Thursday, January 10, 2008

တထောင့် တနေရာ…

တန်ဖိုးသတ်မှတ်မှုနှင့် လဲလှယ်မှုကို ဘယ်သူတွေကများ တီထွင်ခဲ့လေသလဲတော့ မပြောတတ်ပါ။ ဒါပေမယ့် အဆင့်ဆင့်သော ပုံနှိပ်မှုများ၊ စစ်ဆေးကြပ်မတ်မှုများ အပြီးတွင်တော့ သူ့ခန္ဓာကိုယ်က သစ်လွင်သင်းပျံ့သော ငွေစက္ကူတချပ် အဖြစ် လူသားတို့၏ အကျိုးကို သယ်ပိုးရန် တက်ကြွနေ၏။ အစိမ်းရောင် လွှမ်းသော ငွေစက္ကူလေး သူ့ကို လူတွေ သတ်မှတ်ပေးလိုက်တဲ့ တန်ဖိုးတခုက ၂၀ ကျပ်…။

***

လူသားတွေမှာတော့ မွေးကင်းစ ကလေးဆိုသည်မှာ အလွန် ဂရုစိုက်ခံရတတ်လိုက်ပါသည့် အမျိုး၊ သက်ရှိပေကိုး…။ သူ့မှာတော့ ငွေကင်းစ အရွယ်ရောက်ပေမယ့် လောကကြီးကို တော်တော်နှင့် ဘာမှန်း သိခွင့် မရသေး။ သူနှင့်တကွ ဖွားဖက်တော် ၉၉ ချပ်သော ငွေစက္ကူတွေနှင့် အတူတူ သေတ္တာကြီး တခုထဲတွင် အတော်ကြာအောင် နေလိုက်ရသည်။ သူ့ဘေးက တန်ဘိုးကြီး အကိုတော်တွေကိုတော့ ဟောတအုပ်၊ ဟောတအုပ်နှင့် ယူသွားလိုက်သည်မှာ တဖြုတ်ဖြုတ်။ သူတို့မှာသာ မှောင်ပိန်းလှသည့် သေတ္တာကြီးထဲက တော်တော်နှင့် ထွက်ခွင့် မရ…။

ဒါပေမယ့် တရက်မှာတော့ ဘာစိတ်ကူးပေါက်သည် မသိ။ သူတို့ကို တစုံတယောက်က သေတ္တာကြီးထဲကနေ လာထုတ်၏။ ဒါပေမယ့် သိပ်တော့ မကြာလိုက်ပါ။ ဘဏ်တိုက်တခုကို ပို့ဆောင်ခြင်း ခံရပြီး သေတ္တာမှ သေတ္တာသို့ ပြောင်းလဲ ထားရှိခံရခြင်း သက်သက်သာ ဖြစ်ပြီး မွန်းကျပ်မြဲ မွန်းကျပ်နေရပြန်သည်။

***

`ကျနော့်ကို ၂၀ တန် တအုပ် ပေးပါ´

တရက်မှာတော့ ဘဏ်ကို လာသည့်လူတွေထဲမှ ခပ်၀၀ဖိုင့်ဖိုင့် လူကြီးတယောက်က ဘာအတွက်လဲတော့ မသိ၊ ၂၀ တန်တွေ လိုတယ်ဆိုတော့ ဘဏ်စာရေးက သူတို့ တအုပ်လုံးကို ထိုလူကြီးဆီ ပေးလိုက်သည်။ ဘာအတွက် သူတို့ကို အလိုရှိသည် ဆိုတာ မသိပေမယ့် သူတို့ ညီအကိုတွေ ပျော်ပါသည်။ လောကကြီးနဲ့ ထိတွေ့ခွင့် ရတော့မည်လေ…။

***

တကယ်တော့ ထိုလူကြီးက သူ့မိသားစုနှင့် အတူတူ ဘုရားဖူးသွားရင်း လမ်းမှာ တွေ့သည့် အလှူခံမဏ္ဍပ်တွေမှာ လှူဖို့အတွက် သူတို့ကို ခေါ်လာခြင်းပင်။ အလှူခံ မဏ္ဍပ်တခုကို တွေ့တိုင်း ခွဲခွာသွားကြသည့် ညီအကို တယောက်ခြင်းစီကို ကျန်သူတွေက လက်ပြနှုတ်ဆက်ကြရင်း တခါမှာတော့ သူ့အလှည့်ကို ရောက်လာ၏။

လူကြီးပစ်ချလိုက်သည့် လေအလျင်မှာ မြူးတူးစွာ ခုန်ပေါက်လွင့်ပါးရင် နောက်သခင် အသစ်ဆီကို သွားဖို့အတွက် ကျန်နေခဲ့သည့် ညီအကိုများကို နှုတ်ဆက်လိုက်၏။

`ဟယ်၊ ၂၀ တန် အသစ်လေးတော့´

တလွင့်လွင့်နှင့် ကားပေါ်က ကျလာသည့် သူ့ကို မြင်တော့ လမ်းမပေါ်က ငွေဖလားသံ တချွင်ချွင်နှင့် အလှူခံကောင်မလေးက ကျေနပ်စွာ ဆီးကြိုသည်။ စိတ်ထဲမှာ သူ့ကိုယ်သူ ဂုဏ်ယူချင်သလိုလိုတောင် ဖြစ်သွား၏။

ဒီလိုနဲ့ သစ်လွင်တောက်ပသော သူ့ကို အလှူခံကောင်မလေးမှ တဆင့် ဂေါပက လူကြီး၊ ဂေါပက လူကြီးမှတဆင့် ရုပ်ဆိုးဆိုး ဂေါပက လူကြီးရဲ့ မိန်းမ၊ ဂေါပကလူကြီးရဲ့ မိန်းမမှတဆင့် ကုန်စုံဆိုင် ပိုင်ရှင် တယောက်၊ ကုန်စုံဆိုင် ပိုင်ရှင်မှ တဆင့် သူ့သမီး၊ သူ့သမီးမှတဆင့် ကံအားလျော်စွာဖြင့် သူရောက်သွားသည်က ငွေကြေး အတော်အတန် ချမ်းသာဟန် မိန်းမကြီးတယောက်။ ထိုမိန်းမကြီးဆီမှာတော့ သူ ရက်အတော် ကြာသွားပြန်ပါသည်။ ထိုမိန်းမကြီးရဲ့ ပိုက်ဆံအိတ်ထဲမှာ တခြားသော ပုံစံပေါင်းစုံ ငွေစက္ကူတွေနဲ့ နေရသည်မှာ မွန်းလိုက်သည့် ဖြစ်ခြင်း။

ပြောရအုံးမည်။ လူတွေက အလွန် နားလည်ရခက်လှ၏။ ထိုမိန်းမကြီးရဲ့ အိတ်ထဲမှာ နေစဉ်အခိုက် တနေ့မှာ သူ့လိုပင် ၂၀ တန်တရွက် အိတ်ထဲရောက်လာသည်။ ဒါပေမယ့် ထို ၂၀တန်က သူတို့လို အစိမ်းရောင် မဟုတ်။ အညိုရင့်ရောင် စွက်သော အစိမ်းရောင်မဟုတ် ဘာမဟုတ်အရောင်။ မျက်နှာဖြူတယောက်ပုံနဲ့ အဲဒီ ၂၀ တန်က တော်တော် ဆောင့်ကြွားကြွားနိုင်လွန်းတော့ သူနဲ့တကွ တခြားသော ခြသေ့င်္ရုပ်ပါ ညီအကိုတွေ ပေါင်းပြီး ဒင်းကို ဖုံးထားလိုက်သည်။

သူတို့ သခင်မက ဒါကို တော်တော်နဲ့ မသိ။ ဒါပေမယ့် တရက်မှာတော့ ကံဆိုးလှစွာဖြင့်ပင် ထိုမိန်းမကြီးက သူ့သားလေးကို မုန့်ဖိုးပေးဖို့ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ သူတို့ကြားထဲမှာ ညှပ်နေသော ဟိုငနဲသားလေးကို တွေ့သွား၏။

`ဟယ်၊ ဒီ ဒေါ်လာ ၂၀ တန်က ဘယ်လိုဖြစ်လို့ ဒီထဲမှာ ရောက်နေတာပါလိမ့်´

၂၀ တန်ခြင်း အတူတူ ဟိုကောင့်ကိုမှ ဘာကြောင့် ဦးစားပေးရသလဲဆိုတာ သူ ဘယ်လိုမှ နားမလည်နိုင်ပါ။ ဒါပေမယ့် ဟို သကောင့်သားကတော့ ထောင့်မကျိုးလှစွာဖြင့်ပင် သခင်မကြီးက တယုတယဖြင့် တခြားသော ငွေအိတ်လေးထဲမှာ သိမ်းထားခြင်းကို ခံလိုက်ရပါသည်။ မိန်းမကြီးက ပြောလိုက်သေးသည်…၊ ဘာတဲ့…

`မြန်မာငွေတွေထဲ ရောထားမိတယ်၊ ဒီအကြွေတွေကလည်း ရှုပ်လိုက်တာ´ …တဲ့။

နောက်တော့ ထိုမိန်းမကြီးက ရက်စက်လှစွာဖြင့်ပင် လမ်းဘေးမှာ တောင်းရမ်းစားနေသော သူဖုန်းစား တယောက်ထံသို့ သူ့ကို ပို့လိုက်လေတော့သည်။

***

သူဖုန်းစား ဆီမှာ နေရသည့် ရက်တွေကတော့ သူ့အတွက် မျက်နှာ အငယ်ဆုံး နေ့ရက်များပင်…။ ချွေးတွေနဲ့ စေးကပ်နေသည့် သူဖုန်းစားရဲ့ ပုဆိုးစုတ်လေးထဲမှာ နေရင်း သူ့ဘ၀က မသစ်လွင်နိုင်တော့။ `သူတောင်းစားဆီက ပိုက်ဆံ´ ဆိုပြီး ငွေချင်းအတူတူ မယူချင်ကြသော တချို့ ဈေးဆိုင်ပိုင်ရှင်တွေကို သူ ဘယ်လိုမှ နားမလည်နိုင်။ သူတို့မှာတော့ ငွေစက္ကူသာဖြစ်ပါစေ၊ လူတွေရဲ့ အကျိုးကို ဆင်းရဲချမ်းသာမရွေး ရှိသည့်တန်ဖိုးနှင့် တိုက်တန်အောင် အကျိုးပြုပေမယ့် လူတွေကတော့ ဒီလိုမဟုတ်ပါလား။

ဒါပေမယ့် တခါမှာတော့ ထိုသူဖုန်းစား သွားဝယ်သော မုန့်သည် တယောက်က သူ့ကို လက်ခံလိုက်သည်။ မုန့်သည်ဆိုတော့ ပိုက်ဆံကို အဆင့်အတန်းခွဲနေဖို့လဲ အခြေအနေပေးဟန် မတူ။ မုန့်သည်ထံမှာလည်း သိပ်မကြာလိုက်ပါ။ ရခိုင်ပြည်ဘက်ကို ခရီးသွားမည့် လူတယောက်ကို ငွေပြန်အမ်းရင်းနဲ့ သူ့ကိုပေးလိုက်တော့ သူလဲ ထိုလူနှင့် အတူတူ ရခိုင်ရိုးမဆီသို့…ပေါ့။

***

ရခိုင်ပြည်နယ်သို့ အသွားခရီးက သူ့အတွက် သာယာပါဘိ။ လူကြီးရဲ့ အိပ်ကပ်ထဲမှာပေမယ့် အပြင်မှ တဖျပ်ဖျပ် တိုက်ခတ်နေသော လေကြောင့် သူ့မှာ လန်းဆန်းရသလို အဖြူရောင်ပါးလှပ်လှပ် အကျီင်္ အိတ်ကပ်ထဲမှ တဆင့် အပြင်လောကကိုလဲ ၀ိုးတ၀ါးမြင်ခွင့် ရနေသေးသည်။

ဒီထက် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ထိုလူကြီးရဲ့ မိတ်ဆွေဖြစ်ဟန် တူသူ လူတယောက်နှင့် လမ်းတလျှောက် သူတို့ အချင်းချင်း ခပ်အုပ်အုပ်ပြောနေကြသော အသံပင်။

`ဒီကောင်တွေ တော်တော် ရက်စက်တယ်ဗျာ´

`ဟုတ်တယ်၊ ဘုန်းကြီးတွေကိုတောင် ရိုက်တာဗျာ၊ သိပ်မိုက်ရိုင်းတာပဲ`

`မကြာပါဘူးဗျာ။ ဒီလောက် ယုတ်မာတဲ့ကောင်တွေ ဘေးတွေ့မှာပါ´

`ဒါပေါ့ဗျ´

လူကြီး နှစ်ယောက်ပြောနေကြတာကို ကြားရသည်က သူ့အတွက်တော့ ရင်ထိတ်စရာ။ ဘယ်လိုပါလိမ့်။ လူတွေက ဒီလောက်တောင် ရက်စက်တတ်တယ်လား။ ဘယ်လိုလူတွေက ဘယ်လိုဖြစ်ပြီး ဒီလောက် ရက်စက်တတ်တာပါလိမ့်။ တော်ပါသေးသည်။ အဲဒီလို ရက်စက်သော သူတွေရဲ့ ပိုင်ဆိုင်ခြင်းကိုတော့ ကံကောင်းထောက်မစွာဖြင့် သူမခံရပေလို့။ နို့မို့ရင် သူ့ဘ၀က သူဖုန်းစားလက်ထဲမှာ နေရသည်ထက်ပင် ပို အနှိမ်ခံရမလား မသိနိုင်ပါ။

ရခိုင်သံ ၀ဲတဲတဲဖြင့် သူ့သခင် လူကြီးက အိမ်ကိုရောက်တော့ တခြားသော သူ့မိတ်ဆွေတွေနှင့် တစုံတခုကို တိုးတိုးကြိတ်ကြိတ် တိုင်ပင်ကြပြန်၏။

`ဘာပဲ ဖြစ်ဖြစ် ငါတို့ တခုခုတော့ လှုပ်ရှားမယ်ကွာ´

တိုင်ပင်ပြီးနောက်တော့ ထိုလူကြီးတွေကလည်း ငွေစက္ကူတချို့ကို ယူလာကြပြီး သူနှင့်အတူတူ စားပွဲတခုပေါ် ဖြန့်ခင်းလိုက်ကြသည်။ ခဏအကြာမှာတော့ တယောက်က ဘောလ်ပင်ဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် တစုံတခုကို ရေးခြစ်လိုက်သည်။ တခြားသော ငွေစက္ကူတချို့ပေါ်တွင်လည်း သူ့လိုပင် လိုက်ရေးတာကို မြင်လိုက်ရသည်။ ဒီ့နောက်မှာတော့ သူ့ခန္ဓာကိုယ်က…


***

သူ့ကိုယ်ပေါ်က စာတန်းကို တွေ့တော့ တချို့က ကြောက်လန့်ဟန်ပြသည်။ တချို့က အားရဟန်ပြ၏။ တချို့က နောက်ထပ် ငွေစက္ကူတွေပေါ်မှာ သူ့ဆီက စာတန်းလို စာတန်းမျိုး ရေးရင် ထပ်ဖြန့်ကြသည်။ ဘာပဲဖြစ်ဖြစ် သူပျော်ပါသည်။ မတရားမှုတခု ကျဆုံးရေးအတွက် သက်မဲ့ဖြစ်ပေမယ့် သူသည်လည်း ပါဝင်ခွင့် ရလိုက်သည်လေ။



ကလိုစေးထူး


(၀န်ခံချက်…။ ငွေစက္ကူပုံအား ဘားမားတူဒေး သတင်းဝက်ဘ်ဆိုက်မှ ယူငင်သုံးစွဲပြီး ခံစားရေးဖွဲ့ပါသည်)

13 comments:

ညီအကိုများ said...

really great!!!!... Bro...

ko nay(YNP)

Anonymous said...

ပြည်ပမှာနေပြီး ပြည်ပအားကိုးနေ၊ ကိုယ့်အမျိုးအစစ်ကိုတော့ ဘာဖြစ်ဖြစ်ဆိုပြီး လုပ်နေတာကတော့ တရားလွန်လွန်းတယ်လို့ ထင်ပါတယ်။ အခြားတိုင်းပြည်တွေမှာ ကိုယ့်ထက် တိုးတက်တာတွေကို ဘယ်လို အတုယူရမလဲ၊ ဘာတွေကြိုးစားဖို့ လိုသေးလဲဆိုပြီး သုံးသပ်ပြုပြင်ရမယ့်အစား ဆရာကြီးတွေ သင်ပေးထား တဲ့အတိုင်း ပေးတာယူ ကြွေးတာစား၊ ခိုင်းတဲ့အတိုင်းလုပ် နေတာကမှ ကိုယ့်အခွင့်အရေးကို ငွေကြေးနဲ့ လဲနေရတာ ဆိုတာလဲ သဘောပေါက်ဖို့ ကောင်းပါတယ်။

ကလိုစေးထူး said...

ညီအကိုများ…၊ ဟုတ်… ကျေးဇူးပါခင်ဗျာ။
ကျေးစေတမန် လင့်ခ်ချိတ်ထားတဲ့ စူးရှမေတ္တာ အမည်ခံရေ…၊
ပေးတာယူ ကျွေးတာစား၊ ခိုင်းတာလုပ်ပြီး ကိုယ့်ပြည်သူအစစ် ဘာဖြစ်ဖြစ်လုပ်နေတာက တရားလွန်လွန်းတယ်လို့ တကယ်ကို ထင်တယ်ဆိုရင်တော့ အဲဒီလို လူတွေ မြန်မာပြည်ထဲမှာ မနည်းဘူးခင်ဗျ။ ခင်ဗျား လူမှားပြောနေမိပြီ ထင်တာပဲ။ ကျနော်က ဒီနိုင်ငံမှာ အလုပ်မလုပ်ဘဲ ဘာတပြားတချပ်မှ မရသလို အဲဒီလုပ်နေတဲ့ အလုပ်ဆိုတာကလည်း ဘယ်အဖွဲ့အစည်းအတွက်မှ လုပ်နေတာ မဟုတ်တဲ့ သာမန်အလုပ်သာ ဖြစ်ပါတယ်။ ဒီဘလော့ဂ်ကို ရေးနေတာက ခင်ဗျား ရမ်းသမ်းပြောသလို ဟိုဆရာကြီး၊ ဒီဆရာကြီးတွေက `ရေးစမ်းကွာ´ ဆိုပြီး ခိုင်းလို့ရေးတာ ဟုတ်မဟုတ်ဆိုတာကို ကျနော့်ဘလော့ဂ်ကို အစဉ်တစိုက် ဖတ်လာတဲ့လူတွေ နားအလည်ဆုံးမို့ အထူးအထွေ မပြောတော့ပါဘူး။
တကယ်တော့ ဒီပို့စ်ကို ကျနော်က ၀တ္ထုတိုပုံစံ ကြိုးစားတင်ဆက်ကြည့်တာက ကျနော့် အကြောင်းနဲ့ ကျနော်ပါ။ မက်ဆေ့တခုကို ရသနှောပြီး ကိုယ်ပေးချင်တဲ့ လူတွေဆီကို ရအောင် ပေးတဲ့ စာမျိုး ကြိုးစားကြည့်ချင်တဲ့ သဘောပါ။ ခင်ဗျား အခု လာပြောတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ အချက်တွေ ကျနော့်ရဲ့ အခုပို့စ်ထဲမှာ ဘာတခုမှမပါသေးပါဘူး။ သိပ်ကို ဆော်ပလော်တီးချင်သပ ဆိုရင် နောက်ပို့စ်တွေကို မျှော်လိုက်ပါအုံး။ ဘာပဲဖြစ်ဖြစ် ကျနော့် အတွက် ပေးလိုက်ရတဲ့ ခင်ဗျားရဲ့ အချိန်တွေ အတွက်တော့ ကျေးဇူးပါ။ စိတ်ကြည်လင်ပါစေ။

Anonymous said...

ကိုကလိုစေးထူးရေ...နှစ်သက်စရာကောင်းတဲ့ ရသဟန် ပို့စ်လေးပါပဲ၊ ကျနော် ခံစားလို့ရတယ်ဗျ၊ ငွေစက္ကူလေး တစ်ချပ်ကိုသိုင်းဝိုင်းပြီး ရေးထားတာ အင်မတန်ကောင်း တဲ့စိတ်ကူးလေးပါပဲ။

ကျနော်သဘောကျတာက ၂၀ တန်လေးက ဂေါပက လူကြီးကတဆင့် သူ့အလုပ်ကိုရောက်ရမယ့် အစား သူ့မိန်းမဆီကို ရောက်သွားတာကိုပါ :-)

ဒီပို့စ်လေးအတွက် ချီးကျူးပါတယ်ဗျာ...။

Anonymous said...

ko sayhtoo,
very good post!
nyilynnthick's comment is very reasonable. Although i already read this post, i did not care that phrase.:)

M.Y. said...

ခေတ်သရုပ်ဖော်ရသ၀တ္ထုတစ်ပုဒ်။ ၂၀တန်တစ်ရွက်နှင့်လ္ဘက်ရည်တစ်ခွက်တောင်မသောက်နိုင်၊ဘတ်စကားတစ်ခါမျှမစီးနိုင်ပုံပါထည့်လိုက်လျင် ခေတ်၏ကျပ်တည်းရုန်းကန်နေရမှုများ ပုံပိုပေါ်သွားမည်ဟုထင်ပါသည်။ မည်သို့ ဆိုစေအဆုံးသတ်ထားသည့် ဇာတ်ကြောင်းက ခေတ်၏လိုအပ်ချက်၊ ခေတ်၏အသံကို ကိုယ်စားပြုရေးဖွဲ့ ထား၏။ တထောင့်တစ်နေရာမှ ၂၀တန်ကလေး တာဝန်ကျေပါပေသည်။

ကလူသစ် said...

သူတို့ပြောတဲ့အတိုင်းပဲ :)

Anonymous said...

ဒီပို့စ်ရဲ့ အိုင်ဒီယာ နဲ့ ရေးဟန် ၊ ဆက်စပ်ထားတာတွေ အတော်လေးကောင်းတယ် ။ ညီလင်းသစ်ပြောတဲ့ နေရာကိုလည်း သတိထားလိုက်မိပြီး ၊ သဘောကျမိတယ် ။ M.Y ပြောတာလေးလည်း သဘောတူတယ် ။

pandora said...

အထက်က ပြောကြတဲ့ အတိုင်း (အဟဲ အပျင်းခိုကြည့်တာ)
ဒီပို့စ်လေး တင်ပြပုံကို သဘောကျတယ်
အားပေးလျက်
ပဒရ

nu-san said...

ကိုစေးထူးရေ.. တကယ်ကောင်းတဲ့ပို့စ်လေးပဲ.. တင်ပြထားပုံလေးကိုသဘောကျတယ်... သက်မဲ့ဖြစ်တဲ့ ၂၀ တန် ငွေစက္ကူကတောင် သူ့တာဝန်ကို သူကျေပွန်အောင် ဆောင်ရွက်သွားတယ်နော်..

Kaung Kin Ko said...

ရေးတတ်လိုက်တာဗျာ။ အရမ်းကြိုက်တယ်။ :-)

Anonymous said...

u r tallent bro, keep on man

Khin said...

အင်း ဘာစိတ်ထဲရောက်လာတာရေးရမလဲဆိုတော့
၂၀ တန်ဆိုတာ မသုံးတာကြာပါပြီဆိုတာသတိရပါတယ်

၅၀ တန်တွေတောင်မှတော်တော်စုတ်တာ

၅၀၀ တန် နဲ့ ၁၀၀၀ တန်ဘဲ လက်နဲ့ ကိုင်လို့ ရတာရှိပါတယ်။

သိပ်မညစ်ပတ်သေးဘူးပေါ့။

နိုင်ငဲခြားမှာ အကြွေတွေသုံးလို့ ရသေးတာ ထူးဆန်းနေမိတယ်

အော် သူတို့ ၁၀ ပြား ၅ပြားတွေနေရာရှိသေးတာကိုး

ရန်ကုန်မှာ နိုင်ငံခြားငွေဘဲ တရားဝင်ပေးကိုင်လိုက်ရင် အေးတာပေါ့ လို့ အကြံပေးချင်ပါတယ်

နိုင်ငံခြားဘဏ်တွေပေးဝင်လိုက်ရင်လည်းအေးတာပါဘဲ

ဗမာ့နည်း ဟန်တွေကတော့ ဆေးမီးတိုတွေဖြစ်နေတာပါဘဲ

လူထုရဲ့ အစိုးရအပေါ် ယုံကြည်မှုဟာလည်း သုညရောက်နေတယ်

ဘာဘဲလုပ်လုပ် အကောင်းပြောခံထိမှာမဟုတ်ပါ

ဒါကိုအကောင်းဘက်ကကြည့်ရင်တိုးတက်နိုးကြားမှုပါ

ရန်ဖြစ်ကြပါ ကောင်းပါတယ်

အတိုက်အခံဆိုတာ ရှိလေကောင်းလေပါဘဲ

အချိန်တန်တော့နွားပိန်ကန်မှာပေါ့

ဒီမိုကရေစီဆိုတဲ့ အန္တရာယ်ကြီးကိုစောစော

ရင်ဆိုင်တွေ့ လိုက်လေ အေးလေပါဘဲ

ရေထဲကန်ချလိုက်တော့လည်းရေကူးတတ်ကုန်တာပေါ့

အားလုံးအပြုသဘောနဲ့ ဆွေးနွေးနိုင်ကြပါစေ။။