Tuesday, January 16, 2007

မြန်မာ့ခြေစွမ်း.. ဘယ်ကိုလွှမ်း..

မြန်မာ- ဖိလစ်ပိုင် သရေကျ၊ အုပ်စုပွဲမှထွက်
အဲဒါကတော့ မြန်မာမြူးဇစ် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲသတင်းပါ။ အဲဒီပွဲကို မကြည့်လိုက်ရပေမယ့် ဂိုးမရှိ သရေဆိုတဲ့ ရလဒ်ကို မယုံကြည်နိုင်လောက်အောင်ပဲ အံ့အားသင့်နေမိပါတယ်။ သွားပြန်ပြီပေါ့ မြန်မာဘောလုံးအသင်း၊ ရှုံးပွဲမရှိ (သို့သော်) နိုင်ပွဲနတ္ထိ၊ သုံးပွဲကစား သုံးပွဲသရေနဲ့ အုပ်စုကနေ လှည့်ပြန်ခဲ့ရပြန်ပါပြီ။

ကျနော်က ဘောလုံးကို အဖြစ်ရှိအောင် လောက်လောက်လားလား မကန်တတ်ပါဘူး။ ကျနော် ဘောလုံး ကစားတာကို ကွင်းဘေးက လိုက်ကြည့်ဖူးတဲ့ ဖေဖေက ကျနော့်ကို `ဘောလုံးသာ မကန်တတ်တာ၊ လူတော့ ချတတ်တဲ့ကောင်´ လို့ ထောမနာပြုခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲများကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အားပေးတတ်ပါတယ်။ ဘောလုံးပွဲကြည့်ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။

မြန်မာ ဘောလုံးအသင်းကို မှတ်မှတ်ထင်ထင် စတင်သတိထားခဲ့မိတာကတော့ ၁၉၉၃ခုနှစ်၊ (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲက ရလဒ်ကြောင့်ပါ။ အဲဒီပြိုင်ပွဲမှာ မြန်မာ ဘောလုံးအသင်းဟာ အကြိုဗိုလ်လုပွဲ မှာ စင်ကာပူအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ထိုင်းအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ လေးဂိုး သုံးဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယ ငွေတံဆိပ် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲ ရလဒ်ဟာ ပြိုင်တိုင်းရှုံးတာ ကြာခဲ့တဲ့ မြန်မာဘောလုံးအသင်းကို မြန်မာပြည်သူတွေ အားလုံး အာရုံစိုက် အားပေးမိလာစေခဲ့ပါတယ်။

၁၉၉၅ ခုနှစ်၊ (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာဘောလုံးအသင်းဟာ သူ့ပရိသတ်ကို ရသပေါင်းစုံ ပေးခဲ့ပါတယ်။ အားလုံးကလဲ အဲဒီနှစ်မှာ မြန်မာ ဘောလုံးအသင်းကို ရွှေတံဆိပ်ဆု ခန့်မှန်းခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်ကို လေးဂိုး တဂိုးနဲ့ နိုင်ပါတယ်။ စင်ကာပူကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။ ဘရူနိုင်းကို သုံးဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲစဉ်မှာ လာအိုကို ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ကစားပြီးမှ ကိုကြည်လွင်ရဲ့ တလုံးတည်းသော ပယ်နယ်တီဂိုးနဲ့ အနိုင်ရပြီး အုပ်စု ပထမနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အကြိုဗိုလ်လုပွဲမှာ ဗီယက်နမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွင့်ဦးဆောင်ဂိုး သွင်းခဲ့တာလဲ မြန်မာပါပဲ။ တဂိုးစီ သရေကျနေတဲ့အချိန် ပွဲပြီးဖို့လဲ သိပ်မလိုသေးတဲ့ အချိန်မှာ ပွဲရဲ့ အဖြေကိုပြောင်းပစ်လိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်ရှေ့တန်း ကစားသမားတဦးဟာ ဂိုးရဖို့အတွက် ခြေစုံပစ်ဝင် ကန်တာကြောင့် မြန်မာ ဂိုးသမား အောင်ကျော်ကျော်ဟာ အတော် အထိနာသွားပါတယ်။ အောင်ကျော်ကျော်က ဘောလုံးကို မိမိရရကြီး မိပြီးခါမှ ဘောလုံးကို ပိုက်ပြီး လဲနေတဲ့ ဗီယက်နမ် ဘောလုံးသမားကို ခြေထောက်နဲ့ အသားလွတ် ပြန်ကန်တဲ့ အတွက်ကြောင့် တိုက်ရိုက် အနီကဒ်နဲ့ ထွက်ရပါတယ်။

ဒီလိုနဲ့ အချိန်ပိုကစားကြတော့လဲ မြန်မာနောက်တန်း ကစားသမား အေးနိုင်ကို နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံရပြန်တာကြောင့် နှစ်ယောက်လျော့သွားတဲ့ မြန်မာတို့ ဗီယက်နမ်ကို ဂိုးပေးလိုက်ရပါတော့တယ်။ မြန်မာတနိုင်ငံလုံးက တီဗွီရှေ့မှာ မြန်မာအသင်းကို တခဲနက် အားပေးခဲ့တဲ့ ပရိသတ်ကြီး ငြိမ်ကျသွားပါတယ်။ တတိယလုပွဲကျတော့လဲ စင်ကာပူကို တဂိုး ဂိုးမရှိနဲ့ ထပ်မံအရေးနိမ့်ခဲ့ပြီးတော့ စတုတ္ထနဲ့သာ နှစ်သိမ့် အိမ်ပြန်ခဲ့ရပါတယ်။ ခြေစွမ်းပြခဲ့တဲ့ အောင်ကျော်ကျော်ကတော့ မိုင်းဖြတ်ကို နှစ်နှစ်တာ မဲဇာအပို့ခံလိုက်ရပါတယ်။

ဒီလိုနဲ့ပဲ မြန်မာဘောလုံးအသင်းဟာ နောက်ပိုင်းပြိုင်ပွဲတွေမှာ ဒုံရင်းအတိုင်းပဲ ရှုံးပွဲသံသရာ လည်ခဲ့ပြန်ပါတယ်။ မြန်မာအားကစား ကမ္ဘာကိုလွှမ်းစေရမည်လို့ ခပ်တည်တည်နဲ့ ဟိုအစိမ်းရောင် လူကြီးတွေ ဖိန့်ခဲ့တာလဲ အရှေ့တောင်အာရှမှာတင် စုံးစုံးမြုပ်ခဲ့ပါတယ်။ တခါများဆိုရင် ထိုင်းဘောလုံးသမားက မြန်မာဘောလုံးသမားကို လျှာထုတ်လှောင်ပြောင်ပြပြီး မထီတရီ ကစားခဲ့တာကိုတောင် တွေ့ခဲ့ဖူးပါတယ်။ အဲဒီပွဲမှာ မြန်မာက ထိုင်းကို ခုနှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

ဒီလိုနဲ့ အရှုံးသံသရာလည်နေခဲ့တဲ့ မြန်မာဘောလုံးအသင်းကို ပြီးခဲ့တဲ့ ၂၀၀၄ခုနှစ်၊ တိုင်းဂါးဖလားပွဲမှာတော့ ပရိသတ်က ပြန်သတိထား မိလာပြန်ရပါတယ်။ အဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်ကို တဂိုးတည်းနဲ့ နိုင်လို့ စိတ်ပျက်ချင်နေတဲ့ ပရိသတ်တွေ အံ့အားသင့်အောင် ထိုင်းကို တဂိုးစီ သရေကစားပြီး မလေးရှားကို တဂိုး ဂိုးမရှိနဲ့ နိုင်ပစ်လိုက်တော့ မြန်မာကန်တဲ့ ပွဲတွေမှာ တီဗွီရှေ့ကို လူတွေအုံလာပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ အရှေ့တီမောကို သုံးဂိုး တဂိုးနဲ့ နိုင်ပြီး အုပ်စုပထမ၊ ထိုင်းကတော့ အုပ်စုကနေလှည့်ပြန်ပေါ့။

အကြိုဗိုလ်လုပွဲမှာ စင်ကာပူနဲ့တွေ့ပါတယ်။ တကယ်တော့ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ကန်ရမှာပါ။ စင်ကာပူမှာ တပွဲ၊ မြန်မာပြည်မှာ တပွဲပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အဲဒီပွဲကို လက်ခံကျင်းပဖို့ အဆင့်မီတဲ့ ကွင်းမရှိလို့ဆိုပြီး ကျင်းပခွင့် မရခဲ့ပါဘူး။ အဓိက ထောက်ပြတာကတော့ လုံခြုံရေးနဲ့ ဆက်သွယ်ရေးပါ။ တခြားနိုင်ငံတွေမှာ ဘယ်အချိန်မှာ ထောင့်ကန်ဘောကန်ပြီး ဘယ်အချိန်မှာတော့ ဘေးထွက်ဘောဖြစ်သွားပါတယ် ဆိုတာက အစ ကွင်းဘေးက ကွန်ပြူတာတွေကို သုံးပြီး အင်တာနက်ကတဆင့် တိုက်ရိုက်သတင်းပို့နိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ဘယ်ကွင်းကမှ အဲဒီလိုမျိုး အထောက်အပံ့တွေ မပေးနိုင်ပါဘူး။ ဒီလိုနဲ့ပဲ မြန်မာဘောလုံးအသင်းဟာ မလေးရှားကွင်းကိုပဲ အိမ်ကွင်းအမှတ်နဲ့ ကစားခဲ့ရပါတယ်။

မလေးရှာမှာ ပထမအကျော့ ကစားတော့ မြန်မာက သုံးဂိုး လေးဂိုးနဲ့ အရေးနိမ့်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကျော့ကို စင်ကာပူမှာ ကစားကြပါတယ်။ အဲဒီပွဲကတော့ မြန်မာ့စိတ်ဓာတ်ကို အပီပြတဲ့ပွဲလို့ ခပ်ရွဲ့ရွဲ့လေး ပြောချင်တဲ့ ပွဲပါပဲ။ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေပြီးကာမှ ၇၄ မိနစ်မှာ စင်ကာပူက နိုအလန်ရှားက ချေပဂိုး တဂိုးသွင်းခဲ့ပါတယ်။ ၈၈ မိနစ်အရောက်မှာ မြန်မာအသင်းက စင်ကာပူကို ပယ်နယ်တီ ကန်ခွင့်ပေးရပါတယ်။ နောက်တန်း ကစားသမား ဇော်လင်းထွန်း(၂)ကို ထုတ်ပစ်တဲ့ အပြင် ပယ်နယ်တီကန်ခွင့်ပါ ပေးတဲ့ ဒိုင်လူကြီး ၀ိုင်းဝန်းစောဒက တက်ကြတဲ့ မြန်မာဘောလုံးသမားတွေထဲက မိုးကျော်သူက ဒေါသတကြီးနဲ့ ကွင်းရဲ့ မြက်ခင်းပြင်တွေကို ကန်ကျောက်နေတဲ့ အတွက် ဒိုင်က အနီကဒ်နဲ့ ထုတ်ပစ်လိုက်ပြန်ပါတယ်။

ပွဲချိန်စေ့လို့ အချိန်ပို ဆက်ကန်ရတော့လဲ မြန်မာနဲ့ စင်ကာပူ ဘောလုံးသမားတွေဟာ မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြပါတယ်။ အချိန်ပို ကိုးမိနစ်မှာ မြန်မာရှေ့တန်းလူ ဇော်ပိုင်ကို နှစ်ဝါ တနီနဲ့ ထုတ်အပြီးမှာတော့ မြန်မာဘောလုံးသမားတွေဟာ ပွဲနိုင်ဖို့ မျှော်လင့်ချက် မဲ့သွားပါတော့တယ်။ ကွင်းဘေးက မြန်မာအရန်ဂိုးသမား ထွန်းထွန်းလင်းက ကွင်းထဲက စင်ကာပူဘောလုံးသမားကို ရေသန့်ဘူးနဲ့ ပေါက်ပါတယ်။ ဒိုင်တွေက ကွင်းထဲကထွက်ခွာစေတဲ့ အခါမှာတော့ သူ့ကို လှောင်ပြောင်နေတဲ့ စင်ကာပူ ပရိသတ်တွေကို ခါးကို မဖွယ်မရာနဲ့ သုံးလေးကြိမ်လောက် ကော့ပြပြီး ကွင်းထဲက ထွက်သွားပါတယ်။ ထုံးစံအတိုင်း အဲဒီပွဲလဲ ရှုံးရပြန်တာပါပဲ။ နာမည်လဲ ပျက်ပေါ့။ မြန်မာတွေ စည်းကမ်းမရှိလို့ ရှုံးရပါတယ်ဆိုပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

တလောက မာဒေးကားဖလား ပြိုင်ပွဲမှာ မြန်မာ ဗိုလ်စွဲခဲ့ပါတယ်။ ပွဲစဉ်တွေကို ဒီကိုရောက်နေတဲ့အတွက် တပွဲမှ မကြည့်လိုက်ရပေမယ့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ပြိုင်ဘက်တွေအကြား ဗိုလ်စွဲခဲ့တာဆိုတော့ မြန်မာဘောလုံး ဟုတ်သလိုလို ရှိလာပလားလို့ ထင်မိပြန်ပါတယ်။ အခုလဲ အာဆီယံချန်ပီယံရှစ်ပါတဲ့။ ပထမနှစ်ပွဲမှာ ထိုင်းနဲ့ မလေးရှားတို့ကို သရေ ကျခဲ့တော့ အတော် ကျေနပ်စရာပါပဲ။ အခုတော့ ဖိလစ်ပိုင်လို အသင်းမျိုးကိုပါ သရေထပ်ကျပြန်ပါသတဲ့။ သွားပြန်ပြီပေါ့ တပွဲ။ ထွက်ပြန်ပေါ့ အုပ်စုကနေ။

မြန်မာဘောလုံးအသင်းကို ကျနော် သတိထားမိတာ တခုရှိပါတယ်။ အဲဒါကတော့ အင်မတန် ပြဿနာများတာပါ။ ရှုံးလာရင် ပိုဆိုးပါတယ်။ သည်းခံနိုင်စွမ်းအားလဲ တော်တော်နည်းပါတယ်။ တဖက် အသင်းက လူက နည်းနည်းလေး လူချရင် ပိုချချင်ပါတယ်။ တကယ်တမ်း ပြစ်ဒဏ်ထိတော့လဲ မြန်မာကပဲ ပိုထိပါတယ်။ နောက်တော့လဲ ဒိုင်ညစ်လို့၊ နည်းပြလူထုတ်မှားလို့ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတာတွေနဲ့ပဲ ပြီးသွားပါတယ်။ မြန်မာဘောလုံးသမားတွေရဲ့ တကယ့်တကယ်တမ်း စိတ်အခြေအနေကိုတော့ ဘယ်သူမှ သေသေချာချာ သုံးသပ်ရေးသားတာ မတွေ့ရဖူးသေးပါဘူး။ ပြည်တွင်းပွဲတချို့မှာဆိုရင် ပွဲအပြီးမှာ ဒိုင်လူကြီးကို လက်သီးနဲ့ လိုက်ထိုးတဲ့လူတောင် ရှိပါသတဲ့။ ဘာဖြစ်လို့ပါလိမ့်ဆိုတာ တကယ်ကို စဉ်းစားလို့ မရပါဘူး။

အဲဒီလိုနဲ့ပဲ ရှုံးပြီးရင်းရှုံး ကျနော်တို့ မြန်မာဘောလုံး အသင်းဟာ အခုလဲ အောင်မြင်စွာ တပ်ခေါက်ပြန်ခဲ့ရပြန်ပါပြီ။ အခုပြိုင်ပွဲမှာရော ဘယ်သူတွေက ဘယ်သူတွေနဲ့ ရန်ဖြစ်ခဲ့ပြန်သေးပါလိမ့်။ ဒိုင်ကညစ်တာများလား၊ နည်းပြ ကိုဆန်းဝင်းကပဲ လူထုတ်ပုံမှားပြန်လေရော့သလား၊ နိုင်ငံခြားနည်းပြ မငှားလို့ မနိုင်ရတာများလား၊ MFF ၀က်ဆိုက်ကို ဖွင့်ကြည့်တော့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က စပ်ဖြီးဖြီးနဲ့ တခုခုကို မော့ကြည့်နေပါတယ်။ အင်း.. သူမော့ကြည့်တာ `မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်´ ဆိုတဲ့ ဆိုင်းဘုတ်များလားမသိ …..။

ကလိုစေးထူး

2 comments:

tun myanmar said...

ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းနဲ့ ကန်တဲ့ပွဲကို ထိုင်းချန်နယ်တစ်ခုက လွှင့်လို့ကြည့်လိုက်ရပါတယ်။ နှစ်သင်းလုံးကောင်းကြတယ်။ ခြေညီနေ တယ်လို့ဆိုနိုင်ပါတယ်။ မြန်မာအသင်း သန့်သန့်ရှင်း ရှင်းကစားတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျနော့်ထင်တာပဲလားမပြောတတ်ဘူး။ ဒိုင်က ဘက်လိုက်တယ် ။ မြန်မာအသင်း ဘောလုံးရပြီးထိုင်းဂိုးသမားရှေ့ရောက်နေပြီဆိုရင် ၀စီမှုတ်ပြီ။ နောက်ပြီး မြန်မာတွေ ပြစ်ဒဏ်ထိတဲ့ အပိုင်းတွေကို ခဏခဏပြန်ပြန်ပြတယ်ဗျာ။ သိပ်ခံပြင်းဖို့ကောင်းတာပဲ။ နိုင်ပြီလို့ကိုထင်တားတာ။ ပြီးခါနီးမိနစ်ပိုင်းလေးမှာ ချေပဂိုးအသွင်း ခံလိုက်ရတယ်။ ဂိုးသမားကျော်ဇင်အောင် ရှေ့ထွက်လိုက်တာ မှားသွားတယ်လို့ ကျနော်ထင်တယ်။ ဖိလစ်ပိုင်ကိုလည်း အနိုင်ကန်မှာပဲ လို့ ယုံကြည်ထားတာ။ ဟော သရေတဲ့။ သုံးပွဲလုံးကို သရေ ကန်သွားတဲ့ ကျနော်တို့ ရွှေမြန်မာတွေပါပဲဗျာ။

soecyclone said...

မြန်မာအားကစား...ပြည်တွင်းလွှမ်းရမည်...တူ တန် တူ တန် ဒိန် ဒိန် တိန် တိန် ဒေါင် ဒေါင်