Wednesday, January 16, 2008

ဘုရားပွဲနဲ့ ကစားပွဲ…

`ဒေါက်…၊ ဂလောက်… ဂလောက်… ဂလောက်´

`ဆင်၊ မြင်း၊ ဇော်´

အော်ဟစ်သံ တခု၏ အဆုံးမှာတော့ `ဟေး´ ခနဲ ကြွေးကြော် ပျော်မြူးသံ၊ `ဟာ´ခနဲ မချင့်မရဲ ရေရွတ်သံများ အလုအယက် ထွက်လာ၏။ နောက်တော့ လောင်းကြေး ထိုးထားသော ငွေများက အလျော်ခံရသူ ခံရ၊ အစားခံရသူ ခံရနှင့် ခဏတော့ အလုပ်ရှုပ်သွားသည်။ ပြီးတော့…၊ နောက်တပွဲ။

အလျော် အစားကိစ္စများ အားလုံးပြီးသည့် အခါမှာတော့ အံစာတုံးများကို ဒိုင်ဖြစ်သူက သူ့စိတ်ကြိုက်ဖြစ်အောင် အံဂလုံခုံ ပေါ်သို့ စီရီစွာ ထပ်တင်လိုက်သည်။ ဒီလိုနဲ့ အကာလ ညချမ်းက အံဂလုံ ခုံများတွင် ကစားကြသူတွေရဲ့ အသံ၊ အံဂလုံ အံစာများ တဒေါက်ဒေါက် ပြုတ်ကျသံများနှင့်အတူ အလုပ်များနေ၏။ ဟိုးတဖက် ခပ်လှမ်းလှမ်းမှာတော့ တောဇာတ်ပွဲလေးက မစည့်တစည် ပွဲကြည့် ပရိသတ်ရှေ့မှောက်တွင် ကပြအသုံးတော် ခံနေလေသည်။

ဇာတ်စင်နဲ့ ခပ်လှမ်းလှမ်းမှာကတော့ ပွဲဈေးတန်း။ ဖုန်တသောသော၊ လူတဖျောဖျောနဲ့ အဲဒီ ဈေးတန်းလေးရဲ့ အဆုံး ဒီမှာဘက်မှာကမှ အနီထောင်၊ အံဂလုံ အစရှိသော လောင်းကစားဝိုင်းများ။

***

`အံဂလုံ´ ဟု လူအများခေါ်ကြသော အနှီလောင်းကစားနည်းကို ဘယ်သူက စတင် တီထွင်သည်တော့ မသိ။ ဒီဘက်ခေတ် တောနယ် ဇာတ်ပွဲတွေမှာတော့ မပါမပြီးပုံစံလို ဖြစ်နေ၏။

အံဂလုံ ကစားဖို့အတွက် လက်သီးဆုပ်ခန့် အရွယ် မရှိတရှိ အံစာတုံး သုံးလုံးလို၏။ အံစာတုံးများတွင် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ နဂါးရုပ်၊ ဒေါင်းရုပ်၊ ဇော်ဂျီရုပ်များကို ဆွဲထားသည်။ အဲဒီနောက် အလျား လေးပေ၊ နှစ်ပေ၊ ထု ခြောက်လက်မခန့် ရှိ သေတ္တာပုံစံ အံဂလုံခုံ လို၏။ ဖွင့်ထားသော သေတ္တာဖုံး၏ အကန့်လေးပေါ်တွင် အံစာတုံးတွေကို အစီအရီတင်၊ ပြီးတော့ လောင်းကစားသူ ထိုးသားတယောက်က ထိုအကန့်လေးပေါ်က အံစာတုံးတွေ အောက်ကို လျှောကျလာအောင် ကြိုးဖြင့် ခပ်လှမ်းလှမ်းက ဆွဲပြီး အောက်ကို ကျလာသည့် အံစာတုံး မျက်နှာပြင်တွင် ပေါ်လာသည့် အရုပ်များကို မူတည်ပြီး အလျော်အစား လုပ်ရသော ကစားနည်းပင်။

***

မိစန်းကြည် အတွက် `ကျောင်း´ ဆိုသည်ကို လေးတန်းလောက် အထိသာ ရင်းနှီးခွင့် ရလိုက်သည်။ မိဘတွေက ဇာတ်တကာလှည့် အံဂလုံဒိုင် ကိုင်တော့ ဆူလွယ်နပ်လွယ် ငွေရပေါက်လောက်ကိုသာ အာရုံထားရာ ကျောင်းထွက်ပြီးနောက်ပိုင်းမှာ မိစန်းကြည်သည်လည်း အံဂလုံ ခုံနောက် တကောက်ကောက်ပေါ့…။

လေးတန်းနဲ့ ကျောင်းထွက်စ ကလေးသာသာ အရွယ်တုန်းကတော့ မိစန်းကြည်အလုပ်က မိဘများ အံဂလုံခုံ ဒိုင်လုပ်နေရင် အနားမှာ ငုပ်တုပ်ထိုင်၊ အဖေ အရက်သောက်ချင်လာတော့ ပွဲဈေးတန်းမှာ ပြေးဝယ်၊ ထိုးသားတွေ များများ ရှုံးကြပါစေ ဆုတောင်း…၊ ဒီလောက်သာ။

အပျိုဖော်လေး ၀င်လာတော့ မိစန်းကြည်တယောက် အံဂလုံခုံတွေရဲ့ အထာကို သိနားလည်စ ပြုလာသည်။ အံစာတုံးကို ဘယ်လိုစီရမယ်၊ ငွေများများဝင်အောင် ဆိုင်ရာပိုင်ရာတွေကို ဘယ်လိုပသရမယ် ဆိုတာ အတုမြင် အတတ်သင်တတ်လာသည်။ ရုပ်ကလေးကလဲ အသင့်အတင့်၊ မျက်နှာထားကိုလည်း အတတ်နိုင်ဆုံး ချိုအောင် ထားလိုက်တော့ `ပျော်ပျော်ကြီး´ လို့ အမည်ပေးထားတဲ့ အံဂလုံခုံက ကာလသား ထိုးသားတွေနဲ့ တဟေးဟေး တ၀ါးဝါး၊ တ၀ုန်းဝုန်း တရုန်းရုန်း…။

ပွဲဈေးတွေမှာ အံဂလုံခုံ ဒိုင်ကိုင်သည် ဆိုတာကလည်း အထာလေးတော့ နပ်မှ။ မျက်နှာထား စူပွပွ၊ အသက်ခပ်ကြီးကြီး အရွယ်တွေ ထိုင်နေသော အံဂလုံခုံမျိုးထက်စာရင် မိစန်းကြည်လို အရွယ်ကလေးလဲ ရှိ၊ ရုပ်ရည်လေးကလည်း ရှိတဲ့ ခုံမျိုးမှာမှ လူစည်တတ်၏။ တချို့ကလည်း ဘာရယ်မဟုတ် အပျော်သဘော ဟေးလား ၀ါးလား၊ တချို့ကတော့ ရိတိတိ၊ တချို့ကတော့ မူးယစ်ယစ်၊ ဘာပဲဖြစ်ဖြစ် သည်းတော့ ခံရသည်။ ကိုယ်က သူတို့အိတ်ထဲက ပိုက်ဆံကို လိုချင်သည်ကိုး။

လောင်းကစား ဆိုသည့်အမျိုးကလည်း များသောအားဖြင့် ဒိုင်တွေကသာ စားသည်ဆိုပေမယ့် ကံဆိုးမိုးမှောင် ကျရင်တော့ တခါတလေလဲ ရှုံးတတ်သေးသည်။ ဘာပဲဖြစ်ဖြစ် ဆောင်းဦးပေါက်လာလို့ ဘုရားပွဲလေးတွေ ဟိုမြို့တစ၊ ဒီရွာတစ လုပ်လာကြပြီ ဆိုရင်ဖြင့် မိစန်းကြည်တို့အတွက် အခါကောင်းပင်။ မိုးတွင်းတုန်းက သိမ်းထားတဲ့ အံဂလုံခုံလေးနဲ့ အတူ ဘုရားပွဲတွေနောက် တကောက်ကောက် လိုက်လို့ ငွေရှာလမ်းထွက်ပေတော့။ အရင်းအနှီးငွေစကလေးတော့ ကြံရဖန်ရသပေါ့။

ဘုရားပွဲနှင့် လောင်းကစားဝိုင်း ဘာများဆိုင်လို့လဲဟု မိစန်းကြည် ဉာဏ်မီသလောက် တခါတရံ စဉ်းစားကြည့်မိဖူးသည်။ အမေ့ကို မေးကြည့်တော့ `ညည်းကလဲ၊ အကောက်လိုချင်လို့ နေမှာပေါ့အေ´ ဟု ခပ်ပြတ်ပြတ်ဖြေ၏။

အကောက်…။

ဟုတ်တော့လည်း ဟုတ်သည်။ ဘုရားပွဲတခုခု ဖြစ်လို့ မိစန်းကြည်တို့ အဲဒီပွဲကို အံဂလုံခုံလေးသယ်သွားပြီ ဆိုမှဖြင့် ညနေစောင်းလို့ နေရာခင်းမယ်မှ မကြံသေး၊ ပွဲတာဝန်ခံ ဆိုသူတွေက စာအုပ်တအုပ်ကိုင်လို့ ပိုက်ဆံလာတောင်းတော့သည်။ `ကဲ၊ အကောက် အရင်ပေးဗျာ´ ဆိုပဲ။ အကောက်ဈေးကလည်း တနေရာနှင့် တနေရာ မတူ။ ဘာကိုမူတည်ပြီးကွဲသလဲ လို့ မေးရင်တော့ ပွဲတာဝန်ခံတွေရဲ့ ပါးစပ်ဖျားပေါ် မူတည်သည်လို့သာ ဖြေရမည်။

***

ဒီနေ့ တော်တော်ထူးခြားသည်။

ညနေစောင်းလို့ အံဂလုံခုံ နေရာခင်းကတည်းက ည ရှစ်နာရီ ထိုးလောက်အထိကို အံဂလုံ လာကစားကြသူ တယောက်မှ ပေါ်မလာသေး။ ထုံးစံအတိုင်း အကောက်ကတော့ အရင် လာကောက်သွားချေပြီ။ ဘုရားပွဲ သုံးရက်မှာ ဒီနေ့ကလည်း နောက်ဆုံးရက်။

`ကဲ၊ ပျော်ပျော်ကြီး ကစားကြမယ်နော်´

ဖြတ်သွားသမျှ လူတွေကြားအောင် အသံစာစာနှင့် အော်လိုက်သည်။ ဘယ်လိုဖြစ်သည် မသိ၊ လူတွေက တခြားခုံတွေမှာပဲ သွားကစားနေကြပါလား။

`အကိုတို့၊ လာလေ၊ ကစားကြပါလား´

ခြေလှမ်းယိုင်ထိုးထိုးနဲ့ လူသုံးယောက် အနားက ဖြတ်သွားခိုက် မိစန်းကြည်တယောက် အပြုံးတခုကို ဖန်တီးရင်း လှမ်းခေါ်လိုက်တော့ `အေး၊ ဒီခုံမှာ အံဂလုံ နည်းနည်းဆွဲမယ်ကွာ´ လို့ သူတို့အချင်းချင်း ပြောပြီး ခုံရှေ့ကို ရောက်လာသည်။ ပုံစံတွေက မူးနေပုံပေါ်သည်။ ဒါပေမယ့် မတတ်နိုင်၊ လူမလာတာနဲ့ စာရင် တော်သေးတာပေါ့။

`ငါးဆယ် ထိုးမယ်ကွာ´

`ဟုတ်ကဲ့၊ ရပါတယ်အကို´

ဒီလိုနဲ့ မိစန်းကြည်တို့ ခုံမှာ အံဂလုံ အံစာကျသံ တဒေါက်ဒေါက်နှင့် လူစည်စ ပြုလာသည်။ လူစည်ပြီဆိုတော့ မျက်စိကို ရှင်ရှင်ထားရပြန်သည်။ တချို့လူတွေက အံစာတုံးတွေ အောက်ကျပြီးခါမှ ပေါ်သည့် အရုပ်အကွက်မှာ ဒိုင်မသိအောင် ပိုက်ဆံခိုးထားပြီး အလျော်တောင်းတတ်လေတော့ သတိထားရသည်။ မတော်တဆလိုလိုနဲ့ အသားချင်း မထိထိအောင် လာလာတိုးတတ်သော သကောင့်သားများကို လည်း အလိမ္မာနှင့် ရှောင်ရသေးသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တော့ ဖြစ်လိုက်သည်။ ည ဆယ်နာရီကျော်ချိန်လောက် ရောက်တော့ ၃၀၀၀ ကျော်လောက် နိုင်လိုက်၏။ အကောက်ဖိုး ၁၅၀၀ ကို ဖယ်လိုက်ရင် ၁၅၀၀ တော့ မြတ်ပြီ။

ခပ်လှမ်းလှမ်း ဇာတ်ပွဲက စတိတ်ရှိုးသံက ပျံ့လွင့်လာပြန်သည်။ `ချစ်ဆူးငယ်´ ပွဲ။ အဲဒီမင်းသားက အဆိုအရမ်းကောင်းသည်။ သွားကြည့်ချင်ပေမယ့် မဖြစ်သေး။

`ကဲ…၊ အံဂလုံ ဆွဲမယ်ကွာ´

အသက် ခပ်ရွယ်ရွယ် လူကြီးတယောက်က အံဂလုံခုံရှေ့က ခွေးခြေခုံမှာ ၀င်ထိုင်ရင်း ပြောလိုက်သည်။

`ထောင့်ငါးရာ ထိုးမယ်၊ ရမလား´

မျက်နှာထားက ပြီတီတီနှင့် အဲဒီလူကြီးက မိစန်းကြည်ကို မချိုမချဉ်ကြည့်ပြီး ပြောလိုက်၏။ ဖောင်းကားနေသော သူ့အိတ်ကပ်ထဲက ငွေအထပ်လိုက်ကလည်း သွားရေယိုချင်စရာ မျက်စပစ်နေသည်။

`ဦး၊ တကယ်ထိုးမလို့လား´

`ဟဲ့၊ ငါ့အသက် ငယ်ငယ်လေး ရှိသေးတယ်´

`သြော်၊ ကန်တော့ ကန်တော့၊ အကိုကြီး တကယ်ထိုးမှာလား´

`ထိုးမှာပေါ့၊ နင်လက်ခံရဲ့လား´

အဖေ့ကို မသိမသာ မျက်ရိပ်ပြတော့ အဖေက အသာခေါင်းဆတ်ပြလိုက်သည်။

`ထိုးလေ၊ အကိုကြီး´

လူကြီးက အိတ်ထဲက ငွေစက္ကူအထပ်လိုက်ကို ထုတ်ကိုင်ပြီး တထောင်တန် တရွက်နှင့် ငါးရာတန်တရွက်ကို ဇော်ရုပ် ပုံပေါ်တွင် ပစ်ချလိုက်သည်။

အင်း၊ သူ ဇော်ရုပ်ထိုးတယ်ဆိုတော့ မိစန်းကြည်တို့ ဒီနေရာမှာ ပညာပြရတော့မည်။ အံစာတုံးတွေကို စီတော့ ဇော်ရုပ်တွေကို မျက်နှာမူရာဘက်မှာ မရှိစေဘဲ ဘေးဘက်ကို အသာပို့ထားလိုက်သည်။ ဒါမှ ဇော်ရုပ် ကျနိုင်ခြေနည်းမည်။

`ဒေါက်၊ ဒေါက်၊ ဒေါက်´

ဝေါခနဲ ဆွဲချလိုက်သံနှင့် အတူ အံစာတုံးတွေက ခုံပေါ်ကို တဒေါက်ဒေါက် ကျလာသည်။

`ကျား၊ နဂါး၊ ဒေါင်း´

ဈေးဦးပေါက်တော့ ကောင်းပြီ။ ထိုးထားသော ငွေကို ခပ်မြန်မြန်ပင် ဆွဲယူလိုက်သည်။ လူကြီးက အပြုံးပင်မပျက်။

`ကဲ၊ နောက်ထပ် ထောင့်ငါးရာ´

`ဟုတ်ကဲ့´

`ထောင့်ငါးရာတွေ အများကြီးပေးမှာနော်´

`သေနာကြီး´ လို့ စိတ်ထဲက ကျိန်ဆဲလိုက်ပေမယ့် စကားလုံးတွေက အပြင်ကိုတော့ လက်တွေ့ထွက်မလာလိုက်ပါ။ ဒီလိုလူမျိုးတွေကို သည်းခံနိုင်လေ ငွေများများရလေ လေ။

ဒီလိုနဲ့ သူက နိုင်လိုက်၊ ကိုယ်က နိုင်လိုက်နှင့် ကစားနေရင်း ကြာတော့ လူကြီးရဲ့ အိတ်ထဲက ငွေတွေ တော်တော်ကို လျော့လာသည်။ စောစောကလို ပြီတီတီ အပြုံးတွေလဲ ပျောက်စပြုလာသည်။ ဒီတခါတော့ လူကြီးက ငွေကို အာရုံစိုက်လာပုံပေါ်သည်။

`ကဲ၊ ငါးထောင်ထိုးမယ်ဟာ´

မိစန်းကြည် မျက်လုံးပြူးသွားသည်။

`ဘယ်လိုလဲ´

စိတ်သိပ် မရှည်တော့ဟန် ထပ်မေးလာတော့…

`ငါးထောင်တော့ များတယ်လေ အကိုကြီး၊ ထောင့်ငါးရာပဲ မကောင်းဘူးလား´

`ငါ ရှုံးနေပြီဟ´

`အကိုကြီးပဲ ထောင့်ငါးရာတွေ အများကြီးပေးမယ်ဆိုပြီးတော့…´

ဒီအလုပ်လုပ်တယ် ဆိုတာက အင်မတန် သည်းခံနိုင်မှ…၊ မျက်နှာကို အတတ်နိုင်ဆုံးချိုသာနေအောင်ထား၊ မိန်းကလေး အိဒြေ္နတွေဘာတွေ အခုအချိန်မှာ ခဏလေး ဖယ်ထား၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ သူတို့နဲ့ အလိုက်အထိုက် ပြောပေးမှ။

***

`ကဲ၊ ကုန်ပြီဟာ၊ နည်းနည်းတော့ ပြန်ပေးပါအုံး´

တကယ်တော့ လောင်းကစားသမားတို့ ထုံးစံ ပြန်ပေးတယ်ဆိုတာ မရှိ။ ဒါပေမယ့် ဒီလူကြီးကတော့ အတော်လေး ရှုံးသွားပုံပေါ်သည်။ ဒီလိုနေရာမျိုးကျတော့ မိစန်းကြည်တို့ အဖေက အတော်လေး ပါးနပ်သည်။

`အာ၊ ရပါတယ် အကိုရ၊ ကိုယ့်ညီအကိုတွေပဲ၊ ပေးရမှာပေါ့´

ခပ်သွက်သွက်ပြောလိုက်ရင်း တထောင်တန် နှစ်ရွက်ကို ထိုလူကြီးဆီ ကမ်းပေးလိုက်တော့ မယူချင့်ယူချင်နှင့် ယူရင်း ခပ်လှမ်းလှမ်းက ကစော်ဆိုင်တွေဘက် လေးကန်ကန်နှင့် ထွက်သွားတော့သည်။

ထိုလူကြီးထွက်သွားသည်နှင့် ငွေတွေ ရေကြည့်တော့ လားလား၊ နှစ်သောင်းခွဲကျော် နိုင်လိုက်သည်။

`ကဲ၊ ကဲ သိမ်းကြစို့´

အဖေ့ လောဆော်သံ အပြီးတွင်တော့ မိစန်းကြည်တယောက် ကျင့်သားရစွာနှင့်ပင် ခုံသိမ်း၊ အခင်းသိမ်း လိုက်သည်။ မြန်မြန်သိမ်းမှ၊ တော်ကြာ ထပ်ကစားသူတွေ ရောက်လာလို့ နိုင်ထားတာလေးတွေ ပြန်ပါသွားမှ အခက်။

***

မိစန်းကြည် ဇာတ်စင်ရှေ့ ရောက်တော့ ပြဇာတ်ကချိန်ပင် ရောက်နေပေပြီ။ ပြဇာတ်ထဲမှာ မင်းသားက လောင်းကစားနောက်ကို လိုက်မိလို့ ရှိသမျှ စည်းစိမ် ကုန်လုလုတွင်မှ နောင်တရသော အခန်း။ လောင်းကစားမှုကြောင့် ငွေတွေ ကုန်ပြီးတကယ်တမ်း ဒုက္ခရောက်လာတော့ မိဘရှေ့မှာ ငိုယိုတိုင်တည်နေသော ဇာတ်ဝင်ခန်း။

`သား နောင်တ ရပါပြီဖေဖေနဲ့ မေမေ၊ ဒီ လောင်းကစားကို စွန့်လွှတ်ပြီး သား လူသစ်စိတ်သစ် ဘ၀နဲ့ ပြန်ကြိုးစားပါတော့မယ်´

ဇာတ်စင်ရှေ့မှ အသာ ပြန်လှည့်ထွက်လာတော့ ကစားလို့ ကောင်းနေကြဆဲ အံဂလုံခုံတချို့က အသံတွေက မိစန်းကြည်ကို ဆီးကြိုလိုက်သည်။

`ကျားကွ၊ ဇော်ဂျီကွ၊ မြင်းကွ´


ကလိုစေးထူး

(၂၀၀၀ ပြည့်နှစ် ၀န်းကျင် နယ်မြို့ကလေးများမှ ဘုရားပွဲများကို အခြေခံ ရေးဖွဲ့ပါသည်။)

12 comments:

Anonymous said...

you brought me back to my childhood in a little town in Southern Burma. :)

ညိမ်းညို said...

တထောင့်တနေရာ ပြီးကတည်းက ကိုစေးထူးကြီးဆီက ၀တ္တုတိုတွေလာတော့မယ်ဆိုတာ သိနေတယ်ဗျ :)
ဘယ်တော့ဖတ်ရမလဲလို့ စောင့်နေတာ ။စောင့်ရကျိုးနပ်တယ် အကိုရေ ။နောက်လည်း ၀တ္တုတိုတွေကို အလှည့်ပေးလို့ ရေးပါဦးဗျာ။
ပျော်ရွှင်ပါစေ :)

ကိုပေါ said...

ရသမြောက်သလို၊ ဗဟုသုတလည်း ရပါတယ်။ ကျနော်တို့အညာဘက်မှာတော့ “ခြောက်ကောင်” ကစားတယ်လို့ခေါ်တယ်။ မြွေ၊ဖား၊ငါး၊ပုဇွန်၊ဆင်၊လိပ် စတဲ့အကောင်တွေထင်ပါရဲ့။ သိပ်မမှတ်မိတော့ဘူး။ ငါးပေါ်ထိုးလို့ အံစာသုံးတုံးစလုံးက ငါးပေါ်ရင် သုံးဆရတာမျိုး။ အာ…ငယ်ငယ်ကတော့ ဘာပြောကောင်းမလဲ။ ကစားတာပေါ့။ ကိုယ်က မူလတန်းအရွယ်လေးဘဲရှိသေးတယ်။ သိပ်မမှောင်သေးခင် ထိုးသားသိပ်မလာသေးခင် ကိုယ်သွားကစားရင် ရှုံးသွားတောင် ဒိုင်က ပိုက်ဆံပြန်ထုတ်ပေးပြီး ကစားခိုင်းတယ်။ လူစည်လာအောင် ခေါ်တဲ့သဘောပေါ့။ နိုင်ရင် အမြတ်ကလေးကို အိမ်မှာ ပြေးထားလိုက်။ ရှုံးတဲ့အခါ ပြန်ပြေးယူလိုက်နဲ့။ နောက်ဆုံးတော့လည်း ပွဲဈေးတန်းက မုန့်တောင်ဝယ်မစားရဘဲ ပါသမျှ တက်တက်ပြောင်တာ များပါတယ်။

စိုးထက် - Soe Htet ! said...

ကျွန်တော်တို့ ရွှေဘို ဘက်မှာတော့ ဂလုံးဂလုံး ပဲ ခေါ်သဗျ :P

Anonymous said...

အကိုက ဒီလိုလဲ ရတာပဲလား :P

ကလူသစ် said...

တခါဘူးမှ မကစားဘူးဘူး။ ကလိုရေးမှပဲ နဲနဲစိတ်ဝင်စားသွားပြီ။

Anonymous said...

Ko Glo Say Htoo,

It is great to read everything that you wrote in the past but I also would like to read the comment section so far that's is not successful yet. All I can see is the blocks when others write in Burmese. It would be more enjoyable reading it, if you could fix it. Thanking you in advance.

LAN

Khin said...

လောင်းကစားကတော့နေရာတိုင်းပါဘဲ
အလုပ်မရှိရင် ပို လောင်းကြတာပေါ့

ဘုရားပွဲတွေမှာလောင်းကြတယ်
ရှမ်းပြည်မှာ ရှေးကတော့လေးကောင်ဂျင်တွေလောင်းကြတယ်
မဆလခေတ်ကလဲ လောင်းကြတာဘဲ

အမေရိကားမှာ ကာစီနိုတွေမှာလောင်းကြတယ်
များသောအားဖြင့် ပင်စင်စားတွေ အားလို့ လောင်းကြတာ

အလုပ်မအားတဲ့ လူတွေကတော့ မကစားအားပါဘူး

တရုပ်တွေ အလွန် လောင်းကစားသန်တယ်

ရန်ကုန်မှာ ၂ လုံးထီတွေ မိန်းမတွေသိပ်လောင်းတာဘဲ

ရဲစခန်းနဲ့ ဒိုင်နဲ့ ပေါင်းထားတယ်

ပိတ်ရင်လူတွေမကြိုက်ဘူးဆိုတော့
ထွက်ပေါက်ပေးထားတာ

အစိုးရ ဝင်ငွေရတဲ့ထီကို စိုးမိုးကျော်က လုပ်စားပြန်တယ်

လောင်းကစားကတော့အင်မတန်ပိတ်ရခက်တယ်

စင်္ကာပူတောင်အခွန်ကောက်ပြီးတရားဝင်ဆောင်ရွက်တော့တယ်။

စာတွေများများရေးနိုင်ကြပါစေ

လူတွေစာဖတ်တော့လောင်းကစားဘက်မရောက်ဘူးပေါ့။။

cheers

mayburma

လင်း said...

ကိုစေထူးကြီးက စာရေးကောင်းတယ် အပိုအလိုမရှိဘူး
ဝထ္ထု တပုဒ်ကို ပီပီပြင်ပြင်ရေးသွားတာ။ နောက်ထပ်
များများရေးပါအုံး။ စောင့်မျှော်နေမယ်နော်

pandora said...

စိတ်ဝင်စားစရာ ရေးနိုင်တယ်
အားပေးပါ၏။

တန်ခူး said...

ကိုစေးထူး...ဖတ်နေရင်းက မိစန်းကြည်ရဲ့ အံဂလုံခုံဘေးရောက်သွားသလို ခံစားရတဲ့ သရုပ်ဖော် နိုင်နင်းတဲ့ အရေးအသားကို နှစ်ခြိုက်မိပါတယ်။

ကလိုစေးထူး said...

ကျနော့် မိတ်ဆွေ မောင်နှမများ အခုလို အားပေးကြတဲ့ အတွက် ကျနော် အရမ်းကို ကျေနပ်ကြည်နူးမိပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် အခုလောက်အထိ အားပေးကြမယ်လို့တောင် မမျှော်လင့်ခဲ့ပါဘူး။ တကယ်လို့များ အခု လက်ရှိရေးထားတာရော နောင်လာမယ့် ၀တ္ထုတွေမှာပါ ကျနော်ရေးထားတဲ့ အထဲက လစ်ဟာကွက်၊ လိုအပ်ချက်တွေများ ရှိခဲ့၊ တွေ့ခဲ့ရင် ထောက်ပြ ဝေဖန်ပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျနော် ကြိုးစားပါအုံးမယ်။