Friday, February 20, 2009

လန်းခွင့်မသာ...၊ နေခြည်မဖြာတာမို့...

လေးထောင့်ပုံစံ ရွှေရောင်ကြုတ်ကလေးကို တပတ်ပြီးတပတ် လှည့်လိုက်၊ အောက်ခံ အခင်းပေါ်ကို ပေါင်ဒါနည်းနည်းလောက် ဖြူးလိုက်၊ ပြီးရင် တခါပြန်လှည့်လိုက်နှင့် လူတယောက် အလွန်အလုပ်ရှုပ်နေ၏။ အတန်ကြာအောင် စိတ်တိုင်းကျ လှည့်ပြီးသည့်အခါမှာတော့ သူက ကြုတ်ကလေးကို ၁၂၃၄ နံပါတ်တွေ ရေးထားတဲ့ အခင်းရဲ့ အလည်တည့်တည့်မှာ ဂရုတစိုက်ဖြင့် တည်လိုက်၏။ ထိုသူ တည်ပြီးသည်နှင့် တပြိုင်နက် ဘေးကထိုင်နေသူတွေနှင့် ရပ်ကြည့်နေသူ တချို့ဆီက ငွေများ အခင်းပေါ်သို့ အစီအရီရောက်လာတော့သည်။

`ရင်ဘတ် တထောင်နော်´
`မီးတိုက်၊ အရိပ်ခို၊ လေးထောင်နော်´
`လက်မမှာ သုံးထောင် အောတယ်ကွာ´

ဝိုင်းရဲ့ ထိပ်ဆုံးက အောက်လင်း မီးသီးကြီးနားမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ဒိုင်ဖြစ်သူ ဖိုးတင်လှက သူ့အနားက မိစန်းကြည်ကို ...

`ဟဲ့၊ ထိုးကြတာတွေကို နင်သေသေချာချာကြည့်နော်´
`အင်းပါ ကိုတင်လှရဲ့´

***

ကံဆိုးချင်တော့ မနှစ်က ဘုရားပွဲတပွဲမှာတုန်းက မိစန်းကြည်တို့ရဲ့ အံဂလုံဒိုင်လေး အရင်းပြုတ်သွားသည်။ လောင်းကစားဆိုတာက နိုင်တခါရှုံးတလှည့်လို့ ပြောကြပေမယ့် ရှုံးခဲလှတဲ့ ဒိုင်ကိုင်သူတွေထဲမှာမှ မိစန်းကြည်တို့ခုံက ကံဆိုးမိုးမှောင်ကျခဲ့ခြင်း ဖြစ်သည်။

ဒါကြောင့် ဒီနှစ်မှာတော့ ဇာတ်ပွဲတွေ စည်တဲ့ ဘုရားပွဲရာသီကို ရောက်လာပေမယ့် အံဂလုံဒိုင် မကိုင်နိုင်တော့ပါ။

`ဟဲ့၊ မိစန်းကြည်၊ နင်တို့ အံဂလုံဒိုင် မလိုက်ဖြစ်ကြတော့ရင် ငါ့အနီထောင်ဒိုင်မှာ နင်ထိုင်ကူမလား၊ တညကို ၃ ထောင်ပေးမယ်၊ နိုင်ရင်လဲ ဘောက်ဆူးထပ်ချမယ်လေ´

ရုပ်ရည်ပြေပြစ်တဲ့ မိစန်းကြည်ကို အနီထောင်ဝိုင်းနားမှာ အထိုင်ခိုင်းထားရုံနဲ့တင် ကာလသား ထိုးသားတွေ ၀ိုင်းအုံနေမှာကို ကြိုတင်အကွက်မြင်တဲ့ ဖိုးတင်လှက အဲဒီလို လာခေါ်တော့ မိစန်းကြည်တယောက် မငြင်းဆန်မိခဲ့ပါ။ ဒီလိုမှ မလုပ်ရင်၊ ဒီလိုရာသီမျိုးမှာမှ ပိုက်ဆံမရှာနိုင်ရင် ပွဲတော်ချိန်တွေ ကုန်လို့ မိုးရာသီရောက်ရင် ပိုဒုက္ခရောက်တော့မည်လေ။

`အဖေ့ကိုပါ ခေါ်ရမှ လိုက်မှာနော်´
`အေးပါ၊ နင့်အဖေလဲ ဘေးကနေ ကူပေးပေါ့ဟ၊ ငါကြည့်ကျက်ပေးပါမယ်´

***

အနီထောင်ဆိုတာက အံစာတုံး သေးသေးလေးကို ဂွင်ကျဝင်နိုင်အောင် ဖန်တီးထားတဲ့ အုတ်ခဲသေးသေးလေးနဲ့ တူသည့် ရွှေရောင် သတ္တုကြုတ်ကလေးထဲတွင် ထည့်ပြီး ကစားရသော နည်းဖြစ်သည်။ အံစာတုံးက တခြားအံစာတုံးတွေလို ဂဏန်းအစက်ကလေးတွေ နဲ့ အံစာတုံး မဟုတ်ချေ။ အံစာတုံး၏ မျက်နှာပြင်တိုင်းတွင် အနီရောင် တခြမ်း၊ အဖြူရောင် တခြမ်း ဆေးခြယ်ထားသည်။ `အနီထောင်အုတ်´ လို့ ခေါ်ကြတဲ့ ရွှေရောင်ကြုတ်ကလေးထဲမှာ ဂွင်ကျထည့်ပြီးလျှင် ထိုးသားထဲက တယောက်ယောက်က ၁၂၃၄ ဂဏန်းတွေ ရေးထားတဲ့ အခင်းပေါ်မှာ အုတ်ကို တပတ်ပြီးတပတ်လှည့်၊ သူစိတ်တိုင်းကျပြီဆိုလျှင် ၀ိုင်းအလည်တည့်တည့်မှာ အုတ်ကို တည်ထားပြီပြီဆိုမှ ထိုးသားတွေက ငွေထိုးကြရသည်။

အနီထောင် ကစားသည့် အခင်းက စတုရန်းပုံစံ တာလပတ်သား အခင်းဖြစ်၏။ ဟိုဘက်ထောင့် ဒီဘက်ထောင့် ကန့်လန့်ဖြတ် မျဉ်းနှစ်ကြောင်း ဆွဲပြီး ၁၂၃၄ ဂဏန်းတွေကို အစဉ်လိုက်ရေးထားသည်။ ၁ ဂဏန်းက အုတ်လှည့်သူ ထိုးသားဘက်မှာ အမြဲရှိရသည်။ ထိုးသားက အုတ်ကြုတ်ကလေးကို လှည့်တဲ့အခါ အဲဒီ ၁ ဂဏန်းပေါ်မှာ လက်မ အမြဲ ရှိနေတတ်လို့၊ ၁ ကို လက်မ၊ ၁ နှင့် မျက်နှာချင်းဆိုင်က ဒိုင် ထိုင်နေရာနေရာမှာက ၃ ဂဏန်း၊ ဒိုင်ရဲ့ ရင်ဘတ်တည့်တည့်က ဂဏန်းဆိုတဲ့ သဘောနှင့် ၃ ကိုတော့ ရင်ဘတ်လို့ ခေါ်ကြသည်။

အနီထောင်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ၂ ဂဏန်းရှိရာနေရာမှာ အောက်လင်းမီး ထွန်းထားလေ့ရှိတော့ ၂ ကိုတော့ မီး ဟု ခေါ်ကြပြီး ၂ နဲ့ မျက်နှာချင်းဆိုင် ဂဏန်း ၄ ရဲ့ နေရာမှာတော့ အောက်လင်းမီးရဲ့ အရိပ်ကျတဲ့ နေရာမို့ ၄ သည် အရိပ်။

ဝိုင်းလယ်မှာ တည်ထားသည့် အုတ်ကြုတ်ကလေးကို အုတ်လှည့်သူ ထိုးသားက ဖြည်းညင်းစွာဖွင့်ကာ အထဲက အံစာတုံးက ၁၂၃၄ အနက် ဘယ်ဘက်ကို အနီရောင်ချယ်ထားတဲ့ အခြမ်းက ပြနေတယ်ဆိုတာကို ကြည့်ပြီး အလျော်အစားလုပ် ကစားကြရသည်။ အုတ်ဖွင့်တဲ့ အချိန်မှာ အုတ်ကြုတ်လဲကျလို့ မရ၊ လဲခဲ့ပါက အုတ်ဖွင့်သူ ထိုးသားက တ၀ိုင်းလုံးကို လျော်ရသည်။

အနီထောင် ငွေထိုးနည်းကလဲ ပေါင်းစုံရှိသည်။ အနီထောင်ထိုးသည့် ထိုးသားက လက်မ၊ ရင်ဘတ်၊ မီး၊ အရိပ်ထဲက မိမိစိတ်ကြိုက် ဂဏန်းတခုအပြင် နောက်ထပ် အရန်တခုကိုလဲ ယူခွင့်ရှိသည်။ စိတ်ကြိုက်ယူတဲ့ ဂဏန်းကို အတိုက်၊ အရန်ဂဏန်းကို အခို ဟု ခေါ်ဝေါ်လေ့ရှိသည်။ တရပ်နှင့် တရပ် အခေါ်အဝေါ်တော့ အနည်းငယ် ကွာခြားတတ်လေ့ ရှိသေးသည်။ အတိုက်ဘက်မှာ အနီရောင်ကျလျှင် လျော်ကြေးငွေ၏ နှစ်ဆရသည်။ ဒိုင်က အမြတ်ငွေ၏၁၀%ကို အကောက်ပြန်ကောက်သည်။ ဥပမာ ငွေနှစ်ထောင် ထိုးသည့် ထိုးသားက အတိုက်ရလို့ ဒိုင်လျော်တဲ့အခါ လေးထောင် မလျော်ဘဲ ၃၆၀၀သာ အလျော်အဖြစ်ရမည်ဖြစ်သည်။ အခိုထိုးထားတဲ့ဘက်ကို အံစာအနီရောင်ခြမ်းက ပြရင်တော့ အလျော်အစားမရှိ အရင်းပြန်ယူရသည်။

ဂဏန်းလေးလုံးထဲက တခုတည်းကိုသာ စိတ်ကြိုက်ယူပြီး အရန်မထားဘဲ ထိုးတာကိုတော့ အောထိုးသည်ဟု ခေါ်၏။ ထိုးတဲ့ဘက်မှာ တိုက်လျှင် ထိုးထားသည့် ပိုက်ဆံ၏ ၃ ဆ ကို ဒိုင်က ၁၀% အကောက်ပြန်ကောက်ပြီး အလျော်ရမည်။ ဥပမာ ငွေ ၂၀၀၀ ကို အောထိုးလို့ တိုက်ခဲ့လျှင် အမြတ်ငွေ ၅၄၀၀ ရမည်။

အနီထောင်ဝိုင်းနောက် လိုက်ပြီဆိုမှတော့ မိစန်းကြည်တယောက် အထက်က အနီထောင်ကစားနည်း စည်းကမ်းတွေကို သိအောင် လုပ်ထားရသည်။ ဒါမှလဲ ကျွမ်းကျင်ရာ လိမ္မာပေတော့မည်ကိုး... ...။

***

ပထမတော့ မိစန်းကြည် သတိမထားမိသေး။

အရှေ့က အနီထောင်ဝိုင်းကို အာရုံစိုက်ပြီး အလျော်အစားလုပ်နေတာကြောင့် သတိမထားမိတာလဲ ဖြစ်သည်။ နောက်တော့ တခါက နှစ်ခါ၊ နှစ်ခါကနေ သုံးလေးခါ မက ဖြစ်လာတော့ နောက်ကို ဆတ်ခနဲ လှည့်ကြည့်ပစ်လိုက်သည်။ မိစန်းကြည်နောက်မှာ ရပ်နေတာက အရက်သောက်ထားကြဟန် လူနှစ်ယောက်...။ မိစန်းကြည် လှည့်ကြည့်လိုက်တော့မှ အရှေ့က၀ိုင်းကိုပဲ စူးစိုက်ကြည့်နေသလိုလို ပုံစံတွေနဲ့။ စိတ်ထဲက ဒေါသကို အသာမျိုချလိုက်ပြီး...

`အကိုတို့၊ နောက်နည်းနည်းဆုတ်ပေးပါလားဟင်၊ သမီး ဒီမှာ အလျော်အစားလုပ်နေရတာ မို့လို့ပါ´

ပြောလဲပြောရင်း ခပ်လှမ်းလှမ်းက အဖေ့ကိုပါ မျက်စလှမ်းပစ်ပြတော့ သဘောပေါက်တဲ့ အဖေက အနားကို လှစ်ခနဲရောက်လာပြီး အနှီသကောင့်သား နှစ်ယောက်နဲ့ မိစန်းကြည်ကြားမှာ ၀င်ထိုင်လိုက်သည်။ မိစန်းကြည် စိတ်ထဲကနေ အဖေ့ကို ကျေးဇူးတင်ရင်း ဟိုနှစ်ယောက်ကိုတော့ ကျိန်ဆဲပစ်လိုက်သည်။

`သေနာကောင်တွေ၊ သူတို့ နှမ တင်ပါးကို ခြေမနဲ့ သွားကလော်ကြပါလား´

လူအမျိုးမျိုး၊ စိတ်အစုံစုံနဲ့ ဘုရားပွဲက ကစားပွဲမို့ ဒီလိုမျိုးတွေကိုလဲ တခါတလေ သည်းခံရလေ့ရှိပြန်သည်။

***

`ဟော၊ ငါ့အကိုကြီးက ရင်ဘတ်ကို ကန်လိုက်ပါပြီ၊ အကို့တယောက်ထဲမှ တယောက်ထဲပါလား´
`ကဲ...၊ ကဲ ထိုးထားနော်၊ ထိုးထား´

တ၀ိုင်းလုံးမှာ မိစန်းကြည်ရဲ့ အသံစာစာ စာစာက အလုပ်များလို့ နေလေသည်။ ညနက်လာသည်နှင့် အမျှ ၀ိုင်းက အရှိန်ကောင်းလာလေ၏။ `မီးကွ´ `လက်မကွ´ `ရင်ဘတ်တဲ့ဟေးးးး´ ဟူသော ထိုးသားများ၏ အော်ဟစ်သံများ၊ `အရိပ်မှာခိုပါတယ်ဗျားးး´ ဆိုသော ဒိုင်၏ အောင်မြင်တဲ့အသံနဲ့အတူ မိစန်းကြည်၏ ဖြူနုနုလက်တွေမှာ ငွေစက္ကူများနှင့်အတူ အလုပ်များနေလေတော့သည်။

***

မနက် ၃ နာရီထိုးခန့် ရှိပါပြီ။

စောစောက လူတွေအုံနေတဲ့ မိစန်းကြည်တို့ အနီထောင်ဝိုင်းလဲ ရှုံးသူကရှုံး၊ နိုင်သူ တချို့တလေကလဲ အနိုင်နဲ့ပိုင်းပြီး ပြန်သူကပြန်နဲ့ ၀ိုင်းစဲပါပြီ။ ကစားဝိုင်း တာလပတ်ခင်းကို တသေတချာခေါက်သိမ်းပြီး စောစောက ကစားသွားတဲ့ အုတ်ကြုတ်ကလေးတွေကို ပြောင်လက်နေအောင် မိစန်းကြည်တယောက် တသေတချာ ပြန်ပွတ်တိုက်နေ၏။ ဒိုင်ဖြစ်သူ ဖိုးတင်လှကတော့ ငွေတွေ ရေလို့ကောင်းတုန်း...၊ သူ့မိန်းမ အမြင့်က မစောင့်နိုင်တော့ဟန်ဖြင့်...

`ဟဲ့၊ ဘယ်လောက်နိုင်တုန်း´
`ဟ၊ နေပါဦးဟ၊ အမြင့်ရ´
`မိစန်းကြည်၊ ရော့ဟေ့၊ နင့်ရဲ့ ဒီည ညကြေး၊ နင့်အဖေအတွက်က နှစ်ထောင်ယူ၊ ဘောက်ဆူးက ထောင့်ငါးရာယူပေါ့ဟာ´

ဖိုးတင်လှ တယောက် ဒီည အတော်နိုင်လိုက်ပုံပေါ်သည်။ မိစန်းကြည်က ညကြေးပိုက်ဆံထဲက ခြောက်ထောင်ကို အဖေ့ကို အပ်လိုက်သည်။ ကျန်တဲ့ ငါးရာနှင့် ပွဲခင်းထဲ သွားလည်မည်လေ။ ဒီညကသည့် မင်းသား ချစ်ဆူးငယ်က မိစန်းကြည် အသည်းစွဲ ဇာတ်မင်းသားကိုး...။

***

ဇာတ်စင်ရှေ့ရောက်တော့ မင်းသား ချစ်ဆူးငယ်ရဲ့ ပြဇာတ် ဇာတ်ဝင်သီချင်း ဆိုခန်းကိုပင် ရောက်နေလေပြီ။ ဆိုနေတဲ့ သီချင်းစာသားတွေက ရိုးသားပြီးချောမောတဲ့ ဆင်းရဲသူလေးကို သူဌေးသားလေးက အလွန်ချစ်မိပုံ၊ ဂုဏ်ရွှေငွေတွေကိုထက် ချစ်ရသူလေးကိုသာ တန်ဘိုးထားရပုံ၊ မိဘမောင်ဘွားတွေ တားနေပါစေ၊ ချစ်သူလေးနဲ့ လက်တွဲလို့ လောကဓံကို ရင်ဆိုင်လိုက်ချင်ပုံကို ဖွဲ့နွဲ့စပ်ဆိုလို့...။

ထိုခဏမှာပင် မိစန်းကြည်တယောက် သူ့ရဲ့ အနီထောင်ဝိုင်းအကူ သမ ဆိုတဲ့ အပြင်ဘ၀ အစစ်ကို မေ့လို့ ရွှေမင်းသားလေးရဲ့ ချစ်သူအဖြစ် အတွေးထဲမှာ သီချင်းနဲ့အတူ မျောပါသွားလေ၏။

***

နောက်တနေ့ ပွဲခင်းကျရင်တော့... ... ...။

`လက်မကွ´ `အရိပ်ကွ´ `ရင်ဘတ်ကို တိုက်မယ်ကွ´ ဆိုတဲ့ အသံတွေကြားမှာ မိစန်းကြည်တယောက် အလုပ်များရပါဦးမည်။ ဘုရားပွဲရာသီ မကုန်မချင်း ပွဲခင်းတွေနောက် တကောက်ကောက်လိုက်ရင်းနဲ့ပေါ့... ... ...။

***


ကလိုစေးထူး


မိစန်းကြည်အကြောင်း`ဘုရားပွဲနဲ့ကစားပွဲ´ ဆိုပြီး ကျနော်ရေးဖူးပါသေးတယ်။

5 comments:

Unknown said...

အနီထောင်ဆိုတာ ကြားသာကြားဖူးတယ်။ ဘာမှန်းမသိဘူး။ ခုမှပဲ သေချာ သိတော့တယ်။
ဘုရားပွဲတွေက လောင်းကစားဝိုင်းဆို အဲဒီလိုပဲ လူတွေ အုံနေတာပဲလား။
အံဂလုံ အနီထောင် ပြီးတော့ ဘာရှိသေးလဲ ... ရှိသေးရင် ထပ်ရေးပါအုံး။ ဖတ်ရတာ ဗဟုသုတရပါတယ်။
မင်းသား ချစ်ဆူးငယ်ဆိုလို့ ... ဘလော့ရေးတဲ့ မင်းသား သစ်နက်ဆူးများလား မသိဘူး ...း)

ကဲ .. ဆရာရေ့ ...
မှောင်ရိပ်ခိုပြီး ရင်ဘတ်ကို တိုက်မယ်ဗျို့ .... :D

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူး...

မသိသေးတာ မကြားဖူးတာတွေကို
ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို...

မိစန်းကြည် အကြောင်းတွေ ထပ်ဖတ်ချင်မိနေတယ်..

သြော်... ကိုစေးထူးပြောလို့ followers လေးတင်ထားလိုက်ပြီနော်...

လေးစားခင်မင်လျှက်..

pandora said...

ဒီစီးရီးစ်ကလည်း စိတ်ဝင်စားစရာပါ။

မင်းသား ချစ်ဆူးငယ် .. ဆိုတာ ကိုသစ်နက်ဆူးများလားဗျ

Moe Cho Thinn said...

အနီထောင်ဝိုင်းဆိုတာ ကြားဖူးပြီး မမြင်ဖူးဘူး။ အခုဖတ်တော့လဲ စည်းကမ်းတွေ သိပ်နားမလည်သေးဘူး။ ဒါပေမဲ့ မိစန်းကြည်တို့ဘ၀လေးတွေ က စိတ်ဝင်စားစရာမို့ စောင့်ဖတ်မှာပါ။

Anonymous said...

ညီတို့ အရပ်မှာလည်း ကရင်နှစ်သစ်ကူးဆို our day ဆိုပြီး လောင်းကစားပွဲတွေ တစ်လနီးပါး ကျင်းပကြတယ် အစ်ကိုရ အန်ဂလုံ ၊ စက်ဝိုင်း ရွှေဘောလုံး ဖဲဝိုင်း တော်တော်ကို စုံတယ် မိစန်းကြည်လို ကောင်မလေးတွေလည်း မြင်ဖူးတယ် လှလှပပလေး ၀တ်မှ ကာလသာတွေ လာထိုးတာဆိုတော့ တစ်ချို့ကျတော့လည်း အမြင်တွေစောင်း ပြီး အကဲစမ်းကြည့်ချင်ကြတယ် ။ ပို့စ်လေးစိတ်ဝင်စားဖို့ကောင်းတယ် အစ်ကိုရေ့ ။