Monday, January 28, 2008

ခြောက်နှစ် အလွန်…

`ဒေါက်… ဒေါက်… ဒေါက်…´

`မေမေ... မေကြီး… သားပြန်လာပြီလေ´

တိုးဖွဖွ တံခါးခေါက်သံနှင့်အတူ ခေါ်သံတခုက နားထဲကို တိုးဝင်လာ၏။ ခဏနေတော့ အသံကတိတ်ဆိတ် သွားပြန်သည်။ နောက်တော့ ခေါ်သံက နီးနီးကပ်ကပ် ပေါ်လာသလိုလို ခံစားရပြန်သည်။ စိတ်အာရုံ၏ တွန်းအားတို့ဖြင့် တစုံတခုပြောဖို့ အားယူလိုက်တော့…

`သား…၊ သားကြီး၊ သားကြီးပြန်လာပြီလား´

***

`မေမေ၊ မေမေ´

အဆက်မပြတ်ခေါ်သံ တခုကို တကယ်တမ်း ကြားရသည့် အချိန်ကျတော့မှပင် စောစောက ကြားနေခဲ့တာက တကယ်မဟုတ်ပါလား ဆိုသည့် အသိအာရုံက ပြန်ဝင်လာတော့သည်။

`မေမေ၊ အိပ်မက် မက်နေတာလားဟင်´

သမီးငယ်ဖြစ်သူရဲ့ စိုးရိမ်မကင်းဟန် မျက်နှာထားနှင့် မေးခွန်းကို အသာအယာ ခေါင်းငြိမ့်ပြလိုက်တော့ အလိုက်သိလှသော သမီးက သောက်ရေတခွက်ကို သွားခပ်လာ၏။ အေးမြမြ ရေတခွက်က တကယ့်တကယ်တမ်း ရင်ထဲက ပူလောင်မှုကို ငြိမ်းစေလေသလား။ သူ မသိပါ။

`သမီး…၊ ပြန်အိပ်တော့လေ´

`ဟုတ်´

မျက်နှာမသာမယာဖြင့် သမီးငယ်ပြန်ထွက်သွားတော့ အခန်းထဲမှာ သူတယောက်ထဲ…။ သမီးထွန်းပေးခဲ့သော ဖယောင်းတိုင် မီးရောင် မှိန်ရောင် မှိန်ဖျဖျက အမှောင်ကို တတ်အားသရွေ့ အံတုရင်း သူ့ကို ကရုဏာသက်လှစွာ ဖေးကူနေသယောင်ယောင်…။

အခန်းတ၀ိုက် အဓိပ္ပာယ်မဲ့ လိုက်ကြည့်နေမိသော အကြည့်တို့က တနေရာ အရောက်မှာတော့ တန့်ခနဲ ရပ်သွားသည်။

ဂစ်တာအိုလေး တလက်…။

သခင်မဲ့နေတာ နှစ်အတန်ကြာနေခဲ့သော ဂစ်တာအိုလေး။ သံစဉ်အပိုင်းအစ များစွာကို သခင့်အလိုကျ ကျူးရင့်ခဲ့သော ဂစ်တာအိုလေး။ `မေမေ၊ သားသီချင်း နားထောင်မလား´ ဆိုပြီး အတင်းကာရော လာလာတီးပြတတ်သော သားကြီး တီးနေကြ ဂစ်တာအိုလေး။

ချိတ်ဆွဲထားသော ဂစ်တာအိုလေးကို အသာအယာ ယူငင်ပြီး ကြိုးတချောင်းကို တို့ထိ တီးခတ်လိုက်တော့ `ဒေါင်´ ခနဲ မြည်သံက တိတ်ဆိတ်မှုကို ခေတ္တခဏ ဖြိုခွင်းပစ်လိုက်သည်။ ထိန်းချုပ်မရလိုက်သော မျက်ရည်စတချို့က ဂစ်တာအိမ်လေးပေါ် ပေါက်ခနဲ ပေါက်ခနဲ…။

***

`မေကြီးက သားကို မချစ်ပါဘူး´

ဒီစကားကို မကြာခဏပြောခဲ့သော သားကြီးကို သူ ဘာမှ ဖြေရှင်းချက် မပေးခဲ့မိပါ။ သားသမီးတွေအနက် အကြီးဆုံး ဆိုတော့ သူ့ထက် အငယ်တွေကို ပိုဦးစားပေးလို့များ ဒီလိုထင်တာလား၊ ဒါမှမဟုတ် ဖြစ်စေချင်လွန်းတဲ့ ဆန္ဒနဲ့ အားမလိုအားမရတာတွေကြောင့် မကြာခဏ ရိုက်နှက်ခဲ့မိလို့များ ဒီလိုထင်တာလား။ ဒါပေမယ့် သားကြီး ဆယ်တန်းအောင်တဲ့ နေ့က သူပျော်သော အပျော်ကို မြင်တဲ့နောက်ပိုင်းမှာတော့ `မေကြီးက သားကို ချစ်တော့ ချစ်ပါတယ်´ လို့ ပြောပြန်သည်။ ဘာပဲဖြစ်ဖြစ် သူ ကျေနပ်ခဲ့ရပါသည်။ မိဘပဲကွယ်၊ သားသမီးကို မချစ်ဘဲ ဘယ်နေပ့ါမလဲ။

သမီးငယ်ကို မွေးတော့ သားကြီးက ၁၄ နှစ်သား၊ သူ့ညီက ၁၁ နှစ်။ ညီအကိုနှစ်ယောက်နှင့် သူတို့အဖေက မွေးခန်းအပြင်ကနေ စောင့်လို့…၊ `မိန်းကလေး မွေးတယ်´ ဆိုတော့ ညီအကိုနှစ်ယောက်က ပျော်လို့…။ အဲဒီတုန်းက သားကြီးက သူ့ကို ထူးထူးခြားခြား မေးခဲ့တဲ့ မေးခွန်းကို အမှတ်ရနေပါသေးသည်။

`မေကြီး…၊ ညီမလေးကို မွေးတာ ညည်းသံ လုံးဝမကြားရဘူးနော်။ သားတို့ကို မွေးတုန်းကရော မေကြီး မညည်းဘူးလားဟင်´

သူက ပြုံးရင်း `မေမေ မွေးတဲ့ သားသမီးတွေပေးတဲ့ နာကျင်မှုအတွက် မေမေ တခါမှ မညည်းခဲ့ဘူး´ လို့ ပြန်ဖြေတော့ သားကြီးတယောက် အတန်ကြာ ငိုင်ကျသွားခဲ့ဖူးသည်။

***

`မေမေ၊ သားသွားတော့မယ်´

ဒီစကားတခွန်းဟာ ရှည်ကြာလွန်းသော ခွဲခွာရခြင်းရဲ့ အစလားဆိုတာ အဲဒီတုန်းက သူတကယ် မသိခဲ့ပါ။ ဒါပေမယ့် သူ့ခြေဖမိုးကို နဖူးဖြင့် ထိခတ် ရှိခိုးပြီး နှုတ်ဆက်သွားသော သားကြီးကတော့ အဲဒီကတည်းက…။

တံခါးခေါက်သံ တိုးဖွဖွလို အသံတွေကြားယောင်တိုင်း သားကြီး ပြန်လာလေပြီလား လို့ လွမ်းရသည်။ လူခြေတိတ်တဲ့ ညချမ်းတွေက လူငယ်တချို့ရဲ့ ဂစ်တာသံကြားတော့ သားကြီးကို လွမ်းရသည်။ လူမစုံတော့တဲ့ မိသားစု ထမင်းဝိုင်းလေးကို ကြည့်ရင်း သားကြီးကို လွမ်းရသည်။

***

အတွေးတွေ ပြန့်ကျဲနေလိုက်သည်မှာ ခေါင်းရင်း ပြတင်းကတဆင့် လင်းရောင်ပြူစ လောကကို မြင်မှပင် ပစ္စုပ္ပန် ပြကတိကို သတိရမိတော့သည်။

အင်း…၊ နေ့တနေ့ကို ဖြတ်ကျော်ရပေအုံးမည်။ ဒီလိုနေ့ပြီးရင်ရော…၊ နောက်ထပ် နေ့များစွာ၊ များစွာ၊ များစွာ၊ … … … …။

နေ့များစွာထဲမှ တခုသောနေ့မှာတော့ သားကြီးတယောက် တကယ်ပဲ တံခါးလာခေါက်တန်ကောင်းပါရဲ့…။


ကလိုစေးထူး

(အိမ်ကို ခွဲခွာခဲ့ရခြင်း ခြောက်နှစ်ပြည့် အနေနဲ့ ဒီစာစုကို ရေးတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ မေမေတယောက် ဘယ်လိုနေရှာမလဲ ဆိုတဲ့ စိတ်နဲ့ ခံစားရေးဖွဲ့ရင်း မေမေ့အတွက် ရေးခဲ့ဖူးတဲ့ သီချင်းကိုပါ ပြန်လည် တင်ပြလိုက်ပါတယ်။)




7 comments:

မြရွက်ဝေ said...

အမေ့ကို သတိရပါတယ်ဆို ငိုချင်အောင်လုပ်တယ်။ "အမေက သမီးကို မချစ်ပါဘူး"ဆိုပြီး ပြောမိဘူးတယ်။ အမေအတော်စိတ်မကောင်းဖြစ်သွားလို့ ဒီနေ့အထိနောင်တရတုန်းဘဲ။ တကယ်တော့ အချူချာဆုံး၊ အဂျီကျဆုံးနဲ့ အမေ့နားအကပ်ဆုံးမို့ အမေစိတ်အပူရဆုံးဖြစ်မယ်ထင်တယ်။

သီချင်းလဲနားထောင်သွားတယ်။ အဆိုတော်လုပ်ပါလားဟင် အသံကောင်းတယ်။ သီချင်းရေးလဲတော်တယ်။

တန်ခူး said...

ကိုစေးထူး...မျက်ရည်တွေတားမရတဲ့post...ကျွန်မလဲ အကြီးဆုံးမို့ အမေကမချစ်ဘူးလို့ ခဏခဏ ဂျီကျဖူးတယ်။ အမေအတွက် တေးတပုဒ်ကို အမေ့ရှေ့မှာ အမြန်ဆုံးဆိုပြခွင့်ရပါစေလို့။

Anonymous said...

ကိုစေးထူးရေ ...
လောလောလတ်လတ် မနေ့တုန်းကပဲ အဖေနဲ့ အမေ့ဆီက စာတစောင် လူကြုံနဲ့ရောက်လာလို့ ဖတ်ရင်းနဲ့ မျက်ရည်ကျမိခဲ့သေးတယ်။ အခု ဒီစာကိုဖတ်ပြီးတော့ မျက်ရည် ထပ်ကျမိပါရဲ့။

... ဒီစာထဲမှာ ရေးထားတဲ့ အမေတယောက် နေရာက ခံစားချက်ကို ကောင်းကောင်းကြီး နားလည်မိသလို အိမ်ပြန်လို့ မရသေးတဲ့ အဝေးရောက် သားနေရာက ခံစားချက်ကိုပါ စာနာမိတာမို့ ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားပြီး စိတ်မကောင်း ဖြစ်မိပါတယ်။

အမေက ငါ့ကို မချစ်ပါဘူး ... လို့ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲထင်နေခဲ့မိတယ်။ ဒါပေမဲ့ အမေ့လက်ရေး သေးသေးလေးတွေနဲ့ မညီမညာရေးထားတဲ့ စာတိုလေးကို အခေါက်ခေါက် ဖတ်ရင်း အမေက ငါ့ကို ချစ်ရှာသားပဲ ဆိုတဲ့ အတွေး ၀င်ပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်ခဲ့ရတယ်။

ကိုယ်တိုင်လည်း အမေတို့နဲ့ ခွဲရခါနီးတုန်းက အမေနဲ့ အဖေကို ရှိခိုး ဦးချရင်း ကျလုလုမျက်ရည်တွေကို အမေတို့ မမြင်အောင် ထိမ်းခဲ့ရဖူးတယ်။

ဒီစာကိုဖတ်နေရင်း ကျန်ခဲ့တဲ့ ဂစ်တာလေးကို သတိရမိပြန်တယ်။ အမေရော ... အဲဒီဂစ်တာလေးကို ကြည့်ပြီး သတိရနေမလား ... တွေးမိပြန်တယ်။

သားသမီးတွေ ပေးတဲ့ နာကျင်မှုအတွက် မျက်ရည် မကျတတ်တဲ့ ကိုစေးထူးရဲ့မေမေကိုလည်း လေးစားမိပါတယ်။

ကိုစေးထူးရေ ... ထိခိုက်နာကျင်နေတဲ့ ခပ်ယဲ့ယဲ့ နှလုံးသားက ဒီလိုစာမျိုးကို တည်တည်ငြိမ်ငြိမ် ဖတ်ဖို့ရာ ခံနိုင်ရည် မရှိသေးပါဘူး။ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီနေတာက တကြောင်း ကိုစေးထူးရဲ့ စာရေးခြင်း အတတ်ပညာ ကြောင့်လည်း တကြောင်းပေါ့။

ဘာပဲဖြစ်ဖြစ် ... ဒီစာစုလေးအတွက် ကျေးဇူးတင်ပါတယ်။
၂၀၀၉ ဇန်န၀ါရီ ၂၈ မတိုင်ခင်
ကိုစေးထူးရဲ့ အိမ်တံခါးပေါက်မှာ
ဒေါက် ဒေါက် ဒေါက် လို့ ကိုယ်တိုင် ခေါက်နိုင်ပါစေ ... လို့ ဆုတောင်း လိုက်ပါတယ်။

Anonymous said...

ကိုစေးထူးရေ.. သီချင်းလေးနားထောင်သွားတယ်ဗျာ.. ကြိုက်တယ်…
MP3 လေးပြောင်းပြီး ကျနော့် ဆီကို ပို့ပေးပါလား :D

မနောက်ဘူးနော်.. အတည်ပြောတာ :-L:

စိုးထက် - Soe Htet ! said...

သားဆိုး ရဲ့ အမေ သီချင်းလေး နားထောင် သွားပါတယ် :D ကောင်းပါတယ် ခင်ဗျာ ... တစ်ကယ် ကောင်းပါတယ် :D :) ကျွန်တော် ကတော့ အမေ့ကို မဆိုးခဲ့ ဖူးဘူး :)

Bay Dah said...

Klosayhtoo: you should post this on the You Tube. I reely miss my parents after listening your song.

rita said...

A MAY nae pettet tar tway yay htar kya tar read p tie,, heart hti tel,,,

huuu,, ma kyar khin mhar rita lal may gyi nae,,kana khwel ya oo mhar mo,, ku ta law,, po lo tg sait ka nu nay tar,,