Wednesday, January 30, 2008

နှမ်းနှုတ်ချိန်…

အရုဏ်တက်လေပြီ။

တကယ်တော့ ဟိုး… ခပ်ဝေးဝေးဆီ ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံ တတောက်တောက် ကြားကတည်းက သူ နိုးနှင့်နေပြီ။ ဒါပေမယ့် အိပ်ချင်လွန်းသော စိတ်ကို အလိုလိုက်ပြီး စောင်ခြုံထဲမှာ ထပ်ကွေးနေလိုက်သည်။ မီးဖိုဆောင်ထဲမှာတော့ ဒေါ်ကြီးသန်း နှင့် မခင်အေးညိုတို့ အလုပ်များနေဟန် ချိုးချိုးချွတ်ချွတ် အသံများကြားနေရ၏။

`ဟိုကောင်တွေ၊ ထကြတော့လေ၊ နေတောင် ထွက်တော့မယ်´

ဘကြီး ဦးကုလား၏ အသံသြသြကြောင့် အပျင်းကျောဆွဲ အိပ်နေကြသော သူတို့ ညီအကိုတွေ အိပ်ရာမှ အလူးအလဲ ထကြချိန်တွင်မတော့ ရောင်နီပင် ပျို့နေပါပြီ။

***

၁၉၉၂ ခုနှစ်…။

သူက ရန်ကုန်မှာ ဆယ်စုနှစ် တခုကျော်ကြာ နေခဲ့ရပြီးမှ ဇာတိမြေကို မေမေနှင့်အတူ ပြန်လည် ပြောင်းရွှေ့လာတော့ တောသားလည်း မဟုတ်၊ မြို့သားလည်း မကျ စကောစက…။ ဒီမြို့လေးကို ရောက်ခါစမှာတော့ သူ့ကို အမျိုးတွေနှင့် သူငယ်ချင်းတချို့က `ရန်ကုန်သား´ လို့ခေါ်ကြသေးပေမယ့် နောက်တော့လည်း ဇာတိမြို့လေးနှင့် သူ တသားတည်း ကျသွားပါတော့သည်။

သူတို့ မြို့ကလေးကနေ လေးငါးမိုင်လောက် ဝေးသော ဒီရွာကလေးမှာ သူ့မေမေရဲ့ အမကြီး ဒေါ်ကြီးသန်း နေပါသည်။ တခြားသော ညီအကိုမောင်နှမတွေကို ငဲ့သောအားဖြင့် စောစီးစွာ ကျောင်းထွက်ပြီး အဘိုးနှင့်အတူ လယ်လုပ်၊ တောင်ယာခုတ်ခဲ့သော ဒေါ်ကြီးသန်းက တရွာတည်းသား ဦးကုလားနှင့် အကြောင်းသင့်လို့ တောမှာပင် အခြေကျခဲ့ရ၏။ ဒေါ်ကြီးသန်း ကိုယ်တိုင်က ပညာဆုံးခန်းတိုင် သင်ခွင့်မရခဲ့ပေမယ့် သူ့သားသမီးတွေကိုတော့ ပညာအမွေပေးလိုဟန် ရှိသည်။ သမီးဖြစ်သူ သူ့အမ၀မ်းကွဲ မခင်အေးညိုက အခုဆို ဆယ်တန်း…။ သူနဲ့ ရွယ်တူ ကျော်စွာကတော့ ကိုးတန်း။ နောက်…၊ ဖိုးကောက်က ငါးတန်း၊ ဖိုးထူးက နှစ်တန်း။

ကျောင်းပိတ်ရက်တိုင်း မကြာခဏ လာလည်လေ့ရှိသော ဒီရွာကလေးမှာ အခုတခေါက် ရောက်ခဲ့သည်ကတော့ အလည်အပတ်သက်သက်တော့ မဟုတ်ပါ။ `နင့်ဒေါ်ကြီးနဲ့ နှမ်းသွားနှုတ်ကူချေ´ ဟူသော မေမေ့ အမိန့်ကြောင့် ဒီကို ရောက်နေရပေမယ့် သူ ပျော်ပါသည်။ နှမ်းလည်း တခါမှ မနှုတ်ဖူးတော့ နှမ်းနှုတ်တယ်ဆိုတာ ဘယ်လိုပါလိမ့် လို့ သိချင်တာလဲ ပါမည်ထင်သည်။

***

ဘကြီး ဦးကုလားက လှည်းသံ တဂျောင်းဂျောင်းဖြင့် နှမ်းခင်းကို သွားနှင့်ပြီ။ ဒေါ်ကြီးနှင့် အမကတော့ ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းသွားအကပ်ပြီးမှ နှမ်းခင်းကို လိုက်လာလိမ့်မည်။ ဒီတော့ သူတို့ ညီအကိုတွေကလည်း မနက်စာကို ကမန်းကတန်း တက်သုတ်ရိုက် စားပြီး နှမ်းခင်း ရှိရာကို နှင်ရတော့သည်။

ဒေါ်ကြီးတို့ တောင်ယာတဲလေးက မနှစ်က ခုတ်ထွင်ထားသော တောင်ယာကုန်းကလေးရဲ့ အောက်ခြေမကျတကျတွင် ဆောက်ထားသည်။ ပင်ပင်ပန်းပန်း ခုတ်ထွင်ထားရသော တောင်ယာခင်းမှာ သီဟိုဠ်ပင်ပေါက်တွေက အစီအရီ။ ဒီဘက် အောက်နားမှာက ငရုတ်ခင်း…။ တဲအနီးမှာတော့ တနိုင်စာ စိုက်ထားသည့် ခရမ်းခင်း ခပ်ငယ်ငယ်က ခရမ်းသီးတွေ တွဲရရွဲနှင့် ခရမ်းပင်တွေက စီစီတန်းလို့…။

ခပ်ဝေးဝေးကို မျှော်ကြည့်ရင်တော့ ဒေသအခေါ် ကမွတ်ကသဲ တောင်တန်းကြီး။ အဲဒီ တောင်တန်းရဲ့ ဟိုမှာဘက်မှာ မုလအိ ဘုရားရှိသည်ဟု ဒေါ်ကြီး ပြောပြဖူးသည်။ အဲဒီ ဘုရားကို သွားဖူးရင် ချစ်သူရည်းစားတွေ အတူတူ သွားဖူးလို့ မရ၊ သွားဖူးလျှင် ဖူးစာ မဆုံဖြစ်တတ်သည်ဟုလည်း ပါးစပ်ရာဇ၀င်လိုလို ကြားဖူးသေးသည်။ တခါတလေကျရင်တော့ အဲဟို တောင်တန်းကြီးဆီမှပင် ဖြစ်ဟန်တူသည် လက်နက်ကြီးငယ်သံ တချို့က မငြိမ်းချမ်းသေးသည့် သရုပ်ကို ဖော်ကျူးနေပါသေးသည်။

***

နှမ်းခင်းကိုရောက်တော့ နေရောင်ဖြိုးဖျဖျ ထွက်စပြုနေပါပြီ။ အတွေ့အကြုံ ရှိနှင့်ပြီးသား ကျော်စွာတို့ တသိုက်ကတော့ သူတို့ အဖေနှင့်အတူ တက်ညီလက်ညီ ကူနေပေမယ့် သူ့မှာတော့ ဟိုနေရာ ရပ်ရမလိုလို၊ ဒီနေရာ ရပ်ရမလိုလို ယောင်နန…။

`နကျယ်ကောင်လေး၊ လာလာ ဒီနားကနေ စနှုတ်´

ဘကြီးက သူ့ကို ကွမ်းသွေးတွေရဲနေသော သွားတွေ ပေါ်နေအောင် ပြုံးကြည့်ရင်းလှမ်းခေါ်လိုက်သည်။ အသံက စူးကျယ်ကျယ်၊ အကောင် ခပ်သေးသေးနှင့် သူ့ကို ဘကြီးက စတွေ့တွေ့ချင်းမှာပင် နာမည်ပြောင် ပေးလိုက်သည်။ `နကျယ်ကောင်´ တဲ့။ နကျယ်ကောင် ဆိုတာက သူတို့ နယ်ဘက်က တောထဲမှာ တစီစီနှင့် မဆုံးနိုင်အောင် အော်နေသော အင်းဆက် အကောင်တမျိုးပါ။ အဲဒီအကောင်တွေ လေးငါးကောင် အော်ပြီဆိုရင် နားထဲမှာ စူးနေအောင်ပင် နားညည်းလှသည်။

`လာ၊ ဘကြီးနှုတ်တာကို ကြည့်ပြီး လိုက်နှုတ်နော်´

တကယ်တော့ နှမ်းပင်တွေသာ တကယ့်တကယ် သန်သန်မာမာ ဆိုလျှင် အခုလိုမျိုး လက်ဖြင့် နှုတ်ဖို့ မလွယ်ပါ။ မြေသြဇာကောင်းကောင်း သုံးပြီး စနစ်တကျ စိုက်လျှင် နှမ်းပင်တွေက လူတရပ်ခန့်ထိလောက်ပင် ရှိနိုင်သည်။ ဘကြီး ဦးကုလားရဲ့ နှမ်းခင်းလေးကတော့ မိသားစု ၀မ်းစာဆီရရုံမျှအတွက်သာ ထွန်ယက်ပြီး ချောင်းဘေးမှာ ကျဲထားတာမို့ နှမ်းပင်တွေက တတောင့်ခွဲသာသာမျှခန့်သာ…။ တချို့ အပင် တပင်တလေကတော့ ခါးသာသာလောက် ထိုးထိုးထောင်ထောင်။

နှုတ်ခါစကတော့ နှမ်းပင်လေး သုံးလေးငါးပင် ဆွဲစုလိုက် ဖြုတ်ခနဲ ဆွဲနှုတ်လိုက်၊ နည်းနည်းများလာရင် နှမ်းခင်းဘေးမှာ အစည်းစည်းနေသော ဒေါ်ကြီးနှင့် အမဖြစ်သူဆီ သွားပို့ပေးလိုက်နှင့် ဟုတ်တုတ်တုတ်။ နှစ်နာရီ သာသာလောက် နှုတ်ပြီးချိန်မှာတော့ သူ လက်ပန်းကျတော့သည်။ နှမ်းပင်တွေက ဆွဲနှုတ်လို့ မပါတော့…။

`ဘယ်လိုလဲကွ၊ မနိုင်တော့ဘူးလား´

တတန်းထဲလည်း ဖြစ်၊ ရွယ်တူချင်းလဲ ဖြစ်တဲ့ ကျော်စွာက လှမ်းမေးတော့ မခံချင်စိတ်လေးက ငေါက်ခနဲ ထလာပြီး…

`အောင်မာ ကုလားမည်းကများ၊ ဒီလောက်ကတော့ အပျော့ပဲကွ´

`၀ါးဟားဟား´ ဟူသော ရယ်သံများက နှမ်းခင်းလေးမှာ စီခနဲ ညံသွားသည်။ အဲ…၊ ဟုတ်သား။ သူ့အဖေနာမည်က ဦးကုလားဆိုတာကို မေ့ပြီးတော့ ညီအကိုအချင်းချင်း ခေါ်သည့် အမည်ပြောင်ကို ဘကြီးရှေ့မှာ `ကုလားမည်း´ လို့ ခေါ်မိတာကိုး…။ ဒါပေမယ့် ရယ်နေကြသည့် အထဲတွင် သဘောကောင်းလှသည့် ဘကြီး အသံက အကျယ်ဆုံး…။

***

`ထမင်းစားစို့ဟေ့´

ဘကြီးခေါ်လဲ ခေါ်မှပင်…။ ၀မ်းကလည်း ဟာလှပြီ။ ဒီလိုနဲ့ ချောင်းစပ် ထမင်းဝိုင်းလေးမှာ ဆီပြန်မပါ၊ ပေါ်ဆန်းမွှေး မဟုတ် ကြီးဒေါ်လက်ရာ ခရမ်းသီးဟင်း ငါးပိထောင်း နှင့် မန်ကျည်းရွက် ဟင်းချိုက ဆာဆာမို့လို့လားတော့ မသိ၊ နတ်သုဒ္ဓါအလား။ ညီအကိုတွေ ကုန်းလွေးလိုက်သည်မှာ ချက်လာသမျှ ထမင်းဟင်း တက်တက်ပြောင်…။

`နေ့လည်ကျရင် နကျယ်ကောင်နဲ့ ဖိုးကောက်နဲ့ ချောင်းထဲမှာ ခရုဖင်လိမ် သွားကောက်ချေ´

နှမ်းနှုတ်တာ အထာမကျလို့လား၊ သူ့ကို သနားလို့လားတော့ မသိ…။ ဘကြီးက ဖိုးကောက်နဲ့ သူ့ကို ချောင်းထဲ ဆင်းခိုင်းတော့ သူ့အတွက်တော့ ဖိုးကျိုင်းတုတ်…။ ချောင်းထဲမှာ ရေလဲ ကူးရမည်။ ခရုဖင်လိမ်လဲ ကောက်ရမည်။ နှမ်းနှုတ်တာထက်တော့ အပုံကြီးသက်သာမည်။

ခရုဖင်လိမ် ကို ရန်ကုန်မှာနေစဉ်က သူတခါမှ မစားခဲ့ဘူးပေ။ အကြီးဆုံး အရွယ် လက်မသာသာခန့်သာ ရှိသည့် အဲဒီ ခရုတွေက ရှည်မျောမျော အရစ်ရစ် ပုံစံလေး…၊ သူတို့ကတော့ အလွယ်တကူပင် ခရုဖင်လိမ် ဟု ခေါ်ကြ၏။ သူတို့ ရွာကလေး အနီး ကြခတ်ချောင်း ချောင်းစပ်တလျှောက် သဲစပ်စပ်တွေမှာ လိုက်ကောက်ရသည်။ ပြီးရင် ချောင်းဘေးမှာပဲ ပေါက်လေ့ရှိသည့် ဇရစ်ပင်တွေ နှုတ်၊ အိမ်ကိုရောက်လျှင် ခရုဖင်လိမ်တွေကို ရေပြောင်အောင်ဆေး…၊ ခရုထိပ်ဖျားတွေကို ဓားဖြင့် နည်းနည်းစီ ခုတ်ဖယ်ပြီး ဇရစ် ဟင်းချိုမှာထည့်။ ပြီးရင်တော့ ထမင်းဝိုင်းမှာ ခရုစုပ်သံ တဖရူးဖရူးနှင့် ညံပေရော့…ပေါ့။ အရသာကတော့ အတော်ချိုသည်။

ညီအကို နှစ်ယောက် တနာရီသာသာလောက် ခရုကောက်လိုက်တော့ ခရု နှစ်ပြည်သာသာလောက် ရလိုက်သည်။ ခရုကောက်ရင်း ချောင်းစပ်မှာ တွေ့သမျှ ဇရစ်တွေလဲ နှုတ်ပြီးပြီ။ ငပိတို့စရာ လုပ်ဖို့ ဍရင်ကောက် ညွှန့်တွေပါ နှုတ်လိုက်ကြသေးသည်။

`မင်း ဖား စားမလား´

`မိုးတွင်းမှ မဟုတ်တာ ဘယ်က ဖားထွက်မလဲ၊ မိုးလဲ မရွာဘဲနဲ့ကို´

`ဒါဆို ငါဖမ်းပြမယ် ကြည့်နေ´

မိုးလည်းမရွာ၊ ညအခါလည်း မဟုတ်ဘဲ ဒီကောင် ဘယ်လိုလုပ် ဖားရမှာလဲ။ ဒါပေမယ့် သိပ်မကြာခင်မှာပင် ဖားရအောင် ဖမ်းနည်းကို သိရတော့သည်။

တတ်လဲ တတ်နိုင်တဲ့ ဖိုးကောက်၊ ဖားအော်သံ အတုလုပ်ပြီး ချောင်းရိုးတ၀ိုက် လိုက်အော်တော့ `အွမ်´ ခနဲ အော်သံ တချို့ ထွက်လာသည်။ ကျနော့်ကို အသာနေရန် လက်ဟန်ပြရင် သူက ဖားအော်သံ `ခရူး… ခရူး´ နှင့် အသံထပ်ပေးတော့ တွေ့ပါပြီ။ `အွမ်´ သံပေးနေတဲ့ စားဖားတကောင်…။ ကျင့်သားရနေသော ဖိုးကောက်က ပါးစပ်ကလဲ ဖားလိုအော်ရင်း လက်ထဲက လောက်လေးခွဖြင့် လှမ်းပစ်လိုက်သည်။ နောက်မှ သူက ပြောပြသည်။ သူအော်တာက ဖားထီးအသံ၊ `အွမ်´ ဆိုပြီး အသံပေးထွက်လာတာက တွင်းအောင်းနေတဲ့ ဖားမ အသံတဲ့။ မိုးဦးကျ ဖားရိုက်ထွက်သလို မလွယ်လှပေမယ့် အကောင် ခပ်ရွယ်ရွယ် သုံးကောင်ရလိုက်၏။

***

နှမ်းခင်းကို ပြန်ရောက်တော့ နှုတ်ပြီးသား နှမ်းပင်စည်းတွေကို လှည်းပေါ်သို့ပင် တင်နေကြလေပြီ။

`ဘကြီး၊ သားတို့ ခရုတွေ အများကြီးရလာတယ်ဗျ´

`အေးကွာ၊ ဟုတ်ပါပြီ´ လို့ ပြောရင်း ဘကြီးကတော့ ခပ်ပြုံးပြုံး…။ နှမ်းစည်းတွေ ကုန်စင်အောင် တင်ပြီးလို့ လှည်းတအိအိဖြင့် ဘကြီးမောင်းသွားချိန်မှာတော့ နေလဲ စောင်းပါပြီ။ ချောင်းရိုးဘေး လှည်းလမ်းကလေး တလျှောက် လျှောက်လာကြရင်း တောင်ယာတဲဆီကို အပြန်မှာ ပါးစပ်ထဲ တွေ့ကရာ ရသမျှ သီချင်းကို အော်ဟစ် သီဆိုလာကြသော ကျနော်တို့ ညီအကိုတွေရဲ့ အသံတွေက ချောင်းရိုးတ၀ိုက် ဟိန်း..လို့။

တဲကို ပြန်ရောက်လျှင် တလင်းမှာ နှမ်းစည်းတွေ ဖြည်ရအုံးမည်။ နှမ်းသီးတွေ ခြောက်လို့ နှမ်းစေ့တွေ ပုံလာအောင် သုံးလေးရက်တော့ တလင်းထဲမှာ ထားရအုံးမည်။ ဘကြီးကတော့ နှမ်းဆီတွေရရင် `င့ါညီမ တူးမာအတွက်´ ဆိုပြီး အိမ်ကို နှမ်းဆီလာပို့အုံးမှာ သေချာပါသည်။


ကလိုစေးထူး

(ငယ်စဉ်ဘ၀ တောရွာမှာ ပျော်ခဲ့ဖူးသော အချိန်တချို့ကို သတိရ ခံစား ရေးဖွဲ့ပါသည်။)

10 comments:

မြရွက်ဝေ said...

ကျေးလက်ဘဝက ပျော်စရာကြီး။ ခရုနဲ့ ဖားတော့ စားရဲဘူး။ အရသာရှိတယ်လို့တော့ ပြောတာဘဲ။ ကရင်သွေး တမတ်ဖိုးဘဲပါတော့ "တာလပေါ့"ဟင်းရည်ကလွဲပြီး မကြိုက်ဘူး။ (ကြောက်လို့ မစားရဲတာ :D)

နဂျယ်ကောင်ဆိုလို့ အိမ်ကမောင်လေးကိုလဲ ငယ်ငယ်(စကားတတ်ခါစ)က နဂျယ်ကောင်လို့ ခေါ်တယ်။ အာပြဲအောင် အော်နေတတ်လို့လေ။

thamudayanwe said...

ဍရင်ကောက် ညွှန့် ဇရစ် ဆိုတဲ့အညွန့်စားဖူးဘူးးး
နှမ်းစေ့က မြေကြီးထဲက အမြစ်ထဲမှာလား
သရုပ်ဖော်တာ မိုက်တယ်...
မျက်စိထဲမှာမြင်တယ်..
အင်းပေါ့လေ.. အိမ်သာတက်တာ ဆံပင်ညှပ်တာတောင်
စာရေးနိုင်တာပဲဟာ..

M.Y. said...

ကောင်းတယ်ဗျာ.တကယ့်ကိုအေးအေးချမ်းချမ်းကလေး..မြင်ကွင်းတွေကိုမြင်ယောင်ကြည့်ရင်းနဲ့ သန္တရသတွေကူးစက်သွားပြီ။ ကျွန်တော်အဲဒိ ကျေးလက်ရသ တွေဖတ်ချင်နေတာ..လုပ်ပါဦး..ကျန်သေးရင်..

M.Y. said...
This comment has been removed by the author.
Anonymous said...

အလွန်ကောင်းသော သရုပ်ဖော်ဖွဲ့ တပုဒ်ပါပဲ။ မျက်စိထဲကို မြင်ယောင်လာစေတဲ့အပြင် ကိုယ်တိုင် ကိုယ်ကျ အဲဒီဒေသကို ရောက်သွားသလို ထင်ရအောင် ဖွဲ့တတ်ပါပေတယ်။

ဒီစာကို ဖတ်နေရင်း ... ဦးကုလားရဲ့ လှည်းသံ တဂျောင်းဂျောင်းကို ကြားယောင်လာတယ်။ ကမွတ်ကသဲ တောင်တန်းကြီး နောက်ခံနဲ့ တောင်ယာခင်းတွေထဲမှာ ...သီဟိုဠ်ပင်ပေါက် တွေ ... ငရုတ်ခင်းနဲ့ ခရမ်းခင်းတွေကို မြင်ယောင်လာတယ်။ ခရမ်းသီးဟင်း၊ ငပိထောင်းနဲ့ မန်ကျည်းရွက်ဟင်းချို ကိုယ်တိုင်စားရသလို ခံစားမိလာတယ်။ နောက်တော့ ... ချောင်းထဲမှာ ကိုယ်တိုင် ခရုဖင်လိမ်တွေ ကောက်လိုက်၊ ရေကူးလိုက် ဇရစ်တွေနှုတ်လိုက်၊ ဍရင်ကောက် ညွန့်တွေ ခူးလိုက် လုပ်မိပြန်တယ်။

စာရေးဆရာရဲ့ အရေးအသားထဲမှာ မျောပါသွားတယ် ဆိုပါတော့။

တပုဒ်လုံး ဖတ်အပြီးမှာတော့ "နှမ်းတစေ့နဲ့ဆီမဖြစ်ပါဘူး" ဆိုတဲ့ စကားကို သွားသတိရမိတယ်။ ဒီစကားဟာ negative အမြင် ရှိတဲ့သူတွေ အမနာပ ပြောလေ့ရှိတဲ့ စကားလို့ ထင်တာပါပဲ။ ဘာကြောင့် ဆိုတော့ နှမ်းတစေ့ထဲနဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့ တစေ့ချင်းဆီမှာ ဆီဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိနေတာပဲ မဟုတ်လား။

အဲဒီအချိန်ကာလတုန်းက နှမ်းနှုတ်ခဲ့ကြ ခရုကောက်ခဲ့ကြတဲ့ လူငယ်လေးတွေ ... ခုချိန်ထိအောင် အဲဒီလို တောင်ယာခင်းတွေမှာ နှမ်းနှုတ်နေကြ ခရုကောက်နေကြမယ့် လူငယ်လေးတွေ ... သူတို့တွေအားလုံးကို ဆီဖြစ်စေနိုင်တဲ့ အစွမ်းရှိတဲ့ နှမ်းစေ့ကလေးတွေပမာ မြင်ယောင်နေမိပါတော့တယ်။

May Burma said...

အမေရိကားမှာ ငါလည်း ကောက်စရာ စားစရာရှာနေမိတယ်

မှိုတွေ့ တယ် အဆိပ်ဖြစ်မှာဆိုးလို့ မစားရဲဘူး

အမေလာတုံးကပြလို့  မြူရွက်လေးတွေတော့ ပြုတ်စားတယ်

သမင်တွေ ယုန်တွေတော့ တာကီတွေတွေ့ ရင် ဖိုးခွားတို့ ကိုသတိရတယ်

ပန်းသီးပင်တွေ့ တယ်

ဆိုင်တွေမှာ အကုန်ရှိတော့ သိပ်မပျော်တော့ပါဘူး

အဲဒါတွေ အိမ်ကို လွမ်းတာပါ

pyone cho said...

ငါ့ညီမ တူးမာအတွက်လို့ မသုံးပဲ ငါ့နှမ တူးမာအတွက်ဆိုရင် ပိုမကောင်းဘူးလား အကို အကြံပေးတာပါ

ကလိုစေးထူး said...

အားပေးကြတာတွေက နောက်ထပ် စာတွေ ရေးဖို့ အားဆေးပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြုံးချို အကြံပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် `နှမ´ ဆိုတာထက် `ညီမ´ လို့ ကျနော်တို့ အရပ်ထဲမှာ ပိုပြောဖြစ်တာများလို့ အဲဒီလို ရေးမိတာပါ။ နောက်ထပ် အကြံပေးချင်စရာ ရှိတာ တွေ့ရင်လဲ ပြောပြနိုင်ပါတယ်။ ကျေးဇူးပါ။

Anonymous said...

လူ5သိန်း သေဆုံးတဲ့ ဆူနာမိ ကြီးဟာ အမေရိကလက်ချက်ဖြစ်ကြောင်း တင်ပြထားပါတယ်။ သူငယ်တန်းအဆင့် ဦးနောက်ရှိသူများ နားလည်အောင်ရေးထားပါတယ်။ http://lightofmyanmar.blogspot.com/2008/01/blog-post_28.html#links

ဂျေ said...

အမမေဗမာ မြူရွက်ဆိုတာ ဘာတုန်း သိချင်ပါ့၊ ဍရင်ကောက်ရွက် ကို မိုးကောင်းမှာ စားဖူးတယ် ချိုတယ် ကန်စွန်းရွက်ထက် ပိုနု ပိုချိုတယ်။ ခရုဖင်လိမ်ဆိုတာ ရန်ကုန်အိမ်မှာ ကျောက်ရေကန်ဘေးတက်တဲ့ ခရုရှည်ရှည်လေးလို့ ထင်တယ်။ ဖားသားက နိုင်ငံပြင်ပမှာတော့ နွာပြီးသားတွေ တွေ့ ဘူးတယ် ဈေးကြီးလို့ မစားဘူးဘူး၊ ဇရစ်ဖူးဆိုတာ ကြားဘူးတယ် မမြင်ဘူးဘူး။ နှကျယ်ကောင်ဆိုတာ ရန်ကုန်မှာ ပြောကြတဲ့ ပုရစ်ကိုပြောတာထင်တယ် ဆူညံနေတာဘဲလေ။ စာဖတ်ရင်းနဲ့ နှမ်းကိုမြင်ဘူးအောင် ပိုက်ကွန်ပစ်ရင်း နက်ထဲရှာမှပါဘဲ