ဒီနေ့ …။
စာကြည့်တိုက်မှ ငှားထားသည့် စာအုပ်က ပြန်ပို့ရန် ရက်စေ့နေပြီ။ ရက်သာ စေ့သွားသည်၊ ဟုတ်တိပတ်တိလဲ မဖတ်ဖြစ်လိုက်ပါ။ ဒါပေမယ့် ပို့ရမည့် ရက်က စေ့နေတော့ ဘာပဲဖြစ်ဖြစ် သွားတော့ ပို့ထားမှ…။
အိမ်ကိုရောက်တော့ ရေမိုးချိုးရင်း ကသုတ်ကရက်နဲ့ အပြင်ပြန်ထွက်လာတော့ ညနေ လေးနာရီခွဲလုပြီ။ စာကြည့်တိုက်က ည ကိုးနာရီမှ ပိတ်မှာဆိုတော့ ကိစ္စသိပ်မရှိ။ ဟူး… ချမ်းလိုက်တာ။ ချမ်းရသည့် အထဲ လေပြင်းပြင်းတချက်က သုတ်ခနဲ တိုက်လာတော့ လူက ကျောရိုးထဲစိမ့်သွားအောင်ပင် အအေးဒဏ်ကို ခံစားလိုက်ရ၏။
စီးတော်ယာဉ် ဖွတ်ချက်ထဲသို့ ရောက်မှပင် Heater တန်ခိုးကြောင့် နွေးနွေးထွေးထွေး ဖြစ်တော့သည်။ အသာအယာ မောင်းထွက်လာတော့ ကားကြိတ်နင်း ခံရသည့် ရေခဲချပ် တချို့က ဂျိုးဂျိုးဂျွတ်ဂျွတ် အသံပေးကာ မြည်ကြွေးရင်း လမ်းမပေါ်တွင် ကျိုးပဲ့ကျန်ခဲ့ကြသည်။
***
`အာ… ကျွတ်´
ရှေ့ဆီမှ တသီတတန်းကြီး ရပ်နေသော ကားတန်းကြီးကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်မိ၏။ ဘာဖြစ်ပါလိမ့်လို့ လှမ်းမျှော် စနည်းနာကြည့်တော့ မီးရထားလမ်း ပိတ်ထားခြင်းကြောင့် ကားတွေက ဆက်မသွားနိုင် ဖြစ်နေသည်။ သွားပြီ၊ စောင့်ပေတော့… အနည်းဆုံး ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်။ ဒီလမ်းက ဖြတ်သွားတတ်သည့် မီးရထားတွေက ဘယ်သူ့မျက်နှာကိုမှ မထောက် တစီးတစီးလျှင် အနည်းဆုံး တွဲရေ တရာခန့် အထိ ရှိတတ်ပြီး ကုန်တွဲတွေမို့လို့လား မသိ သွားပြန်တော့လည်း ၀၀ဖိုင့်ဖိုင့် မိန်းမကြီးတယောက် ဒေါက်ဖိနပ် ချွန်ချွန် စီးထားပြီး လမ်းလျှောက်သလို နှေးတိနှေးကွေး ဆိုတော့…။ စောင့်ပေအုံးတော့ပေါ့။
စောင့်နေရသည့် အတူတူ မထူးပါဘူး ဆိုပြီး အပြင်မှာ မြင်နေရသော မြင်ကွင်းတွေကို ဟိုဟို ဒီဒီ လိုက်ငေးမိ၏။ ငေးသာငေးရသည်၊ ဒီအချိန် ဒီကာလဆိုတာက အပြင်မှာထွက် လမ်းသလားသူရယ်လို့ မရှိလှ။ ၀ူးဝူးဝေါဝေါ အသံပေးပြီး မညှာမတာ တိုက်ခတ်နေသည့် လေပြင်းက အေးခဲလွန်းသည့် လက်နက်ကိုပါ တပါတည်း ကိုင်ဆောင်လာတော့ ဘယ်သကောင့်သားကမှ တော်ရုံလောက်နှင့် အပြင်မှာ ကြာကြာ မနေနိုင်။ အလွန်ဆုံး ကားထဲမှ အဆောက်အအုံ အကူးပြောင်းလောက်သာ ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်လာ။
လိုက်ငေးနေရင်းက တနေရာ အရောက်မှာတော့ အကြည့်တို့က တန့်သွားသည်။
လူတယောက်…၊ လူတယောက် ဆိုတာထက် မည်းနက်သော အသားအရေ ပိုင်ရှင် လူမည်းတယောက်။ ရပ်ထားသော ကားများ အနီးတ၀ိုက် ဖြည်းညင်းစွာ ဖြတ်လျှောက်ရင်း လက်ထဲတွင် တစုံတခုကို ကိုင်ထား၏။ ပြီးတော့ ထို တစုံတခုကို ကားတွင်းမှ လူများ မြင်သာအောင် ပြရင်း ပါးစပ်မှလည်း တခုခု ပြောနေလေဟန်။ အနွေးထည်က စုတ်တီးစုတ်ပြတ်၊ ရှုးဖိနပ် လည်ရှည်လိုလို ပုံစံနှင့် ၀တ်ထားသော ဂျင်းဘောင်းဘီကလည်း ရာသီဥတုဒဏ်ကို လုံလောက်စွာ အကာအကွယ် ပေးနိုင်ဟန် မတူ။ ခိုက်ခိုက်တုန်လျက်နှင့်ပင် တစီးပြီး တစီး ဖြတ်လျှောက် လာရင်း ကျနော့်ကားနားသို့ ရောက်လာ၏။
အနားကို ရောက်လာမှပင် သူ့လက်ထဲမှာ ကိုင်ထားသော တစုံတခုက စာတချို့ ရေးထားသော ကဒ်ပြားတခုမှန်း သိရသည်။ ဖတ်ကြည့်လိုက်တော့…
“I am a homeless. Hungry and need help. Just a quarter please”
***
တကယ်တော့ အဲဒီလို ပုဂ္ဂိုလ်မျိုးကို တွေ့နေခဲ့သည်မှာ အခု တကြိမ်တည်းတော့ မဟုတ်ပါ။ နွေရာသီလို အချိန်အခါမျိုး လမ်းဆုံ ဘတ်စ်ဂိတ် တ၀ိုက်၊ ကားဆီဆိုင် အနီး၊ တခါတရံလည်း စားသောက်ဆိုင် အ၀င်ဝ အနီးတ၀ိုက်လို နေရာမျိုးမှာ တွေ့ရတတ်သည်။ အတော်များများကတော့ လူမည်းများ ဖြစ်လေ့ ရှိပေမယ့် တခါတလေမှာလည်း လူဖြူတချို့ပါ တောင်းရမ်းနေသည်ကို တွေ့ရသည်။
`ဒီကောင်တွေက ဒီလိုပဲ၊ ရသလောက်ကို တွေ့သမျှလူဆီက တောင်းတာပဲ၊ နောက်ဆုံး ဘာမှမရနိုင်လောက်ရင်တောင် စီးကရက်တလိပ်လောက် တိုက်ပါလို့ ပြောတာပဲ´
ဒီနိုင်ငံကို ကျနော့်ထက် စောစီးစွာ ရောက်နှင့်နေတဲ့ မိတ်ဆွေ တယောက်က ထိုသို့ ပြောဖူးသည်။ သူတို့ ဘာကြောင့် ဒီလိုတိုးတက်သည့် နိုင်ငံကြီးမှာ တောင်းရမ်းစားသောက်နေရသလဲ ဆိုတာကတော့ ရှင်းမပြနိုင်သည့် အဖြေများစွာ ရှိနိုင်သည်။ `တခါတောင်းတော့ ၂၅ဆင့် တောင်းတာ သူတို့ ဘယ်လောက်များ ရမှာမို့လဲ´ လို့ ကျနော်က အဲဒီ မိတ်ဆွေကို မေးကြည့်တော့…
`၂၅ ဆင့် ဆိုပေမယ့် တချို့ကလည်း အနည်းဆုံးတော့ တဒေါ်လာမျိုး နှစ်ဒေါ်လာမျိုး ပေးတတ်တယ်လေ။ ကျနော် အဲဒီလို တောင်းစားတဲ့ တချို့ကို စောင့်ကြည့်ဖူးတယ်။ တချို့က ပိုက်ဆံ နည်းနည်းလေး များလာပြီးဆိုတာနဲ့ ဆီဆိုင်ထဲဝင်ပြီး မဲသွားခြစ်တာပဲဗျ။ တချို့ကျတော့ အရက်ဆိုင်ထဲ သွားတာပဲ´
ကျနော့် မိတ်ဆွေ ဆိုလိုသည့်သဘောကတော့ အဲဒီ တောင်းရမ်းစားသောက်သူတွေသည် ငတ်ပြတ်နေလို့ တောင်းတဲ့ လူတွေထက် ရေသာခို ပျက်စီးနေသူတွေက ပိုများသည် ဆိုသည့် သဘော။
***
စောစောက လူက ကျနော့်ကားကို ကျော်သွားပြီး တခြားသော ကားတွေဆီမှာ ကဒ်ပြားလေး တပြပြနှင့် လိုက်တောင်းနေပြန်သည်။ ကျနော့် အတွေးထဲမှာ ဒီလူ့ကို ငွေနည်းနည်းလောက် ပေးလိုက်သင့်လား၊ မပေးသင့်ဘူးလား ဆိုတာက လွန်ဆွဲနေသည်။
သူကတော့ ၂၅ ဆင့်လောက် ကူညီပါတဲ့။ ငွေအကြွေစေ့ကလဲ ပါမလာ။ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ ငွေစက္ကူ အနည်းငယ်တော့ ရှိနေသည်။ ဒါပေမယ့် ဒီလူ့ကို ပေးဖို့အတွက် ထိုက်သင့်ပါရဲ့လား ဆိုတာက ဝေခွဲမရ ဖြစ်နေ၏။
***
`အိုး……. မြတ်စွာ ဘုရားသခင်´
အမှတ်တမဲ့နှင့် ကြည့်မိသော အပူချိန်ပြ ကိရိယာက အပြင်မှာ ၉ ဒီဂရီ ဖာရင်ဟိုက်သာ ရှိကြောင်း ပြနေ၏။ ဟာ…၊ ဒါဆို ဟိုလူ။ ဒီလူ အပြင်မှာ ငွေလိုက်တောင်းနေတာ ဘယ်လောက်တောင် ကြာနေပြီလဲ၊ ဒီလောက် အေးတဲ့ အချိန်မှာ။ အတွေးတို့နှင့်အတူ တွန်းအားပေးစိတ် တခုခုကြောင့် ထိုပုဂ္ဂိုလ်ကို ရှာမိတော့ ကျနော့် နောက်က ကားတစီးထဲမှ လူတယောက်နှင့် တခုခု ပြောနေသည်ကို တွေ့လိုက်ရ၏။
သိပ်တော့ အဆင်ပြေဟန် မတူ…။ ကားထဲက လူက မှန်တံခါးကို ခပ်မြန်မြန် ပြန်တင်ရင်း ငွေတောင်းသူ လူမည်းကို ထွက်သွားရန် လက်ဟန်ပြလိုက်တာကို တွေ့ရသည်။
ဒီလောက် အေးလှတဲ့ နေရာမှာ ဒီလူ အခုလောက် ပင်ပန်းခံနေတာ မဲခြစ်ချင်လို့၊ ဒါမှမဟုတ် အရက်သောက်ချင်လို့ ဆိုတာ ဟုတ်ပါ့မလား လို့ တွေးမိသည်။ အို..၊ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လို့ ပြန်တွေးမိတော့ လူက ကားရှေ့ကို ပြန်မျက်နှာမူမိပြန်သည်။ ရထားကလဲ ရှည်လျားလိုက်တဲ့ အတွဲ၊ အခုထိ မဆုံးနိုင်။
တကယ်တမ်း ဆာလောင်လို့ စားစရာ တခုခု သွားဝယ်စားချင်လွန်းလို့ အအေးခံပြီး လိုက်တောင်းနေတာ ဆိုရင်ရော…။
စိတ်ထဲမှာ သဒ္ဓါစိတ်နှင့် တွန့်တိုစိတ်က အပြိုင်အဆိုင် လွန်ဆွဲနေသည်။ ငါပေးလိုက်တာ သူ့အတွက် တကယ်အကျိုး ရှိပါ့မလား၊ ဒီလူ့ကို ပိုဖျက်ဆီးသလို ဖြစ်နေမလား…။ အပြင်မှာကတော့ တော်တော်အေးတာပဲ၊ တော်တော်ဆာနေလို့သာ ဒီလောက် အအေးခံနေတာ နေမှာ။
ဒီလိုနဲ့၊ နောက်တော့…။
***
`ဟေးးးးးးး၊ ဟဲလို´
ကားတံခါးအပြင်ဘက် ခေါင်းပြူပြီး လှမ်းအော်ခေါ်လိုက်တော့ ထိုလူမည်းကြီး မျက်နှာက ကျနော့်ဘက်ကို လှည့်လာသည်။ တခုခုကို မျှော်လင့်ဟန် အရောင်တွေ လက်သွားသော မျက်နှာဖြင့် ကျနော့်အနားကို ဖြတ်ခနဲ ရောက်လာသည်။ ပိုက်ဆံအိတ်ထဲက ငွေစက္ကူတချပ်ကလည်း ကျနော့်လက်ထဲတွင် အလိုက်သင့်…။
`ရော့ဗျာ၊ ခင်ဗျား တခုခုသွားဝယ်စားလိုက်ပါ၊ ရာသီဥတုက သိပ်အေးတာပဲ´
သူက လက်ထဲရောက်လာသော ငွေစက္ကူကို ကြည့်လိုက်သည်။ ငါးဒေါ်လာတန် တရွက်၊ အတော်အံ့သြသွားပုံ ပေါ်၏။ နောက်ပြီး ကျနော်ကပဲ စိတ်ထင်တာလား မသိ…၊ သူ့မျက်လုံးမှာ မျက်ရည်တွေများ စို့တက်လာလေသလား ထင်မိသည်။ Thank you တွေ Appreciate တွေ ထပ်နေအောင် ပြောရင်း ခပ်လှမ်းလှမ်းက မက်ဒေါ်နယ်လ် ဆိုင်ထဲကို ခပ်သုတ်သုတ် လှမ်းဝင်သွားသည်။
***
ငွေငါးဒေါ်လာက နေရာဒေသနှင့် အချိန်အခါကို လိုက်၍ အဖိုးတန်ချင်လည်း တန်မည်။ မတန်ချင်လဲ မတန်နိုင်ပါ။ ပြီးတော့ ထိုပုဂ္ဂိုလ်ကို ကျနော် အဲဒီငွေ ပေးလိုက်တာဟာ မှန်ချင်လဲ မှန်မည်။ မမှန်ချင်လဲ မမှန်နိုင်ပါ။ ဒါပေမယ့် ထိုအခိုက်အတန့်လေးတွင် ကျနော့် စိတ်နှင့် ကျနော်ကတော့ ပီတိတွေ ပရပွနှင့် ကျေနပ်နေလေတော့သည်။
ကလိုစေးထူး
14 comments:
I am really proud of you. You did right.
တခါတခါကျတော့လည်း နှလုံးသားကို အလိုလိုက်တာ ကောင်းပါတယ်.. ဒီလိုပီတိမျိုးက ခံစားလို့သိပ်ကောင်းတယ်..း)
သာဓုခေါ်ပါတယ် ကိုစေးထူး …
ဒါန၊ သီလ၊ ဘာဝနာ … ဘယ်အရာပဲ လုပ်လုပ် မှားတယ် ရယ်လို့ မရှိပါဘူး။
ကိုယ့်အလှူက သူ့ကို ဖျက်ဆီးသလို ဖြစ်မှာစိုးတယ် ဆိုတာမျိုး ကျမလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ … ကျမ ဆရာတယောက်က ပြောဖူးတယ်။ ကိုယ်က လှူလိုက်ပြီးတဲ့အခါ အဲဒီ အရာ (ပိုက်ဆံဖြစ်စေ ပစ္စည်း ဖြစ်စေ) ဟာ ကိုယ်နဲ့ မဆိုင် တော့ဘူး။ အလှူခံ ပုဂ္ဂိုလ်နဲ့သာ သက်ဆိုင်တော့တယ်တဲ့။ သူ့ဟာသူ ဘာလုပ်လုပ် အဲဒီ အပိုင်းက သူ့ကဏ္ဍပဲ။ လှူလိုက်တဲ့ အချိန်မှာ ထားတဲ့ စေတနာက အရေးကြီးတာပါ။ အကျိုးပေးတော့လည်း အဲဒီ စေတနာက အကျိုးပေးတာပါပဲ။ ဒါကြောင့်မို့ ကိုစေးထူး ၅ ဒေါ်လာ လှူလိုက်ပေမဲ့ ဒေါ်လာ ၅ သိန်းမက အကျိုးတွေ ရဦးမှာ … ။ :)
ကိုကြီးရေ..
သဲလည်း ဟိုနေ့က အဲဒီ့လိုပဲ သိလား။ ဘတ်စ်ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက်က ဆေးဖိုးမရှိလို့ လာတောင်းတယ်။ သဲလည်း ပေးရကောင်းနိုး မပေးရကောင်းနိုး တွေဝေနေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးတော့ ဘယ်လိုမှ မနေနိုင်ဘဲ ထုတ်ပေးလိုက်ပါတယ်။ သဲကို ဆုတွေပေးသွားလိုက်တာမှ အများကြီးပဲ။ ကားပေါ်က လူတချို့ကတော့ သဲကို တော်တော်တုံးတဲ့ ကောင်မလေးဆိုတဲ့ အကြည့်နဲ့ ကြည့်နေလေရဲ့။ သဲကတော့ ကိုယ့်စေတနာကို ပီတိဖြစ်လို့ပေါ့..။ ကိုကြီးလည်း အခုလို လှူလိုက်တဲ့အတွက် စေတနာ အကျိုးပေးမှာပါ။ သူ့ဘာသာ ဘာအတွက် သုံးသုံးပေါ့လေ။
လေးစားစွာဖြင့်
မေပျို
သာဓုပါဗျာ။ အဓိက က ကိုယ့်ရဲ့ လူတဖက်သားအပေါ် ကြင်နာတတ်တဲ့ စိတ်က အခရာ ကျပေတာမဟုတ်လား။
တကယ်ငတ်ပြတ်နေတဲ့လူတယောက်ကို လူလိမ်ထင်ပြီး မကူညီလိုက်မိတာနဲ့စာရင် တော့....လူလိမ်ကို တကယ်ငတ်နေသူထင်ပြီး ကြင်နာစိတ်နဲ့ ကူညီလိုက်တာက အပုံကြီးတော်ပါသေးတယ်ဗျာ။
Ko Klo Say Htoo,
I am your daily reader in California. I am having a minor though as I can not read your comment section in Burmese. As far as I know we did not have that problem before. Would you fix the problem Pleaaaaase! Thanks..
LAN
အစ်ကိုရေ ... ဒါဟာ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ ခဏခဏ အငြင်းပွားဖြစ်တဲ့ ကိစ္စတစ်ခုပါ ... ။ ကျွန်တော်ကတော့ အစ်ကို့လုပ်ရပ်ကို အပြည့်အ၀ထောက်ခံတဲ့ ဘက်ကပေါ့ ...။
သမိုင်းကို ဖတ်ရင် “အ” မယ်ဆိုတာကို အထောက်အထားတွေနဲ့ ရေးသား ထားပါတယ်ခင်ဗျာ။ အရေမရ အဖတ်မရနဲ့ အချိန်ကုန်ခံအတင်း တုတ်နေတာတွေကို စိတ်ပျက်နေတဲ့သူများကို ဖိတ်ခေါ်ပါတယ်။ http://lightofmyanmar.blogspot.com/
ကိုဝေတိုး…၊ ဟုတ်ကဲ့ဗျာ။ ကျေးဇူးပါပဲ။
Nyo ဟုတ်တယ်၊ ကျနော်လဲ သူ့ဘာသာ ဘာသုံးသုံးကွာ ဆိုပြီး ပေးလိုက်တာပဲ မက်ဒေါ်နယ် ဆိုင်ဘက်ကို သွားတာတွေ့တော့ စိတ်ထဲ ပိုကျေနပ်သွားတယ်လေ။
မမေ၊ ကုသိုလ်ရတယ် ဆိုရင်တော့ ပိုဝမ်းသာရမှာပေါ့။ ပေးလိုက်ရတာကိုပဲ စိတ်ထဲ ကျေနပ်နေတာလေ။
မေပျို၊ ဒါဆို မေပျိုလဲ ကုသိုလ်ရတာပေါ့ကွ။ ဘာဖြစ်ဖြစ် ကိုယ်က ပေးလိုက်တာကိုက တခုခုတော့ အကျိုးရှိမယ် ထင်တာပဲ။ ဟုတ်တယ်ဟုတ်။ :)
ကိုပေါ…၊ မတွေ့တာတောင် ကြာပြီနော်။ ကျနော် အကို့ဘလော့ခ်ကို တနေ့က ရောက်ပါသေးတယ်။ ကွန်မန့် မရေးဖြစ်ခဲ့တာ။ မှတ်ချက်အတွက် ကျေးဇူးပါဗျာ။
Lan ဟုတ်ကဲ့၊ အားပေးတာ ကျေးဇူးတင်ပါတယ်။ တခုခု ဝေဖန်စရာ ပြောစရာ ရှိလဲ ပြောလို့ရပါတယ်။
ကိုနေဘုန်းလတ်ရေ…၊ ဟုတ်ကဲ့ဗျာ။ အမြင်တူ၊ အတွေးတူ တယောက်နဲ့ ထပ်တိုးတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်ဖြစ် ကျေနပ်မှု တခုတော့ ကျနော်တို့ ရလိုက်တာပဲလေ။
ဟုတ်တယ် ကိုစေးထူးရေ ကျေနပ်မှုတစ်ခုတော့ ရလိုက်တယ်
ရင်ဘတ်ထဲကလေ .. အဆင်ပြေပါစေဗျာ။
ကိုကြီးစေးထူးရေ ညီမဆရာမတစ်ယောက်ကပြောဖူးတယ် သမီးတဲ့ ရေသာခို အချောင်သမားဖြစ်ခဲ့လဲ သူ့ ကုသိုလ်နဲ့သူသွားမှာပဲ တကယ်လို့သာ ကိုယ်ပေးလိုက်တဲ့ တစ်ကျပ်က ကိုယ့်အတွက် ဘာမှ ပွန်းပဲ့ မသွားပေမဲ့ တကယ်လိုအပ်တဲ့ သူတစ်ယောက်အတွက် ကောက်ရိုးတမျှင်သာဖြစ်ခဲ့မယ်ဆိုရင် အဲဒီအထောက်အပံ့လေးပေါ်မှာ ၀မ်းပမ်းတသာပြန်လာတဲ့ တုန့်ပြန်မှုကရတဲ့ ပီတိမျိုးက ဘာနဲ့မှ လဲနိုင်ဘူးတဲ့ ညီမလဲ အဲဒီနောက်ပိုင်းမှာ ဦးနှောက်ကတော့ ခွဲခြမ်းစိတ်ဖြာလေ့ရှိပေမဲ့ တတ်နိုင်သလောက်တော့ ပေးကမ်းစွန့်ကြဲ လှူဒါန်းတာတွေ ပိုလုပ်ဖြစ်တယ်ဗျ
will u have more 'ku tho' (good deed) if u donate to the monks.. as Burmese believes?
အနောက်နိုင်ငံမှာသူတောင်းစားဆိုတာ အရက်သမား ဆေးသမားတွေများပါတယ်
အလုပ်ပေါတယ် မက်ဆီကန်တွေ၁၀=၂၀ သန်းရှိတယ်။
အလုပ်မရှိတဲ့လူတွေ ထောက်ပံ့ကြေးတွေရတယ်။
မိဘဆွေမျိုးကြည့်စရာမလိုဘူး
ဒီလူတွေမှာလိုနေတာက ဗူဓ္ဒဘာသာတရားတော် ရဲ့ အနှစ်သာရဘဲ
လောကမှာလမ်းမပျောက်အောင်ပေါ့
အာလုံးကိုကူညီချင်ရင် တရားစခန်းဖွင့်နို်င်တယ်
ဒါန ပြုတာ သာဓုခေါ်ပါတယ် ဒါပေမဲ့
ကိုယ်သူတောင်းစားကို ပေးနိုင်တယ်ဆိုတာကို ဂုဏ်ယူတာလား
စီစစ်ပါ
မြန်မာပြည်မှာသူတောင်းစားအားမပေးပါ
ဘုန်းကြီးကျောင်းမှာ တရားဝင်ပါ သူတော်ကောင်းဆို
လှုတဲ့လူတွေပေါပါတယ်
ဗိုလ်သူတောင်းစားပေးမဲ့အစား ဘုန်းကြီးကျောင်းဘဲလှုမယ်။
ချီကာဂိုမှာလည်းအမဲတွေ တောင်းတယ်
အမက အစားစားစရာဘဲ ပေးတယ် ငွေမပေးဘူး
သာဓုပါကွယ်။
လူတဖက်သားအပေါ် ကြင်နာတတ်တဲ့ စိတ်က အဓိကပါ
:)
Post a Comment