Friday, January 25, 2008

စာရေးကြမယ်...

ဒီနေ့ တင်ပြမယ့် ပို့စ်ပုံစံမျိုးကို ကျနော် ရေးချင်နေမိတာ အတော်တော့ ကြာပါပြီ။ ဒါပေမယ့် `ဒီကောင် ဆရာကြီး လုပ်ပြန်ပြီ´ လို့ အထင်တော် ရှိကြမှာကို စိုးရိမ်မိတာ တချက်၊ တခြားသော ပို့စ်တွေကိုပဲ ရေးဖြစ်နေတာက တချက်ကြောင့် အတော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။

ကြိုတင် ပန်ကြားပါရစေ ခင်ဗျာ။ အခု တင်ပြမယ့် ပို့စ်ဟာ စာအရေးအသား ကောင်းမွန်ထက်မြက်နှင့်ပြီးသား စာရေးဆရာ/ ဆရာမ ရင့်မကြီးတွေအတွက် မရည်ရွယ်ပါဘူး။ စာအရေးအသားကို ရေးရင်း၊ လေ့ကျင့်ရင်း ကျနော်တို့လို ကလောင်သွေးဆဲ ညီအကို မောင်နှမများအတွက် တစုံတခု အထောက်အကူအပံ့ ဖြစ်စေမလားလို့ တွေးဆပြီး တင်ပြပါတယ်။ တစုံတရာ လိုအပ်ချက်၊ ဖြည့်စွက်လိုချက်တွေ ရှိလာခဲ့ရင်လဲ အားမနာစတမ်းသာ ထောက်ပြ ဖြည့်စွက် ဝေဖန်နိုင်ကြပါတယ် ခင်ဗျာ။

အရင့်အရင်ကလည်း မကြာခဏဆိုသလို စာတွေထဲ ထည့်ထည့်ရေးခဲ့ဖူးပါပြီ။ ယနေ့ ကာလအချိန်မှာဆိုရင် မြန်မာဘလော့ဂ်တွေ တနေ့တခြား ပိုပိုလို့ များလာပါတယ်။ မြန်မာပြည်က နာမည်ကြီး ဂျာနယ်တစောင်ကဆိုရင် မြန်မာဘာသာနဲ့ ရေးသားတင်ဆက်နေတဲ့ ဘလော့ဂ်ပေါင်း ၄၀၀၀ ကျော်နေပြီလို့ တင်ပြခဲ့ပါတယ်။

အဲဒီ ၄၀၀၀ ကျော် ရှိနေတဲ့ ဘလော့ဂ်တွေ အနက်ကမှ နိုင်ငံရေး အဖွဲ့အစည်း၊ လူမှုရေး အသင်းအဖွဲ့၊ အာဏာပိုင် ထောက်ခံရေး ကိုယ်စားပြု အစရှိတဲ့ အဖွဲ့အစည်း အသင်းအပင်း ဆိုင်ရာ ဘလော့ဂ်တွေကို ခဏဖယ်ထားပြီးတော့ တခြားသော ပုဂ္ဂလိက ဘလော့ဂ်တွေကို လိုက်လံ လေ့လာကြည့်မယ် ဆိုရင် အများစုသော မြန်မာဘလော့ဂ် ရေးသားသူတွေဟာ အသက် ၁၈ နှစ်မှ ၄၀ အကြား လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်တာကို တွေ့ရှိရပါတယ်။

သူများရေးတာကို အားကျလို့ပဲ လိုက်ရေးရေး၊ ကိုယ်ကိုယ်နှိုက်က ၀ါသနာအရင်းခံရှိလို့ပဲ ရေးရေး ဘလော့ဂ် ရေးပြီ ဆိုကတည်းကိုက အဲဒီလူဆီမှာ စာရေးချင်စိတ် အစပျိုးလာတာပါပဲ။ ရေးချင်တဲ့စာ ပုံစံတွေ ကွာသွားကောင်း ကွာသွားနိုင်ပေမယ့် ဘလော့ဂ်တခုကို စတင် ဖန်တီးတော့မယ် လို့ ရည်ရွယ်လိုက်ကတည်းကိုက စာရေးချင်စိတ် အစပျိုးလာတာကတော့ ငြင်းမရပါဘူး။ (ခြွင်းချက်အားဖြင့်တော့ လိင်ပိုင်းဆိုင်ရာတွေကို တင်ဆက်တဲ့ ဘလော့ဂ်နဲ့ လူပုဂ္ဂိုလ်တဦးတယောက်ကို တိုက်ခိုက်လိုစိတ် သက်သက်နဲ့ ဖန်တီးတဲ့ ဘလော့ဂ် ပိုင်ရှင်တွေကိုတော့ စာရေးချင်သူ စာရင်းထဲက ဖယ်ထားပါရစေ)။

ဘလော့ဂ် တခုကို စတင်ရေးသားကြသူ အများစု (ကျနော် အပါအ၀င်) ကြုံတွေ့ရတာ တခုရှိပါတယ်။ ပို့စ် တခု၊ နှစ်ခု ရေးပြီးတဲ့ အခါမှာ ကိုယ့်မှာ ရေးစရာ ကုန်သွားသလို ခံစားရတာ၊ ဒါမှမဟုတ် ဘာဆက်ရေးရမှန်း မသိတော့တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ရေးကလည်း ရေးချင်တယ်။ ဒါပေမယ့် ဘယ်လိုတွေ ဆက်ရေးရမှန်း မသိသူတွေ အတွက် `စာတပုဒ်ကို ဘယ်လိုရေးမလဲ´ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျနော် မှတ်သား သိမီသလောက်လေး အကြံပေး တင်ပြပါရစေ။

***

တကယ်တော့ လူတိုင်းလူတိုင်းမှာ နေ့စဉ်လိုလို သွားလာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကိုယ်စီက တပုံတပင်ပါပဲ။ ခက်တာက အဲဒီလို နေ့စဉ် ဖြစ်ပျက်နေတာတွေကိုပဲ စာမျက်နှာပေါ် ချရေးဖို့အတွက် အခက်အခဲ ဖြစ်လေ့ရှိနေတတ်တာပါ။ ကဲ…၊ ကျနော်တို့ တနေ့ တနေ့ နေ့စဉ် လှုပ်ရှား သွားလာနေတဲ့ အကြောင်းအရာတွေထဲကမှ လူတိုင်းလိုလို မလွှဲမရှောင်သာ ဆောင်ရွက်ဖြစ်နေတဲ့ သာမန် ကိစ္စလေးကိုပဲ စာတပုဒ် ဖန်တီး ရေးသားကြည့်ကြပါစို့။

ဖတ်ရှုဖူးတဲ့ စာအုပ်တအုပ်ထဲမှာ စာရေးဆရာကြီး တဦးက ပြောဖူးပါတယ်။ `ဟေ့၊ စာဆိုတာ ရေးတတ်ရင် အိမ်သာတက်တာတောင် စာတပုဒ်ဖြစ်အောင် ရေးလို့ရတယ်ကွ´ တဲ့…။ ဟုတ်ကဲ့၊ အဲဒီ စာရေးဆရာကြီး ပြောသလို ကျနော်တို့ ဖန်တီးကြည့်ကြပါမယ်။

လူတယောက် အိမ်သာတက်တယ်။ ဘာကြောင့်လဲ၊ ရှင်းရှင်းလေးပါပဲ။ ၀မ်းနာလို့ပါ။ ၀မ်းနာတာက အစာဟောင်းကို ခန္ဓာကိုယ်ကြီးက သဘာဝရဲ့ ဖန်တီးပေးထားချက်အရ လက်ခံလိုစိတ် မရှိလို့ နာတာပေါ့။ ၀မ်းနာတဲ့ အခါ ကိုယ်စားထားတဲ့ အစားအစာအပေါ် မူတည်ပြီးတော့ ဟိုနေရာက ရစ်တစ်တစ်လိုလို ဖြစ်လိုက်၊ ဒီနေရာက ခပ်စူးစူးလို ဖြစ်လိုက်နဲ့ အစာအိမ်က ဆန္ဒပြတော့တာပါပဲ။ နေရာထိုင်ရတာ အဆင်မပြေတော့ဘူး။ ကဲ ဒီတော့ အဲဒါကိုပဲ ကျနော်တို့ စာတပိုဒ်အဖြစ် ချရေးပြီးတော့ နိဒါန်းပျိုးကြည့်ကြရအောင်လား…။

`မနက်က အစားအတော် စုံသွားလို့ ထင်သည်။ ၀မ်းနာလာ၏။ အစာဟောင်းတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေဖို့ မလိုအပ်တာကြောင့် အပြင်ကို ထုတ်ပစ်ဖို့ အချိန်တန်လေပြီ။ နေရထိုင်ရသည်မှာ အဆင်မပြေလှ၊ ဟိုနေရာက ရစ်တစ်တစ်၊ ဒီနေရာက နာတာတာ…။ ဘယ်လိုမှကို အလုပ်လုပ်လို့ မရတော့အောင် ဆန္ဒပြနေသော အတ္တဘောကြီးကြောင့် အိမ်သာတက်ဖို့ ဆုံးဖြတ်လိုက်သည်။´

အထက်မှာ ကျနော် ရေးခဲ့တဲ့ စာကြောင်းတွေမှာ ထူးခြားဆန်းပြားတဲ့ အသုံးအနှုံး ဘာမှမပါပါဘူး။ ခံစားရတဲ့ ဝေဒနာကို ပုံဖော်ဖို့အတွက် ခပ်ရိုးရိုးပဲ ရေးပါမယ်။ အဲဒီကမှတဆင့် စာဖတ်တဲ့လူကို နောက်ထပ် စာကြောင်းတွေကို ဖတ်ချင်စိတ် ထပ်ပေါ်လာအောင် ဆွဲဆောင်ရေးသားကြည့်ပါစို့။

`မလွယ်နိုင်တော့တဲ့ ဝေဒနာကြောင့် အိမ်သာရှိရာကို အလောတကြီးနဲ့ သွားကာမှ ကံဆိုးလှစွာဖြင့်ပင် အိမ်သာထဲမှာ တစုံတယောက်က ရှိနေ၏။´

တကယ့်လက်တွေ့ အပြင်ဘက်မှာတော့ အိမ်သာထဲမှာ လူရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် အိမ်သာတက်တယ် ဆိုတဲ့ ဖြစ်စဉ် ရိုးရိုးလေးကို စိတ်ဝင်စားစရာ ဖြစ်လာအောင် စာဖတ်သူကို ဆွဲယူချင်တဲ့ အတွက် ကျနော်တို့ ဖန်တီးရေးသားကြည့်ပါမယ်။ အိမ်သာ သိပ်တက်ချင်နေတဲ့ အချိန်မှာ အိမ်သာ မအားတာလောက် ကသိကအောက် ဖြစ်တာ မရှိတဲ့ ခံစားချက်က လူတိုင်းလိုလိုမှာ ရှိကြတဲ့အတွက် အဲဒီစာပိုဒ်ကို ထည့်ရေးပြီး ပုံဖော်ကြည့်ပါမယ်။

`ကသိကအောက် နိုင်လှသော အောင့်အည်းခြင်းဖြင့် အပြင်မှာ ရပ်စောင့်ရသည်မှာ အချိန်က ရှည်ကြာလွန်းလှသယောင် ခံစားရပါဘိ။ ဟူး…၊ အထဲမှာ ဘယ်သူများပါလိမ့်။ မေးလိုက်ရင် ကောင်းမလား၊ မဖြစ်သေးပါဘူးလေ။ တော်ကြာ ရိုင်းရာကျသွားမှဖြင့်။ မြန်မြန်ထွက်ပါတော့ အထဲကလူရေ လို့ စိတ်ထဲက အထပ်ထပ် တောင်းဆိုမိရင်း ဝေဒနာသက်သာလို သက်သာငြားဖြစ်အောင် အမှတ်စဉ်ကို စိတ်ဖြင့် ရေတွက်နေလိုက်၏။

တစ်…၊ နှစ်…၊ သုံး…၊ လေး… … … … နှစ်ဆယ်…၊ … ခြောက်ဆယ်ကိုး၊ … … … အမှတ်စဉ် ရှစ်ဆယ်ကျော်မှပင် အထဲက ပုဂ္ဂိုလ်က ထွက်လာတော် မူတော့သည်။´

အခုဆိုရင် စာတပုဒ်ရဲ့ အစပျိုးခြင်းဖြစ်တဲ့ `နိဒါန်း´ ကို ကျနော်တို့ ပုံဖော်နေမိပြီးသား ဖြစ်သွားပါပြီ။ နိဒါန်းတခုကို အဆင်ပြေစွာ အစပျိုးမိပြီဆိုရင် `စာကို´ လို့ခေါ်တဲ့ စာတပုဒ်က ပေးမယ့် အချက်အလက်တွေကို ကျနော်တို့ ထပ်မံကြိုးစား ရေးသားကြည့်ကြပါစို့…။

ကျနော့် အနေနဲ့ကတော့ သရုပ်ဖော် စာတပုဒ်မှာ `စာကို´ ကို ရေးသားတဲ့ နေရာမှာ အဆင်ပြေသင့်တော်သလို ရသလေးတွေကို ရောနှော တင်ဆက်တာကို သဘောကျ နှစ်ခြိုက်မိပါတယ်။ တခါတရံမှာလဲ ကျနော်တို့ သိထားတဲ့ အချက်အလက်တွေကို ကြားညှပ်ရေးသားနိုင်ပါတယ်။ ကဲ…၊ အားလုံး သိပြီးသား၊ ကြားဖူးပြီးသား ကိစ္စရပ်တွေကိုပဲ ကျနော် ဉာဏ်မီသလောက် စာစီကြည့်ပါအုံးမယ်။

`အိမ်သာထဲက ထွက်လာခါစ လူတယောက်ကို ဘယ်လို ပဋိသာရ စကားမျိုးဖြင့် နှုတ်ဆက်ရင် အဆင်ပြေမလဲဆိုတာ သူ မသိပါ။ `စားပြီးပြီလား´ လို့ သွားမေးရင်တော့ သေချာပေါက် အရိုက်ခံရနိုင်သည်။ `နေကောင်းတယ်နော်´ `မင်္ဂလာပါ´ `ဘယ်ကလာလဲ´ စသဖြင့် စိတ်ထဲမှာ စဉ်းစားမိသလောက် စကားတွေက ဘာတခုမှ အဆင်မပြေတော့ ကြောင်အမ်းအမ်းဖြင့်ပင် သူ့ကို ပြုံးပြလိုက်ပြီး အိမ်သာထဲသို့ ကမန်းကတန်း ၀င်ထိုင်လိုက်သည်။

ထိုင်မိလိုက်သည်နှင့် တပြိုင်နက် သူ့ ခန္ဓာကိုယ် အောက်ပိုင်းမှ အမည်ဖော်ပြရ ခက်လှသော မြည်သံစွဲ အလင်္ကာတွေက ကျဉ်းမြောင်းသော အိမ်သာခန်းလေးထဲမှာ အလုအယက်ပေါ်ထွက်လာရင်း အစာဟောင်းတွေကို အားရပါးရကြီး စွန့်ထုတ်ပစ်တော့သည်။ အားပါးပါး…၊ အရသာ ရှိလိုက်ပါဘိ။´

ဟာသဟန် အနည်းငယ် နှောပြီးရင်တော့ စာတပုဒ်ဟာ တဖြည်းဖြည်းနဲ့ သွက်လက်လာပါပြီ။ ဒီနေရာမှာ ကိုယ်ရေးတဲ့ စာနဲ့ သက်ဆိုင်တဲ့ အချက်မှန်သမျှ သိထားသမျှတွေထဲက သင့်တော်မယ် ထင်တဲ့ အချက်အလက်တွေကို ရေးချလို့ အကောင်းဆုံးပါ။ အရပ်စကားအရတော့ ကျနော် `ဖော´ ပါတော့မယ်။ ဖောဖောလေးတွေပေါ့။ :D

`ဝေဒနာ အတန်ငယ် သက်သာမှပင် အိမ်သာတက်ခြင်း ဆိုသည့် စကားရပ် အကြောင်းကို သူ ဟိုဟိုဒီဒီ လိုက်တွေးမိသည်။ ငယ်ငယ်က သူ့ဦးလေး တယောက် ပြောဖူးသော အိမ်သာနဲ့ ပတ်သက်သည့် ဟာသလိုလို တခု ကို သတိရမိသေးသည်။

အင်္ဂလိပ်တယောက်က မြန်မာတယောက်ကို ပြောသတဲ့။ `မင်းတို့ မြန်မာဝေါဟာရ စကား ဘယ်လောက်ကြွယ်နိုင်လို့လဲ´ လို့ မေးတော့ မြန်မာက `အိမ်သာတက်တယ်´ ဆိုတာကိုပဲ `အိမ်သာတက်တယ်´ `အီအီးပါတယ်´ `အခင်းကြီးသွားတယ်´ `တောထိုင်တယ်´ `ကျင်ကြီး စွန့်တယ်´ `ရေအိမ်ဝင်တယ်´ လို့ ပြောလိုက်တော့ အင်္ဂလိပ်ကြီး လက်ဖျားခါသွားတယ်ဆိုပဲ။´

အထက်မှာ ကျနော် ရေးခဲ့တာတွေထဲမှာ အိမ်သာတက်တာကို ခေါ်ဝေါ်ကြသေးတဲ့ အခြားသော အခေါ်အဝေါ်တွေကို အချက်အလက်အနေနဲ့ မသိမသာ ရေးလိုက်ပါတယ်။ ဒါက ဥပမာ တခုအနေနဲ့ပါ။ အဲဒီကမှ တဆင့် ဗဟုသုတပုံစံသဘောမျိုးကို ပျင်းစရာ မကောင်းအောင် ဆက်ရေးကြည့်ပါအုံးမယ်။

`ငယ်ငယ်ကတော့ အိမ်သာတက်တယ်ဆိုတာ ဘာသိမှာတုန်း၊ ကလေးဆိုတော့ ဝေဒနာကို မလွယ်နိုင်တဲ့ အချိန်မှာ လွှတ်ထုတ်ပစ်လိုက်ရုံ၊ ကျန်တဲ့ ကိစ္စကို မိဘတွေက ရှင်းပေရော့ပေါ့။ တဖြည်းဖြည်းနဲ့ သိတတ်လာတော့ အိမ်သာတက်ရင် ဘယ်လို သန့်ရှင်း သုတ်သင်ရတယ်။ အိမ်သာတက်ပြီးရင် လက်ဆေးရမယ် ဆိုတာကို မိဘတွေက သင်ပေးတော့ သိလာရသည်။

အိမ်သာတက်ပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးမဆေး ကိစ္စက ပေါ့ပေါ့တန်တန် စဉ်းစားရင်တော့ ဘာမှမဟုတ်သလိုပေမယ့် ကျန်းမာရေး ရှုထောင့်အနေဖြင့်ကတော့ ကမ္ဘာတခုလုံး အတိုင်းအတာအထိအောင် ပညာပေး ဆောင်ရွက်နေရသည့် ကိစ္စတခု ဖြစ်နေလေပြီ။ သို့တိုင်အောင် အိမ်သာတက်ပြီးလျှင် လက်ကို စင်ကြယ်အောင် ဆေးရသည်ဟူသော အသိ မရှိနိုင်သေးသည့် လူသန်းပေါင်းများစွာ ယနေ့ကမ္ဘာပေါ်တွင် ရှိနေသေး၏။

ကျင်ကြီး စွန့်သည် ဟုလည်း တနည်း ခေါ်ဝေါ်သေးသည့် အိမ်သာတက်သည့် ကိစ္စတွင် လူ့ခန္ဓာကိုယ်ရဲ့ ထူးခြားသည့် သဘာဝ သတ်မှတ်ချက်တခု ကျင်ငယ်စွန့်လျှင် ကျင်ကြီးကို အောင့်အည်းလို့ ရနေသေးပေမယ့် ကျင်ကြီးစွန့်လျှင်တော့ ကျင်ငယ်က အလိုအလျောက် ထွက်လာခြင်းပင်။ ဒါနဲ့ပတ်သက်၍ ဦးပေါ်ဦး လျှောက်ထုံးမှာတောင် ပါရှိလိုက်ပါသေးသည်။

တနေ့သော မနက်မှာ အမတ်ကြီး ဦးပေါ်ဦးတယောက် သူ့ရဲ့ အိမ်ဝိုင်းရှေ့ မြေကွက်လပ်ကို ပြောင်တလင်းခါနေအောင် တံမြက်စည်းဖြင့် လှဲကျင်းရှင်းလင်းနေခိုက် မင်းချင်းတယောက်က ကုန်းကုန်းကွကွဖြင့် ဟိုနေရာ ထိုင်မလို ဒီနေရာ ထိုင်မလို တခုခုကို ပြင်ဆင်နေတာကို တွေ့တော့ ဦးပေါ်ဦးက-

`ဟဲ့၊ အဲဒါ ဘာလုပ်နေတာတုန်း´ လို့မေးတော့… မင်းချင်းက

`ဘုရင်က၊ ပေါ်ဦးအိမ်ရှေ့ ကျင်ကြီးသွားစွန့်ချေစမ်းကွာ လို့ အမိန့်တော် ရှိလို့ပါဘုရား´ ဆိုတော့ ဦးပေါ်ဦး စဉ်းစားရပြီ။ ဒါက သူ့ကို ဘုရင်က တမင်သက်သက် ပညာစမ်းတာလဲ ဖြစ်နိုင်သည်။ ဒီတော့ မဆိုင်းမတွပင်…

`ဟဲ့၊ ဘုရင် စွန့်ခိုင်းတာ ကျင်ကြီးမှတ်လား´

`မှန်ပါ့´

`အေး၊ ဘုရင်က ကျင်ကြီးစွန့်ခိုင်းရင် ကျင်ကြီးပဲစွန့်၊ ကျင်ငယ် တစက်ထွက်တာနဲ့ နင့်ဇက်အပြတ်ပဲလိုသာ မှတ်ပေတော့´ ဆိုပြီး ဓားမိုးထားတော့ နီးရာဓားကြောက်ရတဲ့ မင်းချင်းခမျာ ဘုရင်မင်းဆီ ပြန်ပြေးပြီးတော့ ဦးပေါ်ဦး ပြောတဲ့အတိုင်း ပြန်လျှောက်လိုက်တော့ ဘုရင်မင်းက သဘောတော်တွေကျလို့ `ဒီကောင် ပေါ်ဦး သတိဉာဏ် အတော်ကောင်းသား´ လို့ မှတ်ချက်ချတယ် လို့ ဖတ်မှတ်ခဲ့ရဖူးသည်။ ဟုတ်မဟုတ်တော့ အတိအကျ မသိနိုင်။

အိမ်သာတက်သည် ဆိုသည်က နေ့စဉ်သာမန် ပြုရိုးပြုစဉ် ကိစ္စပေမယ့် အခန့်မသင့်လျှင်တော့ အတော်လေး ပြဿနာတက်နိုင်၏။ ၀မ်းသွားပြီး အိမ်သာအတက်များတာကလည်း မကောင်းသလို မတော်တရော်တွေ စားလို့ ၀မ်းချုပ်ရင်လည်း မကောင်းပြန်။ ဒီတော့ လူတွေအတွက် ဒီကိစ္စက ပေါ့ပေါ့တန်တန် မထားစကောင်း။ တိရိစ္ဆာန်တွေကတော့ ဒါတွေသိမှာမဟုတ်ဟု ပေါက်ပေါက်ရှာရှာ တွေးမိ၏။´

ဟိုဟိုဒီဒီနဲ့ စိတ်ထဲပေါ်လာသမျှ အိမ်သာတက်တာနဲ့ ပတ်သက်သမျှတွေကို ချရေးလိုက်တော့ အတော်အတန် ရှည်လျားတဲ့ စာတပုဒ်ဖြစ်နေပါပြီ။ ရေးမယ်ဆိုရင် ဆက်ရေးစရာ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် စာတပုဒ်ဆိုတာဟာ မလိုအပ်လှဘဲနဲ့ မြောက်များ ရှည်လျားစွာ ရေးမယ်ဆိုရင် ဖတ်ရသူအတွက် ငြီးငွေ့စေမှာ ဖြစ်ပြီးတော့ စာကိုလည်း `အိုင်´ သွားစေပါတယ်။ ဒီတော့ ဒီလောက်နဲ့ပဲ ဖြတ်ပြီး နိဂုံးကို ချုပ်ကြည့်ကြပါမယ်။ ရေးမယ်ဆိုရင်တော့ မြန်မာပြည်မှာ ရေလောင်းအိမ်သာ စနစ်ကို အခုထက်ထိအောင် မကျယ်ပြန့်သေးတာတို့၊ မြစ်ချောင်းတွေထဲကို ကျင်ကြီးကျင်ငယ် စွန့်ချတာတွေ ပပျောက်အောင် ပညာပေး ဆောင်ရွက်ဖို့ လိုအပ်နေသေးတာတို့ အပြင် အိမ်သာတက်တာတွေနဲ့ ပတ်သက်တဲ့ အချက်တွေ အများကြီး ရေးလို့ ရသေးတာပေါ့။ ဒါပေမယ့် ကျနော်တို့က ပေါ့ပေါ့ပါးပါး သရုပ်ဖော် စာတပုဒ်ပဲ ရေးမယ်ဆိုတော့ ဒီလောက်နဲ့ ရပ်လို့ရပါပြီ။

နိဂုံးချုပ်တဲ့ အခါမှာ စာပုံစံနဲ့ အချက်အလက်၊ တင်ပြဟန်ပေါ် မူတည်ပြီးတော့ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ဟာသမြောက်စရာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အဆုံးသတ်လို့ ရပါတယ်။ အခု ကျနော်တို့ ရေးနေတဲ့ အိမ်သာအကြောင်းကတော့ ရေးခဲ့ပြီးသမျှကို တခေါက်ပြန်ဖတ်တော့ ဟာသမြောက်စရာ ပုံစံလေးနဲ့ အဆုံးသတ်တာက ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကြိုးစားရေးကြည့်ပါမယ်။

`ဒုံး၊ ဒုံး၊ ဒုံး´

`အထဲက ဘယ်သူလဲ´

ဝေဒနာကို ဖြေသာရင်း တွေးနေသော အတွေးများက အိမ်သာတံခါးကို အပြင်မှ ခပ်ကြမ်းကြမ်းထုသံ ထွက်လာတော့မှပင် လန့်ဖြန့်နိုးလာတော့သည်။ တံခါးလာခေါက်တာ ဘယ်သူပါလိမ့်လို့ သိချင်စိတ်ဖြင့် အိမ်သာတံခါးကြားမှ အသာချောင်းကြည့်တော့ လားလား၊ အပြင်မှာ အလုပ်ရှင်…။ မျက်နှာကြီးက ရှုံ့မဲ့လို့။

ရှင်းလင်း သုတ်သင်စရာရှိတာကို ခပ်မြန်မြန်လုပ်ရင်း ရေဆွဲချကာ အပြင်သို့ ထွက်လာချိန်မှာတော့ `ဆောရီးကွာ၊ ငါမအောင့်နိုင်တော့လို့ပါ´ လို့ အလုပ်ရှင်က ကသောကမျောပြောရင်းဖြင့် အိမ်သာထဲသို့ ခပ်သွက်သွက် ၀င်သွား၏။

လက်ကို ဘေစင်မှာ ပြောင်စင်အောင် ဆပ်ပြာဖြင့် ဆေးကျောအပြီး အိမ်သာရှေ့မှ ဖြတ်လျှောက်အပြန်တွင်မတော့ အိမ်သာထဲမှ မြည်သံစွဲတချို့က သူ့ကို နှုတ်ဆက်လိုက်ပါသေးသည်။

`ဗြူး… ဘူး… ဗြီး… ဖရူး… ဘွတ်´

ကဲ…၊ ဒီလောက်ဆိုရင် ကျနော်တို့ နေ့စဉ် ရှင်သန် လှုပ်ရှားနေတဲ့ ကိစ္စတွေအနက်က အိမ်သာတက်တဲ့ ကိစ္စကိုပဲ ပြုံးချင်စရာ စာတပုဒ်အဖြစ် ဖန်တီးလို့ ပြီးပါပြီ။ တပုဒ်လုံးကို အောက်မှာ ပြန်ဖတ်ကြည့်ကြပါစို့။ ကျနော့် မိတ်ဆွေ ညီအကို မောင်နှမအားလုံး ကလောင်သွက်လို့ အရေးထက်နိုင်ကြပါစေခင်ဗျာ။ သြော်၊… ဒါနဲ့ အခု ရေးခဲ့တဲ့ စာရဲ့ ခေါင်းစဉ်ကို ဘယ်လိုပေးရင်ကောင်းပါ့မလဲ။ လွယ်ပါတယ်။ ခပ်ရိုးရိုးပေါ့။ `အိမ်သာတက်ခြင်း…´ လို့ပဲ ပေးလိုက်မယ်လေ။


အိမ်သာတက်ခြင်း…


မနက်က အစားအတော် စုံသွားလို့ ထင်သည်။ ၀မ်းနာလာ၏။ အစာဟောင်းတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေဖို့ မလိုအပ်တာကြောင့် အပြင်ကို ထုတ်ပစ်ဖို့ အချိန်တန်လေပြီ။ နေရထိုင်ရသည်မှာ အဆင်မပြေလှ၊ ဟိုနေရာက ရစ်တစ်တစ်၊ ဒီနေရာက နာတာတာ…။ ဘယ်လိုမှကို အလုပ်လုပ်လို့ မရတော့အောင် ဆန္ဒပြနေသော အတ္တဘောကြီးကြောင့် အိမ်သာတက်ဖို့ ဆုံးဖြတ်လိုက်သည်။

မလွယ်နိုင်တော့တဲ့ ဝေဒနာကြောင့် အိမ်သာရှိရာကို အလောတကြီးနဲ့ သွားကာမှ ကံဆိုးလှစွာဖြင့်ပင် အိမ်သာထဲမှာ တစုံတယောက်က ရှိနေ၏။

ကသိကအောက် နိုင်လှသော အောင့်အည်းခြင်းဖြင့် အပြင်မှာ ရပ်စောင့်ရသည်မှာ အချိန်က ရှည်ကြာလွန်းလှသယောင် ခံစားရပါဘိ။ ဟူး…၊ အထဲမှာ ဘယ်သူများပါလိမ့်။ မေးလိုက်ရင် ကောင်းမလား၊ မဖြစ်သေးပါဘူးလေ။ တော်ကြာ ရိုင်းရာကျသွားမှဖြင့်။ မြန်မြန်ထွက်ပါတော့ အထဲကလူရေ လို့ စိတ်ထဲက အထပ်ထပ် တောင်းဆိုမိရင်း ဝေဒနာသက်သာလို သက်သာငြားဖြစ်အောင် အမှတ်စဉ်ကို စိတ်ဖြင့် ရေတွက်နေလိုက်၏။

တစ်…၊ နှစ်…၊ သုံး…၊ လေး… … … … နှစ်ဆယ်…၊ … ခြောက်ဆယ်ကိုး၊ … … … အမှတ်စဉ် ရှစ်ဆယ်ကျော်မှပင် အထဲက ပုဂ္ဂိုလ်က ထွက်လာတော် မူတော့သည်။

အိမ်သာထဲက ထွက်လာခါစ လူတယောက်ကို ဘယ်လို ပဋိသာရ စကားမျိုးဖြင့် နှုတ်ဆက်ရင် အဆင်ပြေမလဲဆိုတာ သူ မသိပါ။ `စားပြီးပြီလား´ လို့ သွားမေးရင်တော့ သေချာပေါက် အရိုက်ခံရနိုင်သည်။ `နေကောင်းတယ်နော်´ `မင်္ဂလာပါ´ `ဘယ်ကလာလဲ´ စသဖြင့် စိတ်ထဲမှာ စဉ်းစားမိသလောက် စကားတွေက ဘာတခုမှ အဆင်မပြေတော့ ကြောင်အမ်းအမ်းဖြင့်ပင် သူ့ကို ပြုံးပြလိုက်ပြီး အိမ်သာထဲသို့ ကမန်းကတန်း ၀င်ထိုင်လိုက်သည်။

ထိုင်မိလိုက်သည်နှင့် တပြိုင်နက် သူ့ ခန္ဓာကိုယ် အောက်ပိုင်းမှ အမည်ဖော်ပြရ ခက်လှသော မြည်သံစွဲ အလင်္ကာတွေက ကျဉ်းမြောင်းသော အိမ်သာခန်းလေးထဲမှာ အလုအယက်ပေါ်ထွက်လာရင်း အစာဟောင်းတွေကို အားရပါးရကြီး စွန့်ထုတ်ပစ်တော့သည်။ အားပါးပါး…၊ အရသာ ရှိလိုက်ပါဘိ။

ဝေဒနာ အတန်ငယ် သက်သာမှပင် အိမ်သာတက်ခြင်း ဆိုသည့် စကားရပ် အကြောင်းကို သူ ဟိုဟိုဒီဒီ လိုက်တွေးမိသည်။ ငယ်ငယ်က သူ့ဦးလေး တယောက် ပြောဖူးသော အိမ်သာနဲ့ ပတ်သက်သည့် ဟာသလိုလို တခု ကို သတိရမိသေးသည်။

အင်္ဂလိပ်တယောက်က မြန်မာတယောက်ကို ပြောသတဲ့။ `မင်းတို့ မြန်မာဝေါဟာရ စကား ဘယ်လောက်ကြွယ်နိုင်လို့လဲ´ လို့ မေးတော့ မြန်မာက `အိမ်သာတက်တယ်´ ဆိုတာကိုပဲ `အိမ်သာတက်တယ်´ `အီအီးပါတယ်´ `အခင်းကြီးသွားတယ်´ `တောထိုင်တယ်´ `ကျင်ကြီး စွန့်တယ်´ `ရေအိမ်ဝင်တယ်´ လို့ ပြောလိုက်တော့ အင်္ဂလိပ်ကြီး လက်ဖျားခါသွားတယ်ဆိုပဲ။

ငယ်ငယ်ကတော့ အိမ်သာတက်တယ်ဆိုတာ ဘာသိမှာတုန်း၊ ကလေးဆိုတော့ ဝေဒနာကို မလွယ်နိုင်တဲ့ အချိန်မှာ လွှတ်ထုတ်ပစ်လိုက်ရုံ၊ ကျန်တဲ့ ကိစ္စကို မိဘတွေက ရှင်းပေရော့ပေါ့။ တဖြည်းဖြည်းနဲ့ သိတတ်လာတော့ အိမ်သာတက်ရင် ဘယ်လို သန့်ရှင်း သုတ်သင်ရတယ်။ အိမ်သာတက်ပြီးရင် လက်ဆေးရမယ် ဆိုတာကို မိဘတွေက သင်ပေးတော့ သိလာရသည်။

အိမ်သာတက်ပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးမဆေး ကိစ္စက ပေါ့ပေါ့တန်တန် စဉ်းစားရင်တော့ ဘာမှမဟုတ်သလိုပေမယ့် ကျန်းမာရေး ရှုထောင့်အနေဖြင့်ကတော့ ကမ္ဘာတခုလုံး အတိုင်းအတာအထိအောင် ပညာပေး ဆောင်ရွက်နေရသည့် ကိစ္စတခု ဖြစ်နေလေပြီ။ သို့တိုင်အောင် အိမ်သာတက်ပြီးလျှင် လက်ကို စင်ကြယ်အောင် ဆေးရသည်ဟူသော အသိ မရှိနိုင်သေးသည့် လူသန်းပေါင်းများစွာ ယနေ့ကမ္ဘာပေါ်တွင် ရှိနေသေး၏။

ကျင်ကြီး စွန့်သည် ဟုလည်း တနည်း ခေါ်ဝေါ်သေးသည့် အိမ်သာတက်သည့် ကိစ္စတွင် လူ့ခန္ဓာကိုယ်ရဲ့ ထူးခြားသည့် သဘာဝ သတ်မှတ်ချက်တခု ကျင်ငယ်စွန့်လျှင် ကျင်ကြီးကို အောင့်အည်းလို့ ရနေသေးပေမယ့် ကျင်ကြီးစွန့်လျှင်တော့ ကျင်ငယ်က အလိုအလျောက် ထွက်လာခြင်းပင်။ ဒါနဲ့ပတ်သက်၍ ဦးပေါ်ဦး လျှောက်ထုံးမှာတောင် ပါရှိလိုက်ပါသေးသည်။

တနေ့သော မနက်မှာ အမတ်ကြီး ဦးပေါ်ဦးတယောက် သူ့ရဲ့ အိမ်ဝိုင်းရှေ့ မြေကွက်လပ်ကို ပြောင်တလင်းခါနေအောင် တံမြက်စည်းဖြင့် လှဲကျင်းရှင်းလင်းနေခိုက် မင်းချင်းတယောက်က ကုန်းကုန်းကွကွဖြင့် ဟိုနေရာ ထိုင်မလို ဒီနေရာ ထိုင်မလို တခုခုကို ပြင်ဆင်နေတာကို တွေ့တော့ ဦးပေါ်ဦးက-

`ဟဲ့၊ အဲဒါ ဘာလုပ်နေတာတုန်း´ လို့မေးတော့… မင်းချင်းက

`ဘုရင်က၊ ပေါ်ဦးအိမ်ရှေ့ ကျင်ကြီးသွားစွန့်ချေစမ်းကွာ လို့ အမိန့်တော် ရှိလို့ပါဘုရား´ ဆိုတော့ ဦးပေါ်ဦး စဉ်းစားရပြီ။ ဒါက သူ့ကို ဘုရင်က တမင်သက်သက် ပညာစမ်းတာလဲ ဖြစ်နိုင်သည်။ ဒီတော့ မဆိုင်းမတွပင်…

`ဟဲ့၊ ဘုရင် စွန့်ခိုင်းတာ ကျင်ကြီးမှတ်လား´
`မှန်ပါ့´

`အေး၊ ဘုရင်က ကျင်ကြီးစွန့်ခိုင်းရင် ကျင်ကြီးပဲစွန့်၊ ကျင်ငယ် တစက်ထွက်တာနဲ့ နင့်ဇက်အပြတ်ပဲလိုသာ မှတ်ပေတော့´ ဆိုပြီး ဓားမိုးထားတော့ နီးရာဓားကြောက်ရတဲ့ မင်းချင်းခမျာ ဘုရင်မင်းဆီ ပြန်ပြေးပြီးတော့ ဦးပေါ်ဦး ပြောတဲ့အတိုင်း ပြန်လျှောက်လိုက်တော့ ဘုရင်မင်းက သဘောတော်တွေကျလို့ `ဒီကောင် ပေါ်ဦး သတိဉာဏ် အတော်ကောင်းသား´ လို့ မှတ်ချက်ချတယ် လို့ ဖတ်မှတ်ခဲ့ရဖူးသည်။ ဟုတ်မဟုတ်တော့ အတိအကျ မသိနိုင်။

အိမ်သာတက်သည် ဆိုသည်က နေ့စဉ်သာမန် ပြုရိုးပြုစဉ် ကိစ္စပေမယ့် အခန့်မသင့်လျှင်တော့ အတော်လေး ပြဿနာတက်နိုင်၏။ ၀မ်းသွားပြီး အိမ်သာအတက်များတာကလည်း မကောင်းသလို မတော်တရော်တွေ စားလို့ ၀မ်းချုပ်ရင်လည်း မကောင်းပြန်။ ဒီတော့ လူတွေအတွက် ဒီကိစ္စက ပေါ့ပေါ့တန်တန် မထားစကောင်း။ တိရိစ္ဆာန်တွေကတော့ ဒါတွေသိမှာမဟုတ်ဟု ပေါက်ပေါက်ရှာရှာ တွေးမိ၏။


***

`ဒုံး၊ ဒုံး၊ ဒုံး´
`အထဲက ဘယ်သူလဲ´

ဝေဒနာကို ဖြေသာရင်း တွေးနေသော အတွေးများက အိမ်သာတံခါးကို အပြင်မှ ခပ်ကြမ်းကြမ်းထုသံ ထွက်လာတော့မှပင် လန့်ဖြန့်နိုးလာတော့သည်။ တံခါးလာခေါက်တာ ဘယ်သူပါလိမ့်လို့ သိချင်စိတ်ဖြင့် အိမ်သာတံခါးကြားမှ အသာချောင်းကြည့်တော့ လားလား၊ အပြင်မှာ အလုပ်ရှင်…။ မျက်နှာကြီးက ရှုံ့မဲ့လို့။

ရှင်းလင်း သုတ်သင်စရာရှိတာကို ခပ်မြန်မြန်လုပ်ရင်း ရေဆွဲချကာ အပြင်သို့ ထွက်လာချိန်မှာတော့ `ဆောရီးကွာ၊ ငါမအောင့်နိုင်တော့လို့ပါ´ လို့ အလုပ်ရှင်က ကသောကမျောပြောရင်းဖြင့် အိမ်သာထဲသို့ ခပ်သွက်သွက် ၀င်သွား၏။

လက်ကို ဘေစင်မှာ ပြောင်စင်အောင် ဆပ်ပြာဖြင့် ဆေးကျောအပြီး အိမ်သာရှေ့မှ ဖြတ်လျှောက်အပြန်တွင်မတော့ အိမ်သာထဲမှ မြည်သံစွဲတချို့က သူ့ကို နှုတ်ဆက်လိုက်ပါသေးသည်။

`ဗြူး… ဘူး… ဗြီး… ဖရူး… ဘွတ်´


ကလိုစေးထူး

17 comments:

စိုးထက် - Soe Htet ! said...

အိမ်သာတက်ပြီး လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးသွားပါတယ် ... :D အဟဲ ပညာရပါတယ်ဗျာ ... ကျွန်တော်က စာကောင်းကောင်း မရေး တတ်ဖူးဗျ ... ရေး ကြည့်ပါဦးမယ် ... ဒါပေမယ့် ပါရမီက နည်းသဗျ :D

Winkabar said...

မိုက်တယ် ကိုစေးထူးရေ။ ဒီပို့စ်လေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်။ လက်တွေ့တော့စမ်းကြည့်ရမှာပဲ။ အိမ်သာတက်တဲ့အကြောင်းတော့မဟုတ်တော့ဘူးပေါ့နော်။ :P

Yaw Han Aung said...

ကိုစေးထူး ရေးတာကို သဘောကျမိတယ်။ ဥပမာပေးပုံကတော့ ရယ်ရတယ်။

ကျနော်လည်း အဲသလို ကဗျာရေးနည်း ရေးဦးမှ ထင်တာပဲ။

Anonymous said...

It's very entertaining and informative :) :)

I wish I could write like that. I will try :)

nu-san said...

ကိုစေးထူးရေးပြသွားတာက အကြောင်းအရာအရ ဘာမှ မဟုတ်ပေမယ့် စာအရေးအသားကို သူ့နေရာနဲ့ သူဘယ်လို ရေးရမယ်၊ စာတပိုဒ်ချင်းစီအလိုက် ဘယ်လို ရေးသင့်တယ်လို့ ပြောပြထားတော့ တကယ် ဗဟုသုတရတယ်ဗျို့.. အဲဒီလိုမျိုး ကြိုးစားရေးကြည့်ပ့ါမယ်.. နောက်ထပ်လည်း စာရေးခြင်းအကြောင်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို ထပ်ရေးပေးဖို့ တောင်းဆိုပါတယ်.. :)

MgThaJan said...

ကောင်းတယ်ဗျာ ကိုစေးထူးရေ ဒါမျိုးစာရေးနည်းလေးတွေ တင်ပေးပါအုန်း :)

ကလူသစ် said...

လေ့လာမှတ်သား နာယူရပါတယ်ဗျား
ဒါမျိုးလေးမှ မရေးတတ်ရင်တော့ နောက်ထပ်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တော့မယ်။

Anonymous said...

ရေးတတ်တဲ့သူများကျတော့လည်း အိမ်သာတတ်တာတောင် စာတစ်ပုဒ်ဖြစ်ပါလားနော်.. အားကျပါဘိတော့

Anonymous said...

တကယ်ပါအကိုရေ...ကောင်းလွန်းအားကြီးတယ်...
အဲလိုမျိုးလေးတွေ ဆက်ရေးပေးပါလား......

လင်း said...

စာရေးနည်းလေ့လာသွားပါတယ်။ အိမ်သာတက်ခြင်းကို
ဖတ်ရင်း ဟိုဂိမ်းကို မျက်စိထဲမြင်ယောင်လာတယ်။
ဗြူး… ဘူး… ဗြီး… ဖရူး… ဘွတ်´ ဆိုတော့ အတော်ကို
ဖမ်းရခက်မယ်နော် ဟီးဟီး

တန်ခူး said...

ကိုစေးထူး...မှတ်သားလေ့လာခွင့်ရတဲ့အတွက် ကျေးဇူးပါ။ ရေးတတ်ရင် postဖြစ်တယ်ဆိုတာ လက်တွေ့ပြသွားတဲ့ ကိုစေးထူးရဲ့ ပညာပေးဒီpostလေးက တန်ဖိုးအလွန်ရှိပါတယ်။ ဒီpostလေးဖတ်ပြီး ကျွန်မရဲ့ စာရေးဖော်ညီမလေးတယောက်ရဲ့ အကြောင်းအရာ ခပ်ဆင်ဆင်ကဗျာလေးတပုဒ်ကို သွားသတိရလိုက်မိတယ်။ ကဗျာလေးကို ခံစားကြည့်ပါဦး။

" သွားခွင့်ပြုပါ....သခင် "

* သခင့်အပါး
အစိုင်အခဲဘဝနဲ့ ကိုယ့်ရပ်တည်မှုဟာ
မနေ့ကစလို့ ပျက်သုန်း
အရည်ဘဝလုံးလုံးရောက်ခဲ့ပြီ....။

* သခင်နာကျင်မယ်မှန်းသိပေမယ့်
မဆင်မခြင် ထွက်ပေါက်ရှာ
'လေ'အလာကို စောင့်မိခဲ့တဲ့ကိုယ့်ကို
ခွင့်လွတ်ပါ....သခင်။

* ဒီလိုနဲ့စောင့်နေတုန်း...
ဟောဟိုက 'လေ'တလုံး
ဗြုန်းကနဲဆို..ပေါ်အလာ
ပုန်းခိုကာ လိုက်လို့သွား
အပြင်ဘက်နားအရောက်မှာတော့
တုန်ခါနေတဲ့ သခင့်အသံ
မပီမသ ကြားလိုက်မိတာက...
"ဟာ...ထွက်ကုန်ပဟ"...တဲ့"

Ye-Mon said...

thanks for this post. it inspires me to write something. check it out at: http://yemon.blogspot.com/2008/01/walk-on.html

ပုံရိပ် / Pon Yate said...

ကိုစေးထူးက အတော်ရေးတတ် တာပဲ။

ကလိုစေးထူး said...

အားပေးစကားတွေ အတွက် အထူးပဲ ၀မ်းမြောက် အားတက်ရပါတယ်ခင်ဗျာ။ နောက်ပိုင်းမှာလည်း အခြားသော သရုပ်ဖော်စာ ရေးဟန်နဲ့ ဆောင်းပါးရေးဟန်တွေကို ကျနော် သိမီသလောက် တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီအခါကျရင်လည်း အားပေး ဝေဖန်ကြပေးပါအုံးခင်ဗျာ။

မြရွက်ဝေ said...

ဟီးးးး :D အရေးကလဲ ကောင်းပါ့။ ပညာပေးတဲ့စာကို ယဉ်ယဉ်လေး ဆွဲဆောင်သွားတာ။ တော်လိုက်တဲ့ ကိုကလိုစေးထူး။

Khin said...

I read your post without breathing. afraid of the smell!

တက်လူငယ် said...

ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ထပ်စာရေးနည်းတွေ အဆင့်တိုးမြှင့် သင်ပြပေးပါဦးဗျာ။ ကျနော်တို့လူငယ်ဘလော့ဂ်တွေအတွက် သိပ်ကို လိုအပ်ပါတယ်ဗျ။ ကျနော်တို့ မယောင်မလည်နဲ့ စာရေးနေတာထက်စာရင် ဒီလို စနစ်တကျရေးလိုက်တော့ ပိုကောင်းပါတယ်။

ခင်မင်လေးစားလျက်..
တက်လူငယ်...