တနင်္ဂနွေ မနက်…။
မကြည့်ဖြစ်တာ ကြာတဲ့ မှန်ရှေ့ကို ရပ်ကြည့်မိတော့ မျက်လုံးကို ပိတ်ဖုံးတော့မတတ် ရှည်လျားနေသော ဆံပင်နှင့် ဘာပုံပေါက်နေမှန်း မသိသော ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး နည်းနည်းတော့ စိတ်ညစ်သွားသည်။
ဆံပင် အရှည်ထားကြသူ အမောင် အတော်များများကို သူ တွေ့ဖူးသည်။ ကြည့်လို့ အဆင်ပြေတာလည်း ရှိ၊ ညှင်းသိုးသိုး ရုပ်ပေါက်နေတာလဲ ရှိ၊ တချို့များကျတော့လည်း ဆံပင်ရှည်နဲ့မှပင် ပိုကြည့်ကောင်းနေသေးသည်။
ဒါပေမယ့် အဲဒီ ဆံပင် အရှည်ကြီးနဲ့ သူတို့တွေ နေရထိုင်ရ၊ အလုပ်လုပ်ရ အဆင်ပြေလား မပြေလား သိချင်လှသည်။ သူ့မှာတော့ ဘာရယ်မဟုတ် မညှပ်ဖြစ်တာ အတန်ကြာသော ရှည်စပြုနေသည့် ဆံပင်က ထစ်ခနဲရှိ နဖူးပေါ် ၀ဲဝဲကျလာပြီး မျက်လုံးထောင့်နားမှာ ဆံပင်စတွေက ဟိုထိုးဒီထိုးဆိုတော့ အလုပ်လုပ်ရာမှာလဲ အဆင်မပြေ၊ စာရေးပြီဆိုရင်လည်း စာရိုက်လို့ ကောင်းနေတုန်း ၀ဲကျလာသည့် ဆံပင်ကို သပ်တင်နေရတာကိုက အလုပ်တခုလို ဖြစ်လို့…။ ပြီးတော့ ချူချာလှတဲ့ ရူပါနဲ့ ဆံပင်ရှည်နဲ့လည်း ဘယ်လိုမှမလိုက်ဖက်။
ဒီလိုနဲ့ပဲ ဆံပင် သွားညှပ်ဖို့ ဆုံးဖြတ်မိတော့သည်။
***
မှတ်မိသေးသည်။
သိတတ်စအရွယ် ကလေးဘ၀မှာ မေမေက သူ့ကို ဆံပင်ညှပ်ဆိုင် ခေါ်သွားရင် ဆံပင်ညှပ်သမားကို `ဒီကလေးကို ဘိုကေ ညှပ်ပေးပါ´ လို့ အမြဲ မှာတတ်သည်။ ဘိုကေ ဆိုတာ ဘေးပြောင်၊ အနောက်ပြောင် ငယ်ထိပ်တ၀ိုက်မှာ မတိုမရှည် ဆံပင်ပုံစံ။ မေမေတို့ ခေတ်က ဘိုကေ ဆံပင် အတော် ခေတ်စားခဲ့လေသလားတော့ မသိ။ သူ့ရဲ့ ကလေးဘ၀ ဆံပင်ပုံစံကတော့ ဘိုကေ ဆံပင်နှင့်သာ စခန်းသွားခဲ့ရသည်။
သူ ၇ တန်း ၈ တန်း ကျောင်းသား အရွယ်ရောက်တော့ `ဆာမူရိုင်းကေ´ ဆိုတာ အရပ်ထဲမှာ အတော် ခေတ်စားလာသည်။ သူ့မျက်စိမှာတော့ အဲဒီ ဆံပင်ပုံစံက သိပ်တော့ အထူးခြားလှကြီး မဟုတ်လှပါ။ နားထင်ဘေးစပ်မှာ ထောင့်တိတဲ့ အခါ ဆံပင်ကို ထောင့်မှန် ပုံစံလေးဖြစ်အောင် ဂျုတ်ဖြင့် ပုံဖော်လိုက်တာနှင့် ဆာမူရိုင်းကေ ဖြစ်ပြီ။ အဲဒီတုန်းက သူ ဆံပင်သွားညှပ်တဲ့အခါ ဆံပင်ညှပ်ဆရာကို `ဘိုကေ၊ ဆာမူရိုင်းထောင့် ညှပ်ပေးပါ´ လို့ မှာတော့ ဆံပင်ညှပ်ဆရာက သဘောတွေကျလို့ ပြုံးဖြီးဖြီးနှင့် သူ စိတ်ကျေနပ်အောင်တော့ ပုံဖော်ပေးရှာသည်။ ကိုယ့်စိတ်ကူးနှင့် ကိုယ်ကတော့ အတော်လေး ကြည့်ကောင်းတယ်လို့ ထင်သား…။
သူ အထက်တန်း ကျောင်းသား ဘ၀မှာတော့ ဆံပင်ပုံစံ ကိစ္စက မေမေနှင့် မကြာခဏ ထိပ်တိုက်တွေ့တော့သည်။ ဆာမူရိုင်းကေကိုတော့ သိပ်ကြည့်မရလှတဲ့ မေမေက သူ့ကို ဘိုကေနှင့်သာ ကြည့်ရ အဆင်ပြေဟန် တူသည်။ အဲဒီတုန်းက ခေတ်ပေါ် ဆံပင်ကလည်း နဖူးတ၀ိုက် ၀ဲကျနေအောင် ရှည်သော ဆံပင်ပုံစံမျိုး။ ဆံပင်ကို ဟန်ပါပါနှင့် သပ်တင်ရတာကိုက အဲဒီခေတ် လူပျိုပေါက် စတိုင်လ်။ ကျောင်းဆရာမ မေမေကတော့ ဒါကို တစက်ကလေးမှ ကြည့်မရပေ…။
တခါမှာတော့ သူညှပ်လာသော ဆံပင်ပုံစံကို ကြည့်ပြီး မေမေက `ဟယ်၊ ဒီတခါတော့ အထူးအဆန်းပါလား၊ ဒါကရော ဘာဆံပင်ပုံစံတုန်း´ လို့ မေးတော့ သူက `ဒွေးကေလေ မေမေရ´ လို့ ဖြေတော့ မေမေတယောက် ခွက်ထိုးခွက်လန် ရယ်ပြီး `ငါတော့ ဒွေးကို ကျေးဇူးတင်မှတင်ပဲဟယ်´ လို့ ပြောဖူးတာကို အမှတ်ရသေးသည်။ တိုတိုကပ်ကပ်နှင့် အတော်သေသပ်ဟန် ရှိတဲ့ အဲဒီ ဒွေးကေက လူငယ်တွေ အကြားမှာ နှစ်အတန်ကြာတော့ စိုးမိုးခဲ့ပါသေးသည်။
ဆံပင် အလယ်ခွဲကို ဆေးအနီရောင် ဆိုးရသော `စည်သူလွင်ကေ´ ခေတ်စားချိန်မှာတော့ သူ့ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး မေမေတယောက် အတင်းအကျပ်ကြီး မသတ်မှတ်တော့ပါ။ တခုတော့ မှာ၏။ `လူတယောက်ရဲ့ ဆံပင်ပုံစံကို ကြည့်ပြီးတော့လည်း အဲဒီလူရဲ့ စိတ်တည်ငြိမ်မှုကို ခန့်မှန်းလို့ ရတယ်ဆိုတာ မမေ့နဲ့´ လို့ ပြောဖူးသည်။ ဒါပေမယ့် သူ စည်သူလွင်ကေတော့ မထားဖြစ်လိုက်ဖူးပါ။
***
`ဘယ်လိုပုံစံ ညှပ်ချင်ပါသလဲ´
`ကျနော် နောက်ဆုံး ညှပ်ခဲ့တဲ့ ပုံစံအတိုင်းပဲ ညှပ်ပေးပါ´
အသားနီစပ်စပ် အဖြူမလေးက ကွန်ပြူတာရှိရာကို တခေါက်ပြန်သွားပြီး ကျနော့်နာမည်ကို ပြန်ရှာဟန်တူသည်။ ခဏနေတော့ `အိုကေ´ ဟု သူ့ဘာသာသူပြောပြီး ပြန်လှည့်လာသည်။ နောက်တော့ ကျနော့်ဆံပင်တွေက ဆံညှပ်စက်ကပ်ကြေးအောက်တွင် တမျိမျိနှင့် …။
မြန်မာပြည်က ဆံပင်ညှပ်ဆိုင်တွေမှာတုန်းကတော့ ဒီလိုအချိန်လောက်ဆို ဆံသဆရာက ကွမ်းတံတွေး တပျစ်ပျစ်ထွေးလိုက်၊ ပါးစောင်သံကြီးနှင့် အာပေါင်အာရင်းသန်သန် ဟိုဟိုဒီဒီတွေ ပြောလိုက်နှင့်ပေါ့။ အခု ဒီမှာကတော့ တိုးလျလျဖွင့်ထားတဲ့ ဂျပ်ဇ်သီချင်းသံနှင့် `ဆံပင်ညှပ်မှာလား၊ First Name ပြောပါ´ ဟူသော အသံတချို့တလေသာ။
ဒီတော့ ဆံသဆရာ ကောင်မလေးကို သူ စကားပြောကြည့်ချင်လာသည်။ အင်း…၊ ဘာအကြောင်းပြောရပါ့။ နာမည် ဘယ်လိုခေါ်လဲ မေးရင်လဲ သိပ်မနိပ်လှ၊ နေကောင်းလား သွားမေးရင်လည်း နေကောင်းလို့ပဲ အလုပ်လာဆင်းတယ်ဆိုတော့…။ ဟိုဟိုဒီဒီ စဉ်းစားရင်း အတန်ကြာတော့ စကားစတခု ရသွားသည်။
`ရာသီဥတု အတော်အေးတယ်နော်´
`ဟုတ်တယ်၊ အတော် အန္တရာယ်များတဲ့ ရာသီပဲ´
`ဒါပေမယ့် ဒီညမှာ Packers နဲ့
`အိုးးးး… ရှင်သိတယ်လား´
`ဟုတ်ကဲ့ ကျနော် Packers Fan ပါ´ (အမှန်က ရွှီးတာ၊ ကျနော်က အမေရိကန် Football ကို ဘာမှန်းတောင် သိတာမဟုတ်)
အဲဒီကနေ စလိုက်တာ တော်တော်တော့ လေပေးဖြောင့်သွားသည်။ ပြီးခဲတဲ့ အပတ်က
`ရှင်က ဘယ်နိုင်ငံကလဲ´
`မြန်မာ´
`မြန်မာနိုင်ငံမှာ အဲဒါ ကစားတယ်လား´
`နိုး´
ကောင်မလေး အသံတိတ်သွားသည်။
***
`ကဲ၊ အဆင်ပြေရဲ့လား၊ ကြည့်ပါအုံး၊ ရှင့်ကြည့်ရတာ ပိုငယ်သွားသလိုပဲ´
ကိုယ်ပေါ်မှာ လွှားထားတဲ့ ပိတ်ပြာစကို အသာဖယ်ရင်း ကောင်မလေးရဲ့ အပြောနှင့် အတူ ရှေ့ကမှန်ထဲတွင် တိုကပ်ကပ် ဆံပင်ပုံစံနှင့် လူတယောက်က ပေါ့ပါးသွားဟန်ပုံဖြင့် သူ့ကို ပြန်ကြည့်နေ၏။
ကျသင့်ငွေကို ပေးပြီး ဆိုင်ထဲက ပြန်ထွက်လာတော့ ရေခဲမှတ်အောက် အေးနေသည့် ရာသီဥတုက သူ့ကို အသင့် ဆီးကြိုနေတော့သည်။
ကလိုစေးထူး
7 comments:
ဘိုကေတော့ သေချာမသိဘူး။ "ရှေ့တစ်လက်မ နောက်ပြောင်"ကေလို့ ပြောသံကြားဘူးတယ်။ မှတ်မိတာကတော့ ဖားအံ ထ-၁ ကျောင်းမှာ ဆံပင်စစ်တဲ့နေ့ဆို ဆရာမက ကျောင်းသားတွေကို နဖူးထိပ်ကနေ လက်ချောင်းလျှိုသွင်းကြည့်ပြီး လက်အပေါ် ဆံပင်ကျော်နေရင် ဆော်ပလော်တီးတော့တာဘဲ။ မိန်းကလေးတွေကတော့ အဲဒါနဲ့လွတ်လို့ တော်သေးတာပေါ့။ ရင်ဖုံးအင်္ကျီကို တတ်ထရွန်လို ပိတ်အထူသား ဟုတ်မဟုတ်နဲ့ ယင်ကောင်သီးနဲ့ ဝတ်မဝတ်ဘဲ စစ်ခံရတယ်။
ကိုစေးထူး ဆံပင်ညှပ်ဖြစ်တဲ့အကြောင်းရေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ်.. ယောင်္ကျားလေးတွေ ဆံပင်ကလည်း သူ့ခေတ်နဲ့သူတော့ ရှိခဲ့တာပဲနော်..
ဒီမှာတော့ ယောင်္ကျားလေး ဆယ်ကျော်သက် လူငယ်တွေရဲ့ ဆံပင်က ဘုတ်သိုက်တွေ များသားပဲ.. စစချင်းဆို ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေဘူး.. ဒီကြားထဲ ဆံပင်အရှည်ကို ကလစ် မျိုးစုံညှပ်ထားတာ မြင်ရရင် မျက်စိထဲ ကန့်လန့်ကြီး.. အဟီး.. :D
ကိုစေးထူးက ကေခုတ်တာတောင် ဖတ်လို့ကောင်းအောင် ရေးထားတယ်။ အဲဒီ ခေတ်အလိုက် ဆံပင်ပုံအမျိုးမျိုးမှာ ဒွေးကေကို ကြည့်လို့အရဆုံးပဲ။ ကိုစေးထူး မေမေလို ဒွေးကို ကျေးဇူးတင်ခဲ့ကြတဲ့ အမေတွေ အများကြီး ရှိမှာ သေချာတယ်။
i like boy style hair, so my style is
Pant kay when i was University life.
I think most of the youth like Dwe
style,right. I also like .It is match for man. :P
but i don't like " shaye-ta-la-ma-naut-pyaung".
when I saw that kind of man...i always kidding. hee hee.
ကျနော်တို့ တော့ အချင်းချင်း ခုတ်လိုက်တာဘဲ ဘော်ဒါတွေ မရှိတော့ ရှေ့ မှန် နောက်မှန်နဲ့ ပြီးသွားတာပါဘဲ
ရသ စာစုလေး ဖတ်သွားပါတယ်ခင်ဗျာ။
ပုံမှန်ရိုးရိုး ဆံပင်တခါညှပ်ရင် ဘယ်လောက်ပေးရသလဲဆိုတာပါ ထည့်ရေးလိုက်ရင် ဈေးနှုံးတွေ ဘာတွေပါ တခါတည်း သိရတာပေါ့...
Post a Comment