Friday, February 08, 2008

နိုင်ငံခြား သွားမယ်ဆိုရင် …(၂)

လွန်ခဲ့တဲ့ တလကျော်က ဖြစ်ပါတယ်။

မြန်မာပြည်က မိတ်ဆွေ တယောက်ရဲ့ အစပျိုးပေးမှုကြောင့် ပြည်ပရောက် မြန်မာတွေရဲ့ အတွေ့အကြုံတွေကို ဝေမျှကြတဲ့ `နိုင်ငံခြားသွားမယ်ဆိုရင်´ ဆိုတဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်က အဲဒီ မိတ်ဆွေလေးရဲ့ မေးခွန်း ၈ ခုကို ကျနော်နဲ့ လက်လှမ်းမီရာ ပြည်ပရောက် မိတ်ဆွေတွေကို လိုက်လံ ဖိတ်ကြားရင်းနဲ့ အဲဒီပို့စ်ကို ပုံဖော်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကျနော့်ဆီကို စာတစောင် ရောက်လာပါတယ်။ ကျနော့်ဘလော့ဂ်ကို လာဖတ်မိတဲ့ မမာလာ ဆိုတဲ့ ပြည်ပရောက် မြန်မာအမျိုးသမီး တဦးဆီကပါ။ မမာလာက `နိုင်ငံခြားသွားမယ် ဆိုရင်´ ပို့စ်ကို ဖတ်မိဟန် တူပြီးတော့ သူကလည်း သူ့အတွေ့အကြုံပေါ်မှာ အခြေခံတဲ့ အကြံပြုဆွေးနွေးချက်ကို ကျနော့်ဆီ ပေးပို့လာတာကြောင့် သူ့ရဲ့စာကို ပြန်လည် စာရိုက်ပြီးတော့ တင်ပြလိုက်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေဟာ သူရောက်ခဲ့ဖူးတဲ့ နေရာဒေသတွေမှာ နေထိုင်ခဲ့ဖူး၊ နေထိုင်နေဆဲ တခြားသော မြန်မာတွေနဲ့ ကွာခြားကောင်း ကွာခြားနိုင်တာ တချို့ ရှိနိုင်ပေမယ့် နိုင်ငံခြားထွက်လိုသူ ရွှေပြည်ကြီးက မြန်မာတွေအနက် တယောက်ယောက်က ဖတ်မိလို့ မှတ်သားစရာ အချက်အလက် အနည်းငယ်မျှ ရသွားရင်ပဲ အကျိုး တစုံတရာ ရှိလိမ့်မယ်လို့ ယူဆတာကြောင့် Scan ဖတ်ပြီး ပေးပို့လာတဲ့ လက်ရေးမူတွေကို ကျနော် စာပြန်ရိုက်ပြီး တင်ပြတာပါ။ အဲဒီ စာမူထဲက အာဘော်တွေ အားလုံးဟာ မမာလာရဲ့ အတွေ့အကြုံ အာဘော်များသာ ဖြစ်ကြောင်းပါ…။

တကယ်တော့ ဒီနေ့ တင်ဆက်မယ့် ပို့စ်ဟာ ကျနော့် ဘလော့ဂ်ရဲ့ ပို့စ်(၃၀၀)မြောက်ပါ။ ပထမတော့ ၃၀၀ပြည့်မှသည် ရှေ့ဆက်လို့ဘာတွေ ဘယ်လိုရေးမယ်၊ ဘယ်လိုရှေ့ဆက်မယ် ဘာညာ သာရကာလေးများ ရေးမလား စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် အခုလို တင်ဆက်လိုက်တာက ပို အကျိုးရှိမယ်လို့ ထင်မြင်ယူဆတာကြောင့်….။ ကဲ… မမာလာရဲ့ စာကို ဖတ်ကြည့်ကြပါစို့…။

ဦးကလိုစေးထူး…

အင်မတန် ရှည်လျားတဲ့ အဖြေစာရွက်မို့ ဖြတ်ညှပ်ပြီးမှ ထည့်ချင်လဲထည့်ပါ။ မထည့်ချင်လဲ နေပါ။ မေးခွန်းတွေ တွေ့လို့ ကျွန်မအတွေ့အကြုံနဲ့ လက်လှမ်းမှီသလောက် ဖြေရင်း မမျှော်လင့်ဘဲ ရှည်သွားတာပါ။ ကျွန်မရဲ့ ရည်ရွယ်ရင်းကတော့ နိုင်ငံခြားသွားမဲ့လူတွေ ကြိုသိစေချင်တာ၊ ကြိုပြင်ဆင် ထားစေချင်တာပါပဲ။

ကျွန်မ ဂျပန်မှာ (၇)နှစ်၊ အမေရိကားမှာ (၇)နှစ် ရှိပါပြီ။ ကနေဒါမှာ ၂ လနီးပါး နေဖူးပါတယ်။ Singapore ကို ၂ ခေါက် ရောက်ဖူးပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ကျွန်မ ရေးပြခဲ့တာပါ။

ဦးကလိုစေးထူးရဲ့ Blog ကို ဖတ်ဖြစ်တာ ၂ ပတ်လောက်ပဲ ရှိပါသေးတယ်။ ဗမာလို မဖတ်ရတာ ကြာတော့ ဖတ်ရင်း ဖတ်လို့ကောင်းတာရယ်၊ ဘာ font နဲ့ တင်လဲတော့ မသိဘူး၊ မြန်မာ font လုံးဝ မရှိတဲ့ Computer က Web ဖွင့်ရင် ဖတ်လို့ရတာရယ်မို့ မကြာခဏ ဖတ်ဖြစ်ပါတယ်။ အမှန်ကတော့ မြန်မာပြည်ရဲ့ သတင်းအမှန်တွေကို ဒီလို Blog တွေမှာ ရှာရင်း ဒီ Web ကို တွေ့ခဲ့တာပါ။

ဒီဆောင်းပါးလေးနဲ့ ပါဝင်ဆွေးနွေးခွင့်ရတာ ကျေးဇူးတင်ပါတယ်။

မြန်မာ Font က အိမ်က Computer မှာ ရှိပေမဲ့ Speed နှေးလို့ သိပ်လဲ မသုံးဖြစ်ပါဘူး။ အိမ်အလုပ် အရမ်းများတာလဲ ပါပါတယ်။ ရုံးက Computer က Admin Password နဲ့မှ Font ကို Install လုပ်ရတာမို့ ပေးမလုပ်ပါဘူး။ အိမ်မှာ High Speed internet တပ်ပြီးတဲ့အထိ၊ အိမ်အလုပ် ရှုပ်တာတွေ ရှင်းတဲ့အထိ စောင့်ရတာမို့ အခုလို Scan ပဲ ကူးပို့ရတာ တောင်းပန်ပါတယ်။

မာလာ


နိုင်ငံခြားသွားမယ် ဆိုရင်…

၁။ နိုင်ငံခြားသွားတဲ့ လူတိုင်းမှာ အဆင်ပြေဖို့ ရာခိုင်နှုန်းအား အကြမ်းဖျင်း အောင်မြင်ဖို့ ၅၀%နဲ့ ရှုံးဖို့ ၅၀%ပဲ ရှိပါတယ်။ ကိုယ်သွားမဲ့ အနေအထားပေါ် မူတည်ပြီး အောင်မြင်မှု ရာခိုင်နှုန်းက ပိုများလာမှာ ဖြစ်ပါတယ်။ ဥပမာ၊ မလေးရှား၊ အင်ဒိုနီးရှားကို အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ လုပ်တယ် ဆိုရင်တော့ ပွဲစားအပေါ် ယုံကြည်စိတ်ချရမှု အပေါ် မူတည်ပါတယ်။ တကယ်စစ်မှန်ပြီး အရောက်ပို့တဲ့ ပွဲစားပေမဲ့ အလုပ်ကရပြီး လခကို အပြည့်ရမရ စာတာတွေကလဲ ရှိနေပါသေးတယ်။ လိမ်ညာတဲ့ ပွဲစားဆိုရင်တော့ အဆင်ပြေဖို့ ရာခိုင်နှုန်းက နည်းပါတယ်။ လိမ်တဲ့ပွဲစားနဲ့ တွေ့ပြီး ဟိုရောက်မှ ကူညီနိုင်မဲ့သူ တွေ့ရင်တော့ အဆင်ပြေနိုင်ပါတယ်။

ဥပမာ ဂျပန်ကို အလုပ်သွားလုပ် Overstay နဲ့ ဆက်နေ ဆိုတာမျိုးကတော့ ပွဲစားနဲ့ လုပ်တာဆိုရင် လူကရောက်ပေမဲ့ အလုပ်ရဖို့၊ နေဖို့စားဖို့ နေရာရဖို့က အင်မတန် ခက်ခဲပါတယ်။ ၅၀% အောင်မြင်မှာပါ။ ကိုယ့်ရဲ့ ဆွေမျိုး အခံရှိရင်တော့ အောင်မြင်မှု ရာခိုင်နှုန်းက ပိုပြီး များပါတယ်။

ကျောင်းသွားတက်တဲ့ လူတွေကတော့ (ကိုယ့်ငွေနဲ့ Self-Supporting) နဲ့ ဆိုရင်တော့ နဂိုကမှ တတ်နိုင်တော့ ငွေကို ရေလိုဖြုန်းနိုင်ရင် မအောင်မြင်ဖို့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျောင်းက လက်ခံပါတယ်၊ Scholarship က ရောက်မှ လျှောက်ရမယ်၊ ဘာညာဆိုရင် လူခံမရှိရင် (နေဖို့စားဖို့လူ) ဒုက္ခ ရောက်နိုင်ပါတယ်။ အစကတည်းက ကျောင်းက လက်ခံ၊ ငွေ ထောက်ပံ့မှုကလဲ သေချာပြီဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး။

Visit နဲ့ သွားပြီးမှ အလုပ်သွားမယ်ဆိုရင် (Singapore နိုင်ငံကလွဲလို့) တခြားနိုင်ငံမှာ Work Permit အလုပ်ရဖို့ ဆိုတာ အင်မတန် ရှားပါတယ်။ ဒါတောင် Singapore တောင်မှ Visit နဲ့ လာပြီး အလုပ်လျှောက်တာ ရသေးရဲ့လား သေသေချာချာ မသိပါ။ အမေရိကား၊ ဂျပန် (တိုးတက်သော နိုင်ငံ) တွေမှာ ဗမာပြည်က အလုပ် Experience နဲ့ Work Permit ရဖို့ မလွယ်ပါ။ အဲဒီနိုင်ငံမှာ ကျောင်းပြီးတာတောင်မှ တယောက်ယောက်က ပြောပေး၊ မိတ်ဆက် သွင်းပေးမဲ့လူ မရှိရင် အလုပ်ကောင်း ရဖို့ မလွယ်ပါ။

၂။ ကျောင်းအရင် သွားတက်ရင်း အလုပ်ရှာ ဆိုတာမျိုးကတော့ ကျောင်းတက်နိုင်ဖို့ အရင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျောင်းတက်ရင်း အလုပ်ကို မိတ်ဆက် ပြောပေးမဲ့လူ၊ ခင်မင်တဲ့လူ သိလာတယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ကျွန်မ တွေ့ဖူးတာကတော့ ဂျပန်မှာဆိုရင် Language ကျောင်းတက်တဲ့ လူတွေက ကျောင်းတဖက်၊ ကိုယ် နေဖို့စားဖို့ တဖက် အလုပ်လုပ် (ကျောင်းသားမို့ Par time အလုပ်က ရလွယ်ပါတယ်) ဒါပေမယ့် ပင်ပန်းတဲ့ ဒဏ်မခံနိုင်တာရယ်၊ အိမ်ကို ပြန်မပို့နိုင်တာရယ်ကြောင့် ကျောင်းထွက်ပြီး Overstay အလုပ်လုပ်ရင်း နေကြတာ များပါတယ်။ University တွေကို ကျောင်းတက်ဖို့ လာတဲ့ လူတွေမှာတော့ Course မှာတော့ Professor တွေက အနှေးနဲ့အမြန် ငွေထောက်ပံ့မှုကို ရှာဖွေပေးတော့ နေ၊စားလောက်ရုံ ကျောင်းတက်လို့ လောက်ရုံ ရပါတယ်။ အိမ်ပြန်ပို့ဖို့ သိပ်မလွယ်ပါဘူး။ မြန်မာဆိုရင်တော့ Under Graduate ပဲဖြစ်ဖြစ်၊ Graduate ပဲဖြစ်ဖြစ်၊ Language ကျောင်းပဲ ဖြစ်ဖြစ်၊ Full time ကျောင်းတက်ရင်း မြန်မာလူမျိုးတွေကို ပေးတဲ့ ‘IMAI ZUMI’ Foundation Scholarship က နေဖို့စားဖို့ လောက်ရုံ (၂)နှစ် ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်းကို ဘာပြန် လုပ်ပေးရသလဲ ဆိုတာတော့ မသိပါ။

America မှာ Scholarship နဲ့ ကျောင်းတက်နိုင်ဖို့က အင်မတန် ရှားပါးပါတယ်။ တချို့ Scholarship က ပုံမှန် မဟုတ်ဘဲ တနှစ်မှာ Term (၁) စီလောက်ကို အလှည့်ကျ ပေးတာမျိုးလဲ ရှိပါတယ်။ ဂျပန်နိုင်ငံက ပေးတဲ့ အစိုးရ Scholarship ကတော့ ပေးတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါပါ။ Australia နိုင်ငံမှာလဲ ၁၉၉၅ နောက်ပိုင်းမှာ အစိုးရက ပေးတဲ့ Scholarship မြန်မာပြည်ကို ပိတ်လိုက်ပါတယ်။ မရနိုင်တော့ပါ။ ကျောင်းက Foundation က Scholarship ကိုသာ လျှောက်နိုင်ပါတယ်။ ကျွန်မ မြင်ဖူးခဲ့သမျှထဲမှာ ကျောင်းသူ တယောက် အမေရိကားကို Scholarship နဲ့ မြန်မာပြည်မှာ ၁၀ တန်းအောင်၊ GCE ဘာညာဖြေပြီး ရတော့ ရောက်လာပါတယ်။ ပ-နှစ်ကတော့ အဆင်ပြေပြီး ဒု-နှစ်မှာ Scholarship မရတော့ပါ။ ကျောင်းဆောင်မှာ နေရတာ ဖြစ်တော့ Part time အလုပ်၊ ဘာညာကလဲ ကားရှိမှ ဆိုတော့ အတော်ဒုက္ခရောက်နေတာ တွေ့ခဲ့ရပါတယ်။ ရန်ကုန်လဲ မပြန်ချင်၊ ဒီမှာပဲ ဆက်နေချင် ဆိုတော့ လူတော်တော်များများကတော့ ဒီက အမေရိကန် နိုင်ငံသား ယောက်ျားရှာယူလိုက်၊ ဆက်နေပြီး (၁-၂)နှစ်လောက် ကျောင်းနားပြီးမှ ပြန်တက် အကြံပေးကြတာ ကြားပါတယ်။ ဒါမှ မဟုတ်ရင် နိုင်ငံရေး ခိုလှုံခွင့် ‘Political Asylum’ အနေနဲ့ Immigration ကို တင်လိုက်၊ ဆက်နေ (၁-၂)နှစ် စောင့်ပြီး ကျောင်းပြန်တက်ဖို့ အကြံပေးကြနဲ့ Scholar က အစကတည်းက ရေရေရာရာ မရှိဘဲ ရောက်လာတော့ ဆုတ်လဲစူး၊ စားလဲရူး ဖြစ်နေတာကို အင်မတန်မှ သနားမိပါတယ်။ အမေရိကန် နိုင်ငံသား (မြန်မာပဲ ဖြစ်ဖြစ်) ယူရအောင်ကလဲ ဗြုန်းခနဲ ဘယ်သူ့ကို ရှာယူရပါ့မလဲ ဆိုတဲ့ ပြဿနာနဲ့ အဲဒီမှာ လူပွဲစား ခေါ်တဲ့ မြန်မာတချို့က ယောက်ျားရှာပေးမယ်။ ဒေါ်လာ ၃ သောင်း ဆိုတဲ့ ပတ်ဝန်းကျင်မှာ အသက် ၂၀ စွန်းစ အဲဒီ ကလေးမလေး ဘယ်လို စခန်းသွားတယ် ဆိုတာ မသိပါဘူး။

၃။ နိုင်ငံခြား သွားဖို့ မိဘတွေက အိမ်ယာ၊ ကား၊ လက်ဝတ်လက်စား ပေါင်ပြီး သားသမီးကို မပို့သင့်ပါဘူး။ ဥပမာ အိမ်ကို ချန်ထားပြီး ကား၊ လက်ဝတ်လက်စား ရောင်းရင်တော့ မအောင်မြင်လဲ နေစရာလေးတော့ ကျန်ခဲ့မှာပါ။ ဒါပေမဲ့ သွားရမှာက ဘယ်ပုံဘယ်နည်း သေချာ၊ မသေချာတာပေါ်လဲ အများကြီး မူတည်ပါတယ်။

ရန်ကုန်မှာ သင်္ဘောတက်တက်တာတောင် ပွဲခ အခု သိန်း(၂၀-၃၀) မက ဖြစ်နေပါပြီ။ အဲဒါ အမေလုပ်သူက သားကို အိမ်ပေါင်ပြီး သင်္ဘောတက်ရအောင် လိုက်လုပ်တော့ သင်္ဘောတက်ခွင့် ရပြီး တနှစ် ရပါတယ်။ ပြန်လာတော့ ပါတဲ့၊ ရတဲ့ငွေ တလဒေါ်လာ (၃၀၀-၅၀၀)က အိမ်ရွေးဖို့ မလောက်တဲ့ အပြင်၊ နောက်တခေါက် ထပ်တက်ဖို့ ၁၀-၁၅ သိန်း ထပ်ကုန်မှာမို့ သင်္ဘောသားဖြစ်တာပဲ အဖတ်တင်ပြီး အိမ်ဆုံးသွားတဲ့လူတွေ တွေ့ဖူးပါတယ်။ ဒါ ဥပမာ ပြောတာပါ။

၎။ နိုင်ငံခြားမှာ ကြုံရမဲ့ ဒုက္ခတွေကိုတော့ နောက်မှပဲ သီးသန့် ရေးပါမယ်။ နိုင်ငံခြား ထွက်တယ်ဆိုတာ အရည်အချင်း ရှိသူရဲ့ ထွက်ပေါက်ဆိုတာ Limit ရှိပါတယ်။ ဘယ်လို အရည်အချင်းလဲ ဆိုတာပါပဲ။

မြန်မာလူမျိုး ဆိုတာ မွေးကတည်းက အိမ်မှာ မိသားစု၊ သူငယ်ချင်းနဲ့ ဘ၀ဖော်အပေါင်းနဲ့ နေကြတာ များပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ မြန်မာ ယဉ်ကျေးမှုကလဲ မိန်းကလေး အပျိုဆိုရင် အဖော်မပါဘဲ သွားရင် မတင့်တယ်ဘူး ဆိုပြီး အဖော်ပါမှ သွားတာ၊ လာတာမျိုးက နိုင်ငံခြားမှာ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ အဲဒီလူ အကျင့်ပါတဲ့လူဟာ ဗြုန်းခနဲ နိုင်ငံခြားမှာ တယောက်ထဲ ကိုယ့်ကိစ္စကိုယ်လုပ်၊ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာနဲ့ ပြောဆို ဆက်ဆံ၊ မသိတဲ့ တစိမ်းနဲ့ မသိတဲ့ System ကို ၀င်လှုပ်ရှားရတော့ အံမ၀င် ဖြစ်ပါတယ်။ အဲဒါကို အကင်းပါးပါးနဲ့ လျှင်မြန်စွာ လေ့လာပြီး ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ လိုပါတယ်။ Adaptation & Quick Learning ဆိုပါတော့။

နောက်တခုကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ခြေပေါ် ကိုယ်ထောက်ပြီး နဖူးတွေ့၊ ဒူးတွေ့ လုပ်ကိုင်သွားလာ၊ ရှာဖွေပြီ ဆိုတော့ ကိစ္စတခုခု ပြဿနာဖြစ်လဲ စိတ်ဓာတ်မကျဖို့၊ စိတ်ဓာတ် ခိုင်မာဖို့ လိုပါတယ်။ (Strong Personality ပေါ့)။

နောက်၊ သူများကို အားမကိုးဖို့၊ သူများ အားကိုးတတ်တဲ့ လူတွေ နိုင်ငံခြားမှာ ဒုက္ခ ပိုရောက်ပါတယ်။ ဘယ်သူကမှ သူများကို ကြာရှည် အားကိုးလို့ မရနိုင်ပါဘူး။ အားကိုးမိရင် လူလိမ်၊ လူညာနဲ့ ချောက်တွန်းတာ ပိုပြီး ခံရဖွယ် ရှိပါတယ်။ မြန်မာ တော်တော်များများက အဆင်းဘီးတွန်းဖို့နဲ့၊ ချောက်တွန်းဖို့၊ သူများ ကောင်းစားမှာ မနာလိုတဲ့ စိတ်ရှိသူ ရာခိုင်နှုန်း ပိုများပါတယ်။ Independent ဖြစ်ဖို့ပေါ့။

နောက်တခုကတော့ ကိုယ်လုပ်ရင် အောင်မြင်ရမယ်လို့ သာမန် ယုံကြည်ထားဖို့ပါပဲ။ Self-Confident ပေါ့။ တခုခုကို သွားမယ်၊ လာမယ်၊ ၀ယ်မယ်၊ ခြမ်းမယ်၊ ကိုယ်ရဲရဲသာလုပ်၊ မှားလဲ ငွေနည်းနည်းပါးပါး ဆုံးတာကလွဲလို့ အကျိုး မယုတ်နိုင်ရင် ရဲရဲ လုပ်သင့်ပါတယ်။ ဂျပန်မှာ Self-Confident မရှိလို့ University မှာ Entrance မဖြေရဲ၊ မလုပ်ရဲ၊ မကိုင်ရဲနဲ့ ပြန်သွားရတဲ့ လူတွေ ကြုံခဲ့ရလို့ပါပဲ။

နောက်ဆုံး တချက်ကတော့ မြန်မာများ ပြောတာကို ချင့်ချိန်ပြီး ယုံကြည်ဖို့ပါပဲ။ ကျွန်မသိတဲ့ လင်မယား ၂ ယောက် အမေရိကား ရောက်တာ (၅)နှစ် ပြည့်ပြီ။ သတင်းစား မဖတ်၊ Internet မကြည့်ဘဲ သူများကို လျှောက်မေးပြီး သူများပြောတာပဲ ယုံပါတယ်။ အချီကြီး ထိတာကတော့ US Citizen လျှောက်လွှာကို တင်ဖို့ အရည်အချင်း မှီပါလျှက် မနာလိုတဲ့ လူတွေက မရဘူး ပြောလို့ မလျှောက်ပဲ အတော်ကြာ နေပါတယ်။ ကျွန်မနဲ့ တွေ့တော့ ရပါတယ် ပြောတာကို မယုံပါဘူး။ မနေနိုင်တဲ့ ကျွန်မက Free Consultant Lawyer ထပ်ရှာပြီး မေးပါ၊ ရပါတယ် ပြောမှ Lawyer ကို သွားမေးပြီးမှ ယုံပါတယ်။ အဲဒါက ကိစ္စ တခုထဲပါ။ ကျန်သော ကိစ္စအများကြီးမှာ လုပ်သင့်တာ မလုပ်ဘဲ မနာလိုသူက မရဘူး ပြောတာနဲ့ ထိုင်နေပြီး အမေရိကားမှာ အဆင်မပြေ ဖြစ်နေတာ တွေ့ရပါတယ်။

အချုပ်ကတော့ ရှိရမဲ့ အရည်အချင်းတွေက Good Adaptation and Quick Learning, Strong good Personality, not dependable, self confident and Judgment of Humor ဆိုတာပါပဲ။

၅။ မြန်မာတွေအတွက် နိုင်ငံခြားက အလုပ် အခွင့်အလမ်းကတော့ သူများနိုင်ငံသားထက် စာရင် မြန်မာတွေက ရာခိုင်နှုန်း နည်းပါတယ်။ အဓိကက ဘာသာစကားကြောင့်ပါပဲ။ ဘယ်နိုင်ငံသွားသွား စာရေးစာချီလို အလုပ်မျိုး ရဖို့ မလွယ်တာ အမှန်ပါပဲ။ နိုင်ငံခြား ဘွဲ့ရဖြစ်လဲ ကိုယ်က နိုင်ငံခြားသား ဖြစ်တဲ့အတွက် ဒေသခံလူတွေကို ဦးစားပေးတော့ နောက်ကျ ကျန်ရပါတယ်။ ကိုယ့်ဘွဲ့က သူများထက်သာ၊ (သို့) ကိုယ်က သူများထက် တော်မှ အလုပ်ကောင်းက တော်ခါ ကျပါတယ်။ ပြီးတော့ အလုပ်ကို မိတ်ဆက်ပေးနိုင်မဲ့ လူရှိရင်တော့ ပိုကောင်းပြီး ရဖို့ သေချာပါတယ်။ ဒီတော့ Language အားနည်းတဲ့ အတွက် အောက်ခြေသိမ်း အလုပ်တွေပဲ ရလွယ်ပါတယ်။ ပြီးတော့ မြန်မာပြည်က ဘွဲ့နဲ့ ဘွဲ့ရအလုပ်ကို နိုင်ငံခြားမှာ ရှာရင် Language မမှီတာနဲ့ပဲ မရတာ များပါတယ်။

၆။ ကျွန်မကတော့ နိုင်ငံခြားသွားတာ အနည်းနဲ့ အများ စွန့်စားတာဖြစ်တယ်၊ သက်သက်သာသာ မဟုတ်ဘူး၊ အခက်အခဲတွေ ရှိတယ် ဆိုတာကို အများကြီး ထောက်ခံပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ဆက်ဆံရတာတောင် အင်မတန် အခက်အခဲ ရှိတဲ့ ကျွန်မ အတွက်ကတော့ သူများနိုင်ငံ၊ သူများလူမျိုးတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရတာ လွယ်တာ မဟုတ်ဘူး ဆိုတာ ရှိပါတယ်။ ကြာလာရင်တော့ သူ့အကြောင်း ကိုယ်နားလည်၊ ကိုယ့်အကြောင်း သူနားလည်မှ ပြဿနာ နည်းပါတယ်။ ဒါတောင် ကိုယ်က ဘယ်လောက်အထိ နားလည်နိုင်တယ်ပေါ်မှာ ပြဿနာ အနည်းအများ ရှိပါတယ်။ မိန်းကလေးတွေ ယဉ်ကျေးမှု မတူတော့ အခက်အခဲ ရှိပါတယ်။

အဆိုးဆုံး ဥပမာပေးရရင် ၁၉၉၅ ကျွန်မ ဂျပန်ကို ရောက်ခါစ ကျောင်းတက်ဖို့ ကျောင်းဆောင်မှာ နေရပါတယ်။ အဲဒီမြို့က ကျောင်းဆောင်တွေက ရေချိုးခန်းကို Community Center မှာပဲ ရှိပါတယ်။ အဆောင်တိုင်း၊ အခန်းတိုင်းမှာ လုံးဝ မရှိပါဘူး။ Toilet ပဲ ရှိပါတယ်။ ရေချိုးခန်းကလဲ ၂မျိုး ရှိပါတယ်။ Shower room အခန်းနဲ့ OFURO အိုဖုရို လို့ ခေါ်တဲ့ ရေနွေးကန်ထဲမှာ ဆင်းချိုးရတဲ့ အခန်း ရှိပါတယ်။ လူ ၁၀၀ ကျော်နေတဲ့ အဆောင်ပေါင်း ၁၀-၁၅ ဆောင်က လူတွေက Shower ခန်း (၂)ခန်းပဲ ရှိတော့ တန်းစီစောင့်ရပါတယ်။ တခါ ရေချိုးဖို့ (၃)နာရီ အေးအေးချမ်းချမ်း ဆောင်းတွင်းမှာ သံမံတလင်းမှာ နေ့တိုင်း တန်းစီစောင့်ရတဲ့ ဒုက္ခကို စဉ်းစားကြည့်ပါ။ အဲဒီလို မစောင့်ချင်ရင် OFURO အခန်းထဲ လူအများကြီးထဲ ၀င်ချိုးရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ တင်းကျပ်တဲ့ စည်းကမ်းက အဲဒီ OFURO ကို ၀င်မယ်ဆိုရင် တကိုယ်လုံး Nicked ချွတ်ပြီးမှ ၀င်ရပါမယ်။ လူ ရာပေါင်းများစွာ ရှေ့မှာ တကိုယ်လုံး ချွတ်ဝင်ရမဲ့ ကိစ္စကို ကျွန်မ ဂျပန်မှာ ၇-နှစ် နေခဲ့တာတောင်မှ မလုပ်ဖြစ်ခဲ့ပါဘူး။ ယဉ်ကျေးမှု မတူတာ ပြောတာပါ။

၇။ နိုင်ငံခြားမှာ နေထိုင် စားစရိတ်ကတော့ နိုင်ငံပေါ်နဲ့ ကိုယ်နေချင်တဲ့ ပုံစံပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ကျွန်မ သိသလောက် ဂျပန်နဲ့ အမေရိကန် နိုင်ငံမှာ ရနိုင်တဲ့ ၀င်ငွေ ရေးပြပါမယ်။ စွဲမှတ်ထားရမှာကတော့ ဘယ်နိုင်ငံကြီးမှာ နေနေ ကိုယ်လုပ်ရတဲ့ လုပ်ခဟာ နေ၊ စားစရိတ်နဲ့ အနည်းဆုံး ကာမိတယ် ဆိုတာပါပဲ။ (မလေးရှား၊ အင်ဒိုနီးရှား အကြောင်းတော့ ကျွန်မ သိပ်မသိပါ)။

ဂျပန်မှာ သာမန် အောက်ခြေသိမ်း အလုပ်တွေက ယန်း ၇၀၀/ တနာရီ က စပါတယ်။ စက်ရုံလို ဟာမျိုးမှာဆိုရင် တနာရီ ယန်း ၁၂၀၀-၁၅၀၀ အထိ ရနိုင်ပါတယ်။ မြို့ကြီးပေါ်မှာ နေတာကတော့ တိုက်ခန်း တခန်းကို ယန်း သိန်းကျော် ပေးရပြီး အားလုံး စုနေ၊ စုပေးတာမို့ တလ ယန်း ၃ သောင်း-၅သောင်း ကုန်ပါတယ်။ စားတာက ချွေတာစားရင် တလ ယန်း ၂သောင်း-၃သောင်း ကုန်ပါတယ်။ ပျှမ်းမျှ ယန်း၁၀၀=တဒေါ်လာ နဲ့ တွက်ပါ။

ကျောင်းတက်ရင် ကျောင်းလခက နှစ်ဝက်ကို ယန်း ၃ သိန်းက ၆ သိန်းအထိ ယူတဲ့ Course အပေါ် မူတည်ပါတယ်။

အမေရိကန်မှာ နေရင်တော့ နေတဲ့ ပြည်နယ်အပေါ်မှာ မူတည်ပြီးတော့ လစာ နည်းနည်း ကွာပါတယ်။ ဥပမာ New York မှာ တနာရီ ၁၀ဒေါ်လာ ရတဲ့ အလုပ်ဟာ နယ်မြို့တွေမှာ ဒီနှုန်းပြန်ရဖို့ ခက်ပါတယ်။ New York ရဲ့ အလုပ်သမား ဌာနက သတ်မှတ်ထားတဲ့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာက တနာရီကို 7.5$ ပြဋ္ဌာန်းပြီးတော့ တချို့ ပြည်နယ်တွေက အဲဒီထက် နိမ့်ပါတယ်။

မြန်မာ တော်တော်များများက အင်္ဂလိပ်စကား မတတ်ရင်တော့ Laundry အ၀တ်လျှော်ဆိုင်မှာ၊ စတိုးဆိုင်မှာ နောက်ဖက်က ပစ္စည်းဖြည့်တာ၊ ပစ္စည်းပို့တာတွေ လုပ်လို့ရပါတယ်။ အမျိုးသမီးတွေက နီးစပ်ရာ ကလေးထိန်းတာ တနာရီကို ၁၂ ဒေါ်လာအထိ ရပြီး ပျှမ်းမျှက တပတ်ကို ဒေါ်လာ (၂၅၀) လို့ ပြောပါတယ်။ ဒါတွေက အလုပ်လုပ်ခွင့် ပါမစ် ရှိရှိ မရှိရှိ လုပ်နိုင်တာမျိုးကို ပြောတာပါ။

New York မှာတော့ ကျောက်တန်းလို့ ခေါ်တဲ့ Jewelry ကုမ္ပဏီတွေမှာကတော့ အင်္ဂလိပ်စာ နည်းနည်း နားလည်တဲ့ လူဆိုရင်တော့ ရုံးအလုပ်လိုမျိုး (သို့) ကျောက်ရွေးတာမျိုးကို တပတ် ဒေါ်လာ ၃၀၀-၅၅၀ အထိ ပေးပါတယ်။ ဒီလို ကုမ္ပဏီတွေက သူဌေးတွေက သိပ်စည်းကမ်း မရှိဘဲ သူတို့စားပြီးသား ပန်းကန် ဆေးခိုင်းတာ၊ လက်ဖက်ရည် ကော်ဖီကို Microwave ထဲ သွားနွှေးခိုင်းတာ၊ စားပွဲကို ရှင်းခိုင်းတာ၊ ထမင်းပွဲ ပြင်ခိုင်းတာ၊ အမှိုက်ကြုံးတာ ခိုင်းပါတယ်။

အဲ… ကောင်းတဲ့ အလုပ် ဆိုတာကတော့ အင်္ဂလိပ်စာ နိုင်နိုင်နင်းနင်း ပြောနိုင်ပြီဆိုရင် စာတိုက်မှာဆို တနာရီ ၁၅-၁၆ ဒေါ်လာက စပါတယ်။ Daily Store မှာ Cashier ကတော့ ၁၀-၁၄ ဒေါ်လာ ရှိပါတယ်။ စားသောက်ဆိုင် Waitress အလုပ်က တလကို နှစ်ထောင် ဒေါ်လာဝင်တယ် ပြောပါတယ်။

သိပ်ကောင်းတဲ့ အလုပ်မဟုတ်ပေမယ့် ကုမ္ပဏီရုံးတွေမှာ Data outers လို ဘာလိုမျိုးကတော့ တနှစ် ၃ သောင်းလောက် ရကြပါတယ်။ အဲ… ဆရာဝန်၊ အင်ဂျင်နီယာ တွေက အမေရိကန် လိုင်စင်ရပြီးရင်တော့ တနှစ်ကို ဒေါ်လာ သိန်းနဲ့ချီ ၀င်ပါတယ်။

ဂျပန်မှာလဲ အလုပ်ကောင်းရင် (ဟိုမှာ ကျောင်းပြီးပြီး) တလကို ယန်း ၂-သိန်းခွဲက ၅-၆သိန်း အထိ ရပါတယ်။ ဂျပန်က အလုပ်တွေက အလုပ်ကနေ အိမ်ငှား၊ နေစရိတ် ထုတ်ပေးတာမို့ အမေရိကားထက် ၀င်ငွေ ပိုကောင်းပါတယ်။ ဒါပေမယ့် Language ကြောင့် လူနည်းစုပဲ လုပ်နိုင်ပါတယ်။

အမေရိကားမှာ နေစရိတ်ကတော့ New York မှာ Studio ဆိုတဲ့ အခန်းတောင်မှ တလ ထောင်နား ကပ်နေပါတယ်။ တချို့ မြန်မာတွေက အိမ်ဝယ်ပြီးတော့ အခန်းငှားစားတော့ ၁၀ပေ ပတ်လည် အခန်း တခန်းကို ဒေါ်လာ ၅၀၀-၆၀၀ ရှိပါတယ်။ စားစရိတ်က တလကို ဒေါ်လာ ၂၀၀-၃၀၀ နဲ့ ရထားစီးခ ဒေါ်လာ ၁၀၀ ၀န်းကျင်မှာ ရှိပါတယ်။ သိပ်ရေးရင် ရှည်မှာ စိုးတာနဲ့ ဒီလောက်နဲ့ တော်ပါရစေ။

၈။ နိုင်ငံခြား သွားမယ် ဆိုရင် အသေအချာ ပြင်ဆင်သင့်ပါတယ်။ ဥပမာ- ဂျပန်သွားမယ်ဆိုရင် ဂျပန်စကားကို လက်လှမ်းမီသလောက် သင်ထားပါ။ ဂျပန်လူမျိုး အကျင့်စရိုက်၊ လူနေမှု အခြေအနေ မေးမြန်း စုံစမ်းထားပါ။

တခြားနိုင်ငံတွေ သွားမယ်ဆိုရင် အဓိက အင်္ဂလိပ်စကားကို သင်ပါ။ ပြောနိုင်ဆိုနိုင်အောင် ကျင့်ပါ။ မြန်မာစကားဟာ မင်္ဂလာဒုံလေဆိပ်က ထွက်တာနဲ့ အသုံးမကျတော့ဘူး ဆိုတာကို စွဲနေအောင် မှတ်ထားဖို့ပါပဲ။ စီးပွားရေး လုပ်ဖို့ ထွက်မယ်ဆိုတာကတော့ ကျွန်မ သိပ်နားမလည်လို့ မရေးပြတော့ပါဘူး။

မေးခွန်းကို စေ့အောင် ဖြေပြီးပါပြီ။ အသေးစိတ် ထပ်မံ သိချင်တယ်ဆိုရင်တော့ mmyomyint@yahoo.com ကို Email ပို့ပါ။ ကျွန်မ Computer မှာ မြန်မာ Font မရှိတော့ အင်္ဂလိပ်လို ကြိုးစား ရိုက်စေချင်ပါတယ်။ ဒါမှ မဟုတ် မြန်မာလို စာရွက်မှာရေး၊ Scan ကူး၊ Attach လုပ် ပို့နိုင်ပါတယ်။ ကျွန်မလဲ ဖြေရင် ဒီလိုပဲ ဖြေမှာပါပဲ။

ဒီစာလေးက နိုင်ငံခြား သွားချင်သူတွေအတွက် အနည်းအကျဉ်းမျှ အထောက်အကူပြုမယ်ဆိုရင် ကျေနပ်ပါပြီ။


မာလာ။


အမှားပြင်ဆင်ချက်…

အထက်ပါပို့စ်ကို တင်ပြီး ၂ ရက်အကြာမှာ မမာလာရဲ့ စာတစောင် ထပ်ရောက်လာခဲ့ပါတယ်။ သူ ပထမ ပေးပို့လိုက်တဲ့ စာထဲက အချက်အလက်မှားတခုကို မသီတာရဲ့ ထောက်ပြချက်အရ ပြန်လည် တွေ့ရှိမိလို့ ပြန်ပြင်ပေးစေချင်တဲ့စာပါ။ မူရင်းအတိုင်းပဲ ကူးယူတင်ပြလိုက်ပါတယ်။ အလုပ်များနေလို့ တင်ပေးဖို့ တရက် နောက်ကျသွားတာ ခွင့်လွှတ်ပါ မမာလာရေ…။

ဦးကလိုစေးထူး

Blogger ထဲပါ ထည့်ထားတဲ့အတွက်၊ ကျွန်မရဲ့ သိတာလေးတွေ ဝေမျှခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့မှ ကျွန်မ ပြန်ကြည့်မိတော့ Thyda ရဲ့ Comment ထဲမှာ ဂျပန်ကို Scholarship မပေးတော့ဘူး ဆိုတာ မြင်ရတော့မှ ကျွန်မ ရေးထားတာကို ပြန်ကြည့်မိတော့မှ ကျွန်မ လောကြီးပြီး (အမေရိကန်) ဆိုလိုတဲ့ နေရာမှာ ဂျပန် လို့ ရေးထားတာတွေ့ရပါတယ်။ ကျွန်မ မူရင်းစာ Page 2 အပိုဒ် (၂) `ဂျပန် နိုင်ငံက ပေးတဲ့ အစိုးရ Scholarship ကတော့ ပေးတဲ့ နိုင်ငံအထဲမှာ မြန်မာနိုင်ငံ မပါပါ´ ဆိုတဲ့ စာကြောင်းပါ။ ကျွန်မရဲ့ ဆိုလိုရင်းက `ဂျပန်နိုင်ငံက ပေးတဲ့ Scholarship အတိုင်း ကောင်းတဲ့ ထောက်ပံ့မှုမျိုးကတော့ အမေရိကန် နိုင်ငံက ပေးပေမဲ့ ပေးတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါပါ´။ လောကြီးပြီး အပြည့်အစုံ မရေးဘဲ ထပ်စစ်ဆေးတော့မှ သာမန် လျှံဖတ်မိတဲ့ ကျွန်မရဲ့ အမှားပါ။

ကျေးဇူးပြုပြီး အဲဒီစာကြောင်းကို မူရင်းရဲ့ ဘေးမှာ ပြင်ဆင်ထားတဲ့ စာကြောင်းကို စာရေးသူ အမှား ပြင်ဆင်ချက် ဆိုတာနဲ့ ပြင်ပေးစေချင်ပါတယ်။ Thyda ပြောသလို Information အမှားကို သူများကို ပေးသလို ဖြစ်မှာမို့ ကျွန်မ အရမ်းစိုးရိမ်သွားပါတယ်။ ကျွန်မမှာ Information အမှားကို သူများကို ပေးဝေချင်တဲ့ စိတ်ဓာတ် လုံးဝမရှိဘဲ ကျွန်မရဲ့ အတွေ့အကြုံ ဗဟုသုတကိုသာ ရေးသားထားတာ ဖြစ်ပါတယ်။

ကျေးဇူးပြု၍ ကျွန်မရဲ့ အမှားကို ပြင်ဆင်ပေးစေလိုပါတယ်။

ကျေးဇူးတင်စွာဖြင့်

မာလာ

Thursday, February 07, 2008

မရေးဖြစ်တဲ့ပို့စ်… မတင်ဖြစ်တဲ့ပုံ …(၂)



ပြည်ပမှာ ရှားတောင့်ရှားခဲ မြင်ရတဲ့ မောင်ရင်လောင်းလေးတွေပါ။ ရွှေပြည်ကြီးမှာ ဆိုရင်တော့ အိုးစည်ဒိုးပတ်သံ တညံညံနဲ့ မြင်းစီးလို့ (အခုခေတ်မှာတော့ တခါတလေ ဆိုက်ကားပေါ့ဗျာ) မောင်ရင်လောင်း လှည့်နိုင်ပေမယ့် သူတို့ဆီမှာတော့ အခြေအနေမပေးလေတော့ မောင်ရင်လောင်းလေးတွေ ခဗျာ အဲဒီဝတ်စုံလေး ၀တ်၊ ဓာတ်ပုံအရိုက်ခံလို့ ခပ်သုတ်သုတ် ဆံချလို့ ကိုရင် ၀တ်ကြရပါတယ်။




အဲဒီပုံလေးကို ကျနော်တို့မြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ မီချီဂန် ရေအိုင်ကို လွန်ခဲ့တဲ့ တနှစ်ကျော်က သွားလည်တုန်းက ရိုက်ထားတာပါ။ အိမ်ကိုရောက်တော့ စက်ထဲကို အဲဒီပုံကို ကူးထည့်ပြီးတော့ ပြန်ဖွင့်ကြည့်တော့ အထဲက ရှုခင်းပုံစံကို တော်တော်သဘောကျမိတယ်။ အဲဒီရှုခင်းကို အခြေခံပြီးတော့ သရုပ်ဖော်လေးပဲဖြစ်ဖြစ် စာတပုဒ်လောက် ရေးမယ်လို့ ကြံစည်လိုက်တာ တနှစ်သာကျော်သွားတယ်၊ စာတပုဒ်မှ ဖြစ်မလာတော့ မရေးဖြစ်တဲ့ပို့စ်၊ မတင်ဖြစ်တဲ့ ပုံ တပုံအဖြစ် စာရင်းဝင်သွားတော့တာပါပဲ။




၂၀၀၆ ခုနှစ်၊ ဖို့ဝိန်း မြန်မာ မိသားစု သင်္ကြန်ပွဲတော်မှာ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေး သီဆို ဖျော်ဖြေနေတဲ့ ပုံပါ။ ဖို့ဝိန်း မြို့မှာ သင်္ကြန်ပွဲတော် လုပ်ကြတာ တော်တော်ထူးဆန်းတာ တခုကတော့ သင်္ကြန်ပွဲတော်ကို နှစ်နေရာ ခွဲပြီး ကျင်းပပါတယ်။ ၂၀၀၆ တုန်းကတော့ နှစ်နေရာ ခွဲပေမယ့် သင်္ကြန်ပွဲတော်တွေက တရက်စီ ကျင်းပကြတော့ နှစ်ခုလုံးကို သွားအားပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကတော့ သင်္ကြန်ပွဲတော် နှစ်ခုကို တနေ့တည်း၊ တချိန်တည်းမှာ တနေရာစီ ခွဲပြီး ကျင်းပကြတော့ အဝေးကနေ လာအားပေးရတဲ့ တခြားပြည်နယ်က မြန်မာတွေခင်ဗျာ နှင်းသည်းသည်းကြားမှာ ဟိုဘက်ပွဲသွားရမလိုလို၊ ဒီဘက်ပွဲ သွားရမလိုလို…။ သူတို့ မြို့ခံတွေကတော့ သူ့အထာနဲ့သူ အဆင်ကို ချောနေတာပါပဲ။



အဲဒီစမ်းချောင်းသေးသေးလေးရယ်၊ တကောင်နဲ့ တကောင် စိတ်ကောက်နေလေဟန် ခပ်စိမ်းစိမ်း နေနေကြတဲ့ ဘဲမောင်နှံရယ်၊ ကျောက်တုံးတွေ စီရရီနဲ့ သဘာဝပုံစံ ဖန်တီးထားတာရယ်၊ မြက်ခင်း စိမ်းစိမ်းရယ်က ကဗျာဆန်တဲ့ မြင်ကွင်းတခုလို ဖြစ်နေလို့ အဲဒီပုံကို ရိုက်ခဲ့ဖူးပါတယ်။


အဲဒီပုံကို ကျနော်တို့မြို့က မက္ကဆီကန် တွေရဲ့ နွေရာသီ ပွဲတော်လေးမှာ ရိုက်ခဲ့တာပါ။ ရောင်နှစ်ကဲ ရဲနှစ်ကောင်၊ အဲ… ဟုတ်ပေါင်၊ :D သူတို့ကိုတွေ့တော့ အနောက်နေ ဓာတ်ပုံခိုးရိုက်လိုက်တာ အိမ်ကိုပြန်ရောက်လို့ ကြည့်လိုက်တော့ လားလား မိန်းမ၀၀ကြီးတယောက် ကုန်းကုန်းကွကွနဲ့ အဲဒီမှာ ဘာလုပ်နေတာပါလိမ့်…။ ရုတ်တရက်ကြည့်ရင် အပေါ့အလေး သွားတော့မလိုလို…။ :D




မြရွက်ဝေရဲ့ ဘလော့ဂ်ကို သွားလည်တုန်းတော့ သူက နှင်းကျတဲ့ပုံတွေ အားရပါးရကြီး တင်ထားတော့ ကျနော်ကလဲ ဘယ်ရမလဲ၊ အားကျမခံပေါ့။ အဲဒီအချိန်တုန်းကလည်း ဒီမှာက နှင်းမုန်တိုင်း အကြီးအကျယ် ကျနေတဲ့ အချိန်ဆိုတော့ အိမ်ရှေ့ဝရန်တာက ပုံကို ရိုက်ထားလိုက်တယ်။ အဲဒီအချိန်မှာတင်ကို ဆယ်လက်မ ကျော်ကျော်လောက် နှင်းကျပြီးနေပြီ။ ဟဲဟဲ…၊ ဘာမှမဟုတ်ပါဘူးဗျာ။ နှင်းကျတာကို စာမဖွဲ့တတ်တော့လို့ပါ။

မရေးဖြစ်တဲ့ ပို့စ်၊ မတင်ဖြစ်တဲ့ ပုံတွေကတော့ လောလောဆယ် ဒီလောက်ပါပဲ။ ပုံတွေများလာတော့မှာ နောက်ထပ် ပို့စ်တခုပေါ့။ :) အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။


ကလိုစေးထူး


Wednesday, February 06, 2008

တဘ၀စံရဲ့ ဟိုမှာဘက်...???

`ဟေ့ကောင်တွေ…၊ ထထ…၊ ထကြတော့´

အခန်းဝကနေ ခပ်အုပ်အုပ် ခေါ်နှိုးသံကြောင့် ကျုပ်တို့ တသိုက် နိုးလာတယ်။ တသိုက်ဆိုပေမယ့် လူက များများစားစား မဟုတ်ပါဘူး။ လေးယောက်ထဲရယ်ပါ။ စောလေးရယ်၊ ငအောင်ရယ်၊ ဖိုးတင့်ရယ် ကျုပ်ရယ်။

***

တိုင်ကီထဲက ရေနဲ့ မျက်နှာကို ဖရူးဖရူးနဲ့ သစ်၊ လက်ခုပ်ထဲ ရေနည်းနည်းထည့်ပြီး ဇက်ပိုးကို ဖြောင်းဖြောင်းမြည်အောင် သုံးလေးချက် ရိုက်လိုက်တော့ စောစောက အိပ်မှုံစုံမွှားလို ဖြစ်နေတာတွေ ပြေသွားတယ်။ အင်း…၊ လုပ်ငန်းစဖို့ အချိန်ကျပြီပေါ့။ စောလေးနဲ့ ဖိုးတင့်ကတော့ ခြံထောင့်က မီးဖိုမှာ မီးမွှေးလို့ မိုးဗြဲဒယ်ကြီးထဲကို ရေတွေ အပြည့်ထည့်ပြီး ရေနွေးကြိုနေကြလေရဲ့။

`ကဲ၊ ငအောင် လာဟေ့၊ စကြစို့´

ငအောင့်ကို ခေါ်ရင်း အိမ်အောက်မှာ ကျူပ်ရဲ့ လက်စွဲတော် ဆူးချွန်လှံကို ယူလို့ ခြံထောင့်ကို သွားတော့ ငအောင်ကလဲ သူ့လက်စွဲတော် ဘန့်ဘွေးသား အနှစ်တုတ်ချောင်းကို ကိုင်ပြီး ကျုပ်နောက်က လိုက်ခဲ့လေရဲ့…။

သြော်…၊ မေ့လို့။ ကျူပ်တို့ အလုပ်ကို ပြောရအုံးမယ်။ လန့်တော့ လန့်မသွားနဲ့အုံးနော။ ကျုပ်တို့အလုပ်က ၀က်သတ်တယ်။ ဘာလဲ၊ ခင်ဗျားက ကျုပ်ကို `ဒီကောင် အကုသိုလ်ကောင်ပဲ´ ဆိုပြီးတော့ အထင်သေးတော့မယ် မှတ်လား။ ရိုးနေပါပြီဗျာ။ ခင်ဗျားလို လူပေါင်းများစွာရဲ့ အထင်သေးချင်ပေါင်းများစွာကို ကြိမ်ဖန်များစွာ ရခဲ့ပြီးလို့ ကျုပ်အဖို့တော့ သိမ်ငယ်တယ် ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး။

လူတွေက တော်တော်တော့ ခက်သား။ ကျုပ်တို့ကိုများဆိုရင် `၀က်သတ်တဲ့ကောင်တွေ´ ဆိုပြီး ဝေးဝေးက ရှောင်တဲ့လူနဲ့၊ အဖက်မတန်သလို မျက်နှာထားတွေနဲ့ ဆက်ဆံချင်တဲ့လူနဲ့ မသိရင် ရှိသမျှ အကုသိုလ်အကုန်လုံးက ကျုပ်တို့ကပဲ ကျူးလွန်မိနေသလိုလို။ ပါဏာတိပါတာကံဆိုတာ မကောင်းမှန်း ကျူပ်လဲ သိတာပေါ့။ ဒါပေမယ့် ကျူပ်တို့ ဘာကြောင့် ဒီအလုပ်ကို လုပ်နေရတယ် ဆိုတာ နားလည်ပေးတဲ့လူ ဘယ်နှစ်ယောက်များ ရှိလို့တုန်း။

အသားမှာ `၀က်´ ဆိုပြီး ၀က်သားကို အားရပါးရ လွေးကြတဲ့လူတွေက ၀က်သတ်တဲ့ လူတွေကိုတော့ နှိမ်သဗျာ။ ဒါတွေကို ဂရုမစိုက်တာလား ဘာလားတော့ မသိ၊ ကျုပ်ဆရာ ဦးထွန်းတင်ကတော့ ၀က်သတ်လုပ်ငန်းနဲ့ပဲ အသက်မွေးလာလိုက်တာ အခုတော့ အိမ်ပိုင်၊ ခြံပိုင်နဲ့ ဟော၊ ဒါတင် ဘယ်ကမလဲ ဈေးကို ၀က်သားတွေ အချိန်မီလိုက်ပို့ဖို့ ဟိုင်းလတ်က တစီး၊ အဲဒီအပြင် ဆိုင်ကယ်ကပါ နှစ်စီး ၀ယ်ထားလိုက်သေး။ အကုသိုလ်နဲ့ အကျိုးပေးတယ်ဆိုတာ အဲဒီလူကြီးလို လူမျိုးထင်ပါရဲ့ဗျာ။

***

ခြံထောင့်ကိုရောက်တော့ အကောင် လေးငါးဆယ်လောက် ရှိမယ့် ၀က်ခြံကြီးက ၀က်တွေ အချင်းချင်း တိုးဝှေ့သံ တအစ်အစ်နဲ့ အတူ ကျုပ်တို့ကို စောင့်နေတယ်။ ဦးထွန်းတင်က လက်နှိပ်ဓာတ်မီးကြီး တ၀င်းဝင်းနဲ့ အနောက်ကနေ လိုက်လာတယ်။ ငအောင်က ၀က်ခြံထဲကို ကျော်ဝင်သွားတယ်။

`ဆရာ၊ ဒီအကောင်လား´

`မဟုတ်သေးဘူးကွ၊ ဟိုဘက်က အချိန် လေးဆယ်သာသာ အကောင်ကွာ´

ဦးထွန်းတင် လက်ညှိုးထိုးပြတဲ့ အကောင်ကို ငအောင်က တခြားဝက်တွေနဲ့ မရောသွားအောင် ခြံထောင့်ကို သူ့လက်ထဲက တုတ်လေးနဲ့ တွန်းပြီး ခေါ်လာတယ်။ ၀က်က ယက်ကန်ယက်ကန်နဲ့ပေါ့။

`သေချာလှည့်ထားပေး´

ကျုပ်က လက်ထဲက ဆူးချွန်လှံကို ဆရင်း ငအောင့်ကို လှမ်းပြောတော့ ငအောင်က ၀က်ကို ကျုပ်ထိုးဖို့ အနေသားကျ ဖြစ်အောင် လှည့်ပေးတယ်။ စိတ်တိုင်းကျ အနေအထားကို ရပြီဆိုရင်ပဲ ကျုပ်လက်ထဲက ဆူးချွန်လှံနဲ့ ၀က်ရဲ့ ဘယ်ဘက် လက်ပြင်အောက်ကို `စွတ်´ ဆို တချက် ထိုးလိုက်တော့ ၀က်ရဲ့ အသံ အွတ်ခနဲ တချက် ထွက်လာတယ်။

`မရောစေနဲ့၊ မရောစေနဲ့´

ဝက်ရင်ခေါင်းသံနဲ့ တူတဲ့ ဦးထွန်းတင်ရဲ့ အလောတကြီး အသံက ထွက်လာသေးတယ်။ ငါးမိနစ်လောက်ပဲ ကြာပါတယ်။ ၀က်က ဗိုင်းခနဲ လဲသွားတယ်။ အသံတစက်မှ မထွက်ဘူး။ ဒါပေမယ့် သေချာအောင်လို့ ငအောင်က သူ့လက်ထဲက ဘန့်ဘွေးသား အနှစ်နဲ့ နှာနုကို ဗုံးခနဲ ဗုံးခနဲ သုံးချက်လောက် ရိုက်လိုက်သေးတယ်။ ၀က်အော်သံ အသံတစက် မထွက်စေရ…။ ထွက်လို့လဲ မဖြစ်ဘူးလေ။ အသံထွက်ရင် ပတ်ဝန်းကျင်က ပြဿနာရှာနိုင်တဲ့ အပြင် ဦးထွန်းတင်ရဲ့ `၀က်သတ်နေတာ ကြာပြီ၊ အသံအခုထိ ထွက်နေရသေးလားကွ´ ဆိုတဲ့ ကြိမ်းမောင်းသံကြီးက လာအုံးမယ်။

ငြိမ်သက်သွားတဲ့ ၀က်ကို ဖိုးတင့်နဲ့ စောလေးက သူတို့ တည်ထားတဲ့ ရေနွေးအိုးနားက ကျောက်ပြားကြီးပေါ်ကို ဆွဲယူ၊ ပြီးရင် ကားတာယာနဲ့ လုပ်ထားတဲ့ ရေဗုံးတွေနဲ့ မိုးဗြဲဒယ်ထဲက ရေနွေးတွေခပ်ပြီး ၀က်ကိုယ်ပေါ် နေရာ အနှံ့လောင်း…။ နောက် ငါးမိနစ် ကြာရင်တော့ ၀က်မွှေးခြစ်တဲ့ သံကောက်တွေနဲ့ တဗြင်းဗြင်း ခြစ်ပေရော့ပဲ။ လွန်ရောကျွံရော ကြာလှ ၀က်တကောင်မှ ဆယ့်ငါးမိနစ်ပေါ့။ အမွှေးခြစ်ပြီးရင်တော့ ဖြူတဲ့ဝက်လဲ ဖြူ၊ မဲတဲ့ ၀က်လဲ ဖြူပဲ။

***

ဗျာ…၊ ကျုပ်တို့ ဘယ်မှာနေတာလဲ ဟုတ်လား။ ဟုတ်သားပဲဗျို့။ ပြောဖို့ မေ့နေတာ။ ကျုပ်တို့ အခုနေကြတာက ဘားအံမှာဗျ။ အောင်နန်းမင်္ဂလာလမ်း ဆိုတဲ့ လမ်းသွယ်လေးမှာနေတာ။ ဘေးနားမှာက အိမ်တွေက ကပ်နေတော့ ၀က်သတ်ရတာ အလွန်သတိထားရတာကလား။ ဒီကြားထဲ ဒီရက်ပိုင်းမှာ တခြားမြို့တွေကနေ အဝေးသင် တက္ကသိုလ် စာမေးပွဲ လာဖြေကြတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူ တချို့ကလဲ ကျုပ်တို့ အိမ်ရှေ့ မျက်နှာချင်းဆိုင်မှာ လာတည်းနေကြတော့ ကျုပ်တို့ ဆရာ ဦးထွန်းတင်က ညနက် သန်းခေါင်မှ အလုပ်လုပ်ရတဲ့ သူ့ ၀က်လုပ်ငန်းက ၀က်အော်သံတွေကို အရင်ထက် ပိုသတိထားချင်ပုံ ပေါ်ပါတယ်။

တခါတလေတော့လဲ ကျုပ်ရဲ့ ဇာတိ အိန္ဒုရွာလေးကို လွမ်းသား၊ တကယ်ဆို ဘားအံနဲ့ ဘာမှဝေးတာမဟုတ်ပါဘူး။ သာမညတောင် သွားတဲ့လမ်းခုလတ်က အဲဒီရွာလေးကို ကျုပ် ပြန်မရောက်ဖြစ်တာ ကြာပြီ။ ကျူပ်တို့ ရွာနားက ဆဒ္ဒန်ဂူလဲ မရောက်ဖြစ်တော့ဘူး။ တခါတလေတော့လဲ ရွာကို သိပ်ပြန်ချင်တယ်ဗျာ။

ရည်းစားလား၊ ရှိပါသော်ကောဗျာ။ ဒါပေမယ့် အိမ်ရှေ့မှာ တည်းနေတဲ့ ကောလိပ်ကျောင်းသူ မမတွေကိုတော့ ဘယ်ရလိမ့်မတုန်း။ ကျုပ်ရည်းစားက အဝေးပြေးဂိတ်မှာ ၀က်သားတုတ်ထိုးရောင်းတယ်။ အနှင်း…တဲ့။ ကဲ…၊ ဘယ်လောက်များ လိုက်ဖက်လဲ ၀က်သတ်သမားလေးနဲ့ ၀က်သားတုတ်ထိုးသည်။ ခင်ဗျားကတော့ ရယ်နေမလားဘဲ။

***

ဟို နှစ်ကောင် ၀က်မွှေးတွေခြစ်တာ ပြောင်ပြီဆိုတော့ ကျုပ်ရဲ့ တာဝန် ကျလာပြန်တယ်။ မြိနေအောင် သွေးထားတဲ့ ဓားမ ထက်ထက်နဲ့ အလုပ်များရပြန်တယ်။ ၀က်ခေါင်းကိုတော့ ဖယ်ထားလိုက်တယ်။ အနှင်းတို့ ဆိုင်အတွက်လေ။ ပြီးရင်တော့ ကလီစာတွေတွေကို တခါ သပ်သပ်ဖယ်ရတယ်။ သြော်၊ ၀က်သွေးတွေလဲ အလွတ်မပေးဘူးဗျ။ ခပ်ထားရသေးတယ်။

ဝက်သားပေါ်တဲ့ နေရာမှာ အရပ်ထဲမှာကတော့ အဆင်ပြေသလို ကြုံသလို ပေါ်ကြပေမယ့် ကျုပ်တို့လို စီးပွားဖြစ် ၀က်ပေါ်သမားတွေအတွက်ကတော့ အဲဒီလို မရဘူးဗျ။ ၀က်သားတွဲတွေမှာ အဆီတွေချည်းပဲ ရောပြီး ပေါ်လို့ မရသလို၊ အရိုးတွေလဲ သိပ်များလွန်း နည်းလွန်းလို့ မရဘူး။ ဈေးကွက်အရ အသားသီးသန့် တုံးပေးရတဲ့ ၀က်သားတွဲတွေလည်း ရှိတာပေါ့ဗျာ။

ဒီလိုနဲ့ပဲ ကျင့်သားရနေလိုက်တဲ့ လက်တွေက တရစပ်ဆိုသလို အလုပ်လုပ်လိုက်တာ ဒီညအဖို့ ၀က်ခြောက်ကောင် ပေါ်လိုက်ရတယ်။ လူလဲ အတော်ကို ပင်ပန်းသွားတာပဲ။

***

ဝက်သတ်တယ် ဆိုတာ မကောင်းဘူး ဆိုတာတော့ ကျုပ်လဲ သိပါရဲ့ဗျာ။ ဒါပေမယ့် တတ်နိုင်ဘူး။ ဒီအလုပ်ကနေ ဖြောင့်ဖြောင့်ကြီး ၀င်နေတဲ့ ၀င်ငွေကို ကျုပ် မလွန်ဆန်နိုင်ဘူး။ ကျုပ်က ပညာမတတ်ဘူးလေ။ ၈ တန်းနဲ့ ကျောင်းထွက်တဲ့ ကျုပ်အတွက် အလုပ်လဲ များများစားစား မရှိလှဘူး။ အမေကတော့ `လယ်လုပ်ပါလား သားရယ်´ လို့ ပြောပေမယ့် ဒီအလုပ်လောက် ၀င်ငွေကောင်းပါ့မလားဆိုတာကို သံသယဖြစ်နေရင်းနဲ့ပဲ အကုသိုလ်မှန်း သိသိကြီးနဲ့ ကျုပ်ဆက်လုပ်နေဖြစ်တာပဲ။

ကပ်သပ်တယ်တော့ မထင်ပါနဲ့ဗျာ။ တခါတခါတော့ ကျုပ် ရှာကြံစဉ်းစားပြီး ဖြေတွေးမိပါတယ်။ `ငါတို့လဲ တဖက်တလမ်းကနေ လူတွေကို အကျိုးပြုနေတာပါပဲ´ လို့…။ ဟုတ်တယ်လေ။ ကျုပ်တို့သာ ၀က်မသတ်ပေးရင် ၀က်သားစားချင်တဲ့ လူတိုင်းက ၀က်တွေကို သတ်နေရတော့မှာပေါ့။ ဒီတော့ သူတို့ ရမယ့် အကုသိုလ်တွေကို ကျုပ်တို့က ကိုယ်စားဝင်ယူပေးလိုက်တယ်။ သူတို့က ၀က်သားစားချင်တဲ့ အာသီသပြည့်၊ အကုသိုလ်လဲ မရ။ ဒီတော့ သူတို့ရမယ့် အကုသိုလ်တွေကို အားလုံးခံပေးရမယ့် ကျုပ်တို့က သူတို့ကို အကျိုးပြုတာပဲ မဟုတ်ဘူးလား။ စဉ်းစားကြည့်မိတာ ပြောပါတယ်။

နောက်ဘ၀ကျရင် ကျုပ်တို့ ငရဲခံရမယ် ဆိုတာလဲ သိပါတယ်။ ခံရုံပေါ့ဗျာ။ ကျုပ်တို့က လိုအပ်ချက် တခုလို ဖြစ်နေတာတော့ လူတွေ နားလည်ပေးရင် တော်ပါပြီ။

***

ဝက်သားတွေ စနစ်တကျ တင်ထားတဲ့ ဟိုင်းလတ်ကားကို ဦးထွန်းတင်က `၀ူး´ ခနဲနေအောင် မောင်းထွက်လာတော့ မနက် ငါးနာရီခွဲတော့မယ်။ ဈေးက ၀က်သားဒိုင်တွေကို အမှီပို့ရမယ်လေ။ ကျုပ်ကတော့ နောက်ခန်းမှာ ထိုင်လိုက်ရင်းနဲ့ အနှင်းဆီကို ယူသွားမယ့် ၀က်ခေါင်းထုပ်လေး တဆဆနဲ့ပေါ့ဗျာ…။

အနှင်းဆီရောက်ရင်တော့ သူ့လက်ရာ ၀က်စွတ်ပြုပ်လေး တခွက်လောက်တော့ ပူပူလေး သောက်ချင်သားဗျာ။

ဘားအံ ကောလိပ်ကျောင်းရှေ့က ကားဖြတ်မောင်းတော့ ဘာရယ်မဟုတ် ကျောင်းဆိုင်းဘုတ် `ဘားအံ ဒီဂရီကောလိပ်´ ဆိုတာကို ကျုပ်လှမ်းကြည့်မိတယ်။ အင်းဗျာ၊ ကျုပ်လဲ အခါအခွင့် ကြုံမယ့် ဘ၀တခုခုမှာတော့ အဲဒီကျောင်းကို တက်ချင်မိသားပါပဲ။ ဘယ်ဘ၀လဲတော့ မသိနိုင်ဘူးပေါ့။ ပါးစပ်ကတော့ ဘာရယ်မဟုတ်…၊ တွေ့ကရာ သီချင်းတပုဒ်ကို ညည်းလိုက်မိသေးတယ်။

`၀က်ထိုးသမားလေးရဲ့ ~~~ ရည်းစားလေးမို့ အားမငယ်ပါနဲ့ကွာ ~~~ ဘ၀သံသရာ လောကရဲ့အလယ်မှာ ~~~ ဆင်းရဲသူရယ်၊ ချမ်းသာသူရယ်~~~ အများကြီး ရှိပါတယ်´


ကလိုစေးထူး

(ဘားအံ၌ အဝေးသင် တက္ကသိုလ်သွားဖြေစဉ် တွေ့မြင်ခဲ့ရဖူးသော ဘ၀တခုကို ခံစားရေးဖွဲ့ပါသည်။)

Tuesday, February 05, 2008

ဆန္ဒ စေတမန်…

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူး ရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ်။ ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။


Monday, February 04, 2008

ကိုဇော်မျိုးသို့ အိတ်ဖွင့်ပေးစာ…

ကိုဇော်မျိုး…

မင်္ဂလာပါဗျာ။ ကျနော်က ခရီးသွားနေတော့ ဘလော့ဂ်ကို ပြန်မစစ်အားလိုက်ဘူး ဖြစ်နေတာ ပြန်လဲရောက်ရော ကိုဇော်မျိုးရဲ့ ကွန်မန့်တွေက အခန့်သား ကြိုနေတော့တာပဲဗျာ။ အားလုံးသော ကွန်မန့်တွေကို ဖတ်ပြီးချိန်မှာတော့ ကျနော် ကိုဇော်မျိုးအတွက် စာတစောင်လောက်တော့ ရေးသင့်တယ်ထင်လို့ ဒီစာကို ရေးလိုက်ပါတယ်။ ဒီစာကို ကိုဇော်မျိုးအနေနဲ့ (ကျနော့်အပေါ် ထားရှိဟန် ပေါ်တဲ့) ဒေါသတွေ၊ ရန်စောင်မှုတွေကိုတော့ ဖယ်ထားပြီး ဖတ်စေချင်ပါတယ်။

ကိုဇော်မျိုး…

လောကမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူတွေဟာ သူ့ယုံကြည်ချက်၊ သူ့ရပ်တည် ရှင်သန်ချက်အပေါ်မှာ မှီတည်ပြီးတော့ မတူကွဲပြားမှုတွေ ရှိကြပါတယ်။ ဒီတော့ ကျနော်က ဒီမိုကရေစီဝါဒကို ယုံကြည်ပေမယ့် ကိုဇော်မျိုးက ယုံချင်မှယုံမယ်။ ဒါကို ကျနော် အပြည့်အ၀ လက်ခံနားလည်ပါတယ်။ ဒါကြောင့်လဲပဲ ကိုဇော်မျိုးက ကိုယ့်အယူအဆကို ကိုဇော်မျိုးရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ ရေးသားသလို ကျနော်ကလည်း ကျနော့်အယူအဆနဲ့ ကျနော့်ယုံကြည်ချက်ကို ကျနော့် ကိုယ်ပိုင်ဘလော့ဂ်မှာ ချခင်း တင်ပြပါတယ်။ ဒါဟာ အင်မတန်မှ ရိုးစင်းပြီး လူသားတိုင်း ရှိနေတဲ့ မွေးရာပါ အခွင့်အရေးလို့ ပြောမယ်ဆိုရင် ပညာတတ်တယောက် ဖြစ်ဟန်တူတဲ့ ကိုဇော်မျိုး ငြင်းလောက်မယ်လို့ ကျနော် မထင်ပါဘူး။

ဘလော့ဂ်ရေးတယ် ဆိုမှတော့ ကိုယ်ရေးတာကို တခြားသော မိမိနဲ့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ တကွ လက်လှမ်းမီရာတွေကို ဖတ်စေချင်ကြတာကလဲ လူ့သဘာဝပါပဲ။ ဒါကြောင့် ကျနော် ဘလော့ဂ် စရေးတဲ့ အချိန်မှာတုန်းကလည်း ခင်ရာမင်ရာ သူငယ်ချင်း မိတ်ဆွေတွေကို `အားရင် ကျနော့် ဘလော့ဂ် လာဖတ်ပါအုံး´ ဆိုပြီး ဖိတ်ခဲ့ဖူး၊ အဝေဖန်ခိုင်းခဲ့ဖူးပါတယ်။

အဲဒီ သဘောသဘာဝကနေ လွန်ဆန်နိုင်ဟန် မရှိတဲ့ ကိုဇော်မျိုးသည်လဲ ဘလော့ဂ် တခုကို စတင်ရေးခဲ့ပြီး ပို့စ်တွေ စတင် တင်ဆက်တာနဲ့ `ဘလော့ဂ် ကြော်ငြာ´ ထွက်ခဲ့တာဟာ ကျနော့်ဘလော့ဂ်ပေါ်ကိုလည်း ရောက်လာခဲ့တယ် ဆိုပါတော့…။

ကိုဇော်မျိုး…

ကျနော့်ရဲ့ အခုလက်ရှိ နောက်ဆုံးပို့စ်မှာ ရေးထားတဲ့ ကိုဇော်မျိုးရဲ့ ကွန်မန့်ပါ စာသားတွေကို လေ့လာကြည့်ချက်အရ ကိုဇော်မျိုးက ကိုဇော်မျိုးရေးထားတယ် ဆိုတဲ့ ဆောင်းပါးတွေ၊ စာတွေကို လူတွေကို သိပ်ဖတ်စေချင်တာကို သတိထားမိပါတယ်။ ကဲ… ဒါဖြင့် ကျနော့်ကို မေးခွင့်ပြုပါ။ ကိုဇော်မျိုးကရော တခြားသူတွေ ရေးတဲ့ စာတွေကို အရေးတယူနဲ့ ဂရုတစိုက်ဖတ်ပါရဲ့လား။

အဲဒီ မေးခွန်းကို ကျနော် မေးရတာဟာ အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာဟာ ကိုယ့်ကို ဂရုစိုက်စေချင်ရင်၊ ကိုယ့်ကို နားလည်စေချင်ရင် သူတပါးကိုလဲ ဂရုစိုက်ရ၊ နားလည်ပေးရပါတယ်။ အခုတော့ ကိုဇော်မျိုးက `ကျနော်တို့ တင်ပြထားတဲ့ ဘယ်ဆောင်းပါး၊ ဘယ်အကြောင်းကိုတော့ လာဖတ်ကြပါ´ ဆိုပြီးတော့ ဘလော့တကာမှာ တစာစာ လိုက်အော်နေပေမယ့် အဲဒီ လိုက်အော်တဲ့ ဘလော့ဂ်တွေမှာ ဘာတွေရေးထားတယ် ဆိုတာကိုတော့ တစိုးတစိမှ ဖတ်ဟန် မရှိတဲ့ အနေအထားကို တွေ့ရပါတယ်။ ထင်ရှားတဲ့ သာဓကအားဖြင့် အခု လက်ရှိ ကျနော့် ဘလော့ဂ်မှာ ကိုဇော်မျိုး ၀င်ရေးတဲ့ မှတ်ချက် မှန်သမျှဟာ ကျနော် တင်ပြထားတဲ့ ပို့စ်နဲ့ ဆက်စပ်မှု လုံးဝ မရှိဘဲ ကိုဇော်မျိုးက ကိုယ်ပြောချင်တာကိုသာ အတင်းကာရော ဇွတ် ၀င်ပြောနေတာကိုပဲ တွေ့ရပါတယ်။

`စာပေ´ ဆိုတာကို ဈေးတန်းလေး တခုနဲ့ ကျနော် ပို့စ်တခုမှာ တင်စားရေးခဲ့ဖူးပါတယ်။ ဈေးတန်း ဆိုမှတော့ မုန့်ဆိုင်၊ ပန်းဆိုင်၊ အသီးအရွက်ဆိုင်၊ အသားငါးဆိုင်၊ ဟော… ဟိုးတဖက်မှာဆိုရင်တော့ ရွှေဆိုင်တို့ အထည်ဆိုင်တို့လည်း ရှိနိုင်သေးတာပေါ့ဗျာ။ ကိုဇော်မျိုး မျက်စိထဲမှာ မြင်ကြည့်စမ်းပါ။ ရွှေငွေ ရတနာ ပစ္စည်းဆိုင်က ရွှေရောင်းငွေဝယ် လုပ်နေတဲ့ လူတွေကြားမှာ `ငါးပိဝယ်အုံးမလား´ လို့ သွားမေးရင် သင့်တော်ပါ့မလား။ အဲဒီလိုပါပဲ၊ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ ဈေးတန်းထဲကို `ဟောဒီက စိန်လက်စွပ်တွေ၊ ရွှေလက်စွပ်တွေရမယ်´ လို့ တကြော်ကြော်အော်ပြီးတော့ ဘယ်သူမှ မရောင်းပါဘူး။

ဒီတော့ ကိုဇော်မျိုး တင်ဆက်တဲ့ စာတွေ၊ ဆောင်းပါးတွေက ရွှေငွေရတနာနဲ့ တူရင် ရွှေကုန်သည်တွေ လာကြပါလိမ့်မယ်။ ငါးပိနဲ့ တူရင် ငါးပိကြိုက်သူတွေ လာကြပါလိမ့်မယ်။ အဓိကကတော့ ကိုယ် ကိုင်စွဲထားတာ ဘာလဲ ဆိုတာ သေချာသိဖို့ပါပဲ။ `င့ါ ငါးပိတွေ ဘယ်သူမှလာမ၀ယ်ဘူး´ ဆိုပြီးတော့ ရွှေဆိုင်တန်းထဲ အော်ဟစ်ရောင်းနေရင်တော့ သူရူးတယောက်လို ဖြစ်နေမှာ သေချာပါတယ်။ ရှေးလူကြီးတွေကတော့ ဒါကို `စိန်ကောင်း ကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်၊ ကန့်လန့်´ လို့ စကားပုံ တခု တွင်ခဲ့ကြပါတယ်။ ဒီလောက်ကတော့ ကိုဇော်မျိုးအနေနဲ့ သိမှာပါ လို့ ကျနော် ယုံကြည်ပါတယ်။

ဒီတော့ ကိုဇော်မျိုး အနေနဲ့ ကိုဇော်မျိုး နားလည်လက်ခံထားတဲ့ ရပ်တည်ယုံကြည်ချက်အပေါ်မှာ ကိုယ်ကိုယ်တိုင်က မားမားမတ်မတ် ယုံကြည်ထားတယ်ဆိုရင် ကျနော်ထင်ပါတယ်၊ ကိုဇော်မျိုး ရေးတဲ့ စာတွေကို (ကိုဇော်မျိုးက တကူးတက လိုက်မကြော်ငြာရဘဲနဲ့) လိုလိုလားလား လာဖတ်ချင်တဲ့လူတွေ ရှိလာပါလိမ့်မယ်။ အဲဒါနဲ့ တဆက်တည်းမှာ ကိုဇော်မျိုးကသာ တကယ်ကို တိုင်းပြည်ချစ်စိတ် ရှိရိုးမှန်တယ်လို့ လူတွေက လက်ခံယုံကြည်လာပြီ ဆိုရင် ကိုဇော်မျိုးကို ထောက်ခံအားပေးသူတွေ သူ့အလိုလိုကို ပေါ်လာပါလိမ့်မယ်။

အယူအဆ တခုခုကို ရေးသားတင်ပြလိုက်တဲ့ နေရာမှာ `ထောက်ခံအားပေးမှု´ ကိုပဲ မျှော်လင့်ထားလို့ မရစကောင်းပါဘူး။ အထူးသဖြင့် `နိုင်ငံရေး´ လို့ အများက သတ်မှတ်ထားတဲ့ အကြောင်းအရာ တခုခုကို ရေးတော့မယ်ဆိုရင် ပြန်ရလာမယ့် တုံ့ပြန်ချက်တွေမှာ မတူညီတဲ့ အမြင်တွေပေါ် အခြေခံတဲ့ ကန့်ကွက် ထောက်ပြမှုတွေ ရှိလာမယ်ဆိုတာကို နားလည် လက်ခံသင့်လှပါတယ်။ ကျနော့်ကို မေးခွင့်ပြုပါ ခင်ဗျာ။ ကိုဇော်မျိုးရေးခဲ့တဲ့ ဆောင်းပါးတွေကို ကန့်ကွက်ထောက်ပြခဲ့တဲ့ ကိုဇော်မျိုးနဲ့ အမြင်မတူသူ လူဘယ်နှစ်ယောက်ကို ကိုဇော်မျိုးအနေနဲ့ ပြေပြေလည်လည် အကျိုးသင့် အကြောင်းသင့် ပြန်လည်ဆွေးနွေးခဲ့ဖူးပါသလဲ။ များသောအားဖြင့် ကိုဇော်မျိုးဟာ မိမိနဲ့ အမြင်မတူသူ တဖက်သားကို နှိမ်နှိမ်ချိုးချိုး၊ ရိထေ့တဲ့ စကားလုံးတွေနဲ့သာ ပြန်တုံ့ပြန်ခဲ့တာကို ကျနော် သတိထားမိပါတယ်။

ဒါ့အပြင် ကိုယ်နဲ့ အမြင်မတူတဲ့ အယူအဆရှိတဲ့ တခြားသော ဘလော့ဂ်တွေကို လိုက်ဖတ်ပြီးတဲ့အခါမှာ အဲဒီ ဘလော့ဂ်တွေမှာ ကိုဇော်မျိုး အနေနဲ့ `ဒီလူတော့ဖြင့် ငါနဲ့ အမြင်မတူဘူး´ ဆိုပြီးတော့ အဲဒီ မတူတဲ့ အမြင်ကိုပဲ လေးစားသမှုနဲ့ ပြေပြေလည်လည် ပြန်လည်ချေပတာ၊ ဒါမှမဟုတ် ကိုဇော်မျိုး နားလည်လက်ခံတယ် ဆိုတဲ့ အယူအဆကို အကျိုးသင့် အကြောင်းသင့် တင်ပြတာတွေ လုပ်ခဲ့ဖူးပါသလား။ ကျနော့်ဘလော့ဂ်မှာရေးသားတဲ့ ကိုဇော်မျိုးရဲ့ မှတ်ချက်တွေမှာကတော့ အဲဒီလို ဆွေးနွေးတာတွေ မပါခဲ့တာ သေချာပါတယ်။ ဆွေးနွေးချက်တွေအစား `အတင်းစေးထူး´ `အတင်းပြောတာပဲ တတ်တယ်´ `အနှစ်နှစ်ဆယ်လုံးလုံး´ အစရှိတဲ့ ကလေးဆန်လွန်းတဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်ပုတ်ခတ်မှုတွေနဲ့ပဲ ရန်စောင် နေတာကိုတွေ့တော့ ကျနော်က ဒေါသထွက်ရမယ့်အစား ပြုံးမိပါတယ်။

ကိုဇော်မျိုး…

ကိုဇော်မျိုး မကျေမချမ်း အတော်လေး ဖြစ်နေတဲ့ ကျနော့်ရဲ့ စီဘောက်စ် ကိစ္စကို ပြောပြချင်ပါတယ်။ ကိုဇော်မျိုးက အထက်မှာ ကျနော် ရေးခဲ့သလိုပဲ ကိုဇော်မျိုး ဘလော့ဂ်မှာ ပို့စ်အသစ်ရေးပြီးတိုင်း ကျနော့်စီဘောက်စ်ကို `ကြော်ငြာစရာနေရာ တခု´ လို သဘောထားပြီးတော့ လာလာကြော်ငြာပါတယ်။ ဒါကို အတိုင်းအတာ တခုအနေနဲ့ ကျနော် လက်ခံပါတယ်။ တခါတလေမှာလည်း ကျနော့်ရဲ့ တခြားသော မိတ်ဆွေ၊ သူငယ်ချင်းတွေက အကိုရေ၊ ကျနော်/ကျမ တို့ရဲ့ ဘယ်ဘလော့ဂ်မှာတော့ ပို့စ်တင်ထားတယ် ဆိုတာမျိုး၊ ဘယ်သတင်းတော့ ထူးတယ် ဆိုတာမျိုး လာလာပြောကြတာမျိုး ရှိတော့ ကိုဇော်မျိုး ရဲ့ ပို့စ်တွေကို လာလာကြော်ငြာတာကို ကျနော် လက်ခံနားလည်ပေးလို့ရပါတယ်။

ကိုဇော်မျိုးဟာ ပို့စ်ကြော်ငြာရုံတင်မက တရက်မှာတော့ ကျနော့်ဘလော့ဂ်ကို လာဖတ်တဲ့ တခြားသော ကိုဇော်မျိုးနဲ့ အမည်တူ Zawmyo ဆိုတဲ့ စာဖတ်သူတယောက်ကိုပါ (ကျနော့်နာမည်က မြန်မာလို ဇော်မျိုးလို့ ပေါင်းပါတယ်၊ တုရင်လည်း တူအောင် တုပါခင်ဗျာ) လို့ ရန်စ၊ ရန်စောင်စကား ပြောခဲ့တဲ့ အတွက် ကိုဇော်မျိုးကို ခေတ္တခဏသဘောမျိုး ကျနော့်စီဘောက်စ်ကို သုံးစွဲခွင့် ပိတ်ခဲ့တာပါ။ အဲဒီ Zawmyo ဆိုသူရဲ့ အိုင်ပီလိပ်စာကို ကြည့်လိုက်တော့ နော်ဝေကဖြစ်ပြီးတော့ အဲဒီတုန်းက သူ ကျနော့် စီဘောက်စ်မှာ ရေးခဲ့တာဟာလည်း ကိုဇော်မျိုးနဲ့ ဘာမှကို အဆက်အစပ်မရှိဘဲ ကျနော်ရေးတဲ့ ပို့စ်တခု အကြောင်းကိုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဇော်မျိုးကို စီဘောက်စ် ပိတ်ခဲ့ပြီး နောက် ၂ ရက်လောက် အကြာမှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။ ဒါကြောင့် ကိုဇော်မျိုး အနေနဲ့ ကျနော့် စီဘောက်စ်ကို သုံးလို့ရနေတာ ကြာပါပြီ။ (စီဘောက်စ် ပြန်ဖွင့်ထားတယ်ဆိုတာကို ရေးခဲ့ဖူးတဲ့ ပို့စ်ကို ပြန်ရှာပေးပါအုံးမယ်။ လောလောဆယ်တော့ ရှာလို့ မရသေးလို့ပါ)

ကိုဇော်မျိုးဟာ ကျနော့်ကို `စီဘောက်စ်မှာ လွတ်လပ်စွာ တင်ပြခွင့်ကိုတောင် ပိတ်ထားတယ်´ ဆိုတာကို ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ကျနော့်ကိုတင် မက၊ ကိုဇော်မျိုးကို စီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်တဲ့ တခြားသော ဘလော့ဂါတွေ အပေါ်မှာလည်း မကျေမချမ်းနဲ့ ပိတ်ရကောင်းလား၊ ဘမ်းရကောင်းလားဆိုပြီး ပြောတာဆိုတာတွေကို ကျနော်တွေ့ခဲ့ရဖူးပါတယ်။

တကယ်တော့ ဘလော့ဂ်ထဲက `စီဘောက်စ်´ ဆိုတဲ့ အရာလေးဟာ သိပ်ပြီးတော့ အဆန်းတကျယ် ထူးဆန်းနေတဲ့ အရာမဟုတ်သလို အဲဒီထဲမှာလဲ များသောအားဖြင့် `နေကောင်းတယ်နော်´ `လာဖတ်သွားပါတယ်´ `စာတွေ ဆက်တင်ပါအုံး´ အစရှိတဲ့ အချင်းချင်း နှုတ်ဆက်စကားတွေလောက်သာ ပြောကြတာများပါတယ်။ တချို့ကတော့လည်း သတင်းတွေဘာတွေ ပေးကြတာလဲ ရှိတာပေါ့။ ဒါက ထားလိုက်ပါတော့…။

ကျနော် ပြောချင်တာကတော့ အဲဒီ စီဘောက်စ် အသုံးပြုခွင့်ကို ပိတ်ပင်ခံရတဲ့ အခါမှာ ကိုဇော်မျိုး ဘယ်လိုခံစားရပါသလဲ။ `ငါ့ကို လွတ်လပ်စွာ တင်ပြခွင့် မပေးဘူး´ လို့ ခံစားရတယ် မဟုတ်ပါလား။ ကဲ…၊ ကိုဇော်မျိုးက အဲဒီလိုမျိုး စီဘောက်စ်မှာ ပြောခွင့်ဆိုခွင့် မရတာလေးကိုတောင် ဒီလောက်တောင် မခံချိမခံသာ ဖြစ်နေရသေးရင် ဘ၀ပေါင်းများစွာရဲ့ ရင်ထဲက ပိတ်ပင်ခံထားရတဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေက တောင်းဆိုနေတဲ့ `လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်´ ဆိုတဲ့ အဓိပ္ပာယ်လေးကို ကိုယ်ချင်းစာ နားလည်ပေးသင့်တယ်လို့ မထင်မိဘူးလားခင်ဗျာ။

ကိုဇော်မျိုး…

ရေးခဲ့တာ အတန်ငယ်တော့ ရှည်လျားပါပြီ။ အခု ဒီစာကို ကျနော်ရေးရတဲ့ အကြောင်းရင်းမှာ ကိုဇော်မျိုးကို တိုက်ခိုက် ချိုးနှိမ်လိုစိတ်၊ ရန်လိုတဲ့စိတ် အလျဉ်း မပါရှိဘူး ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ ကျနော်တို့ အမြင်မတူကြဘူး။ အဲဒီ မတူတဲ့ အမြင်တွေအပေါ်မှာ ကိုယ်ယုံကြည်သလို ကိုယ်တင်ပြတယ်။ ကျနော့်ဘလော့ဂ်မှာ ကျနော် တင်ပြနေတာဟာ ကျနော့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါပဲ။ ကိုဇော်မျိုး အနေနဲ့ ဒါတွေကို လက်ခံလိုစိတ်မရှိတာ၊ ကိုဇော်မျိုးပြောသလို ကျနော့်ကို မလေးစားတာကတော့ ကိုဇော်မျိုး အပိုင်းပါ။

ဒါပေမယ့် ကျနော်ရေးတာတွေကို လာဖတ်လိုက်၊ စိတ်ထဲမှာ ကျလိကျလိဖြစ်လိုက်၊ ထေ့လိုက် ရိလိုက် လုပ်နေတာတွေက ကိုဇော်မျိုးအတွက် အချိန်ကုန်ပါတယ်။ လူလဲ ပင်ပန်းပါတယ်။ ကိုဇော်မျိုး တကယ်လုပ်သင့်တာက ကိုဇော်မျိုးရဲ့ ယုံကြည်ချက်ကို ကိုယ်ကိုယ်တိုင် ခိုင်အောင် ကိုင်ထားပါ။ သူတပါးကို တိုက်ခိုက်တယ် ဆိုတာက သိပ်လွယ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို တိုက်ခိုက်လာရင် ခံနိုင်ရည် ရှိဖို့ကတော့ သိပ်မလွယ်ပါဘူး။ အဲဒီ ခံနိုင်ရည်ကိုပါ တပါတည်း မွေးစေချင်ပါတယ်။

နောက်ဆုံး အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ နောက်နောင် ကျနော်ရေးတဲ့ ပို့စ်တွေမှာ ကိုဇော်မျိုးအနေနဲ့ လက်မခံနိုင်တာ၊ အမြင်မတူတာတွေ ရှိရင် အဲဒီပို့စ်ရဲ့ အောက်မှာ ပို့စ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ အဓိကထား ဦးတည် ဝေဖန်တာ၊ ထောက်ပြတာတွေ လုပ်စေချင်ပါတယ်။ အပေါ်မှာ ရေးတာက တခြား၊ အောက်က မှတ်ချက်ပေးတာက တခြားတော့ မလုပ်စေချင်ပါဘူး။ ကိုဇော်မျိုးဟာ ပညာတတ်တယောက်၊ ဆင်ခြင်တုံတရား ရှိသူတယောက် ဖြစ်တဲ့ အတွက် ဒီမေတ္တာရပ်ခံချက်ကိုတော့ နားလည်လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခုရေးလိုက်တဲ့ စာကို ကျနော်က `အငြင်းအခုန်´ လို့ သဘောမထားပါဘူး။ အငြင်းအခုန် သီးသန့်ဆိုရင် တခြားသော လာဖတ်သူတွေကိုလဲ အားနာစရာ သိပ်ကောင်းပါတယ်။ ဒီတော့ ကိုဇော်မျိုးအနေနဲ့လဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဆန်တဲ့ စကားလုံးတွေကို တတ်နိုင်သလောက် ရှောင်ရှားပြီးတော့ ကိုဇော်မျိုးရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်ရေးနိုင်ပါတယ်။ ကျနော့်ကို မလေးစားပါနဲ့။ ကိစ္စမရှိပါဘူး။ ကျနော်တို့ နှစ်ယောက် အပြန်အလှန်ပြောဆို နေကြတာတွေကို လာဖတ်နေကြမယ့် တခြားသော စာဖတ်သူတွေကိုတော့ လေးစားစေချင်ပါတယ်။ ကိုဇော်မျိုးရဲ့ တုံ့ပြန်မှုကို စောင့်ပါမယ်။ Open mind လေးတော့ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကိုဇော်မျိုး။ ပျော်ရွှင် အဆင်ပြေပါစေ…။


ကလိုစေးထူး

Friday, February 01, 2008

စပ်မိစပ်ရာ…(၁၉)

ဒီတပတ် စပ်မိစပ်ရာကို မတင်ဆက်မီမှာ ဦးစွာအနေနဲ့ ၀မ်းနည်းစကား ဆိုရမှာကတော့ ကိုနေဘုန်းလတ် အဖမ်းဆီးခံရတယ် ဆိုတဲ့ သတင်းစကားအတွက်ပါ။ စတင်ကြားသိရချိန်တုန်းက ဒါဟာ ကောလဟလပဲ ဖြစ်ပါစေလို့ ဆုတောင်းရင်း နီးစပ်ရာတွေကိုသာ တိုးတိုးတိတ်တိတ် လိုက်လံ သတင်းမေးခဲ့ရပေမယ့် ညီမလေး မေပျိုရဲ့ ၀မ်းနည်းကဗျာနဲ့တကွ အတည်ပြုနိုင်လောက်ပြီ ဖြစ်တဲ့ သတင်းတွေနဲ့အတူ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူရဲ့ အင်တာဗျူး အရ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ သုံးသပ်မိပါတယ်။ ဘာကြောင့်၊ ဘာအတွက် ဖမ်းတယ်ဆိုတာကို တိတိကျကျ မသိရတဲ့တိုင်အောင် ဒီကနေ့ခေတ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံရတဲ့ ကိုနေဘုန်းလတ်ရဲ့ အခြေအနေကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ။ ဟိုးအဝေးကြီးကနေပြီး `ဘေးကင်းပါစေ´ လို့ ဆုတောင်းပေးတာက ထိရောက်မှာ မဟုတ်မှန်း သိပေမယ့် ဒါကိုပဲ တတ်နိုင်သလို ဖြစ်နေတော့… `ကိုနေဘုန်းလတ် တယောက် ဘေးရန်ကင်းစွာနဲ့ အိမ်ကို ပြန်ရောက်လာနိုင်ပါစေ´ လို့ ဆုတောင်းလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ အာဏာပိုင်တွေရဲ့ အခေါ် နေပြည်တော်လို့ ခေါ်တဲ့ ပျဉ်းမနားအရပ်မှာ အရွယ်မရောက်သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ အမှန်တကယ်သာ ကလေးတွေကို စစ်တပ်ထဲ သွတ်သွင်းတာ မရှိခဲ့ဘူး၊ စစ်တပ်ကလည်း စစ်ထဲဝင်ဖို့ ရောက်လာတဲ့ ကလေးတွေကို လက်မခံတာ သေချာတယ်ဆိုရင် အဲဒီ ကော်မတီဆိုတာ ပေါ်လာစရာ အကြောင်းတောင် မရှိပါဘူး။ ကျနော် မှတ်သားမိသလောက်ဆိုရင် ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ ကော်မတီရဲ့ သက်တမ်းဟာ လေးနှစ်သား ရှိနေပါပြီ။ အစည်းအဝေးတွေသာ လုပ်နေဆဲ ဖြစ်ပေမယ့် မနေ့တနေ့ကမှ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာတော့ ကလေးစစ်သား အသုံးပြုမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါရှိနေဆဲပါပဲ။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်း အများဆုံးဟာ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းပါတဲ့။ တနိုင်ငံလုံး လျှပ်စစ်မီး မှန်မှန်လာဖို့ ဝေးစွ…၊ ရန်ကုန်လို နေရာမျိုးမှာတောင် မီးမှန်မှန်မလာလွန်းလို့ ပြည်သူတွေက ချူသံပါအောင်ညည်းနေရတဲ့ ကျနော်တို့ နိုင်ငံမှာ အများဆုံး လာရောက် မြုပ်နှံတဲ့ လုပ်ငန်းကနေ ပေးတဲ့ လျှပ်စစ်ဓာတ်အားတွေက ဘယ်ဆီကို သွားနေတာပါလိမ့်။ ၀ိုင်ဝိုင်းရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ `ထာဝရ´ အခွေထဲက သီချင်းတပုဒ်ရဲ့ စာသားတခုကိုလည်း သတိထားမိပါသေးတယ်။ ဘာတဲ့…၊ `ပူလောင် အိုက်စပ်တိုက်ခန်းထဲဝယ် ~~~ ငါလေ ဖယောင်းတိုင်ငယ်လေး ထွန်းကာ~~~´ တဲ့။ ဆက်စပ်ပြီး တွေးကြည့်တာ ဆိုင်မဆိုင်တော့ မပြောတတ်…၊ ဒါပေမယ့် တိုက်ခန်းဆိုတော့ မြို့ပေါ်မှာပေါ့၊ မြို့ပေါ်က တိုက်ခန်းမှာ ဖယောင်းတိုင် ထွန်းတော့ မီးမလာတာပေါ့…။ တေးရေးဆရာ ဆိုလိုချင်ဟန်နဲ့ ကျနော် ခံစားမိတာ လွဲနေမလားတော့ မသိနိုင်ပါဘူး။

ကျနော်တို့ အသက် ခပ်ငယ်ငယ်က မြန်မာပြည်မှာ ရေပန်းအစားဆုံး ဘောလုံး ပြိုင်ပွဲဖြစ်တဲ့ ပြည်နယ်နှင့်တိုင်း (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ဒီနှစ်မှာတော့ ထူးခြားလှစွာပဲ ရှမ်းပြည်နယ်မှာ ကျင်းပလျက် ရှိပါတယ်။ အဲဒီပြိုင်ပွဲရဲ့ ထူးခြားတဲ့ သတင်းတရပ်အနေနဲ့ ကျောက်မဲဇုန်မှာ ကျင်းပနေတဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆိုပြီး ဧရာဝတီတိုင်း ဘောလုံးသမားတွေက ဒိုင်လူကြီးတွေကို တသင်းလုံး နီးပါး ၀ိုင်းရိုက်ကြတယ် လို့ သိရပါတယ်။ လူရွှင်တော် ကင်းကောင်ကများ အဲဒီသတင်းကို ကြားရင် မျှော်စင်ကျွန်းပွဲတုန်းကလို `အဲဒါ မြန်မာကွ´ လို့ ပြက်လုံး ထုတ်အုံးမလားပါပဲ။

ဂျပန်နိုင်ငံဟာ သူ့နိုင်ငံအတွင်း နိုင်ငံခြားသားများ လာရောက်နေထိုင်မှု များပြားနေတာကို ဘာသာစကား ကျွမ်းကျင်မှု စစ်ဆေးခြင်းတွေနဲ့ ထိန်းချုပ် ကန့်သတ်တော့မယ် လို့ သိရပါတယ်။ တကယ့်တကယ်တမ်း အဲဒီအစီအစဉ် စတင်လာတော့မယ်ဆိုရင် မြန်မာနိုင်ငံကနေ ဂျပန်ကို ပညာတော်သင် သွားရောက်တဲ့ ကျောင်းသားများ အနေနဲ့ကတော့ အခက်အခဲ မရှိနိုင်ပေမယ့် အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ အတွက်ကတော့ အခက်အခဲ တရပ်အဖြစ် ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သိရပါတယ်။

ထူးဆန်းတဲ့ သတင်းတရပ်အနေနဲ့ ပြင်သစ်သမ္မတ ဆာကော်ဇီဟာ မနှစ်က မဲဆွယ်ကာလအတွင်းမှာ မိတ်ကပ်ဖိုးအနေနဲ့ ယူရို ၃၅၀၀၀ သုံးစွဲခဲ့ကြောင်းကို စာရင်းစစ် ကော်မရှင်က ထုတ်ပြန်ခဲ့ပါသတဲ့။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်အတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်များ အပ်နှင်းရာမှာ လူမှုထူးချွန်တံဆိပ် ပထမအဆင့် ရရှိသူတွေမှာ အခြေခံ လူတန်းစား စုစုပေါင်း ၂၁ ဦး ပါဝင်ခဲ့တယ်လို့ ပြည်တွင်းထုတ် ဂျာနယ် တစောင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပ အခြေစိုက် ခေတ်ပြိုင် ဂျာနယ်ကတော့ အဲဒီ လူမှုထူးချွန်ဆု ရရှိသူတွေထဲမှာ စက်တင်ဘာလ၊ သံဃာ့ကံဆောင်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့သူ အများအပြား ပါနေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ ခေတ်ပြိုင်မှာ ဖော်ပြထားတဲ့ သတင်းမှာ အာဏာပိုင်တွေရဲ့ အခေါ် နေပြည်တော် ခေါ် ပျဉ်းမနားအရပ်က အမည်မဖော်လိုတဲ့ အရာရှိတဦးက `ဘွဲ့တွေအတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ စာရင်းတောင်းကတည်းက ယခင် သတ်မှတ်ချက် အဟောင်းတွေ အပြင် စက်တင်ဘာ သံဃာ့အရေးအခင်း ကာလမှာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့ ရဲနဲ့၊ ၀န်ထမ်းတွေ၊ အစိုးရနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်စာရင်းတွေကိုပါ တင်ပြဖို့ ညွှန်ကြားလာခဲ့တယ်။ အဲဒီညွှန်ကြားချက်အတိုင်း တင်ပြလာတဲ့ လူတွေထဲမှာ စွမ်းအားရှင် တွေလည်း ပါဝင်ပြီး သူတို့ကိုတော့ လူမှုထူးချွန်တံဆိပ်တွေ ပေးခဲ့တာဖြစ်ပါတယ်´ လို့ ဖော်ပြပါတယ်။ ဒါဆိုရင် သွေးလှူဒါန်းခြင်းနဲ့ လူမှု ထူးချွန်ရရှိသူနဲ့ ခေတ်ပြိုင်က သတင်းထဲကပုံစံလို လူမှုထူးချွန်ဆု ရရှိသူတွေဟာ တတန်းတစားတည်း ဖြစ်စေတော့မှာလားဆိုတာ စဉ်းစားစရာပါ။

ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုကနေ အစပျိုးလိုက်တဲ့ ကင်ညာနိုင်ငံရဲ့ လူမျိုးရေး သတ်ဖြတ်မှုတွေအတွင်း သေဆုံးခဲ့ရသူ ၈၅၀ ရှိခဲ့ပါပြီ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအနန်က ဦးဆောင်ပြီးတော့ ကင်ညာ လက်ရှိအစိုးရနဲ့ အတိုက်အခံအကြား စေ့စပ်ဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် သတ်ဖြတ်မှုတွေကတော့ ရပ်မသွားသေးတဲ့ အပြင် နှစ်ဖက်ခေါင်းဆောင်တွေအကြား ရေရာတဲ့ အဖြေတခုလဲ ထွက်မလာသေးပါဘူး။

ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ အောင်မြင်တဲ့ အငြိမ့်ဖျော်ဖြေပွဲတွေကို ကမ္ဘာတလွှားမှာ ကျင်းပနေတာဟာ အခုဆိုရင် ကိုးရီးယားမှာ ဖျော်ဖြေကြတော့မယ်လို့ သိရပါတယ်။ သတင်းဌာနတွေနဲ့ ကိုဂေါ်ဇီလာရဲ့ အင်တာဗျူးအရ သူတို့ဟာ အမေရိကန်ကိုပါ လာရောက်ဖျော်ဖြေဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ကိုသာ ရောက်ခဲ့ရင်တော့ သူတို့ ဖျော်ဖြေနိုင်ဖွယ်ရာ ဖြစ်နိုင်ချေ အများဆုံးအနေနဲ့ နယူးယောက်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနား ပြည်နယ် သုံးခု အနက်က တခုခုမှာပဲ ဖြစ်မယ်လို့ တွက်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ရောက်လာခဲ့ရင်တော့ အရောက်သွားပြီး အားပေးဖို့ အားခဲမိပါတယ်။

မနက်ဖြန် မနက်စောစောမှာ ကျနော် ခရီးတခု သွားဖို့ အစီအစဉ် ရှိပါတယ်။ ဘလော့ဂ်နဲ့တကွ မိတ်ဆွေ ညီအကို မောင်နှမအားလုံးနဲ့ ၂ ရက်တာတော့ ခေတ္တခဏ ခွဲရအုံးမှာပေါ့။ ပြန်လာရင်တော့ ဘလော့ဂ်မှာ တင်ပြဖို့အတွက် ရေးစရာ ကုန်ကြမ်းတခုခု ပါလာမယ် ထင်ပါရဲ့။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ။


ကလိုစေးထူး

Wednesday, January 30, 2008

နှမ်းနှုတ်ချိန်…

အရုဏ်တက်လေပြီ။

တကယ်တော့ ဟိုး… ခပ်ဝေးဝေးဆီ ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံ တတောက်တောက် ကြားကတည်းက သူ နိုးနှင့်နေပြီ။ ဒါပေမယ့် အိပ်ချင်လွန်းသော စိတ်ကို အလိုလိုက်ပြီး စောင်ခြုံထဲမှာ ထပ်ကွေးနေလိုက်သည်။ မီးဖိုဆောင်ထဲမှာတော့ ဒေါ်ကြီးသန်း နှင့် မခင်အေးညိုတို့ အလုပ်များနေဟန် ချိုးချိုးချွတ်ချွတ် အသံများကြားနေရ၏။

`ဟိုကောင်တွေ၊ ထကြတော့လေ၊ နေတောင် ထွက်တော့မယ်´

ဘကြီး ဦးကုလား၏ အသံသြသြကြောင့် အပျင်းကျောဆွဲ အိပ်နေကြသော သူတို့ ညီအကိုတွေ အိပ်ရာမှ အလူးအလဲ ထကြချိန်တွင်မတော့ ရောင်နီပင် ပျို့နေပါပြီ။

***

၁၉၉၂ ခုနှစ်…။

သူက ရန်ကုန်မှာ ဆယ်စုနှစ် တခုကျော်ကြာ နေခဲ့ရပြီးမှ ဇာတိမြေကို မေမေနှင့်အတူ ပြန်လည် ပြောင်းရွှေ့လာတော့ တောသားလည်း မဟုတ်၊ မြို့သားလည်း မကျ စကောစက…။ ဒီမြို့လေးကို ရောက်ခါစမှာတော့ သူ့ကို အမျိုးတွေနှင့် သူငယ်ချင်းတချို့က `ရန်ကုန်သား´ လို့ခေါ်ကြသေးပေမယ့် နောက်တော့လည်း ဇာတိမြို့လေးနှင့် သူ တသားတည်း ကျသွားပါတော့သည်။

သူတို့ မြို့ကလေးကနေ လေးငါးမိုင်လောက် ဝေးသော ဒီရွာကလေးမှာ သူ့မေမေရဲ့ အမကြီး ဒေါ်ကြီးသန်း နေပါသည်။ တခြားသော ညီအကိုမောင်နှမတွေကို ငဲ့သောအားဖြင့် စောစီးစွာ ကျောင်းထွက်ပြီး အဘိုးနှင့်အတူ လယ်လုပ်၊ တောင်ယာခုတ်ခဲ့သော ဒေါ်ကြီးသန်းက တရွာတည်းသား ဦးကုလားနှင့် အကြောင်းသင့်လို့ တောမှာပင် အခြေကျခဲ့ရ၏။ ဒေါ်ကြီးသန်း ကိုယ်တိုင်က ပညာဆုံးခန်းတိုင် သင်ခွင့်မရခဲ့ပေမယ့် သူ့သားသမီးတွေကိုတော့ ပညာအမွေပေးလိုဟန် ရှိသည်။ သမီးဖြစ်သူ သူ့အမ၀မ်းကွဲ မခင်အေးညိုက အခုဆို ဆယ်တန်း…။ သူနဲ့ ရွယ်တူ ကျော်စွာကတော့ ကိုးတန်း။ နောက်…၊ ဖိုးကောက်က ငါးတန်း၊ ဖိုးထူးက နှစ်တန်း။

ကျောင်းပိတ်ရက်တိုင်း မကြာခဏ လာလည်လေ့ရှိသော ဒီရွာကလေးမှာ အခုတခေါက် ရောက်ခဲ့သည်ကတော့ အလည်အပတ်သက်သက်တော့ မဟုတ်ပါ။ `နင့်ဒေါ်ကြီးနဲ့ နှမ်းသွားနှုတ်ကူချေ´ ဟူသော မေမေ့ အမိန့်ကြောင့် ဒီကို ရောက်နေရပေမယ့် သူ ပျော်ပါသည်။ နှမ်းလည်း တခါမှ မနှုတ်ဖူးတော့ နှမ်းနှုတ်တယ်ဆိုတာ ဘယ်လိုပါလိမ့် လို့ သိချင်တာလဲ ပါမည်ထင်သည်။

***

ဘကြီး ဦးကုလားက လှည်းသံ တဂျောင်းဂျောင်းဖြင့် နှမ်းခင်းကို သွားနှင့်ပြီ။ ဒေါ်ကြီးနှင့် အမကတော့ ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းသွားအကပ်ပြီးမှ နှမ်းခင်းကို လိုက်လာလိမ့်မည်။ ဒီတော့ သူတို့ ညီအကိုတွေကလည်း မနက်စာကို ကမန်းကတန်း တက်သုတ်ရိုက် စားပြီး နှမ်းခင်း ရှိရာကို နှင်ရတော့သည်။

ဒေါ်ကြီးတို့ တောင်ယာတဲလေးက မနှစ်က ခုတ်ထွင်ထားသော တောင်ယာကုန်းကလေးရဲ့ အောက်ခြေမကျတကျတွင် ဆောက်ထားသည်။ ပင်ပင်ပန်းပန်း ခုတ်ထွင်ထားရသော တောင်ယာခင်းမှာ သီဟိုဠ်ပင်ပေါက်တွေက အစီအရီ။ ဒီဘက် အောက်နားမှာက ငရုတ်ခင်း…။ တဲအနီးမှာတော့ တနိုင်စာ စိုက်ထားသည့် ခရမ်းခင်း ခပ်ငယ်ငယ်က ခရမ်းသီးတွေ တွဲရရွဲနှင့် ခရမ်းပင်တွေက စီစီတန်းလို့…။

ခပ်ဝေးဝေးကို မျှော်ကြည့်ရင်တော့ ဒေသအခေါ် ကမွတ်ကသဲ တောင်တန်းကြီး။ အဲဒီ တောင်တန်းရဲ့ ဟိုမှာဘက်မှာ မုလအိ ဘုရားရှိသည်ဟု ဒေါ်ကြီး ပြောပြဖူးသည်။ အဲဒီ ဘုရားကို သွားဖူးရင် ချစ်သူရည်းစားတွေ အတူတူ သွားဖူးလို့ မရ၊ သွားဖူးလျှင် ဖူးစာ မဆုံဖြစ်တတ်သည်ဟုလည်း ပါးစပ်ရာဇ၀င်လိုလို ကြားဖူးသေးသည်။ တခါတလေကျရင်တော့ အဲဟို တောင်တန်းကြီးဆီမှပင် ဖြစ်ဟန်တူသည် လက်နက်ကြီးငယ်သံ တချို့က မငြိမ်းချမ်းသေးသည့် သရုပ်ကို ဖော်ကျူးနေပါသေးသည်။

***

နှမ်းခင်းကိုရောက်တော့ နေရောင်ဖြိုးဖျဖျ ထွက်စပြုနေပါပြီ။ အတွေ့အကြုံ ရှိနှင့်ပြီးသား ကျော်စွာတို့ တသိုက်ကတော့ သူတို့ အဖေနှင့်အတူ တက်ညီလက်ညီ ကူနေပေမယ့် သူ့မှာတော့ ဟိုနေရာ ရပ်ရမလိုလို၊ ဒီနေရာ ရပ်ရမလိုလို ယောင်နန…။

`နကျယ်ကောင်လေး၊ လာလာ ဒီနားကနေ စနှုတ်´

ဘကြီးက သူ့ကို ကွမ်းသွေးတွေရဲနေသော သွားတွေ ပေါ်နေအောင် ပြုံးကြည့်ရင်းလှမ်းခေါ်လိုက်သည်။ အသံက စူးကျယ်ကျယ်၊ အကောင် ခပ်သေးသေးနှင့် သူ့ကို ဘကြီးက စတွေ့တွေ့ချင်းမှာပင် နာမည်ပြောင် ပေးလိုက်သည်။ `နကျယ်ကောင်´ တဲ့။ နကျယ်ကောင် ဆိုတာက သူတို့ နယ်ဘက်က တောထဲမှာ တစီစီနှင့် မဆုံးနိုင်အောင် အော်နေသော အင်းဆက် အကောင်တမျိုးပါ။ အဲဒီအကောင်တွေ လေးငါးကောင် အော်ပြီဆိုရင် နားထဲမှာ စူးနေအောင်ပင် နားညည်းလှသည်။

`လာ၊ ဘကြီးနှုတ်တာကို ကြည့်ပြီး လိုက်နှုတ်နော်´

တကယ်တော့ နှမ်းပင်တွေသာ တကယ့်တကယ် သန်သန်မာမာ ဆိုလျှင် အခုလိုမျိုး လက်ဖြင့် နှုတ်ဖို့ မလွယ်ပါ။ မြေသြဇာကောင်းကောင်း သုံးပြီး စနစ်တကျ စိုက်လျှင် နှမ်းပင်တွေက လူတရပ်ခန့်ထိလောက်ပင် ရှိနိုင်သည်။ ဘကြီး ဦးကုလားရဲ့ နှမ်းခင်းလေးကတော့ မိသားစု ၀မ်းစာဆီရရုံမျှအတွက်သာ ထွန်ယက်ပြီး ချောင်းဘေးမှာ ကျဲထားတာမို့ နှမ်းပင်တွေက တတောင့်ခွဲသာသာမျှခန့်သာ…။ တချို့ အပင် တပင်တလေကတော့ ခါးသာသာလောက် ထိုးထိုးထောင်ထောင်။

နှုတ်ခါစကတော့ နှမ်းပင်လေး သုံးလေးငါးပင် ဆွဲစုလိုက် ဖြုတ်ခနဲ ဆွဲနှုတ်လိုက်၊ နည်းနည်းများလာရင် နှမ်းခင်းဘေးမှာ အစည်းစည်းနေသော ဒေါ်ကြီးနှင့် အမဖြစ်သူဆီ သွားပို့ပေးလိုက်နှင့် ဟုတ်တုတ်တုတ်။ နှစ်နာရီ သာသာလောက် နှုတ်ပြီးချိန်မှာတော့ သူ လက်ပန်းကျတော့သည်။ နှမ်းပင်တွေက ဆွဲနှုတ်လို့ မပါတော့…။

`ဘယ်လိုလဲကွ၊ မနိုင်တော့ဘူးလား´

တတန်းထဲလည်း ဖြစ်၊ ရွယ်တူချင်းလဲ ဖြစ်တဲ့ ကျော်စွာက လှမ်းမေးတော့ မခံချင်စိတ်လေးက ငေါက်ခနဲ ထလာပြီး…

`အောင်မာ ကုလားမည်းကများ၊ ဒီလောက်ကတော့ အပျော့ပဲကွ´

`၀ါးဟားဟား´ ဟူသော ရယ်သံများက နှမ်းခင်းလေးမှာ စီခနဲ ညံသွားသည်။ အဲ…၊ ဟုတ်သား။ သူ့အဖေနာမည်က ဦးကုလားဆိုတာကို မေ့ပြီးတော့ ညီအကိုအချင်းချင်း ခေါ်သည့် အမည်ပြောင်ကို ဘကြီးရှေ့မှာ `ကုလားမည်း´ လို့ ခေါ်မိတာကိုး…။ ဒါပေမယ့် ရယ်နေကြသည့် အထဲတွင် သဘောကောင်းလှသည့် ဘကြီး အသံက အကျယ်ဆုံး…။

***

`ထမင်းစားစို့ဟေ့´

ဘကြီးခေါ်လဲ ခေါ်မှပင်…။ ၀မ်းကလည်း ဟာလှပြီ။ ဒီလိုနဲ့ ချောင်းစပ် ထမင်းဝိုင်းလေးမှာ ဆီပြန်မပါ၊ ပေါ်ဆန်းမွှေး မဟုတ် ကြီးဒေါ်လက်ရာ ခရမ်းသီးဟင်း ငါးပိထောင်း နှင့် မန်ကျည်းရွက် ဟင်းချိုက ဆာဆာမို့လို့လားတော့ မသိ၊ နတ်သုဒ္ဓါအလား။ ညီအကိုတွေ ကုန်းလွေးလိုက်သည်မှာ ချက်လာသမျှ ထမင်းဟင်း တက်တက်ပြောင်…။

`နေ့လည်ကျရင် နကျယ်ကောင်နဲ့ ဖိုးကောက်နဲ့ ချောင်းထဲမှာ ခရုဖင်လိမ် သွားကောက်ချေ´

နှမ်းနှုတ်တာ အထာမကျလို့လား၊ သူ့ကို သနားလို့လားတော့ မသိ…။ ဘကြီးက ဖိုးကောက်နဲ့ သူ့ကို ချောင်းထဲ ဆင်းခိုင်းတော့ သူ့အတွက်တော့ ဖိုးကျိုင်းတုတ်…။ ချောင်းထဲမှာ ရေလဲ ကူးရမည်။ ခရုဖင်လိမ်လဲ ကောက်ရမည်။ နှမ်းနှုတ်တာထက်တော့ အပုံကြီးသက်သာမည်။

ခရုဖင်လိမ် ကို ရန်ကုန်မှာနေစဉ်က သူတခါမှ မစားခဲ့ဘူးပေ။ အကြီးဆုံး အရွယ် လက်မသာသာခန့်သာ ရှိသည့် အဲဒီ ခရုတွေက ရှည်မျောမျော အရစ်ရစ် ပုံစံလေး…၊ သူတို့ကတော့ အလွယ်တကူပင် ခရုဖင်လိမ် ဟု ခေါ်ကြ၏။ သူတို့ ရွာကလေး အနီး ကြခတ်ချောင်း ချောင်းစပ်တလျှောက် သဲစပ်စပ်တွေမှာ လိုက်ကောက်ရသည်။ ပြီးရင် ချောင်းဘေးမှာပဲ ပေါက်လေ့ရှိသည့် ဇရစ်ပင်တွေ နှုတ်၊ အိမ်ကိုရောက်လျှင် ခရုဖင်လိမ်တွေကို ရေပြောင်အောင်ဆေး…၊ ခရုထိပ်ဖျားတွေကို ဓားဖြင့် နည်းနည်းစီ ခုတ်ဖယ်ပြီး ဇရစ် ဟင်းချိုမှာထည့်။ ပြီးရင်တော့ ထမင်းဝိုင်းမှာ ခရုစုပ်သံ တဖရူးဖရူးနှင့် ညံပေရော့…ပေါ့။ အရသာကတော့ အတော်ချိုသည်။

ညီအကို နှစ်ယောက် တနာရီသာသာလောက် ခရုကောက်လိုက်တော့ ခရု နှစ်ပြည်သာသာလောက် ရလိုက်သည်။ ခရုကောက်ရင်း ချောင်းစပ်မှာ တွေ့သမျှ ဇရစ်တွေလဲ နှုတ်ပြီးပြီ။ ငပိတို့စရာ လုပ်ဖို့ ဍရင်ကောက် ညွှန့်တွေပါ နှုတ်လိုက်ကြသေးသည်။

`မင်း ဖား စားမလား´

`မိုးတွင်းမှ မဟုတ်တာ ဘယ်က ဖားထွက်မလဲ၊ မိုးလဲ မရွာဘဲနဲ့ကို´

`ဒါဆို ငါဖမ်းပြမယ် ကြည့်နေ´

မိုးလည်းမရွာ၊ ညအခါလည်း မဟုတ်ဘဲ ဒီကောင် ဘယ်လိုလုပ် ဖားရမှာလဲ။ ဒါပေမယ့် သိပ်မကြာခင်မှာပင် ဖားရအောင် ဖမ်းနည်းကို သိရတော့သည်။

တတ်လဲ တတ်နိုင်တဲ့ ဖိုးကောက်၊ ဖားအော်သံ အတုလုပ်ပြီး ချောင်းရိုးတ၀ိုက် လိုက်အော်တော့ `အွမ်´ ခနဲ အော်သံ တချို့ ထွက်လာသည်။ ကျနော့်ကို အသာနေရန် လက်ဟန်ပြရင် သူက ဖားအော်သံ `ခရူး… ခရူး´ နှင့် အသံထပ်ပေးတော့ တွေ့ပါပြီ။ `အွမ်´ သံပေးနေတဲ့ စားဖားတကောင်…။ ကျင့်သားရနေသော ဖိုးကောက်က ပါးစပ်ကလဲ ဖားလိုအော်ရင်း လက်ထဲက လောက်လေးခွဖြင့် လှမ်းပစ်လိုက်သည်။ နောက်မှ သူက ပြောပြသည်။ သူအော်တာက ဖားထီးအသံ၊ `အွမ်´ ဆိုပြီး အသံပေးထွက်လာတာက တွင်းအောင်းနေတဲ့ ဖားမ အသံတဲ့။ မိုးဦးကျ ဖားရိုက်ထွက်သလို မလွယ်လှပေမယ့် အကောင် ခပ်ရွယ်ရွယ် သုံးကောင်ရလိုက်၏။

***

နှမ်းခင်းကို ပြန်ရောက်တော့ နှုတ်ပြီးသား နှမ်းပင်စည်းတွေကို လှည်းပေါ်သို့ပင် တင်နေကြလေပြီ။

`ဘကြီး၊ သားတို့ ခရုတွေ အများကြီးရလာတယ်ဗျ´

`အေးကွာ၊ ဟုတ်ပါပြီ´ လို့ ပြောရင်း ဘကြီးကတော့ ခပ်ပြုံးပြုံး…။ နှမ်းစည်းတွေ ကုန်စင်အောင် တင်ပြီးလို့ လှည်းတအိအိဖြင့် ဘကြီးမောင်းသွားချိန်မှာတော့ နေလဲ စောင်းပါပြီ။ ချောင်းရိုးဘေး လှည်းလမ်းကလေး တလျှောက် လျှောက်လာကြရင်း တောင်ယာတဲဆီကို အပြန်မှာ ပါးစပ်ထဲ တွေ့ကရာ ရသမျှ သီချင်းကို အော်ဟစ် သီဆိုလာကြသော ကျနော်တို့ ညီအကိုတွေရဲ့ အသံတွေက ချောင်းရိုးတ၀ိုက် ဟိန်း..လို့။

တဲကို ပြန်ရောက်လျှင် တလင်းမှာ နှမ်းစည်းတွေ ဖြည်ရအုံးမည်။ နှမ်းသီးတွေ ခြောက်လို့ နှမ်းစေ့တွေ ပုံလာအောင် သုံးလေးရက်တော့ တလင်းထဲမှာ ထားရအုံးမည်။ ဘကြီးကတော့ နှမ်းဆီတွေရရင် `င့ါညီမ တူးမာအတွက်´ ဆိုပြီး အိမ်ကို နှမ်းဆီလာပို့အုံးမှာ သေချာပါသည်။


ကလိုစေးထူး

(ငယ်စဉ်ဘ၀ တောရွာမှာ ပျော်ခဲ့ဖူးသော အချိန်တချို့ကို သတိရ ခံစား ရေးဖွဲ့ပါသည်။)

Tuesday, January 29, 2008

ဒါဟာ… အတင်းတဲ့လား…၊ အဲဒါ အတင်းတဲ့လား…

ပြောချင်၊ ရေးချင်နေတာတော့ ကြာပါပြီ။ မအားလပ်သေးတာရယ်၊ တခြားသော သရုပ်ဖော်စာတွေကို ရေးချင်စိတ်က ပိုများနေတာရယ်ကြောင့် ဒါကို မပြောဖြစ်ခဲ့သေးတာပါ။

တခြားတော့ မဟုတ်ပါဘူး။ ဒီဘက်နောက်ပိုင်း လတွေမှာ ကျနော်နဲ့ တကွ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါ အတော်များများကို မေတ္တာထားကြသူ ဟိုပုဂ္ဂိုလ်များက လက်သုံးစကားလေး တခုကို အပီအပြင်ကိုင်စွဲလို့ ဒေါသတွေ မထွက်ထွက်အောင်၊ စကားအရာအရ မနိုင် နိုင်အောင် ပြောဆို ပုတ်ခတ်တာတွေပါ။ ဘာတဲ့…၊ `အတင်းပြောနေပြန်ပြီ၊ အရည်မရ အဖတ်မရတွေ´ …တဲ့။

အဲဒီ ပုဂ္ဂိုလ်တွေကို သေသေချာချာ ဂရုစိုက် လေ့လာကြည့်မယ်ဆိုရင် ဘလော့ဂ် နာမည်တွေကသာ ကွဲမယ်၊ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေကို သွယ်ဝိုက်လို့ တမျိုး၊ ဗြောင်ကျကျ တသွယ် ဖော်လံဖား အားပေးနေတာကတော့ တပုံစံတည်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ဖော်လံဖား ဘလော့ဂ်တွေကို (သူတို့အချင်းချင်းက လွဲလို့) ဘယ်သူကမှ အသိအမှတ်ပြု အားမပေးကြတဲ့အခါမှာ သူတို့ရဲ့ ပစ်မှတ်ဟာ ဒီမိုကရေစီ လိုလားသူတွေရဲ့ ဘလော့ဂ်တွေမှာ ပုံစံမျိုးစုံနဲ့ ဆဲရေးခြင်း၊ မထိတထိ ရန်စခြင်း အစရှိတာတွေကို ဖန်တီးတော့တာပါပဲ။

သူတို့ ရန်စလိုက်လို့ တော်ရုံတန်ရုံ စိတ်သိပ်မထိန်းနိုင်တဲ့ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါတယောက်ယောက်က ပြန်ပြောမိရင် သူတို့ကလည်း ထပ်ပြော၊ တဆင့်တဆင့်နဲ့ အပြန်အလှန် အကြီးအကျယ် ငြင်းခုန်ကြတဲ့ အဆင့်ကို မရောက်ရောက်အောင် ဖန်တီးယူတာကို သတိထားမိပါတယ်။ ဒီတော့ သာမန်အားဖြင့် `နိုင်ငံရေး´ ကို လေ့လာမြည်းစမ်းလိုသူ လူငယ်တွေရဲ့ အမြင်မှာ `နိုင်ငံရေး ဆိုတာကြီးက တဖက်နဲ့ တဖက် တိုက်ခိုက်အငြင်းပွား နေကြတာကြီးပါကွာ´ လို့ မြင်သွားစေလိုတဲ့ ရည်ရွယ်ချက် ပါဟန် ရှိပါတယ်။

ကျနော်တို့က ကျနော်တို့ရဲ့ ရင်ထဲက ဆန္ဒတွေ၊ ဖြစ်စေချင်တာတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးလိုက်တယ်။ ရေးမိတာတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ မှတ်ကျောက်အတင်ခံပြီး လာဖတ်သူတွေရှေ့ ဖြန့်ခင်းပြလိုက်တော့ ထပ်တူထပ်မျှ ခံစားရသူတွေကလည်း သူတို့ရဲ့ ခံစားချက်တွေကို ဝေမျှကြတယ်။ ရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် ခက်တာက၊ အဲဒါကိုတောင်မှ မရှုစိမ့်နိုင်သူတွေပါ။ ဘာအကြောင်းပဲ ရေးလိုက် ရေးလိုက်၊ လက်ရှိ အာဏာပိုင်တွေကို ထိပါးလိုက်ပြီ ဆိုတာနဲ့ အလွတ်ကျက်ထားသလို စာသားနဲ့ ပြန်တုံ့ပြန်ပါတော့တယ်။ `အတင်းပြောနေတယ်´ တဲ့…။

ကဲ…၊ ဟုတ်ပြီ။ ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ စွပ်စွဲနေသူတွေကို ကျနော် မေးခွန်း ပြန်ထုတ်ချင်ပါတယ်။ ကျနော်တို့ကို လက်ရှိအုပ်ချုပ်နေသူတွေက မြန်မာလူမျိုး ဖြစ်သလို၊ ကျနော်တို့ကလည်း မြန်မာလူမျိုးပါပဲ။ မြန်မာလူမျိုးချင်း နားလည်တဲ့ မြန်မာဘာသာစကားကို အသုံးပြုပြီးတော့ ကိုယ်ပိုင်ဘလော့ဂ်ကနေ မည်သူမဆို ဖတ်လို့ရနိုင်အောင် တင်ထားပြီးတော့ မိမိဆန္ဒကို ထုတ်ဖော်တာဟာ အတင်းပြောတယ်လို့ ပြောနိုင်ပါသလား။ အတင်းပြောတယ် ဆိုတာရဲ့ အနက်အဓိပ္ပာယ် ဆိုလိုရင်းကိုရော လေ့လာမိကြပါရဲ့လား။

လွတ်လပ်တဲ့ သတင်းအင်တာနက် စာမျက်နှာပေါ်မှာ ကိုယ့်ခံစားချက်ကို ကိုယ်ထုတ်ဖော်တာဟာ တကယ်တော့ `အတင်း´ မဟုတ်ပါဘူး။ တကယ့်တကယ်တမ်း အာဏာပိုင်တွေက စဉ်းစားဉာဏ်ရှိရှိနဲ့၊ အဓိဌာန်ကျကျ သုံးသပ်တတ်မယ်ဆိုရင် ဒါဟာ သူတို့အပေါ် ပြည်သူတွေက ထားရှိတဲ့ တကယ့်ဆန္ဒအစစ်အမှန်ပါ။ ဘက်ပေါင်းစုံကနေ ဖိနှိပ်ပိတ်ပင်ခံထားရတဲ့ အတွက် ပြည်တွင်းက ပြည်သူတွေက မပြောသာ၊ မပြောရဲတာဟာ သူတို့အပေါ် ထားရှိတဲ့ တကယ့်သဘောထား အစစ်အမှန်လို့ ထင်မြင်နေတာကိုက စိတ်ပျက်စရာ ကောင်းနေတာပါ။ တကယ်တမ်းသာ ကျနော်တို့ ပြောနေသမျှဟာ `အတင်းစကား´ ဆိုတာ သေချာပေါက် ယုံကြည်သပ ဆိုရင် ဘာကြောင့်များ ကျနော်တို့ရဲ့ ရေးသားချက်တွေကို ပြည်သူတွေက ဖတ်ခွင့်မရအောင် ပိတ်ပင်နေရပါသလဲ။ အတင်းစကားပဲ၊ ဘာများ ဂရုစိုက်စရာ လိုနေပါသေးလဲ။ `အတင်းစကား´ ကိုမှ ယုံကြည်နေလောက်အောင် ကျနော်တို့ ပြည်သူတွေ စဉ်းစားဉာဏ် မဲ့နေတယ်လို့တော့ ကျနော်မထင်ပါ။

ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ ပုတ်ခတ် စွပ်စွဲနေသူတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ မကောင်းကြောင်း၊ အဲဒီနိုင်ငံတွေက ရဲတွေက ဘယ်လိုဆိုးတာ၊ အဲဒီနိုင်ငံ စစ်တပ်ကတော့ ဘယ်ပုံဘယ်နည်း မကောင်းတာ၊ အစရှိတာတွေကို ကပ်ကပ်သပ်သပ် စစ်စစ်ပေါက်ပေါက် ရေးထားတာကို တွေ့နိုင်ပါတယ်။ ကဲ၊ သူတို့ အဲဒီလို ရေးနေတာတွေကို အဲဒီနိုင်ငံကြီးတွေက သိပါလေစ။ သိဖို့ နေနေသာသာ ဟိုက ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ပါဘူး။ သိစရာ အကြောင်းလဲ မရှိပါဘူး။ မြန်မာလိုရေးထားတာတွေကိုး…။

ဒါပေမယ့် ကျနော်တို့ ရေးနေတာတွေကိုတော့ မြန်မာနိုင်ငံ အုပ်ချုပ်သူ အာဏာပိုင် လူကြီးမင်းများက သိပါတယ်။ သိလို့လဲ Blogger.com ဆိုတာကြီးကို ပိတ်ပင်ထားတာပါ။ သူတို့ကို ဆန့်ကျင်တဲ့ သတင်းမီဒီယာ မှန်သမျှကိုလည်း ဖြုတ်ဦးနှောက်နဲ့ လိုက်ပိတ်နေတာပါ။ ကဲ…၊ ဒါဖြင့် တကယ်တမ်း အတင်းပြောနေသူတွေက ဘယ်သူတွေ ဖြစ်နိုင်ပါမလဲ။

ဒါပေမယ့် `အတင်းပြောတယ်´ ဆိုတဲ့ စကားကတော့ ဒီမိုကရေစီ လိုလားသူ မြန်မာဘလော့ဂါတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံး စကားလို ဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။ ဒီစကားဟာ အရပ်ထဲမှာ အရပ်သား အချင်းချင်း ပြောရင်တောင် သိပ်စိတ်ဆိုးချင်စရာကိုး။ ပြီးတော့ အချက်အလက်အရ၊ အကြောင်းအရာအရ သေသေချာချာ ဃဃနနလည်း ပြန်လည် ချေပနေစရာ သိပ်မလိုလှဘဲနဲ့ စာရေးသူကို ဒေါသထွက်လာအောင် ဆွနိုင်တဲ့ နည်းဆိုတော့ ဘာကိုပဲ ရေးရေး၊ `အတင်းပြောနေပြီ´ လို့ ပုတ်ခတ်ဖို့ အဆင်သင့် ဖြစ်နေတော့တာပါပဲ။

လွန်ခဲ့တဲ့ သုံးလေးရက်က ဘလော့ဂ်ရေးဖော် မောင်နှမတချို့နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ စကားပြောရင်းနဲ့ ဘာကို သတိထားမိသလဲဆိုတော့ သူတို့တွေရဲ့ စိတ်ထဲက ဆန္ဒတွေကို လှမ်းမြင်ယောင် လာမိတာပါ။ ဒါပေမယ့် သူတို့တွေရဲ့ အဲဒီဆန္ဒတွေကို သူတို့ဘလော့ဂ်မှာ အကုန်အစင် သူတို့ ချမရေးကြဘူး။ ဘာကြောင့်လဲ။ အထက်က ကျနော်တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ စနက်ကြောင့်ပါပဲ။ ဒီလိုလူတွေနဲ့ ဖက်ပြိုင်ပြီးတော့လည်း ရန်မဖြစ်ချင်ဘူး။ ဒါပေမယ့် လာပြောရင်လဲ မခံချင်စိတ်နဲ့ ပြန်ပြောမိတော့ ကိုယ့်မှာပဲ ဒေါသထွက်ရမယ်။ မရေးတာပဲ ကောင်းပါတယ်လို့ တွေးကြဟန် များလာတယ် လို့ ထင်မိပါတယ်။

မိန်းကလေးဆိုရင်လည်း မိန်းကလေး အလျှောက် နှမသားချင်း စာနာစိတ်လေးတောင် မထား ပုတ်ခတ် တိုက်ခိုက် ဆဲရေးပစ်ဖို့ ၀န်မလေးကြတဲ့ အဲဒီလူတွေရဲ့ စနက်ဟာ `လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်´ ကို စနစ်ကျကျ သွယ်ဝိုက် ထိပါးနေသလိုပါပဲ။

ဒါပေမယ့် ကျနော်တို့ ဆက်ရေးစရာရှိတာကတော့ ရေးရအုံးမှာပါပဲ။ အခုရော…၊ `အတင်းပြောနေပြန်ပြီ´ လို့ လာပုတ်ခတ်ချင်သူ ရှိနိုင်ပါသေးတယ်။ ဒီတော့လဲ ဘာဖြစ်သေးလဲ။ ခပ်ပြုံးပြုံးပေါ့။ အဓိကကတော့ ကိုယ်လျှောက်တဲ့ လမ်းကို ကိုယ်တကယ် ယုံဖို့ပါပဲခင်ဗျာ။



ကလိုစေးထူး

Monday, January 28, 2008

ခြောက်နှစ် အလွန်…

`ဒေါက်… ဒေါက်… ဒေါက်…´

`မေမေ... မေကြီး… သားပြန်လာပြီလေ´

တိုးဖွဖွ တံခါးခေါက်သံနှင့်အတူ ခေါ်သံတခုက နားထဲကို တိုးဝင်လာ၏။ ခဏနေတော့ အသံကတိတ်ဆိတ် သွားပြန်သည်။ နောက်တော့ ခေါ်သံက နီးနီးကပ်ကပ် ပေါ်လာသလိုလို ခံစားရပြန်သည်။ စိတ်အာရုံ၏ တွန်းအားတို့ဖြင့် တစုံတခုပြောဖို့ အားယူလိုက်တော့…

`သား…၊ သားကြီး၊ သားကြီးပြန်လာပြီလား´

***

`မေမေ၊ မေမေ´

အဆက်မပြတ်ခေါ်သံ တခုကို တကယ်တမ်း ကြားရသည့် အချိန်ကျတော့မှပင် စောစောက ကြားနေခဲ့တာက တကယ်မဟုတ်ပါလား ဆိုသည့် အသိအာရုံက ပြန်ဝင်လာတော့သည်။

`မေမေ၊ အိပ်မက် မက်နေတာလားဟင်´

သမီးငယ်ဖြစ်သူရဲ့ စိုးရိမ်မကင်းဟန် မျက်နှာထားနှင့် မေးခွန်းကို အသာအယာ ခေါင်းငြိမ့်ပြလိုက်တော့ အလိုက်သိလှသော သမီးက သောက်ရေတခွက်ကို သွားခပ်လာ၏။ အေးမြမြ ရေတခွက်က တကယ့်တကယ်တမ်း ရင်ထဲက ပူလောင်မှုကို ငြိမ်းစေလေသလား။ သူ မသိပါ။

`သမီး…၊ ပြန်အိပ်တော့လေ´

`ဟုတ်´

မျက်နှာမသာမယာဖြင့် သမီးငယ်ပြန်ထွက်သွားတော့ အခန်းထဲမှာ သူတယောက်ထဲ…။ သမီးထွန်းပေးခဲ့သော ဖယောင်းတိုင် မီးရောင် မှိန်ရောင် မှိန်ဖျဖျက အမှောင်ကို တတ်အားသရွေ့ အံတုရင်း သူ့ကို ကရုဏာသက်လှစွာ ဖေးကူနေသယောင်ယောင်…။

အခန်းတ၀ိုက် အဓိပ္ပာယ်မဲ့ လိုက်ကြည့်နေမိသော အကြည့်တို့က တနေရာ အရောက်မှာတော့ တန့်ခနဲ ရပ်သွားသည်။

ဂစ်တာအိုလေး တလက်…။

သခင်မဲ့နေတာ နှစ်အတန်ကြာနေခဲ့သော ဂစ်တာအိုလေး။ သံစဉ်အပိုင်းအစ များစွာကို သခင့်အလိုကျ ကျူးရင့်ခဲ့သော ဂစ်တာအိုလေး။ `မေမေ၊ သားသီချင်း နားထောင်မလား´ ဆိုပြီး အတင်းကာရော လာလာတီးပြတတ်သော သားကြီး တီးနေကြ ဂစ်တာအိုလေး။

ချိတ်ဆွဲထားသော ဂစ်တာအိုလေးကို အသာအယာ ယူငင်ပြီး ကြိုးတချောင်းကို တို့ထိ တီးခတ်လိုက်တော့ `ဒေါင်´ ခနဲ မြည်သံက တိတ်ဆိတ်မှုကို ခေတ္တခဏ ဖြိုခွင်းပစ်လိုက်သည်။ ထိန်းချုပ်မရလိုက်သော မျက်ရည်စတချို့က ဂစ်တာအိမ်လေးပေါ် ပေါက်ခနဲ ပေါက်ခနဲ…။

***

`မေကြီးက သားကို မချစ်ပါဘူး´

ဒီစကားကို မကြာခဏပြောခဲ့သော သားကြီးကို သူ ဘာမှ ဖြေရှင်းချက် မပေးခဲ့မိပါ။ သားသမီးတွေအနက် အကြီးဆုံး ဆိုတော့ သူ့ထက် အငယ်တွေကို ပိုဦးစားပေးလို့များ ဒီလိုထင်တာလား၊ ဒါမှမဟုတ် ဖြစ်စေချင်လွန်းတဲ့ ဆန္ဒနဲ့ အားမလိုအားမရတာတွေကြောင့် မကြာခဏ ရိုက်နှက်ခဲ့မိလို့များ ဒီလိုထင်တာလား။ ဒါပေမယ့် သားကြီး ဆယ်တန်းအောင်တဲ့ နေ့က သူပျော်သော အပျော်ကို မြင်တဲ့နောက်ပိုင်းမှာတော့ `မေကြီးက သားကို ချစ်တော့ ချစ်ပါတယ်´ လို့ ပြောပြန်သည်။ ဘာပဲဖြစ်ဖြစ် သူ ကျေနပ်ခဲ့ရပါသည်။ မိဘပဲကွယ်၊ သားသမီးကို မချစ်ဘဲ ဘယ်နေပ့ါမလဲ။

သမီးငယ်ကို မွေးတော့ သားကြီးက ၁၄ နှစ်သား၊ သူ့ညီက ၁၁ နှစ်။ ညီအကိုနှစ်ယောက်နှင့် သူတို့အဖေက မွေးခန်းအပြင်ကနေ စောင့်လို့…၊ `မိန်းကလေး မွေးတယ်´ ဆိုတော့ ညီအကိုနှစ်ယောက်က ပျော်လို့…။ အဲဒီတုန်းက သားကြီးက သူ့ကို ထူးထူးခြားခြား မေးခဲ့တဲ့ မေးခွန်းကို အမှတ်ရနေပါသေးသည်။

`မေကြီး…၊ ညီမလေးကို မွေးတာ ညည်းသံ လုံးဝမကြားရဘူးနော်။ သားတို့ကို မွေးတုန်းကရော မေကြီး မညည်းဘူးလားဟင်´

သူက ပြုံးရင်း `မေမေ မွေးတဲ့ သားသမီးတွေပေးတဲ့ နာကျင်မှုအတွက် မေမေ တခါမှ မညည်းခဲ့ဘူး´ လို့ ပြန်ဖြေတော့ သားကြီးတယောက် အတန်ကြာ ငိုင်ကျသွားခဲ့ဖူးသည်။

***

`မေမေ၊ သားသွားတော့မယ်´

ဒီစကားတခွန်းဟာ ရှည်ကြာလွန်းသော ခွဲခွာရခြင်းရဲ့ အစလားဆိုတာ အဲဒီတုန်းက သူတကယ် မသိခဲ့ပါ။ ဒါပေမယ့် သူ့ခြေဖမိုးကို နဖူးဖြင့် ထိခတ် ရှိခိုးပြီး နှုတ်ဆက်သွားသော သားကြီးကတော့ အဲဒီကတည်းက…။

တံခါးခေါက်သံ တိုးဖွဖွလို အသံတွေကြားယောင်တိုင်း သားကြီး ပြန်လာလေပြီလား လို့ လွမ်းရသည်။ လူခြေတိတ်တဲ့ ညချမ်းတွေက လူငယ်တချို့ရဲ့ ဂစ်တာသံကြားတော့ သားကြီးကို လွမ်းရသည်။ လူမစုံတော့တဲ့ မိသားစု ထမင်းဝိုင်းလေးကို ကြည့်ရင်း သားကြီးကို လွမ်းရသည်။

***

အတွေးတွေ ပြန့်ကျဲနေလိုက်သည်မှာ ခေါင်းရင်း ပြတင်းကတဆင့် လင်းရောင်ပြူစ လောကကို မြင်မှပင် ပစ္စုပ္ပန် ပြကတိကို သတိရမိတော့သည်။

အင်း…၊ နေ့တနေ့ကို ဖြတ်ကျော်ရပေအုံးမည်။ ဒီလိုနေ့ပြီးရင်ရော…၊ နောက်ထပ် နေ့များစွာ၊ များစွာ၊ များစွာ၊ … … … …။

နေ့များစွာထဲမှ တခုသောနေ့မှာတော့ သားကြီးတယောက် တကယ်ပဲ တံခါးလာခေါက်တန်ကောင်းပါရဲ့…။


ကလိုစေးထူး

(အိမ်ကို ခွဲခွာခဲ့ရခြင်း ခြောက်နှစ်ပြည့် အနေနဲ့ ဒီစာစုကို ရေးတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ မေမေတယောက် ဘယ်လိုနေရှာမလဲ ဆိုတဲ့ စိတ်နဲ့ ခံစားရေးဖွဲ့ရင်း မေမေ့အတွက် ရေးခဲ့ဖူးတဲ့ သီချင်းကိုပါ ပြန်လည် တင်ပြလိုက်ပါတယ်။)