသလိုလို ... ... ...။

***

ဒီစာကို ဖတ်နေမယ့် မိတ်ဆွေတွေ အနေနဲ့လဲ ဒီလိုကလေးလေးတွေပုံမျိုး များစွာကို တွေ့ဖူးကြမှာပါပဲ။ ထူးထူးထွေထွေတော့ မပြောလိုတော့ပါဘူး။ အိတ်ကပ်ထဲကို ငုံ့ကြည့်မိလို့ အမှတ်တမဲ့နဲ့ တွေ့မိတဲ့ ငါးကျပ်တန်၊ တဆယ်တန် တရွက်ကိုပဲ ဖြစ်ဖြစ် သဒ္ဓါတရားပေါက်လာမယ် ဆိုရင်တော့ ဟောဒီ ဘလော့ဂ်လေးကနေ တဆင့်ဖြစ်စေ၊ mingalar.tharsi@gmail.com မေးလ်ကတဆင့် ဆက်သွယ်လို့ဖြစ်စေ လှူဒါန်းနိုင်ကြောင်း ထပ်ဆင့် လက်ဆင့်ကမ်းပါရစေ။

ပွင့်သောပန်းတိုင်း လှပဖို့ နည်းရွေ့များဟူ လှူကြစို့...။


ကလိုစေးထူး

Monday, November 17, 2008

ခါဂျီး...၊ ခါဂွေး...၊ ဂါးနီ

`ဟဲလို´

အတန်ငယ် မာဆတ်ဆတ်ဟန် လေသံနဲ့ တစုံတယောက်ရဲ့ ခေါ်သံက နောက်နားဆီကနေ ကပ်လျက်ပေါ်လာတာမို့ နောက်ကို ဆတ်ခနဲ ပြန်လှည့်ကြည့်မိတော့ ရှုတည်တည် မျက်နှာထားနဲ့ မျက်နှာဖြူ အမျိုးသမီးကြီး တယောက်...။

`အေ...၊ ဘီ...၊ စီ... ကို မင်းတို့ ဘာသာမှာ ဘယ်လိုခေါ်လဲ´
`ကကြီး၊ ခကွေး၊ ဂငယ်´

မိန်းမကြီးက `ခါဂျီး၊ ခါဂွေး၊ ဂါးနီ´ ဆိုပြီး ကြောင်အမ်းအမ်း လိုက်ရွတ်လျက် သူ့ရဲ့ ဘေး ကန့်လန့်ကာ နံရံသေးသေးလေး ဟိုဘက်ကနေ မျက်လုံး အကြောင်သားနဲ့ လှမ်းငေးနေသည့် ကရင်အကိုကြီးကို `ခါဂျီး... or ခါဂွေး or ဂါးနီ´ ဆိုပြီး တခုခုကို ရွေးချယ် အပြောခိုင်းနေပြန်သည်။ ပြီးတော့ သူ့ဘက်ကို မျက်နှာ ပြန်လှည့်လာပြီး...

`သူ့ဆီကနေ တခုခု နားမထောင်ဘဲ မင်းဘာသာ ဖြေနေတယ်လို့ ငါထင်တယ်၊ ဒီတော့ သူ့ကို ခါဂျီး၊ ခါဂွေး၊ ဂါးနီ တခုခု ပြောခိုင်းပါ´

`အိုကေ´ ဟု ပြန်ပြောလိုက်တော့ မိန်းမကြီးက ဆတ်တောက်တောက်နဲ့ ပြန်လှည့်ထွက်သွားပြီး သူ့အလုပ်စားပွဲမှာ လုပ်လက်စ အလုပ်တွေကို ဆက်လုပ်နေသည်။ ဒါပေမယ့် တချက်တချက်မှာတော့ ဒီဘက်ကို ကွက်ကြည့်ကြည့် လုပ်နေတုန်း...။

***

DMV (Department of Motor Vehicles) ရုံး...။ ဒီရုံးက အိုင်ဒီကဒ်၊ ဒရိုင်ဘာလိုင်စင်နှင့် တကွ ယာဉ်နဲ့ပတ်သက်တာတွေကို ဆောင်ရွက်ပေးတဲ့ ရုံးတခုပါ။

အမေရိကားမှာ ဒရိုင်ဘာလိုင်စင် လျှောက်ထားဖို့အတွက် အရင်ဆုံး Written test ခေါ် Class D အဆင့်၊ ရေးဖြေ စာမေးပွဲကို အရင်ဖြေကြရသည်။ ရေးဖြေ စာမေးပွဲမှာ ယာဉ်စည်းကမ်းဆိုင်ရာ Signs အမှတ်အသားများအတွက် မေးခွန်းပေါင်း ၁၅ ခု နှင့် အထွေထွေ ဗဟုသုတဆိုင်ရာ မေးခွန်း အခု ၅၀ ဖြေကြရသည်။ မေးခွန်း အပိုင်း နှစ်ပိုင်းလုံးစီအတွက် အနိမ့်ဆုံး ၈၀% ရမှသာလျှင် Learner Permit လို့ မြန်မာအများစု ခေါ်ကြသည့် Instruction Permit ခေါ် သင်မောင်း လိုင်စင်ကို ထုတ်ပေးသည်။ သင်မောင်း လိုင်စင်ရမှသာလျှင် တရားဝင် ကားမောင်း သင်ယူခွင့် ရှိတာမို့ Class D အဆင့် စာမေးပွဲသည် ဒရိုင်ဘာလိုင်စင် ရယူလိုသူတို့အတွက် ပထမဆုံးသော လှေကားထစ် တခု...။

ဒီစာမေးပွဲကို ဖြေဖို့အတွက် သာမန်အားဖြင့် တော်ရုံ အင်္ဂလိပ်စာ ဖတ်နိုင်အားရှိလျှင် ရုံးက ထုတ်ပေးသော ယာဉ်မောင်းလက်စွဲ စာအုပ်ကို လေ့လာပြီး မလွယ်လွန်း မခက်လွန်း ဖြေဆိုနိုင်ပေမယ့် အင်္ဂလိပ်စာ မတတ်သူ မြန်မာတချို့အတွက်တော့ ဒုက္ခနဲ့ လှလှတွေ့သည်ဟု ဆိုနိုင်သည်။ တခြားသော ဘာသာခြား စကားတွေဖြစ်သည့် စပိန်၊ ပေါ်တူဂီ၊ တရုတ်၊ ပြင်သစ် ကဲ့သို့ ဘာသာစကားတွေအတွက် ကွန်ပျူတာမှာ အလိုအလျောက် ဘာသာပြန်နှင့်ပြီး ဖြစ်ပေမယ့် မြန်မာဘာသာစကားကိုကျတော့ အဲဒီက စက်တွေမှာ မရှိပါ။

ဒီတော့ အင်္ဂလိပ်စာ အားနည်းသော မြန်မာတချို့အတွက် သင်မောင်း လိုင်စင်ရဖို့အတွက် နည်းလမ်းကတော့ မြန်မာစကားပြန် အကူအညီဖြင့် မေးခွန်းတွေကို ဖြေဖို့ ကြိုးစားရခြင်းပင်...။

သူကိုယ်တိုင်လဲ ဒီစာမေးပွဲကို နှစ်ကြိမ်တိုင်အောင် ကျပြီးမှ သုံးကြိမ်မြောက်မှာကျမှ အောင်မြင်ခဲ့သည်။

အခုတော့ အမေရိကားရောက်လာတာ နှစ်နှစ်ပြည့်စ ပြုလာပြီ ဖြစ်တဲ့ ကရင်အကိုကြီးကလဲ ကားမောင်းလိုင်စင်ကို လိုအပ်လာတဲ့အတွက် သူ့ကို စကားပြန်အဖြစ် ကူညီပေးဖို့ တောင်းဆိုတာနှင့် လူတတ်ကြီး လုပ်ပြီး လိုင်စင်ရုံးမှာ နှစ်ယောက်သား လာဖြေနေကြခြင်း ဖြစ်၏။

***

လိုင်စင် ရေးဖြေကို စကားပြန်နှင့် ဖြေသူတွေအတွက် ဖြေရမည့် ကွန်ပျူတာခုံနှင့် ကပ်လျက် အခန်းကျဉ်းလေးမှာ အထိုင်ခိုင်းထားသည်။ စကားပြန်သူနှင့် ဖြေရမည့်သူကြားမှာ ကန့်လန့်ကာ သဏ္ဍာန်တခု ခြားထား၏။ ဒီဘက်မှာ စကားပြန်သူက မေးခွန်းကို ဘာသာပြန်ရှင်းပြပြီး ဟိုဘက်က နားထောင်သူက ပြောသော အဖြေကို ကွန်ပျူတာမှာ ဖြေပေးရသည်။ ကက်ဆက်တိတ်ခွေ အသံဖမ်းစက်တလုံးဖြင့်လည်း အသံဖမ်းထားသေးသည်။

ကရင်အကိုကြီးကို ရုံးကို မလာခင်ကတော့ သူက ကြိုပြောထားသည်။

`ကျနော် ဘာသာပြန်တာကို နားထောင်ပြီးရင် စိတ်ထဲထင်ရာ အဖြေတခုခုသာ ပြောချလိုက်၊ ခင်ဗျားပြောတာ မှားလဲ ဒီဘက်ကနေ ကျနော်က အဖြေမှန်ကိုပဲ နှိပ်ပေးမယ်၊ အေ၊ဘီ၊စီ လို့တော့ မဖြေနဲ့...၊ အကြောင်းအရာကိုပဲဖြေ´

ကရင်အကိုကြီးကလဲ ဟုတ်ပြီ ပေါ့။ ဒါနဲ့ နှစ်ယောက်သား တိုင်ပင်ကိုက်ပြီး အလုပ်ဖြစ်နေလိုက်သည်မှာ Signs မေးခွန်းတွေကို အားလုံး မှန်သွားသည်။ လွယ်ကလဲ လွယ်တာကိုး။ အထွေထွေ ဗဟုသုတအတွက် မေးခွန်း ၅၀ စာကို ဖြေရစဉ်မှာတော့ ဖြေပြီးလို့ ဆယ်ခု သာသာလောက်ခန့်မှာပင် သူတို့ နှစ်ယောက် လူလည်ကျနေတာကို ရိပ်မိသွားဟန် တာဝန်ကျ မျက်နှာဖြူ အရာရှိမက အထက်ပါအတိုင်း လာမေးခြင်း ဖြစ်၏။

***

မိန်းမကြီးက မလှမ်းမကမ်းကနေ ကွက်ကြည့်ကွက်ကြည့် လုပ်နေတော့ စောစောကလို ဟိုလူ့ကို သူလဲ ပြောချင်ရာပြော၊ ကိုယ်လဲ ဖြေချင်ရာဖြေ လုပ်လို့ မရတော့...။ ဒီတော့ တခြားအကြံ စဉ်းစားရသည်။ ထုတ်စမ်း၊ ခေါင်းထဲကနေ ဖြူနီပြာဝါ ဉာဏ်တွေ ... ... ... ...။

ဒါနဲ့ အကြံတခု ရပြီးနောက် ... ... ...။

`အဟမ်း၊ နောက်တခုက ... ... ...´

`အရက်မူးပြေဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေအထဲက ဘယ်အချက်က အမှန်ဆုံးပါလဲတဲ့။ ကကြီးက သောက်တလွဲ လေကောင်းလေသန့်၊ ခကွေးတော့ ဟုတ်နေပြီ အချိန်၊ ဂငယ် သောက်တလွဲက ကော်ဖီသောက်တာပါတဲ့´

ဟိုဘက်ကလူရဲ့ `ခွီး´ ခနဲ ရယ်သံ တချက်ထွက်လာသည်။ ဒါနဲ့ သူက...

`အကိုရေ အဖြေတခုခု ပြောပါနော်´

စောစောက မိန်းမကြီးက အနားကို လှစ်ခနဲ ရောက်လာပြန်ပြီး ဟိုလူ့နားကပ်လို့ `ခါဂျီးအော် ခါဂွေးအော် ဂါးနီ´ မေးနေပြန်သည်။ ဒါနဲ့ သူက ခပ်သွက်သွက်ပင်...

`အကိုရေ ဖြေရမှာက ကကြီး သောက်တလွဲက လေကောင်းလေသန့်၊ ခကွေးဟုတ်နေပြီက အချိန်၊ ဂငယ် သောက်တလွဲကတော့ ကော်ဖီသောက်တာပါတဲ့၊ တခုခု ပြောပါ´

ဟိုလူ့ဆီက `ခကွေးးးးးး´ ဆိုသော အသံက ခပ်ကျယ်ကျယ်ထွက်လာတော့ ဟိုမိန်းမကြီးကို အောင်နိုင်သော စစ်သူကြီး၏ အပြုံးမျိုးဖြင့် ပြုံးပြလိုက်ပြီး ခကွေး is B in English လို့ ပြောပြီး ခပ်သွက်သွက်ပင် အဖြေမှန်ကို နှိပ်ချလိုက်သည်။

ဒီလိုနှင့် `အမှန်´ `သောက်တလွဲ´ ဆိုတာတွေကို ထည့်ပြောလိုက်တော့ ဟိုဘက်ကလဲ ကကြီး၊ ခကွေး၊ ဂငယ် ဆိုတဲ့ အသံတွေက ပီပီသသ...။ ဒါတောင် တချက်တချက်မှာ သောက်တလွဲလို့ ပြောထားတာကို ဖြေနေလို့ ဟိုမိန်းမကြီး အလစ်ကိုချောင်းပြီး `နောက်တခေါက် ပြန်ရှင်းပြမယ်နော်´ ဆိုပြီး ခပ်တည်တည် ပြန်ပြောရသေးသည်။

***

မေးခွန်း ၅၀။
အဖြေမှန် ၄၅ ခု...။
အဖြေမှား ၅ ခု...။
ရလဒ် ၉၀% ဖြင့် အောင်မြင်သည်။

နောက်ဆုံး မေးခွန်းတခုကို ဖြေအပြီးမှာ ပေါ်လာတဲ့ စာတန်းကို ဖတ်ပြီး ပင့်သက်တခုကို ဖူးခနဲ မှုတ်ထုတ်လိုက်ပြီး ဟိုဘက်ကလူကို လက်မထောင်ပြလိုက်သည်။

ကျသင့်ငွေကို ပေးချေပြီးနောက် သင်မောင်းလိုင်စင်အတွက် ပြုံးစိစိ မျက်နှာနဲ့ ဓာတ်ပုံအရိုက်ခံနေတဲ့ ကရင်အကိုကြီးကို လှမ်းငေးနေရင်း စောစောက ဟိုမိန်းမကြီးဆီ ဘာရယ်မဟုတ် သွားကြည့်မိတာ သူကလဲ အမှတ်တမဲ့ ဒီဘက်ကို လှမ်းကြည့်ခိုက်မို့ အကြည့်ခြင်း တချက် ဆုံသွားသည်။ လှမ်းပြုံးပြလိုက်တော့ ခေါင်းတချက်ဆတ်ပြပြီး သူ့အလုပ်ကို သူပြန်လုပ်နေ၏။

***

အရင့်အရင် ဘာသာပြန်လုပ်ပေးဖူးကြသူ တချို့ကတော့...။

`သတိထား၊ သူတို့ မသင်္ကာရင် ဟို ကက်ဆက်ခွေကို တခြားမှာ သွားပြန်နားထောင်ခိုင်းပြီး ပြန်စစ်တတ်တယ်´
`သူတို့ကို လျှော့တော့ မတွက်ထားနဲ့နော်´

စသဖြင့် သတိပေးကြသည်။ သူကတော့ စိတ်ထဲ သိပ်တော့ မပူလှတော့ပါ။ တကယ်လို့ အစစ်ခိုင်းလဲ ဟိုဘက်မှာ ပြန်နားထောင်မှာက အင်္ဂလိပ်စကားတတ်သည့် မြန်မာသာ ဖြစ်ပေလိမ့်မည်။ မြန်မာအချင်းချင်းတော့ နားလည်ပေးမည် ထင်ပါရဲ့...။

နားထဲမှာတော့ ဟို မျက်နှာဖြူမကြီးရဲ့ `ခါဂျီး၊ ခါဂွေး၊ ဂါးနီ´ ဆိုသော အသံက မထွက်...။

နောက်ထပ် တခြားသူတွေအတွက် ဘာသာပြန်ပေးရရင်တော့ သူ ဒီထက်ပို သေသပ်သောနည်းဖြင့် လူလည်ကျရပါဦးမည်။

***


ကလိုစေးထူး

Wednesday, November 12, 2008

အောင်ကြည် လက်ဖက်ရည်ဆိုင်

မနက်မိုးလင်းလေပြီ။

မြူခိုးကဝေ့ဝေ့၊ နှင်းရောင်ဖြိုးဖြောက် မရှိတတ် ရှိတတ် နံနက်ခင်းမှာ တောဈေးသည်၊ မြို့ဈေးဝယ်၊ မြို့မုန့်သည်၊ တောကုန်သည်တွေနှင့်အတူ မြို့လယ်လမ်း တ၀ိုက်သည်လည်း လှုပ်လှုပ်ရွရွ ဖြစ်လို့နေချေပြီ။ `ဘာစားမလဲ၊ မုန့်တီလား၊ ခေါက်ဆွဲလား၊ သင်္ကြန်ထမင်းလား၊ ထမင်းကြော်လား´ ဟူသော အသံများ၊ သားစိမ်းငါးစိမ်းသည်တို့ရဲ့ စီစီထနေသော ဈေးရောင်းသံများနှင့် အတူ ရောင်စုံမျိုးစုံလင်သော ဈေးကလေးရဲ့ ဟိုမှာဘက် လမ်းထောင့်တခုမှာတော့ မှုံတေတေ မျက်နှာထားနှင့် လူတယောက်က သူ့ဆိုင်ကို ခင်းကျင်းလို့ ကောင်းနေတုန်းပင်...။ ထိုဆိုင်ကတော့ ... ...၊

`အောင်ကြည် လက်ဖက်ရည်ဆိုင်´ ...တည်း။

***

အောင်ကြည် လက်ဖက်ရည်ဆိုင်။

ဆိုင်နာမည်ပေးထားတာကိုက ဂျစ်ကန်ကန်နိုင်လွန်းလှ၏။ သူတကာ လက်ဖက်ရည် ဆိုင်တွေလို `ရှင်သန်ခြင်း´ `လရိပ်´ `ကံကော်ပင်´ `ခရေရိပ်´ ဆိုသည့် ကဗျာဆန်ဆန် နာမည်မျိုး မဟုတ်။ ဆိုင်ရှင် အောင်ကြည်က ဖွင့်ထားတာမို့ `အောင်ကြည် လက်ဖက်ရည်ဆိုင်´ ဆိုပြီး သစ်သားပြား ခပ်ကြီးကြီးပေါ်မှာ သင်္ဘောဆေးနဲ့ ခပ်သော့သော့ရေးလို့ သွပ်နန်းကြိုးနဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ ဆိုင်ဖွင့်တော့လဲ မနက်စောစော စီးစီး မဖွင့်တတ်သလို ညနက်သန်းခေါင်အထိလဲ မဖွင့်တတ်ပေ။ ဆိုင်ဖွင့်ထားတာကလဲ လမ်းထောင့်က ပရိဘောဂဆိုင်ရဲ့ အနောက်ဘက် ခပ်ကျကျနေရာမှာ အဖီလိုလို ထပ်တိုးဆောက်ပြီး ဖွင့်ထားခြင်းမျှသာ...။

လက်ဖက်ရည်ဆိုင် အတော်များများမှာ ရှိနေတတ်သည့် ဆူညံအော်ဟစ်နေတတ်သည့် စားပွဲထိုးတွေလဲ အောင်ကြည့် ဆိုင်မှာ မရှိပေ။ အောင်ကြည်နဲ့ တူသားတော်စပ်တဲ့ တောက ကောင်လေး တယောက်ရယ်၊ လက်ဖက်ရည်ဖျော်တဲ့ အောင်ကြည်ရယ်၊ ငွေသိမ်းတဲ့ သူ့မိန်းမရယ်၊ လက်ဖက်ရည်ဆိုင် ကောင်တာ ခပ်ကြီးကြီးနားမှာ မုန့်ဗီရို ခပ်ကြီးကြီးတခုရယ်၊ ဆိုင်ထဲမှာ ခင်းထားတဲ့ စားပွဲဝိုင်း ၇ ခုလောက်ရယ်၊ ကောင်တာနောက် ခပ်လှမ်းလှမ်းမှာ တည်ထားတဲ့ လက်ဖက်ရည်အိုး ခပ်ကြီးကြီး တလုံးရယ်၊ တခါတလေမှာ အောင်ကြည် စိတ်ကောင်းဝင်ပြီး ဖွင့်ထားတတ်တဲ့ ကက်ဆက်သံ ချောက်ချက်ကနေ လာတတ်တဲ့ စတီရီယိုတေး တပုဒ်တလေလောက်ရယ်။ ဒါပဲ။

ဒီတော့ အောင်ကြည့်ဆိုင်က အပြင်ပန်းအားဖြင့် အကဲဖြတ်ရရင်တော့ လက်ဖက်ရည်ဆိုင်ထဲမှာ စုတ်ချာချာဆိုင်လို့ ပြောလို့ရလောက်သည်။ ခရေပင်ရိပ်အောက်က စားပွဲဝိုင်းကလေးတွေ၊ တိုးတိုးလေး ဖွင့်ပေးထားတတ်တဲ့ အချစ်သီချင်းလေးတွေ အောင်ကြည့်ဆိုင်မှာ မရနိုင်။ ပြောရရင် အောင်ကြည့်ဆိုင်ဟာ စာရေးဆရာတွေ ရေးဖွဲ့နေတတ်ကြ ကဗျာဆန်ဆန် လက်ဖက်ရည်ဆိုင်စာရင်းထဲ မ၀င်။ ဘောလုံးစကားနှင့် ပြောရရင်တော့ အောက်အသင်း ပေါ့။

***

ဒါပေမယ့် အောင်ကြည့်ဆိုင်မှာ ဘယ်သူနဲ့မှ မတူတဲ့ အားသာချက် တခုတော့ ရှိနေ၏။ အဲဒါကတော့ အရသာ ကောင်းကောင်း လက်ဖက်ရည်ကို ရနိုင်နေခြင်းပင် ဖြစ်သည်။ အောင်ကြည် ကိုယ်တိုင် သေချာနှပ်ထားတဲ့ လက်ဖက်ခြောက်နှပ်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ကိုမှ တရှိုက်မက်မက် သောက်ချင်သူတွေက မနည်းလှ။ အောင်ကြည်ကလဲ ဆိုင်အပြင်အဆင်ကိုသာ အလေးမထားရင် နေရမည်၊ လက်ဖက်ရည်ကောင်းကောင်း ဖျော်ဖို့ကိုတော့ သေသေချာချာ ဂရုစိုက်သည်။ လက်ဖက်ခြောက်ကိုလဲ သူသုံးနေကျ တံဆိပ်၊ သူဝယ်နေကျ ဆိုင်ကသာ သုံးသလို လက်ဖက်ရည် အရသာကောင်းဖို့ အရေးအကြီးဆုံးသော အရာဖြစ်တဲ့ လက်ဖက်ခြောက် နှပ်တာကိုလဲ သူကိုယ်တိုင်သာ လုပ်သည်။

ဘယ်လက်ဖက်ရည်ဆိုင်ကတော့ ဘယ်နားမှာ အသစ်ထပ်ဖွင့်ပြန်ပြီ၊ ဆိုင်အပြင်အဆင်လေးက ဘယ်လိုလှတာ၊ ဘယ်သီချင်းတွေ ဖွင့်ပေးတတ်တာ ဆိုတာမျိုး အောင်ကြည့် ရှေ့မှာ သွားပြောလို့ အောင်ကြည် ဘယ်တော့မှ စိတ်မ၀င်စား။ ဟော...၊ `ကိုလှတင် ဖွင့်ထားတဲ့ သီတာကဖေးက လက်ဖက်ရည်ကတော့ အရသာ မဆိုးဘူးဟ´ ဆိုတာမျိုး တယောက်ယောက်က အောင်ကြည့်ရှေ့မှာ ပြောမိရင်တော့ `ဟေ၊ ဟုတ်လားကွ´ ဆိုပြီး စိတ်ဝင်တစားနဲ့ မေးတော့သည်။ ပြီးရင် သူ့ဆိုင်ပိတ်ချိန်လိုမျိုး၊ လူပါးချိန်လိုမျိုးမှာ အဲဒီ လက်ဖက်ရည် အရသာကောင်းတယ် ဆိုတဲ့ ဆိုင်ကို စိုက်စိုက် စိုက်စိုက်နဲ့ ရောက်အောင် သွားတော့၏...။

အောင်ကြည် အမြဲတမ်း ပြောတတ်သည့် စကားတခွန်း ရှိသည်။ `လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကောင်းကောင်း ရနိုင်တာကိုက လက်ဖက်ရည်ဆိုင် ပီသနေပါပြီကွာ´ ...တဲ့။

`သီချင်းကောင်းကောင်း ဖွင့်ပေးတာဟာ လက်ဖက်ရည်ဆိုင်ရဲ့ ဆွဲဆောင်မှု တခု ဖြစ်နိုင်တယ်၊ နေရာထိုင်ခင်း ကောင်းတာဟာလဲ လူတွေ ကြိုက်ချင်စရာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် မင်းတို့ စဉ်းစားကြည့်စမ်း၊ လက်ဖက်ရည်ဆိုင်လို့ နာမည်တပ်ပြီးခါမှ လက်ဖက်ရည်ကို ဖြစ်ကတတ်ဆန်း ဖျော်ရောင်းတဲ့ ဆိုင်ဟာ လက်ဖက်ရည်ဆိုင်လို့တောင် ခေါ်ဖို့သင့်ပါ့တော့မလား´

သူပြောတော့လဲ ဟုတ်တုတ်တုတ်လိုလို။ ဒါပေမယ့် ကောင်လေးတယောက်က...

`ခင်ဗျားဟာက လက်ဖက်ရည် တခုထဲကောင်းရုံလောက်နဲ့ လက်ဖက်ရည်ဆိုင်ကောင်းလို့ ပြောလို့ရမလားဗျ၊ ဒီတမျိုးထဲ ကောင်းတာကို လူတွေက မငြီးငွေ့နိုင်ဘူးလား´

အောင်ကြည်က...

`ငါ လက်ဖက်ရည် ရောင်းတဲ့ကောင်ကွ၊ ကက်ဆက်ခွေ ရောင်းတဲ့ကောင်မဟုတ်သလို အိမ်ခြံမြေ ကြော်ငြာတဲ့ကောင်လဲ မဟုတ်လို့ ငါ့ဆိုင်မှာ လက်ဖက်ရည် သောက်ချင်တဲ့စိတ်သက်သက်နဲ့ လာသောက်တဲ့သူတွေ ရှိနေတာနဲ့တင် ငါ့အတွက် လုံလာက်ပြီ။ နောက်ဆုံး အရင်းပြုတ်ခါမှ ပြုတ်ရော...၊ လက်ဖက်ရည်ကောင်းကောင်းကိုပဲ ငါဖျော်ရောင်းနေမှာပဲ၊ လက်ဖက်ရည်ကို ကောင်းအောင် မဖျော်နိုင်တဲ့နေ့ ငါ့ဆိုင်ပိတ်တဲ့နေ့ပဲ၊ မင်းငြီးငွေ့ရင်လဲ ဒီ့ပြင်ဆိုင်သာ သွားထိုင်ပေတော့´

***

အောင်ကြည့်ကို တော်တော် ဘုဂလန့်နိုင်တဲ့ကောင်လို့ သတ်မှတ်တဲ့သူက သတ်မှတ်ကြသည်။ တချို့ကတော့ `ဒီကောင့်ဆိုင်ထက် ပိုဆွဲဆောင်နိုင်တဲ့ ဆိုင်တွေ အများကြီးပါကွာ´ ဆိုပြီး တခြားဆိုင် သွားထိုင်ကြသည်။ `လက်ဖက်ရည်ဆိုင်များ ပေါလွန်လွန်းလို့´ လို့ ပြောတဲ့သူကလဲ ပြောလေ၏။ `သောက်ကြီးသောက်ကျယ် နိုင်လို့ကွာ´ လို့ ပြင်းပြင်းထန်ထန် ပုတ်ခတ်သူကလဲ ပုတ်ခတ်သေးသည်။

ဒါပေမယ့် အောင်ကြည် လက်ဖက်ရည်ဆိုင်ကတော့ လက်ဖက်ရည် စားပွဲဝိုင်းလေးတွေမှာ လက်ဖက်ရည်သောက်သူ အနည်းအကျဉ်းမျှ ရှိနေသေးသည်ကိုပင် အောင်ကြည်တယောက် ကျေနပ်စွာဖြင့်ပင် သူ့ဆိုင်ကို ဖွင့်နေတုန်းပင်...။

***

ကလိုစေးထူး

(မြို့ငယ်လေးက လက်ဖက်ရည်ဆိုင်ငယ်လေး တခုကို မှတ်မှတ်ရရ)

Tuesday, November 11, 2008

လက်တွေ့ကျတဲ့ အလုပ်...

ကျနော် ဘလော့ဂ် စရေးခါစ တလကျော်ကျော်လောက်တုန်းကပေါ့။

ဆောင်းပါး တပုဒ်ကို အားတက်သရော ရေးနေတုန်း ဂျီတော့ခ်မှာ ပြောမနာဆိုမနာ သူငယ်ချင်း စစ်သားတယောက် အွန်လိုင်း တက်လာတုန်း သူက `ဘာလုပ်နေတုန်းကွ´ လို့ မေးတော့ `မင်းတို့ လူကြီးတွေကို ဆော်ပလော်တီးတဲ့ စာတွေ ရေးနေတာကွ´ လို့ စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်မိတယ်။ ဒါနဲ့ သူကလဲ `အေး၊ ချကွာ´ လို့ ပြောပြီး ငြိမ်သွားတယ်။ တော်တော်လေး ကြာတော့မှ သူက စကားတခွန်းကို ကောက်ကာငင်ကာ ထပြောတယ်...။

`ဒါပေမယ့် မင်းဟာက ၁% လောက်တောင် မထိရောက်ဘူးကွ´ ...တဲ့။

ဘယ်ရမလဲ၊ အဲဒီတုန်းက သူတပြန် ကိုယ်တပြန် ငြင်းလိုက်ခုန်လိုက်ရတာ၊ ဒါနဲ့တင် အားမရလို့ ကဗျာတပုဒ်ထဲတောင် အဲဒီ စကားကို ထည့်စပ်လိုက်မိဖူးသေးတယ်။

***

ဘလော့ဂ်ရေးတဲ့အခါ၊ ဒါမှမဟုတ်လဲ စာစောင် တခုခုမှာ စာတိုပေစလေးတွေ ရေးမိတဲ့အခါ သာမန်အားဖြင့် ရသ၊ သုတတွေ၊ ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးနေရင် သိပ်မသိသာလှပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ရသစာစုလေးတွေ ရေးတဲ့အခါမှာ အဓိက ထိုးနှက်ခံရတဲ့ အချက်တွေ ရှိတယ်။ အဲဒါတွေကတော့...

`ဒို့ကတော့ လက်တွေ့သမားပဲ၊ လက်တွေ့ မလုပ်နိုင်ဘဲ ဘာမှမပြောဘူး´
`စာလုံးတွေနဲ့ ပြောနေမယ့် အစား လက်တွေ့လုပ်ပါလား´
`ကျနော်/ကျမကတော့ ကိုယ်မလုပ်နိုင်တော့ အသာငြိမ်နေတာက ပိုကောင်းမယ်ထင်တာပဲ၊ အထဲမှာ လုပ်နေသူတွေကိုတော့ လေးစားပါတယ်´

အထက်မှာ ကျနော် တင်ပြတဲ့ စကားတွေဟာ တချို့တ၀က်မျှသာ ဖြစ်ပါတယ်။ ပြန်ရေးပြဖို့ သိပ်မသင့်တော်လှတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ အထိုးနှက်အတိုက်ခိုက်ခံရတာတွေကလဲ အပုံအပင်။ ဒါတောင် အဲဒါတွေဟာ ကျနော်တို့က `နအဖ´ လို့ ခေါင်းစဉ်တပ်ထားတဲ့ အစုအဖွဲ့က လူတွေက ပြန်တုံ့ပြန်တဲ့ စကားမဟုတ်သေးဘူး။

နအဖ လို့ သတ်မှတ်ထားတဲ့ လူတချို့ပြောလေ့ ရှိတဲ့ `ဟေ့၊ ငါတို့လို နိုင်ငံ့တာဝန်ကို လက်တွေ့မထမ်းဆောင်ဘဲနဲ့ ဘာမှပြောမနေနဲ့၊ မင်းက နိုင်ငံအတွက် ချွေးဘယ်နှစ်စက်များ ထွက်ပြီးပြီမို့လို့လဲ´ ဆိုတဲ့ စကားမျိုးကတော့ ရိုးလို့တောင် နေပါပြီ။

***

ပြောချင်တာက သာမန်အားဖြင့်တော့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေ၊ စာတွေ ရေးတဲ့ ဘလော့ဂါတွေ၊ စာရေးသူတွေဟာ ဒီ့ပြင် ဘလော့ဂါတွေ စာရေးသူတွေထက် အတိုက်အခိုက်ခံရတာ ပိုများသလို လူမုန်းလဲ ပိုများပါတယ်။ အရေးမတတ်ရင် `အလကား၊ လေကျယ်နေတာ´ လို့ သိမ်းကြုံးပြောသွားတာ ခံရနိုင်သေးတယ်။

ဒီလိုဆိုရင်ဖြင့် အဲဒီလူတွေဟာ ဘာလို့များ အားအားယားယားနဲ့ နိုင်ငံရေး (အထူးသဖြင့်) လက်ရှိ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ စာတွေကို တစိုက်မတ်မတ် ရေးနေရသလဲလို့ တွေးစရာ ဖြစ်လာတယ်။

***

ဒီ့ပြင်လူတွေကိုတော့ ဘယ်သို့၊ ဘယ်ဝါသို့နဲ့ ကောက်ချက်ကြီးကြီးတွေ ဆွဲပြီး သုံးသပ်ချက်တွေ ကျနော် မရေးလိုပါ။ (ရေးရင်လဲ ၀ိုင်းတီးမှာ သေချာတယ်) ကျနော် တဦးတည်းရဲ့ ခံယူချက်အနေနဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတွေကို ရေးရေးဖြစ်နေတဲ့ အကြောင်းကိုတော့ ပြောပြချင်မိတယ်။

နံပါတ်တစ် အချက် ဒီလိုစာတွေ ရေးနေရတာဟာ စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လွတ်လပ်စွာ ခင်းကျင်းချပြနိုင်စရာ တခုတည်းသော နေရာက ကျနော့် ဘလော့ဂ်ဖြစ်နေလို့ ဒါတွေကို ဒီမှာ ရေးဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ လက်ရှိအာဏာပိုင်ကို ဆန့်ကျင်တဲ့ စာတပုဒ်ကို ရေးလိုက်ရင် ထိရောက်မှုဟာ ဘယ်လောက် ရာခိုင်နှုန်းရှိနိုင်မလဲ ဆိုတာကို ကျနော် မတွေးပါဘူး။ တခါတလေမှာ ဆိုလိုတဲ့ အချက်ကို ထိမိအောင် မရေးနိုင်ရင်၊ နောက်တချက်က ကိုယ့်လိုပဲ ခံစားထင်မြင်တဲ့သူ နည်းပါးရင် ရေးလိုက်တဲ့ စာဟာ ဘာမှ မထိရောက်ဘူးလို့ သတ်မှတ်လို့ ရနိုင်တယ်။ ဒါပေမယ့် ကျိုးကြောင်းပြချက် ခိုင်လုံပြီး ရေးထားတာလဲ ထိမိပြီးတော့ အများစုက ပြောချင်နေတဲ့ စာကို ကိုယ်ရေးထားတဲ့ စာက ကိုယ်စားပြုနေသလို ဖြစ်ရင်တော့ စာတပုဒ်တပုဒ်ရဲ့ ထိရောက်မှုက အတော်လေး တာသွားပါတယ်။

နိုင်ငံရေးကို ၀ါသနာ လုံးဝမပါပါဘူး ဆိုတဲ့ လူတယောက်ကို တခါမှာတော့ ကျနော်က အချက်တခုကို သတင်းအနေနဲ့ ပေးလိုက်တော့ သူက အံ့သြစရာကောင်းလှစွာပဲ စိတ်ဝင်တစားနဲ့ ပြန်ဆွေးနွေးလာတာကို ကြုံရဖူးတယ်။ အဲဒီတုန်းက ကျနော်ပေးတဲ့ သတင်းတခုက `ငါတို့ နိုင်ငံတော် အလံတွေကို ဟောဒီလို ပုံစံကို ပြောင်းပစ်တော့မယ်တဲ့´ ဆိုတဲ့ သတင်းပါ။ ဒီ့ပြင်အချိန်တွေမှာတုန်းက နိုင်ငံရေးတွေ ၀ါသနာမပါဘူး လို့ တွင်တွင် ပြောခဲ့သူက နိုင်ငံတော် အလံကို ပြောင်းပစ်တော့မယ် ဆိုတဲ့ သတင်းကြားတော့ ရှူးရှူးရှားရှားတွေ ဖြစ်ပြီး သတင်းတွေ လိုက်ဖတ်၊ တခြားသော မသိသေးသူတွေကိုပါ သတင်းလိုက်ပေးနဲ့ လိုက်လုပ်နေတာကို တွေ့ခဲ့ရဖူးတယ်။

နောက်တချက်ကတော့ ကျနော်တို့ ပြောလိုက်၊ ရေးလိုက်တဲ့ စာတကြောင်း၊ ဆောင်းပါး တပုဒ်ကို ဖတ်ပြီးရင် လူတယောက်စ၊ နှစ်ယောက်စကပဲ ဖြစ်ဖြစ် စိတ်ထဲမှာ `ဒါတော့ဖြင့် ငါလုပ်နိုင်တယ်၊ ငါလဲ ပါဝင်ရမယ်´ ဆိုတဲ့ အတွေးမျိုး ၀င်သွားပြီဆိုရင် ကျနော်တို့ ရေးရကျိုးက နပ်ပါတယ်။ တရာစ၊နှစ်ရာစကနေ ထောင်သောင်းသိန်းသန်း ချီတဲ့အထိ ပါဝင်လာတာမျိုးဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့...။

လူတွေဟာ ပရိယေသန၀မ်းစာရေးကြောင့် အရပဲဖြစ်ဖြစ်၊ တခြားသော လူမှုရေးရာ ပုဂ္ဂလဗျာပါ အပူတွေကြောင့်ပဲ ဖြစ်ဖြစ် `နိုင်ငံရေး´ ဆိုတာကြီးကို လှည့်မကြည့်နိုင်အား၊ နားမထောင်နိုင်အားတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ အားလုံးကို `ဒီလူတွေ နိုင်ငံကို မချစ်ဘူး´ လို့ သတ်မှတ်လို့တော့ မရနိုင်ပါဘူး။ အခိုက်အတန့်အားဖြင့် ငုပ်စိတ်ဖြစ်နေရတဲ့ နိုင်ငံရေး နိုးကြားမှုကို ပါးနပ်လိမ္မာစွာ စည်းရုံးရေးသားတဲ့ စာရေးသူဟာ တစတစနဲ့ ဆွဲခေါ်နိုင်စွမ်း ရှိတယ်လို့တော့ ကျနော် ယုံကြည်တယ်။ ဒီတော့ စာရေးနေသူတွေရဲ့ ကြိုးစားမှုတွေဟာ လက်တွေ့ကျတဲ့ နေရာမှာ ရှိမနေဘူးလို့ သတ်မှတ်လို့ မရနိုင်တော့ပါဘူး။

ဥပမာ တခုပြောပါမယ်။

စစ်သားတွေကို စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတဲ့နေရာမှာ စစ်ချီသီချင်းတွေနဲ့၊ ရုပ်ရှင်စစ်ကားတွေနဲ့ စည်းရုံးကြတာကို တွေ့ဖူးကြမှာပါ။ အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေရဲ့ လက်ချက်ကြောင့် စစ်ထဲရောက်သွားကြတဲ့ လူငယ်တွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေကို ရေးသား၊ ရိုက်ကူး ထုတ်လုပ်သူတွေအားလုံးဟာ စစ်သားတွေ မဟုတ်ကြပါဘူး။ သူတို့ကို ဘယ်သူကမှလဲ `မင်း၊ စစ်မတိုက်ဖူးဘဲနဲ့ စစ်သီချင်းတွေ ရေးမနေနဲ့´ လို့ မပြောပါဘူး။

ပြောချင်တာက တင်ပြတဲ့ အကြောင်းအရာ၊ ရေးသားချက်ဟာ ဆိုလိုရင်းကို ထိရောက်မှု ရှိတယ်ဆိုရင် အချည်းနှီးဖြစ်တယ် ဆိုတာ မရှိပါဘူး။ ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာ ရပ်ပြီး တစိုက်မတ်မတ် လုံ့လပြုတာဟာ လက်တွေ့ကျခြင်း တမျိုးပဲ မဟုတ်ပါလား။ လယ်သမားက လယ်ကွင်းထဲမှာ လယ်ထွန်နေသလို စာရေးတဲ့သူ တယောက်က စာတွေ ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်ကို လုပ်နေတာ မဟုတ်ပါလား။

***

တကယ်က ဒါတွေနဲ့ ပတ်သက်လို့ တော်တော်တန်တန်ကြီးကို ရေးခဲ့ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမယ့် အခု ထပ်ရေးမိပြန်တယ်။ နောင်လဲ ထပ်ရေးချင် ရေးနေမိဦးမှာပဲ။ အဲဒီလို ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်တခုကို လုပ်နေတာလို့ ကျနော် ယုံတယ်။



ကလိုစေးထူး

Monday, November 10, 2008

ချစ်မေတ္တာသည်...

တခုသော စနေနေ့ တရက်၏ ညနေခင်း...။

ရောင်စုံရွက်ကြွေတွေ ပြန့်ကျဲနေသော ကားလမ်းထက်တွင် ကားတစီးက ရွက်ကြွေတွေကို ဖျောခနဲ နင်းဖြတ်လိုက်၊ လေအဟုန်ကို တိုးဝှေ့လိုက်နှင့် သခင်လိုရာကို အပြေးနှင်နေ၏။

***

Western Union ဌာနခွဲ တခုကိုရောက်တော့ ငွေလွှဲပို့ရမည့် လိပ်စာနှင့် လွှဲမည့် ပမာဏကို သေချာစွာ ဖြည့်စွက်ပြီး ...

`အမိုး...၊ ပို့ခက ၃၆ ဒေါ်လာ ဆိုတော့ အားလုံး ၅၃၆ ဒေါ်လာကျမယ်´

အမိုးက လွယ်ထားသည့် ကရင်လွယ်အိတ်သေးသေးလေးထဲမှာ တသေတချာ သိမ်းထားဟန်တူသည့် သားရေအိတ် ခပ်ရွယ်ရွယ် တလုံးကို ဆွဲထုတ်လိုက်သည်။ သားရေအိတ် ဇစ်ကို ဆွဲဖွင့်လိုက်တော့ ငွေစက္ကူရောရာလေးတွေ တထပ်ကြီးထွက်လာသည်။ အကြီးဆုံး အတန်က တဆယ်တန်...၊ ကျန်တာတွေက ငါးဒေါ်လာတန်တချို့နှင့် တဒေါ်လာတန် ငွေစက္ကူသက်သက်...။ တဆယ်ခေါက် တခေါက်စီ သေသေသပ်သပ် ခေါက် သိမ်းထားသော ငွေတွေကို အမိုးက စေ့စေ့စပ်စပ် ပြန်ရေနေတာကို ငွေလက်ခံကောင်တာက စာရေးမရော သူပါ စိတ်ရှည်လက်ရှည်နှင့် စောင့်ပေးရသည်။

ငွေရေပြီးလို့ စာရေးမကို ပေးလိုက်တော့ စာရေးမက ခပ်သွက်သွက်ပင် စာရင်းသွင်းလိုက်သည်။ ပရင်တာမှ လက်ခံဖြတ်ပိုင်း ပြန်ထွက်လာသံ တချောက်ချောက်ကို အမိုးက အငေးသားလေး ကြည့်နေသေးသည်။ စာရေးမ ပြန်ပေးလာသော ထိုဖြတ်ပိုင်းပေါ်မှ ဂဏန်းဆယ်လုံးကို သေချာ ထင်ရှားအောင် ဘောပင်နှင့် ၀ိုင်းပြပြီး ... `အမိုး၊ အဲဒါ မမှားစေနဲ့နော်´ လို့ မှာရသည်။

***

`ဒီတခါ လွှဲတာက ဘုရားကျောင်း ပိုက်ဆံတွေလေ ဖိုးခွား´

အပြန်လမ်းမှာတော့ အားရပျော်ရွှင်ပုံရနေသည့် အမိုးက သူ ဘာမှ မမေးရသေးခင်မှာပင် ပြောပြနေ၏။

`ဟုတ်လား၊ ပိုက်ဆံတွေက အကြွေတွေချည်းပဲနော်...၊ အမိုး စုထားတာလား´
`မဟုတ်ဘူး ဖိုးခွား၊ တပတ်တခါ ဘုရားရှိခိုးကနေ ကောက်ထားတာတွေလေ´

သူနေထိုင်ရာ ရပ်ကွက်ငယ်လေးထဲမှာ နောက်ထပ် အသစ်အသစ် ရောက်လာကြသည့် ကရင်မိသားစုတွေ မနည်းလှတော့ပါ။ တခါတရံမှာ အိမ်တအိမ်အိမ်မှာ လူစုပြီး ခရစ်ယာန် ဘာသာအစဉ်အလာ ဘုရားရှိခိုး အစီအစဉ်လေးတွေ လုပ်တတ်တာကို တွေ့မိပေမယ့် အခုလို ငွေကောက်တာ ဘာညာတော့ သူမသိခဲ့...။ တခါတရံ ရောက်ဖူးတဲ့ ဘုရားကျောင်းတွေက တနင်္ဂနွေနေ့ ဘုရားရှိခိုး အစီအစဉ်တွေမှာ ဗန်းငယ်ကလေးတွေနဲ့ အလှူငွေသဘော ကောက်တတ်တာကိုတော့ တွေ့ဖူးသား...။

`တပတ် တပတ်ဆို ဘယ်လောက်ရလဲ အမိုး´
`ဒီလိုပါပဲ၊ နည်းနည်း နည်းနည်း စုရတာပေါ့´

ကားထဲမှာ အသံတို့က တိတ်ဆိတ်သွားပြန်သည်။ နောက်တော့ ... ... စိတ်ထဲမှာ အတွေးတခုက ရလာသည်။

`အမိုး´
`အင်း´
`ကျနော့် အိမ်မှာ ဘုရားရှိခိုး လုပ်လို့ရော ရလား´
`ရတာပေါ့´
`ဟိုလေ၊ ကျနော်က ခရစ်ယာန် မဟုတ်တော့ ... ... ...´
`ဒါတွေက အရေးမကြီးပါဘူးကွယ်´
`ဟုတ်၊ ဒါဆို နောက်တပတ်ကျရင် ကျနော့်အိမ်မှာ ဘုရားရှိခိုးပွဲ လာလုပ်လေ´
`အင်း၊ အမိုး တခြားသူတွေကို ပြောထားလိုက်မယ်´

***

ဗုဒ္ဓဘာသာဝင် တယောက်ရဲ့ အိမ်မှာ ခရစ်ယာန် ဘုရားရှိခိုးပွဲ လာလုပ်တာကို သာမန်အားဖြင့်တော့ ကြားရသူအဖို့ အထူးအဆန်း သဖွယ် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ ဒါပေမယ့် သူ့အိမ်ခန်းရဲ့ တနင်္ဂနွေ ညနေခင်းလေးကတော့ မေတ္တာ တေးသံများ၊ ဆုတောင်းစကားသံများဖြင့် ဝေစည်နေခဲ့သည်။ ကလေးတွေက တရုန်းရုန်း၊ လူကြီးတွေက တပြုံးပြုံးနှင့် ပျော်စရာကောင်းနေတဲ့ အခန်းလေးမှာ မတူညီပေမယ့် တူညီသောလူတွေ စုစည်းခဲ့ကြပါသည်။

အနီးအနားက ကရင်မိသားစုလေးတွေမှ တဦးစီ တဦးစီ ကရင်ဘာသာတမျိုး၊ ဗမာတဘာသာ တလှည့် ဆုတောင်းပေးကြသည်မှာ ပီတိဖြစ်ဖွယ် ကောင်းလိုက်ပါဘိ...။ အထူးဧည့်သည် ကရင် တရားဟော ဆရာလေး စောဆင်မျူရယ်က `မဇ္ဈိမပဋိပဋာ´ တရားကို ဂေါတမ မြတ်စွာဘုရားရှင်၊ ဘုရားရှင် အဖြစ်သို့ ရောက်တော်မမူမီ ဒုက္ကရ စရိယာ အကျင့်ကို ကျင့်ခဲ့စဉ်အခါက တရားထူး မရခဲ့ပါဘဲ အလယ်အလတ်လမ်းကို လိုက်ခဲ့ပါမှ ဘုရားအဖြစ်သို့ ရောက်ခဲ့တော်မူပုံနဲ့ ဥပမာပြ ပြောဟောသွားသည်ကိုက သူ့ဘက်ကိုယ့်ဘက် ဘာသာတရားကို လေးစားမှု ရှိကြောင်း ပြသနေလေဟန်...။

`ဖိုးခွားရော...၊ တခုခု ဘာပြောချင်သေးလဲ´

ဆုတောင်းပွဲ အစီအစဉ် အားလုံး ပြီးလုနီးမှာ အမိုးက မေးလာတော့ စိတ်ထဲမှာ အရမ်းပြောချင်နေသည့် စကားတချို့ကို ပီတိသံစွက်ပြီး ပြောဖြစ်မိသည်။

`ကျနော် မြန်မာပြည်က ထွက်လာတော့ ကျနော့် မိဘတွေ၊ မောင်နှမတွေနဲ့ ခွဲရပြီလို့ စိတ်ထဲမှာ ခံစားခဲ့ရတယ်။ ခွဲလဲ ခွဲခဲ့ရတာပါပဲ။ ဒါပေမယ့် ဒီနေ့ ဒီနေရာ၊ ဒီအချိန်လေးဟာ ကျနော့်ကို မိဘ၊ မောင်နှမတွေနဲ့ အတူတူ ရှိနေခွင့် ရစေလိုက်တဲ့ တခဏလို့ ကျနော်ခံစားရပါတယ်။ ဒီမှာရောက်နေတဲ့ အမိုးနဲ့ အဘိုးကို ကျနော့် မိဘတွေလို စိတ်ထဲမှာ ခံစားခဲ့ရသလို တခြားသော မိသားစုတွေကိုလဲ ကျနော့် ညီအကို မောင်နှမတွေလိုပဲ ခံစားရပါတယ်။ ကျနော်ပြောမှား ဆိုမှားတွေ ရှိခဲ့ရင်လဲ ခွင့်လွှတ်ကြပါ။ တခုခု အပြန်အလှန် လိုအပ်တာရှိရင်လဲ ကျနော် နိုင်သလောက်တော့ ဖြည့်ကူပါမယ်။ ကျနော်တို့တွေ အားလုံးဟာ ကိုးကွယ်တဲ့ ဘာသာ မတူပေမယ့်လဲ တဦးနဲ့ တဦး အပြန်အလှန်ထားတဲ့ မေတ္တာတရားကတော့ အတူတူပါပဲ´

အဲဒီနောက်တော့...



***

အမိုးတို့ တအုပ် ပြန်သွားပေမယ့် သူ့အခန်းလေးထဲမှာ သူတို့ ဗမာသံ မပိတပီနဲ့ ဆိုသွားကြတဲ့ သီချင်းသံက လွင့်ပျံ့လို့ ကျန်နေခဲ့လေသည်။

`~~~ ချစ်မေတ္တာသည်~~ ကမ္ဘာကြီး ဖုံးလွှမ်းပါစေ~~~ ချစ်မေတ္တာသည်~~~ လူသားအကျိုးပြုပါစေ~~~ ချစ်မေတ္တာသည် ကမ္ဘာကြီး ငြိမ်းချမ်းပါစေ~~~~´

အမိုးက ပြန်ခါနီး သူ့ကို ပြောသွား၏။ `ဖိုးခွားအိမ်မှာ ဒီနေ့ အလှူငွေ အများကြီး ရတယ်´ ...တဲ့။ `ကျနော်လဲ အလှူငွေထည့်ပေးလိုက်တယ် အမိုးရဲ့´ ဟုတော့ သူပြန်မပြောဖြစ်လိုက်တော့ပါ။

***


ကလိုစေးထူး

Tuesday, November 04, 2008

ရွေးကောက်ပွဲည...

`ဒီနေ့မှာ ကျနော်တို့ ရှုံးသွားလို့ စိတ်ပျက်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ်´

အရှုံးသမား ရွိုင်မက်ကိန်းက အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အထက်ပါ မိန့်ခွန်းကို ပြောနေချိန်မှာပဲ ချီကာဂိုမြို့မှာတော့ ဘားရက်အိုဘားမားရဲ့ အနိုင်ရလဒ်အတွက် ထောင်ပေါင်းများစွာသော အမေရိကန်ပြည်သူတွေ အောင်ပွဲခံအော်ဟစ်လို့ နေပါပြီ။

`အိုဘားမားကို ကျနော့်အနေနဲ့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်´

ဘာမှမဖြစ်သလို အားတင်းထားတဲ့ မျက်နှာထားနဲ့ ရွိုင်မက်ကိန်းရဲ့ တချက်တချက်မှာ တိမ်ဝင်သွားတဲ့ အသံက အရှုံးသမားတယောက်ရဲ့ ခံစားချက်ကို အထင်းသား ပေါ်လွင်လို့ နေလေရဲ့...။

***

အခု ကျနော် ဒီစာကို ရေးနေတဲ့ အချိန်မှာ ၂၀၀၈ ခုနှစ်ရဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်မှာ အိုဘားမားက ၃၃၈၊ မက်ကိန်းက ၁၅၅ ဖြစ်နေပါပြီ။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ အရေအတွက်က ၂၇၀ နေရာမို့ အိုဘားမားက မဲရေတွက်ဖို့ တချို့ပြည်နယ်တွေ ကျန်နေသည့် တိုင်အောင် မက်ကိန်းကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။ တက်ဂ်ဆက် ပြည်နယ်မှာ မက်ကိန်းက အနိုင်ရပြီးတော့ သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သေးပေမယ့် ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ အိုဘားမား အနိုင်ရသွားတဲ့အခါမှာတော့ ဒီမိုကရက်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါပြီ။

ဒီနိုင်ငံကို ရောက်တဲ့အချိန်မှာ အခုလို သမ္မတရွေးကောက်ပွဲနဲ့ ကြုံကြိုက်ရတာဟာ ထူးတဲ့ကံတမျိုးလို့ပဲ ပြောရမလား...။ သူတို့နိုင်ငံသားတွေရဲ့ ကိုယ့်နိုင်ငံကို ခေါင်းဆောင်မယ့် လူအပေါ် လွတ်လပ်စွာ၊ အနှောင်အတည်းကင်းစွာ၊ အခြိမ်းခြောက်ခံရမှု ကင်းစွာ၊ အကျပ်ကိုင်ခံရမှု ကင်းစွာ၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား မဲပေးနိုင်ကြတာတွေ၊ ဝေဖန်ပြောဆိုနိုင်ကြတာတွေကို တွေ့ရ၊ကြားရတာ အတော်ကြီးကို အားကျစရာ ကောင်းလှတယ်။

လူတယောက်က သူ့ဘာသာသူ ဘယ်အကြောင်းနဲ့ပဲ ကြိုက်ကြိုက် သူနှစ်သက်ရာ သမ္မတလောင်းကို ဘယ်သူတဦးတယောက်ရဲ့ အနှောက်အယှက် မရှိပါဘဲ လွတ်လပ်စွာ မဲပေးနိုင်တယ်။ ဘယ်လောက်များ နှစ်သက်စရာ ကောင်းလိုက်ပါသလဲ။ မနက်ကဆို ကျနော့် အလုပ်ရှင်နဲ့ ကျနော် အလုပ်အတူတူ တွဲလုပ်ဖြစ်တော့ သူ့ကို မေးမိတယ်၊ `ခင်ဗျား ဘယ်သူ့ကို မဲပေးမလဲ´ ဆိုတော့ သူက `မက်ကိန်းပဲပေါ့ကွ´ တဲ့...။ သူ မဲပေးရမယ့် အကြောင်းပြချက်က မက်ကိန်းနိုင်ရင် သူ အခွန်ပေးရ သက်သာမှာမို့လို့တဲ့...။ ဘာပဲဖြစ်ဖြစ် သူကြိုက်တဲ့ မက်ကိန်းကို သူလွတ်လွတ်လပ်လပ်တော့ မဲပေးလိုက်ရတာပဲ။ နိုင်တာ မနိုင်တာကတော့ အများရဲ့ ဆန္ဒအပေါ် မူတည်တာပေါ့။

***

ရွှေပြည်ကြီးမှာ နေခဲ့ရစဉ် ကျနော် အသက် ၁၅ နှစ်သားလောက်တုန်းကလဲ ရွေးကောက်ပွဲ ဆိုတာကို ကြုံရဖူးတယ်။ အသက် ၁၅ နှစ်ဆိုတော့ မဲပေးလို့တော့ မရဘူးပေါ့။ ဒါပေမယ့် မဲဆွယ်ကြ၊ စည်းရုံးကြတာတွေကိုတော့ တွေ့ခဲ့၊ မြင်ခဲ့ရတယ်။ `ခမောက်မှ ခမောက်ပဲဟေ့´ ဆိုတဲ့ အားတက်သရောနဲ့ အားပေးကြတဲ့ ကျနော့် အမေအဖေအရွယ်၊ ဦးလေးအရွယ်တွေရဲ့ အဲဒီတုန်းက အားတက်သရောဟန်တွေကို မြင်ခဲ့ရတယ်။

ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာ `စပါးနှံ ပါတီက လူကြီးက သူ့အိမ်မှာ ထမင်းကျွေးတယ်ဟေ့´ ဆိုလို့ ကျနော်တို့ ကလေးတွေ သွားစားသေးတယ်။ ဟိုရောက်တော့ ကလေးမို့ မကျွေးဘူး...တဲ့။ ပြန်လှည့်လာရတယ်။ သွားစားတဲ့ လူကြီးတွေကတော့ `ငါတော့ သူဖိတ်ကျွေးတာ စားတာစားတာပဲ၊ ဒါပေမယ့် မဲကတော့ ခမောက်ကိုပဲ ထည့်ခဲ့တယ်´ ...တဲ့။ ရွေးကောက်ပွဲ လုပ်တဲ့နေ့ကြမှပဲ ကွက်ကျားမိုး သဒ္ဓါပေါက်တဲ့ ဟိုစပါးနှံလူကြီးကြားရင်တော့ တော်တော်ရင်ထုမနာ ဖြစ်ရှာမှာပဲ။

`ခမောက်တွေ နိုင်တယ်ကွ´ ဆိုပြီး လူကြီးတွေ ပျော်ကြတော့ ကျနော်တို့ ကလေးတွေလဲ လိုက်ပျော်ခဲ့ကြတာပဲ။

***

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အပြောင်းအလဲကို လိုလားတဲ့ အသက် ၄၇နှစ် အရွယ်၊ လူငယ်သမ္မတလောင်း တယောက်က အောင်ပွဲခံနိုင်ခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ သူ သူ့နိုင်ငံနဲ့တကွ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ထက်မြက်တဲ့ အတွေးတွေနဲ့အတူ ခေါင်းဆောင် စီမံတော့မယ်။ လွတ်လပ်စွာ မဲဆွယ်လို့ လွတ်လပ်စွာ မဲပေးမှုတွေနဲ့အတူ အောင်ပွဲရခဲ့ပြီ။

ကျနော်တို့ ရွှေပြည်ကြီးရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလဲ အသက် ၄၅နှစ်အရွယ် ထက်မြက်တဲ့ ခေါင်းဆောင် ဦးဆောင်တဲ့ ပါတီကို လူထုက ပြတ်ပြတ်သားသား ထောက်ခံမဲ ပေးခဲ့ကြတယ်။ လွတ်လပ်စွာ မဲဆွယ်ခွင့်မရခဲ့သလို ညစ်ပတ်မှုတွေကြားက နိုင်ခဲ့ရတာ...။

ဒါပေမယ့်...။

အဲဒီ ခေါင်းဆောင်ကတော့ အခုအချိန်ထိ ... ... ...။


ကလိုစေးထူး

Monday, November 03, 2008

စုစုဆောင်းဆောင်း

ကျနော် ငယ်ငယ်က တော်တော်လေး ခက်ခဲတဲ့ အရာတခု ရှိဖူးတယ်။ အဲဒါကတော့ ငွေစုဖို့ ကြိုးစားတာပါပဲ။

မှတ်မှတ်ရရ...၊ ကျောင်းစနေတုန်းက ပထမဆုံး ရတဲ့ မုန့်ဖိုးက တနေ့မှ ဆယ်ပြား...။ ငွေရောင် လေးထောင့် ဆယ်ပြားစေ့လေး တစေ့ကို မေမေက အိပ်ကပ်ထဲ ထည့်ပေးလိုက်ရင် အိပ်ကပ်လေး တပွတ်ပွတ်နဲ့ ကျောင်းကို ကော့လန်ကော့လန် သွားတော့တာပဲ။ ဆယ်ပြားက ကျောင်းမှာရောင်းတဲ့ ဟင်းရည်ကျဲကျဲနဲ့ မုန့်ဟင်းခါးဖတ် မပါ့တပါ တပွဲတော့ ရတယ်။ ကန်စွန်းဥပြုတ်တလုံး ဖြစ်ဖြစ်၊ ရွှေအိုးကြီး ဇီးထုပ်တထုပ်ဖြစ်ဖြစ်လဲ ရနိုင်သေးတယ်။

နှစ်တန်း ကျောင်းသားဖြစ်တော့ မေမေက မုန့်ဖိုးတိုးပေးတယ်။ တနေ့ကို ပြားနှစ်ဆယ် ... ...။ တနေ့ကို ဆယ်ပြားနှုန်းနဲ့ တပတ်မှာ ငါးရက်၊ ငါးမူးတိတိ ၀င်ငွေ ရှိနေရာကနေ နှစ်တိုးပြီး တပတ်ကို တကျပ်ဝင်လာတာပေါ့...။

ဒီလိုနဲ့ တရက်ကျတော့ မေမေနဲ့ ဈေးအတူ လိုက်သွားရင်း ဈေးထဲမှာ ၀ါးဆစ်ဘူး ရှည်လမျောလေးတွေကို ထိပ်မှာ အပေါက်ဖောက်ပြီး စုဗူးလုပ်ရောင်းတဲ့ အသည်ကို သွားတွေ့တယ်။ ဒါနဲ့ပဲ မေမေ့ကို `မေမေ စုဘူးဝယ်ပေး´ လို့ ပူဆာတော့ မေမေကတော့ ငါ့သားကြီးက စုချင်ဆောင်းချင်စိတ် ရှိသားလို့ တွေးပုံနဲ့ အားတက်သရော ၀ယ်ပေးပါလေရော...။

အစပိုင်းတုန်းကတော့ ဟုတ်တုတ်တုတ်...။ တနေ့ကို ဆယ်ပြားစေ့လေး တစေ့တစေ့နဲ့ ၀ါးစုဗူးထဲ ထည့်လာလိုက်တာ ၀ါးစုဘူးထဲ အကြွေစေ့လေး ထည့်လိုက်၊ ဂလောက် ဂလောက်နဲ့ နားထောင်လိုက် အဆင်ကိုပြေလို့...။ ဒါပေမယ့် အဲဒီ ခံစားချက်က တလလားပဲ ခံလိုက်တယ်။ ဂလောက် ဂလောက်နဲ့ အကြွေစေ့တွေကို သွားကြားထိုးတံနဲ့ ထိုးထိုးပြီး အပြင်ကို ပြန်ကလော်ထုတ်တာပဲ။ ကလော်ထုတ်ရင်း ထုတ်ရင်းနဲ့ အားမရလာတော့ ဓားမနဲ့ ခွဲလိုက်တာ ၀ါးစုဘူးပါ နှစ်ခြမ်းကွဲသွားတယ်။

ပြောချင်တာက စုချင်ဆောင်းချင်စိတ် နည်းပါတာ...။ ငွေကို ဟိုတတိ ဒီတတိ စုရတာကို သိပ်ပြီးတော့ ခုံမင်တဲ့အထဲမှာ ကျနော် မပါခဲ့ဘူး။

***

ခြောက်တန်း ကျောင်းသား ဖြစ်တော့ တနေ့ကို တကျပ် မုန့်ဖိုးရနေပြီ။ ကားခက အသွားအပြန် ပြားလေးဆယ် ကုန်တော့ ပြားခြောက်ဆယ်က ကိုယ့်အတွက်ပေါ့...။ အဲဒီတုန်းကလဲ ငွေစုဖို့ ကြိုးစားလိုက်သေးတယ်။ စုဗူးနဲ့တော့ မဟုတ်တော့ဘူး။ မေမေ့ကို ဘဏ်အဖြစ် သဘောထားပြီးတော့ တချို့ရက်တွေမှာ မုန့်ဖိုး မယူဘဲနဲ့ အကြွေးမှတ် စုတာ...။ စုတဲ့နေ့ကျရင် ကျောင်းသွား ကျောင်းပြန်အတွက် တက်စီးမိတဲ့ ဘတ်စ်ကားလဲ ကံဆိုးတာပဲ။ `ကောင်လေး၊ ကားခရော´ လို့ စပယ်ရာက လာတောင်းရင် သွားလေးဖြဲပြပြီး `ဟီး...၊ မပါဘူးခင်ဗျ၊ မုန့်ဝယ်စားလိုက်တယ်´ လို့ ပြန်ပြောတာ...။ တခါတလေ အပေါက်ဆိုးတဲ့ စပယ်ရာနဲ့ တိုးရင် `ကားခမပါရင် ဆင်းကွာ´ ဆိုပြီး ပြန်မောင်းချတာ ခံရသေးတယ်။

ဗလာစာအုပ်လေးထဲမှာ ငွေစုစာရင်းကို ကိုယ့်ဘာသာကိုယ်လုပ်ပြီး `မေမေ၊ သား မေမေ့ဆီက ရမှာ ဘယ်လောက်ရှိနေပြီနော်´ ဆိုပြီး သတိခဏခဏ ပေးရသေးတယ်။ မေမေကတော့ `အင်း...၊ မေမေလဲ အကြွေးတော်တော် ထူနေပြီပဲ´ ဆိုပြီး ချစ်စနိုးနဲ့ ပြန်ကျီစယ်တတ်တယ်။

သုံးလလောက်လဲ စုပြီးရော မေမေ့ဆီမှာ ငွေစုထားတာ ငွေ အစိတ် ပြည့်ပါလေရော...။ အဲဒီနေ့က မေမေက မှတ်မှတ်ရရ အစိတ်တန် အသစ်ကျပ်ချွတ်လေး တရွက် ထုတ်ပေးတယ်။ ကွန်ပါဘူးထဲကို အဲဒီ အစိတ်တန်လေးကို ခေါက်ထည့်ပြီး ကျောင်းကို သွားတာ နေ့လည် ကျောင်းဆင်းချိန်လဲ ရောက်ရော အဲဒီ အစိတ်တန်က သုံးလို့ မရတဲ့ ပိုက်ဆံ ဖြစ်သွားရော...။ တရားမ၀င်ငွေစက္ကူအဖြစ် ကြေညာခံရတဲ့ အထဲ အစိတ်တန်ပါ ပါသွားတာလေ...။

အဲဒီ နောက်ပိုင်းတော့ တခါမှ ငွေမစုဖြစ်တော့ဘူး။

***

ဒီနိုင်ငံရောက်တော့ ကျနော့်စပွန်ဆာရဲ့ အိမ်မှာ တခုထူးခြားတာကို သွားသတိထားမိတယ်။ အဲဒါကတော့ ပလတ်စတစ်ဘူး ခပ်လတ်လတ်လေးထဲမှာ အကြွေမျိုးစုံကို တွေ့တာ...။ ဘူးက သိပ်တော့လဲ မကြီးပါဘူး။ ဒါနဲ့ သဘောကျတာနဲ့ ကျနော်လဲ အဲဒါကို အတုလိုက်ခိုးပြီး ငွေအကြွေတွေကို ဗူးတဗူးထဲမှာ စုထည့်ထားတဲ့ အကျင့်ကို လိုက်လုပ်ဖြစ်တယ်။

ဒီနိုင်ငံမှာ တနေရာရာကို လမ်းလျှောက်ထွက်ရင် လမ်းမှာ အနည်းဆုံးတော့ ငွေအကြွေစေ့ နှစ်စေ့၊ သုံးစေ့လောက် ကောက်ရလေ့ ရှိတယ်။ များသော အားဖြင့်ကတော့ ပဲနိစေ့၊ ငါးဆင့်စေ့၊ တခါတလေလဲ ဆယ့်ဆင့်စေ့လေးတွေပေါ့...။ အဲဒါတွေ တွေ့တဲ့အခါလဲ ကောက်...၊ ဈေးတွေဘာတွေ ၀ယ်လို့ အကြွေစေ့တွေ ပြန်အမ်းတဲ့အခါမှာလဲ သိမ်းနဲ့ ဘူးထဲမှာ အကြွေစေ့တွေက တဖြည်းဖြည်းနဲ့ များလာတော့ သွားလဲလိုက်တာ ဒေါ်လာ တရာကျော်ကျော် ရတယ်။

အဲဒီမှာတင် ရောဂါက စတော့တာပဲ...။

ပလတ်စတစ်ဘူးကြီးကြီး တဗူးကို ၀ယ်...၊ ချက်လက်မှတ်ထုတ်တဲ့ သောကြာနေ့တိုင်းဆိုရင် ၂၅ဆင့်တန် အကြွေစေ့ နှစ်တောင့်ကို အပတ်တိုင်းလဲ...။ အဲဒီ အကြွေစေ့တွေထဲကမှာ အ၀တ်လျှော်စက်မှာ တချို့ကို သုံးပြီး ကျန်တာမှန်သမျှ ဗူးထဲမှာ ထည့်၊ လမ်းမှာ တွေ့တဲ့ အကြွေစေ့ဆိုရင်လဲ အကုန်ကောက်...။ အဲဒီလိုနဲ့ တစတစ စုလာလိုက်တာ နှစ်နှစ်လောက်ကြာလာတော့...။



စကားပုံတခု ကြားဖူးတယ်။ ချွေတာစုဆောင်း သူဌေးလောင်းတဲ့...။ ကျနော်ကတော့ သူဌေးလောင်းတော့ မဟုတ်တာ သေချာတယ်။ ချွေလဲ မချွေမှမချွေတာတာ...။ ဒါပေမယ့် အခုတလောတော့ အဲဒီ အကြွေဘူးကြီးကို ကြည့်ပြီး လူက မြောက်ကြွကြွ ဖြစ်ချင်နေတယ်။ ငယ်ငယ်တုန်းက ၀ါးစုဘူးကို ဓားမနဲ့ နှစ်ခြမ်းခွဲသလို စိတ်မျိုးပေါ်ချင်သလိုလို...။ ဘူးပြည့်အောင်လဲ စုချင်သေးတယ်။ ကဲ...၊ ဒီအကြွေဘူးကြီးကို ဘဏ်မှာသွားလဲပြီးရင် စာဖတ်သူ မိတ်ဆွေများကို မုန့်ဝယ်ကျွေးမယ်လေ။ မကောင်းဘူးလား။ :) ပေါ့ပေါ့ပါးပါး ခန့်မှန်းရအောင်လား...။ ဒါကြီးကို သွားလဲရင် ဘယ်လောက်ရမယ် ထင်လဲ...။

***

ကလိုစေးထူး