Tuesday, January 22, 2008

မရေးဖြစ်တဲ့ ပို့စ်… မတင်ဖြစ်တဲ့ ပုံ…

ကျနော်က နေရာလေး တခုခုကို သွားဖြစ်လိုက်တိုင်းမှာ ကင်မရာလေး တကိုင်ကိုင်နဲ့ ပုံလေးတွေ ရိုက်တတ်ပါတယ်။ ဘလော့ဂ်မှာ တင်ဖို့ တခုခု ရလိုရငြားပါ။ ဓာတ်ပုံပို့စ် အတော်များများလဲ တင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တချို့ပုံတွေကတော့ ကောင်းနိုးရာရာ ရွေးရင်းနဲ့ပဲ ကျန်ခဲ့တာပေါ့။

ဒီနေ့တော့ ဘလော့ဂ်တချို့ကို လိုက်လံ ဖတ်ရှုပြီးတော့ ကျနော့်ရဲ့ ပို့စ်အတင်ကျဲနေတဲ့ ဘလော့ဂ်ကို အသက်ဆက်ဖို့ စာရေးမလား စဉ်းစားတော့ မတင်ဖြစ်ခဲ့တဲ့ အဲဒီ ပုံလေးတွေကို သတိရမိပါတယ်။ မလိုအပ်တော့ဘူး ထင်တဲ့ ပုံတွေကို ဖျက်ပစ်မယ် ကြံပေမယ့် အဲဒီအထဲကမှ ဖျက်ဖို့ နှမျောချင်စရာ ကောင်းနေတဲ့ ပုံလေးတွေကို စာသရုပ်ဖော်နဲ့ အတူ တွဲဖက် တင်ဆက်ပါရစေ။ ဆားချက်တယ်လို့ ပြောချင်လဲ ပြောကြပါတော့။ :)


နွေရာသီရက် တခုတုန်းကပါ။

ကျနော့် ပို့စ် တခုနှစ်ခုမှာ ထည့်ရေးခဲ့ဖူးတဲ့ ကရင်အကိုကြီးရဲ့ စပွန်ဆာ လင်မယားက သူတို့ စပွန်ဆာပေး ခေါ်ထားတဲ့ မိသားစုကို တဖက်တလမ်းက အထောက်အကူပေးတဲ့ ကျနော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ တရက်မှာ သူတို့နဲ့ အတူတူ ကန်ထဲမှာ မော်တော်ဘုတ် အတူစီးဖို့ ဖိတ်တာကြောင့် ဒီနိုင်ငံက ကြေးရတတ်တွေရဲ့ နွေရာသီ အပန်းဖြေကြပုံ တနည်းကို လေ့လာခွင့် ရခဲ့ပါတယ်။

ငါးမိုင် ပတ်လည်လောက် အကျယ်အ၀န်းရှိတဲ့ ရေကန်ပတ်ပတ်လည်မှာ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ အိမ်တွေ ဆောက်လုပ်နေထိုင်ကြတဲ့ အမေရိကန် သူဌေးကြီးတွေဟာ နွေရာသီရောက်ပလား ဆိုရင် အဲဒီကန်ကြီးထဲမှာ ရေလွှာလျှောစီး ကစားသူကစား၊ ငါးမျှားသူ မျှား၊ နေပူဆာလှုံသူ လှုံနဲ့ အပန်းဖြေကြပါတယ်။ ထူးခြားလှတဲ့ အဲဒီရေကန်မှာ ရေအနက်ဆုံးနေရာက ဆယ့်ငါးပေခန့်သာ ရှိပါသတဲ့။




ကျနော်တို့ အလုပ်ရုံက Tools တွေကို ဖြတ်တောက်၊ ပုံဖော်တဲ့ လုပ်ငန်းအပြင် အမ်-၁၆ သေနတ် ချိန်သီးနဲ့ ပြောင်းကာတွေကို ဆေးတင်၊ တံဆိပ်ရိုက်တဲ့ လုပ်ငန်းကိုပါ ဌာနတခုအနေနဲ့ လုပ်ပါတယ်။ ဒီနိုင်ငံမှာ ဒါတွေက ပုဂ္ဂလိက လုပ်ငန်းတခုအနေနဲ့ လုပ်ကိုင်ခွင့်ရတဲ့ အတွက် သူတို့ အတွက်တော့ သိပ်မထူးဆန်းလှပေမယ့် ကျနော့်အတွက်ကတော့ အလုပ်စ၀င်ခါစအချိန်တုန်းက အတော်လေး ထူးဆန်းခဲ့ပါသေးတယ်။

ပုံမှာ မြင်ရတာကတော့ ဘဏ်လုံခြုံရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် ဂျပန်နိုင်ငံကို အိတ်စပို့ လုပ်မယ့် သေနတ်ကျည်ဆံ တချို့ပါ။ ကျည်ဆံထုတ်လုပ်တာက တနေရာ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ တံဆိပ်ကိုတော့ ကျနော်တို့ စက်ရုံမှာ လာရောက် ရိုက်နှိပ်ပါတယ်။ ကျည်ဆံတွေကို ရေတွက် စာရင်းသွင်းရတဲ့ အဲဒီအချိန်တုန်းက ကျနော့် စိတ်ထဲမှာ တစုံတခုကို ခံစားရသလို မသိုးမသန့် ဖြစ်မိလို့ ဒီပုံကို ရိုက်ခဲ့ပေမယ့် ပို့စ်တခု အဖြစ်တော့ မရေးဖြစ်ခဲ့လိုက်ပါဘူး။




Niagara ရေတံခွန် ခရီးတုန်းက ပုံပါ။

ရေတံခွန်အနီးက ပန်းခြံထဲကနေ ရေတံခွန်ကို ထိုင်ငေးနေကြတဲ့ အဲဒီ မြန်မာဘုန်းတော်ကြီး သုံးပါးကို မြင်တော့ ညနေကနေရီရီ ရေတံခွန်က ရေပန်းဖွားတွေက တဖွားဖွား ကိုယ်တော်သုံးပါးရဲ့ ဦးပြည်းတော်တွေက တပြောင်ပြောင် အဲ…၊ ဟုတ်ပေါင် :D ။ အဲဒီတုန်းကတော့ ကျနော် ပို့စ်တခုကို ရေးမလားလို့ စိတ်ကူးပေါက်ပြီး ဒီပ

ုံလေးကို ရိုက်ဖြစ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ဘုန်းဘုန်းတွေနဲ့ ရေတံခွန်ကို ဘယ်လို စာဖွဲ့ရမယ် မသိခဲ့ပါဘူး။ :D


ဒီပုံကို ကျနော့်ရဲ့ ဇာတ်လိုက်ကျော်ကြီး အမိုးရဲ့ အိမ်မှာ ခရစ်စမတ်ပွဲ လုပ်တုန်းက ရိုက်ထားတာပါ။ သာမန်အားဖြင့် ကြည့်လိုက်ရင်တော့ ဒီပုံလေးက ဘာမှ မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် သေသေချာချာကြည့်လိုက်ရင်တော့…။

ပုံထဲမှာ ပါတဲ့ အမေရိကန်ကြီးက အမိုးတို့ကို စပွန်ဆာပေး ခေါ်ယူထားတဲ့ သူဌေးကြီး တယောက်ပါ။ အဲဒီ လူကြီးက အမိုးရဲ့ ခရစ်စမတ်ပွဲလေးကို ရောက်လာတဲ့ အခါမှာ အိမ်ထဲမှာ ရှိတဲ့လူ အားလုံး ဖိနပ် မစီးကြတာကို မြင်တော့ သူ့ဖိနပ်ကို အပြင်မှာ ချွတ်ခဲ့တဲ့ အပြင်၊ အသက်အရွယ်ကြီးရင့်သူကို ခုံပေါ်မှာ ထိုင်စေပြီးတော့ တခြားသော ငယ်ရွယ်သူတွေက အောက်ကြမ်းပြင်မှာ ထိုင်ကြတဲ့ မြန်မာဓလေ့ အရိုအသေပေးမှုကို သတိထားမိတော့ သူထိုင်နေတဲ့ ဆိုဖာပေါ်ကနေ အောက်ကို ချက်ချင်းကို ဆင်းထိုင်ပါတယ်။ အမိုးက ကရင်ဘာသာနဲ့ ခရစ်စမတ် သီချင်းတပုဒ်ကို ဆိုတော့ သူကလည်း အဲဒီ သံစဉ်အလိုက်အတိုင်း အင်္ဂလိပ်စာသားနဲ့ လိုက်ဆိုရင်း ပျော်ပျော်ပါးပါးနဲ့ပဲ ခရစ်စမတ်ပွဲလေးကို နွှဲသွားပါတယ်။

ငွေကြေးချမ်းသာပြည့်စုံသူ ဖြစ်ပေမယ့် မောက်မာထောင်လွှားခြင်း အလျဉ်း မရှိတဲ့ အပြင် တခြားသော လူမျိုးရဲ့ ဓလေ့စရိုက်ကို အလေးထား လိုက်နာပေးတာကတော့ နမူနာ ယူစရာပါပဲ။

***

နောက်များ ကြုံကြိုက်ခဲ့ရင်လည်း အဆင်ပြေသင့်တော်မယ့် ပုံတွေနဲ့အတူ သရုပ်ဖော်စာတွေနဲ့ တွဲဖက် တင်ဆက်ပါအုံးမယ်။ သဘောကတော့ ဆားထပ်ချက်စရာလေးတွေ ရှိသေးတယ်ပေါ့။ :D

လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ကျနော် ရေးးဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေကို အားပေးခဲ့ကြတဲ့ မိတ်ဆွေ မောင်နှမများကို အထူးကျေးဇူးတင်ပါတယ်လို့လဲ ဒီပို့စ်ကနေ တဆင့် ပြောပါရစေခင်ဗျာ။ ကျနော် နောက်ထပ် ရေးဖို့ ရည်ရွယ်ထားတဲ့ ၀တ္ထုတိုလေးတွေ ရှိပါသေးတယ်။ ထပ်မံ အားပေးကြပါအုံး။ အားလုံးကို ကျေးဇူးပါ။


ကလိုစေးထူး

5 comments:

Winkabar said...

ဆားချက်တယ်လို့တော့ခေါ်လို့မရဘူးထင်တယ်။ ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဆိုတော့လေ။ ဆားထုတ်တယ်လို့တော့ ခေါ်လို့ရမယ်။ :P ။

Niagara Fall မှာ အဲနားလောက်အထိတောင်သွားထိုင်လို့ရတယ်နော်။ တော်တော်နေလို့ကောင်းမှာပဲ။ ရေတွေမျက်နှာကိုလာစင်နေမှာပဲနော်။ သမီးတို့သွားတုန်းက လူတအားများတော့ အနားတောင်မရောက်ဖြစ်ပါဘူး။ သင်္ဘောနဲ့တော့ရေတံခွန်အောက်ကို သွားဖြစ်တယ်။ အဲလိုနေရာမျိုးကိုတော့ မရောက်ဖြစ်လိုက်ဘူး။ တော်တော်တော့ လှတဲ့ရေတံခွန်ပဲနော်။

nu-san said...

Niagara Fall ကိုတော့ ရောက်ဖူးချင်သား..

ဓာတ်ပုံတွေနဲ့အတူ စာတွေပါ တွဲဖက်ရတာလည်း ရသ တစ်ခုပဲ မဟုတ်လား ဆားချက်တယ်လို့လည်း မဟုတ်ဘူးပေါ့..:D

ဝတ္ထုတိုတွေလည်း အားပေးနေပါတယ်ဗျို့.. :)

မောင်မျိုး said...

မြန်မာ့ ဓလေ့လေးကို နိုင်ငံခြား လူမျိုးတွေ လဲလေးစားကြတယ်ဆိုတာ သိရလို့  ၀မ်းသာစရာလေးပါ ...ပို့ စ်ကောင်းလေးတွေအတွက် အမြဲကျေးဇူးးပါဗျာ

တန်ခူး said...

ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် စိတ်ဝင်စားအောင် ရေးတတ်တာ အနုပညာပါ။ အနုပညာမြောက်တဲ့postလေးတွေ အတွက် ကျေးဇူးပါကိုစေးထူး။ ဝတ္ထုအသစ်လေးတွေ စောင့်မျှော်ရင်း...။

Thet Oo said...

ကိုယ့်ဘလော့မှာ ကောင်းမယ်ထင်တာလေးတွေ တမျိုးနဲ့ တမျိုး မရိုးအောင်တင်နေတာ ဆားချက်တာ မဟုတ်ပါ။ ဓါတ်ပုံတွေတင်သလို ဗီဒီယိုတွေလည်း တင်လို့ရပါတယ်။ အားပေးလျှက်ပါ...