Sunday, January 06, 2008

နားလည်မှုကို နားလည်ခြင်း…

အခု ရက်ပိုင်းတွေမှာ ကျနော် တွေးနေမိတဲ့ စကားရပ်တခုကတော့ `နားလည်မှု´ ဆိုတဲ့ အရာပါပဲ။

`နားလည်ပေးပါ´ `အပြန်အလှန် နားလည်မှု ရှိကြပါ´ `နားလည်မှု ယူကြမယ်´ စသဖြင့် စသဖြင့် `နားလည်´ ဆိုတဲ့ စကားရပ်ကို ကျနော်တို့တွေ အဖန်အဖန် အလဲလဲ သုံးခဲ့ကြတယ်။ ဟိုတုန်းကလည်း လူကြီးတွေ သုံးတယ်၊ အခုလဲ သုံးနေကြဆဲပဲ။ ဒါပေမယ့် ကျနော်တို့ နားလည်မှု ဆိုတဲ့ စကားရပ်ရဲ့ နက်နဲမှုနဲ့ အဲဒီ စကားရပ်အပေါ် ပြန်လည် နားလည်မှုကို တကယ်ပဲ သိရှိသုံးသပ်မိပါပြီလား ဆိုတာကို တွေးနေမိပါတယ်။

အခြေခံလေး တခုကနေ စတင် စဉ်းစားကြည့်ရအောင်…။

လူနှစ်ယောက်…၊ ပဋိပက္ခဖြစ်ကြပြီ ဆိုပါစို့။ ဟိုစဉ်က ဘယ်လိုပဲ အလျဉ်းသင့်ခဲ့သည် ဖြစ်စေ၊ ဘယ်လောက်ကြီးပဲ အဆင်ပြေခဲ့ကြသည် ဖြစ်စေ ပဋိပက္ခဖြစ်ကြပြီဟေ့ ဆိုတာနဲ့ အဲဒီလူ နှစ်ယောက်အတွက် ပထမဦးဆုံး လက်ပြနှုတ်ဆက်လိုက်တဲ့ အရာကတော့ `အပြန်အလှန် နားလည်မှု´ ပါပဲ။ တဖက်က ခံစားချက်ကို တဖက်က မသိချင်တော့ဘူး၊ သိစရာ လိုတယ်လို့လဲ မထင်တော့ဘူး။ တခြားတယောက်ကလည်း ဒီလိုပဲပေါ့၊ မိမိဘက်မှာ ရှိတဲ့ အမြင်သည်သာလျှင် အမှန်၊ တခြားသော အရာတွေနဲ့ အကြောင်းပြချက်တွေ ဘာမှ လာမပြောနဲ့၊ မကြားချင်ဘူး။ ဒီလိုနဲ့ပဲ သူတို့ကို လက်ပြနှုတ်ဆက်သွားတဲ့ `နားလည်မှု´ ဆိုတဲ့ အရာက `ရန်လိုမှု´ ဆိုတဲ့ အရာကို သူ့ကိုယ်စားထားရစ်ခဲ့ပြီး ခပ်ဝေးဝေးကို ထွက်သွားပါတော့တယ်။

ဒါပေမယ့် အဲဒီ `ရန်လိုမှု´ ဆိုတာကြီးက ချိုမြိန်တဲ့ အရာတခု မဟုတ်လေတော့ ကြာလာတဲ့ အမျှ အဲဒီ လူနှစ်ယောက်အတွက် မုန်းတီးခြင်း၊ ပူလောင်ခြင်းနဲ့၊ ဒုက္ခတွေကိုပဲ ဆင့်ပွားဖန်တီးပေးနေပါတော့တယ်။ ဒါကို သိလာတဲ့ အချိန်ကျတော့ ခပ်ဝေးဝေးကို ထွက်သွားတဲ့ `နားလည်မှု´ တွေကို အဲဒီလူနှစ်ယောက်က သူတို့အနားကို ပြန်ခေါ်ဖို့ ကြိုးစားရပါတော့တယ်။ ဝေးဝေးကို ရောက်နေတဲ့ နားလည်မှု အနီးနား ပြန်ရောက်လာစေဖို့ တခါတရံမှာ ကိုယ်က အမှန်လို့ ထင်ထားတဲ့ အချက် တချို့ကို လွှင့်ပစ်ရတယ်။ တခါတရံမှာ တဖက်မှာ မှားနေမှန်း သိသိကြီးနဲ့လည်း အောင့်အည်းသည်းခံမှုတွေနဲ့ မိမိလိုလားတဲ့ အနေအထားတခုကို ရောက်လာအောင် သိမ်မွေ့စွာ ဆွဲဆောင်ရပါတယ်။ ဒီအခါမှာတော့ `နားလည်မှု´ ဆိုတဲ့ အရာက စောစောက ပဋိပက္ခဖြစ်ခဲ့တဲ့ လူနှစ်ယောက်နားမှာ မခွဲမခွာနဲ့ ရန်လိုမှုတွေ၊ မုန်းတီးမှုတွေကို ချေဖျက်ပေးတော့တာပါပဲ။

နည်းနည်းလေး ထပ်တိုးပြီး စဉ်းစားကြည့်ရအောင်…။

အဖွဲ့အစည်း အသွင်သဏ္ဍာန် ဆောင်တဲ့ အုပ်စုတွေ အချင်းချင်း မတူတာတွေ ရှိကြပြီ ဆိုပါစို့…။ အဲဒီအခါမှာတော့ `နားလည်မှု´ ဆိုတဲ့ စကားရပ်ရဲ့ အခန်းကဏ္ဍက ပိုကြီးလာပါပြီ။ တချက် လွဲချော်သွားတာနဲ့ တိမ်းစောင်းသွားမယ့် အခြေအနေ မြောက်များစွာကြောင့် `နားလည်မှု´ ကို မိမိအနားမှာ နီးသထက် နီးအောင် ဆွဲယူခေါ်ငင်ထားမှ တန်ကာ ကျမယ့် အခြေအနေမျိုး ဖြစ်လာပါပြီ။

ကျနော်တို့တတွေ စဉ်းစားကြတယ်။ စဉ်းစားကြသူတိုင်းကတော့ `အကောင်းဆုံး´ ဆိုတာကို လိုချင်ကြသူချည်းပါပဲ။ ငါတို့လုပ်တာ ကောင်းတယ်၊ ငါတို့လုပ်တာ မှန်တယ်လို့ စဉ်းစားကြသူတွေက မတူညီတဲ့ ဘက်အသီးသီးကနေ `အကောင်းဆုံး´ ဆိုတာကို အနေအထားအမျိုးမျိုးကနေ ပုံဖော်ကြည့်ချင်သူချည်းပါပဲ။ ဒါဖြင့် အဲဒီလို `အကောင်းဆုံး´ ကို လိုချင်ကြတဲ့ လူတွေ အချင်းချင်း အကြားက `နားလည်မှု´ ဆိုတာကို ဘယ်လို ပုံဖော်သင့်ပါသလဲ။

နားလည်မှုတွေ ရကြဖို့အတွက် လိုအပ်နေတဲ့ အရေးကြီးဆုံး အရာ နောက်တခုကတော့ သဘောထား ကြီးမှုပါပဲ။ ဒါပေမယ့် အဲဒီ သဘောထားကြီးမှု ဆိုတာမှာလဲ အကန့်အသတ်က ရှိနေပြန်ပါသေးတယ်။ ဘယ်လို အကန့်အသတ်မျိုးပါလဲ။

ဥပမာ တခု တင်ပြပါမယ်။

ကျနော်တို့ နယ်ဘက်က စစ်တပ်နဲ့ သူပုန် အမြဲလိုလို ထိတွေ့တိုက်ပွဲ ဖြစ်တတ်တဲ့ နယ်ပါ။ စစ်တပ် စစ်ကြောင်းတွေက သူပုန်တွေကို သွားတိုက်တဲ့အခါမှာ ရံဖန်ရံခါ ဆိုသလို ဖြတ်သွားဖြတ်လာ လုပ်ရတတ်တာက နယ်ခံ တောရွာတချို့ကိုပါ။

တခါမှာတော့ စစ်ကြောင်းတခုက တောရွာအစပ်တခုနားက ခြံတခုကို ဖြတ်သွားရပါလေရော…။ အဲဒီ ခြံရှင်က အပင်တချို့နဲ့ အကောင်ပလောင်တချို့ စိုက်ပျိုးထားလေတော့ အဲဒီခြံမှာ ခဏနားနေခိုက်မှာ စစ်သားတွေက ခြံရှင်ကို ခွင့်မတောင်းပါဘဲနဲ့ အလိုရှိရာကို ကိုယ့်သဘောနဲ့ကိုယ် ယူငင်သွားကြတဲ့အခါ အဲဒီ စစ်သားတွေအပေါ်ကို ခြံရှင်ရဲ့ နားလည်မှုက ဘယ်လိုများ ထားနိုင်ပါမလဲ။ ထားတဲ့လူကတော့ ထားပါတယ်။ `သူတို့မှာ ငတ်ပြတ်လာကြတာပါလေ´ လို့ နားလည်ပေးပြီး သဘောထားကြီးသူများကို ကျနော် မျက်မြင် တွေ့ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီလို ယူငင်ကြယုံသာမက ခြံရှင်ကိုပါ ပေါ်တာဆွဲသွားပြီ ဆိုရင်ရော…။ ဒါဆိုရင်တော့ နားလည်မှု ရဖို့ဆိုတာ ဝေလာဝေးတော့မှာပေါ့။ ဒါက ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ သာမန်ကိစ္စတခုကို ဥပမာပြကြည့်တာပါ။

နောက်တခု ဥပမာ ပေးကြည့်ချင်ပါသေးတယ်။

ယနေ့အချိန်မှာ လူချင်းမမြင်ရပေမယ့် တိုးတက်နေတဲ့ နည်းပညာအရ အင်တာနက်ကနေ တဆင့် ကျနော်တို့ အဝေးရောက် မြန်မာတွေရော၊ ပြည်တွင်းက မြန်မာတွေရော ပြောဆို ဆက်ဆံခွင့်တွေ ရကြပါတယ်။ သိကျွမ်း ရင်းနှီးခွင့်တွေ ရကြပါတယ်။ အဲဒီလို အချင်းချင်း ထိတွေ့ ဆက်ဆံကြတဲ့ လူတွေ အထဲမှာ အပါအ၀င် တခုကတော့ အားလုံးသိကြတဲ့ အတိုင်း ဇာတ်လိုက်ကျော်ကြီးများ ဖြစ်တဲ့ ရုရှရောက် မြန်မာ စစ်ဗိုလ်များပါပဲ။

သူတို့ကို လူတွေက အာရုံစိုက်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ သူတို့ဟာ လက်ရှိအုပ်ချုပ်နေသူတွေရဲ့ အမိန့်သြဇာကို တိုက်ရိုက် နာခံရသူတွေ ဖြစ်လို့ပါပဲ။ လက်ရှိ အုပ်ချုပ်နေသူ အာဏာပိုင်တွေရဲ့ နောင်လာမယ့် မျိုးဆက်တွေ ဖြစ်လို့ပါပဲ။ ဒီတော့ လက်ရှိအုပ်ချုပ်သူတွေ လုပ်တာမှန်သမျှ သူတို့ဆီကို အကျိုးသက်ရောက်မှုက တိုက်ရိုက်တနည်း သွယ်ဝိုက်တမျိုးနဲ့ သက်ဆိုင်တဲ့ အတွက် သူတို့ကို လူတွေက အာရုံစိုက်ကြပါတယ်။

တကယ်ဆို အဲဒီ ပုဂ္ဂိုလ်လေးများဟာ စေ့စေ့ပေါက်ပေါက် တွေးကြစတမ်းဆိုရင် ပြည်သူ့သည်းချာ ရင်သွေးလေးတွေပါပဲ။ အသက်တွေက ၂၅ ၀န်းကျင်ခန့် တက်ကြွဖြတ်လတ်တဲ့ အရွယ် ညီငယ်အရွယ်၊ မောင်ငယ် အရွယ် သားအရွယ်လေးတွေမို့ လူတော်တော်များများက သူတို့လေးတွေကို ဟိုးအပေါ်က အသုံးမကျတဲ့ စစ်ယူနီဖောင်းဝတ် သက်ကြားအိုကြီးများလို ပုံစံမျိုး မဖြစ်စေချင်ကြပါဘူး။ ယဉ်ကျေးသော၊ ပြည်သူ့ရင်ထဲက ဆန္ဒတွေကို နားလည်သော၊ ပြည်သူနဲ့ အမှန်တကယ် တသားတည်း ရှိသော ခေါင်းဆောင်ငယ်လေးတွေ ဖြစ်စေချင်ကြပါတယ်။

ဒါပေမယ့် အဲဒီပုဂ္ဂိုလ်လေးများအနက် တချို့သော့ တဦးချင်း ရပ်တည်မှုတွေက သူ့အထက် လူကြီးတွေထက်တောင် ပိုဆိုးနေတဲ့ အယူအဆမျိုး၊ သူ့လက်ထက်ကျရင် တွေးတောင် မတွေးဝံ့တဲ့ အတွေးအခေါ်မျိုးတွေကို မြင်လာရတဲ့ အခါမှာတော့ သာမန်ပြည်သူ လူငယ်တွေနဲ့ ဒီပုဂ္ဂိုလ်လေးတွေ အကြားမှာ ပဋိပက္ခတွေ ဖြစ်လာတော့တာပါပဲ။ နားလည်မှုတွေ ဝေးကြရတော့တာပါပဲ။

တခုတော့ ရှိပါတယ်။ ရုရှကကောင်တွေမှန်သမျှ `စစ်ခွေး´ တွေဆိုပြီးတော့ အတင်းကာရောကြီး သိမ်းကြုံးဆဲဆိုနေရင်လည်း ကျနော်တို့ လိုချင်တဲ့ `နားလည်မှု´ က ဘယ်သောအခါမှ သူတို့ဆီက မရနိုင်ပါဘူး။ အဲဒီလိုပဲ `ငါရုရှရောက်နေလို့ပေါ့၊ မြန်မာပြည်မှာသာဆိုရင် အခု ဆန္ဒပြနေတဲ့ကောင်တွေ အမှုန့်ချေပစ်မှာ´ ဆိုတဲ့ အယူအဆမျိုး ကိုင်ထားတဲ့ ရုရှရောက် စစ်ဗိုလ်တွေကိုလည်း ကျနော်တို့က နားလည်ပေးဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ `အလကားပါကွာ အဲဒါ ဘုန်းကြီး အတုတွေ´ လို့ပါ ထပ်မံစော်ကားပြန်တော့ ရန်လိုမှုတွေသာ ပိုတိုးရပါတယ်။

`နားလည်မှု´ ဆိုတာကို တကယ်လိုချင်ရင်တော့ ကျနော်တို့တတွေ ကိုယ်စီ လျှော့ပေးရမယ့် အချက်တွေနဲ့၊ သဘောထားကြီးရင့်ပေးရမယ့် အချက်တွေ များစွာ ရှိနေပါတယ်။ `တကယ်တော့ ကျနော်တို့လည်း ကျောင်းသားပါပဲ၊ ဒီကိုသာ ရောက်နေတာ ရှေ့တန်းတောင် တခါမှ မထွက်ဖူးသေးပါဘူး´ ဆိုတဲ့ လူငယ်လေး တယောက်ကို ကျနော်တို့က `စစ်ခွေး´ လို့ အတင်းကာရော တံဆိပ် သွားကပ်တာမျိုးကိုလဲ ဆင်ခြင်သင့်ပါတယ်။ အဲဒီလို တံဆိပ်ကပ်လိုက်လို့ ကျနော်တို့ လိုချင်တဲ့ နားလည်မှုတွေ ရမလာနိုင်တဲ့ အပြင် ပိုဆိုးသွားနိုင်တဲ့ အခြေအနေတွေက အသင့်စောင့်နေမှာ မလွဲပါဘူး။

`ငါတို့ကတော့ စစ်တပ်မှ စစ်တပ်ပဲ၊ တပ်မတော် လုပ်သမျှ အကုန်မှန်တယ်၊ တပ်မတော်ကိုတော့ လာမထိနဲ့´ လို့ မျက်စိစုံမှိတ် အော်နေတဲ့ စစ်ဗိုလ်မျိုးကိုကျတော့ ဘယ်လိုပြည်သူက ဘယ်လိုနှလုံးသားနဲ့မှ နားလည်ပေးလာမှာ မဟုတ်ပါဘူး။ ဒီတော့ ဟိုဘက်က ပုဂ္ဂိုလ်လေးများလဲ ဆင်ခြင်သင့်ပါတယ်။ နားလည်မှုကို တကယ်လိုလားတယ်၊ တနည်းအားဖြင့် ပြည်သူ့အချစ် သိပ်ခံချင်တယ် ဆိုရင်ပါ။

နားလည်မှု ဆိုတဲ့ စကားရပ်ကို ဆက်စပ်တွေးတောကြည့်တော့ လုပ်သင့်၊ ဖြစ်သင့်တဲ့ အရာတွေက အများကြီး ပေါ်ထွက်လာပါတယ်။ ဒီတော့ ကျနော်တို့ ဘာဆက်လုပ်သင့်ပါသလဲ။ နားလည်မှုတွေက အောက်ဆုံးကနေ ဟိုးအထက်အထိ အဆင့်ဆင့် လိုနေတာကတော့ အမှန်ပါပဲ။ ကျနော်တို့ သေးသေးလေးပဲ ဖြစ်ဖြစ်၊ အကြီးကြီးပဲ ဖြစ်ဖြစ် နားလည်မှုကို အနားမှာ စွဲစွဲမြဲမြဲ ရှိနေစေရင် မကောင်းဘူးလား ခင်ဗျာ။

နားလည်မှု ရှိစွာနဲ့ ဒီစာကို ဆုံးအောင် ဖတ်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။


ကလိုစေးထူး

9 comments:

Anonymous said...

အကောင်းဆုံးကတော့ နားလည်မှုဆိုတဲ့ စကားလုံးသုံးလုံးကို အဓိပ္ပါယ်ဖွင့်နေတာထက် ၊ လက်တွေ့ ပြလိုက်ပါ ။ အပြော နဲ့ အလုပ် ညီဖို့က အဓိကပါပဲ ။

Burmakin said...

Dear Ko KLSH,

We have limited words of "Nar Lei Mu" in our Burmese language.

In English,this Burmese word can be presented as

understanding,comprehension,discerning,descrying,empathy,begrudging,
commiserating,plumbing,fathoming,vicariousness etc. just a few words to be mentioned.

It is so clear that even understanding of "understanding" is according to level of the language civilization.If you think knowledge civilization is also attributable to this understanding,you can conclude that understanding is more dependent on the institutional development of knowledge rather than the individuals' behavior of tolerance or maturity.What Burmese are wrongly thinking from the past to the current bad ages is that everybody is expected to behave the practices of the would-be-Buddha and undermine the roles of institutional development or development of knowledge.Frankly speaking, Burmese are accustomed to think the thinking concepts of their Buddhism or Burmese culture are the best in the world.(Bama Nei,Bama Han).Citing my example, Burmese are even not at the level of understanding of "understanding" to the people who know English.

In your example, before the garden owner became angry at the soldiers, if the soldiers have had an institutional knowledge that strongly convinced them that anybody (even the state) has no right to intrude the private property,such kind of problem would not have happened.In this case, understanding of "collected community" is more important than the tolerance threshold of the sole garden owner.We don't need Bodhisattvas for Burma and we just need "collective understanding" of the people for preventing such problems.

So what is most important in understanding? Simply knowledge. For knowledge, the most important requirement is "information".Without freedom of information in this country or without support for the institutional development for knowledge,no matter how much you are speaking about 4 practices of Bhramans,the human is human or as its origin in Darwinian nature is an animal,Burma is now turning back to the age of barbarians.

Anonymous said...

ခေါင်းစဉ်တွေသာ ပြောင်းသွားပေမယ့် ရုရှားကစစ်သားတွေ အကြောင်းဘဲဖြစ်နေတာတော
နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ရုရှားကလူတွေဟာ စစ်သားတွေဆိုတာမှန်ပေမယ့်
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး တွေနဲ့တော့သက်ဆိုင်မှုမရှိလို့ယူဆပါတယ် ။အင်တာနက်ကို လွဲမှားစွာအသုံးပြု ပြီးစစ်တပ် ကိုယ်စားပြုလိုလိုနဲ့ပြောချင်ရာပြောနေတဲ့ နှစ်ယောက်တစ်ပိုင်းလူအတွက် ကိုကလိုစေထူးရဲ့ စာတော်တော်များများမှာ ဘာအကြောင်းရေးရေး နောက်ဆုံး ရုရှားဘက်လှည့်လာတဲ့အတွက် စိတ်မကောင်း ဖြစ်ရသည်ကတော့ အမှန်ပါ။ပေးထားတဲ့တာဝန်မဟုတ်ဘဲ ငါနိုင်ငံတွင်းရှိရင် ဘယ်လိုလုပ်လိုက်မယ်ဆိုသော၊တပ်နှင့် ပြည်သူစည်းရုံးရေး ကိုပျက်ပြားစေသောစကားများ ကိုပြောဆိုနေသော စစ်ဗိုလ်ကိုအပြစ်မြင်သလို ၊ ကိုယ့်ဘလော့ လူလာကြည့်စေရန်အတွက် နိုင်ငံတော်အပေါ်သစ္စာမဲ့ စကားများပြောနေသော မျှားပြာ(http://bluearrow.myanmarbloggers.org/) လို စစ်ဗိုလ်အတွက်လဲရှက်မိကြေင်းပါ။
ရုရှားရောက်တပ်မတော်သားတစ်ယောက်

hana san said...

koko, You are such a great writer!
I read your writings when I don't (Ah-Myin-Kut) you.
:P

Anonymous said...

ကိုကလိုစေးထူး

မင်္ဂလာပါဗျာ။ ကျွန်တော့်မှာ ငယ်ငယ်တည်းက ခင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သူငယ်တန်းထဲက ၁၀ တန်းပြီး တဲ့အထိ တွဲခဲ့တဲ့သူငယ်ချင်းပါပဲ။ သူနဲ့ကတော်တော်ခင်တယ်။ အခင်ဆုံးသူငယ်ချင်းတွေလို့တောင်ပြောလို့ရတယ်ဗျ။ ခုတော့သူက ရုရှရောက်နေတယ်လေ။ ပြီးခဲ့တဲ့ စက်တင်ဘာတော်လှန်ရေးမှာတုန်းက ကျွန်တော်ကသူ့ကိုမေးတယ်။ စစ်တပ်က ကွာ ဘုန်းကြီးတွေကိုတောင်ရက်ရက်စက်စက်လုပ်ရက်တယ်လို့။ ဒီမှာသူက ဘာပြန်ပြောတယ်ထင်လဲ။ ကိုစေးထူးစာထဲမှာလိုပဲ ဘုန်းကြီးအတုတွေပါကွာ။ ၀ိနည်းတဲ့မညီတဲ့ဘုန်းကြီးတွေတဲ့။ ဘုန်းကြီးဟာ တောင်းဆိုခွင့်မရှိဘူးတဲ့။ ခုလိုတောင်းဆိုတာ ၀ိနည်းနဲ့မညီတဲ့ဘုန်းကြီးအတုတွေပါတဲ့ဗျာ။ ဘယ်လောက်မိုက်ရိုင်းလိုက်လဲ လို့။ သူ့ရဲ့စကားကို ကျွန်တော်ခုထိမမေ့သေးဘူး။ အဲ့ဒီနေ့က ကျွန်တော်တော်တော်ကိုဒေါသ ဖြစ်တယ်။ ဘယ်လိုမှမထင်ထားတဲ့စကားကို အခင်ဆုံးသူငယ်ချင်းက ပြောလိုက်တာပဲဗျာ။ သူနဲ့ကျွန်တော်ဟာအရမ်းခင်တယ်။မိဘချင်းလဲအရမ်းကိုသိကြတယ်။ ဒါပေမယ့်ဒီလိုပြောထွက်တဲ့ အခြေနေ ကိုနားမလည်တဲ့၊ အာဏာကိုသာရစ်မူးနေတဲ့ ဒီလိုကောင်တွေကို ကျွန်တော်တို့က ဘယ်လိုနားလည်ပေးရမှာလဲ အစ်ကိုရ။

Unknown said...

တခါတလေကျတော့လည်း လက်ခံလို့ မရနိုင်တဲ့ အခြေအနေတခုကို အတင်း ကျိတ်မှိတ်ပြီး နားလည်ပေးရတာ ရင်နာဖို့ ကောင်းလွန်းပါတယ်။

Pinkgold said...

ကိုကြီး စေးထူးရေ ထက်တွေးတာကတော့ တစ်ခါ တစ်လေမှာ နားလည်မှုအတွက် ကြားဝင် စေ့စပ်မှုလည်း လိုတာပဲရှင့်

Unknown said...

hello ko say htoo,
your post is good,in our country we all need understanding each other.they all are political parties,military and all ethnic.all of us are stand up for our country.
hta2

Khin said...

မြန်မာပြည်ရဲ့ သားကောင်းတွေထဲမှာ စစ်သားတွေရှိတယ်

အရပ်သားတွေ ကျောင်းသားတွေ ဘုန်းကြီးတွေ အားလုံးပါပါတယ်။

စစ်သားကိုဘဲ မြောက်စားလို့  ရှိရင်စစ်ရူးနိုင်ငံဖြစ်ပြီး လူရာမဝင်ပါဘူး

ကျန်တဲ့သားတွေလည်းစိတ်ငယ်ပြီးပြည်ပထွက်ကုန်ကြမယ်

အကောင်းဆုံးက အရပ်ဘက်ဆိုင်ရာပညာတတ်တွေ ကုန်သည်တွေ ဘုန်းကြီးတွေ ပါ နေရာပေးပြီး သြဇာ သက်ရောက်စေရပါမယ်

သန်းရွှေမောင်အေးရွှေမန်း စသည့်ပွဲတွေဘဲထွက်မနေဘဲ

လူထုကိုယ်စားပြုတဲ့လူတွေ ကို သတင်းမျက်နှာဖုံးတွေမှာဖေါ်ပြပါ

လေးစားအပ်တဲ့  civil society လူမှုအဖွဲ့ အစည်းများ ပေါ့

ကျော်သူ ဇာကနာ စသည်ပေါ့ ဆရာဝန်ကြီးတွေလည်းရှိပါတယ်

ကုန်သည်တွေလည်းရှိပါတယ် ဆရာတော်တွေလည်းရှိတယ်

လူတော်တွေအများကြီးပါ ဆွေးနွေးပွဲတွေလုပ်ကြပါ

ကြံ့ဖွံ့ လို လုပ်ပွဲမဟုတ်တာပါ

စစ်တပ်ကို ရန်မလုပ်ရင်ပေးလုပ်ပါလား

အချင်းချင်းမစောင်းကြနဲ့ပေါ့

ထူးမှမထူးတာ

လူတွေ ကျေနပ်အောင်တော့ပေးပြောရမှာပေါ့

ပွင့်ပွင့်လင်းလင်းရှိကြပါစေ။