Monday, April 09, 2007

စပ်မိစပ်ရာ(၂)...

`လူတယောက်ဟာ ကိုယ်ဘယ်ကိုသွားသလဲ ဆိုတာ ကြည့်ဖို့ မျက်စိ လိုအပ်သလို သတင်းဆိုတာလည်း လိုအပ်ပါတယ်´ လို့ ဆရာကြီး လူထုစိန်ဝင်းက `အယ်ဒီတာဆိုတာ´ ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးသားခဲ့ပါတယ်။

အားရက် နှစ်ရက်တာမှာ ဖတ်မိသမျှ သတင်းတိုထွာတွေထဲက တချို့ကတော့..

မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုများနဲ့ ပတ်သက်လို့ တိုင်ကြားချက်များကို မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ တိုင်ကြားသူတွေကို အရေးယူမှာ မဟုတ်တော့ဘူးလို့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားခဲ့ပါသတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင်တော့ ၀မ်းမြောက်စရာပါ။ နယ်မြို့လေးမှာ နေခဲ့ရစဉ်တုန်းက ကြားရနေကြ `တအိမ်တယောက်၊ မလိုက်မနေရ´ လို့ အိမ်ရှေ့ကနေ လာလာအော်တတ်တဲ့ ဆယ်အိမ်ခေါင်းရဲ့ အသံတွေ တိတ်ဆိတ်တော့မယ့် အရိပ်လက္ခဏာပေများလား မသိ။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေကို အမှီပြုလို့ အမှတ်တရ ပစ္စည်းလေးတွေ လိုက်လံရောင်းချတဲ့ ကလေးတွေထဲက တယောက်ကို မြန်မာ ဘုရားဖူး တယောက်က သမီးကြီးလာရင် ဘာလုပ်မလဲလို့ မေးတာ `တောထဲမှာ ထင်းသွားခုတ်မယ်´ လို့ ဖြေပါတယ်။ `ထင်းသွားခုတ်တော့ ဘယ်လောက်ရမလဲ သမီး´ လို့ ပြန်မေးတော့ `သိဘူး´ လို့ ဖြေပါတယ်။

မြန်မာနိုင်ငံမှာ လယ်မြေတွေကို ပေါင်နှံတာ၊ ရောင်းချတာ၊ ခွဲစိတ်တာတွေ လုပ်ရင် `လယ်မြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၄´ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရာ ကျတာဖြစ်လို့ အဲဒီ လယ်မြေကို ပြည်သူပိုင်သိမ်းပြီး ဒေသခံတောင်သူ တဦးဦးကို လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါသတဲ့။ ဥပဒေကလည်း တမျိးကြီးပါလား..။ ဒါဖြင့် လယ်သမားတွေက သူတို့လယ်မြေတွေကို ပေါင်နှံရောင်းချတာတွေ လုပ်နေတယ်ပေါ့..။ ဟိုတလောကတော့ ငါးမင်းဆွေဆိုလား၊ ဖားမင်းဆွေဆိုလား စာရေးချာကြီးက နိုင်ငံပိုင် သတင်းစာထဲကနေ တောင်သူလယ်သမားတွေ တိုက်ဆောက် ကားစီးနေပါတယ်လို့ ရေးထားတာကို ဖတ်လိုက်မိပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ဆက်တိုးမြှင့်မယ်၊ မမြှင့်ဘူး ဆိုတာဟာ သူ့ရဲ့ ရပ်တည်ချက် အပေါ်မှာသာ မူတည်ပါတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးလေတိုင်းမှာ သူဟာ သူ့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲခဲ့ဘဲ တည်ဆဲဥပဒေများကို ငြိစွန်းတဲ့ ချိုးဖောက်မှုတွေကိုသာ ဆက်လက် ဆောင်ရွက်နေတာကြောင့်ပါတဲ့။

သိမ်ကြီးဈေးက ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုထင်ကျော်ကို တကယ်တော့ နိုင်ငံတော်က စေတနာထားခဲ့ပြီး အရေးယူတာတွေ မလုပ်ခဲ့တာပါတဲ့။ အမှန်တော့ သူကျုးလွန်ခဲ့တာတွေက တသက်တကျွန်းပြစ်ဒဏ်ကိုတောင် ချမှတ်လို့ရပါတယ်တဲ့။ သူ့နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့လူတွေကို သိချင်လို့ ခေါ်ယူသတိပေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါသတဲ့။ အင်း.. စေတနာတွေ၊ စေတနာတွေ။

မြန်မာပြည်မှာ လေအေးပေးစက်တွေကို မီတာချွေတာရေး အလို့ငှာ ပိတ်ထားသင့်တယ်လို့ ဆောင်းပါးရေးသား အကြံပြုခဲ့သူ ပုဂ္ဂိုလ်ကြီးက ကိုမင်းကိုနိုင်တို့ရဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲမှာ သူပါ (ကိုမင်းကိုနိုင်တို့နဲ့ အတူတူ) ၀င်ရောက် မစားသောက်ရလို့ ၀မ်းနည်းလှတယ်လို့ ဆောင်းပါးတဖွဲ့တနွဲ့ ရေးပြန်ပါတယ်။

ရန်ကုန်မြို့တော်က လစ်လပ်သွားတဲ့ အစိုးရပိုင် အဆောက်အဦးတွေကို ပျဉ်းမနားက ဆောက်လုပ်ရေး စရိတ်စကတွေကို ကာမိစေလိုခြင်း အလို့ငှာ လေလံတင် ရောင်းချခဲ့ပါတယ်။ ကျနော် စိတ်ဝင်စားမိတာက အဲဒီအဆောက်အဦးတွေကို ၀ယ်ယူခွင့်ရသွားကြမှာက မြန်မာနိုင်ငံသားတွေပဲလား၊ တလောဆီတုန်းကလည်း မြကျွန်းညိုညို ကို တိုင်းတပါးသားတွေဆီ ရောင်းချပစ်လိုက်တယ်လို့ ကြားသိလိုက်ရပါတယ်။

ကြော်ငြာတခုမှာ သင်္ကြန်ရဲ့ အလှဂုဏ်ဆောင် ပိတောက်ပန်းကို နောက်ခံထားလို့ အရက်ပုလင်းက ငွားငွားစွင့်စွင့်နဲ့ နေရာယူထားတာကို တွေ့လိုက်တော့ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဘာတဲ့ ..။ `မြန်မာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေကြောင်း ရူဘီခရောင်း(အရက်နာမည်) မှ ဆုမွန်ကောင်းများ ပို့သလိုက်ပါသည်´ တဲ့။ ကောင်းရော..။ သူ့အရက်သောက်မှတော့ မူးတော့မှာပေါ့၊ ဘယ်လိုလုပ်ပြီး နှစ်သစ်မှာ ကျန်းမာနိုင်မလဲ။

ဒါရိုက်တာ ဇာဂနာ ရိုက်ကူးခဲ့ပြီး အပိတ်ပင်ခံလိုက်ရတဲ့ `မြင်းစီးထွက်သော အိပ်မက်များ´ ဇာတ်လမ်းတွဲတွေထဲက တခုရဲ့ ဇာတ်ဝင်ခန်းမှာ ဖြစ်ပါတယ်။

`ဘာမှ မဖြစ်လို့ ဘာမှ မဖြစ်တာကွာ´

အထက်ပါ စကားစုကို ဘောက်ဆတ်ဆတ်ပြောရင်း ထွက်သွားတဲ့ လူနောက်ကို သူ့သူငယ်ချင်း နှစ်ယောက်က အငေးသားလိုက်ကြည့်ရင်း တယောက်က မေးလိုက်ပါတယ်။

`ဒီကောင် ဘာဖြစ်သွားတာလဲ´
`ဘာမှ မဖြစ်ဘူး´

ကျနော်လဲ ဒီစာကို ဘာဖြစ်လို့ ရေးမိပါလိမ့်။ ကိုယ့်ဘာသာမေးပြီး ကိုယ့်ဘာသာပဲ ပြန်ဖြေပါ့မယ်။ ဘာမှမဖြစ်လို့ ရေးပါတယ်။

ကလိုစေးထူး



ကိုးကား၊။ Weekly Eleven ၊ DVB

3 comments:

Anonymous said...

သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရင် စိတ်တိုရ ဒေါသထွက်ရ အကုသိုလ်များလွန်းလို့ ယောနိသော ထားနိုင်မှဘဲ သတင်းစာ ဂျာနယ်ကို ကောက်ကိုင်မိတယ်။ ဒါတောင် တော်တော်လေး စိတ်ဆင်းရဲရပါတယ်။
ဟုတ်ပါရဲ့ … ကိုသံလွင်ပြောတဲ့ အဲဒီစာရေးချာကြီး နှုတ်သီးကောင်း လျှာပါးနဲ့ မဇ္ဈိမဂျာနယ်က တူမောင်ညို ကို ပြန်ရန်တွေ့ထားပုံများ ဖတ်ရင်းနဲ့ ရယ်လည်းရယ်ချင်၊ စိတ်လဲ တိုမိသေးတယ်။ ကြည်ညိုစရာ ကောင်းလိုက်တဲ့ စာရေးဆရာ၊ အနှစ်သာရ အပြည့်နဲ့ သတင်းစာ … ပါကလား လို့ မှတ်ချက်ချမိတယ်။
အင်း … ခုခေတ်မှာ … သင်္ကြန်နဲ့ အရက်ကတော့ မိတ်ဖက် လို့ပြောရင်တော့ ရမလားပဲ ကိုသံလွင်ရေ။
တကယ်တော့ သူပြောချင်တာက “မြန်မာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့် များများသောက်နိုင်ပါစေကြောင်း” ဆုတောင်းတာ ဖြစ်ပါလိမ့်မယ်။ ကျန်းမာမှလည်း သောက်နိုင်မှာ မဟုတ်လား။ နေမကောင်းဖြစ်နေတဲ့ လူမမာဆို အရက်ဘယ်လိုလုပ်သောက်နိုင်မလဲ။
ရေးရင်းနဲ့ ကွန်မန့်က ရှည်နေပြီမို့ ဒီနေရာတင် ရပ်လိုက်ပါပြီ။
ဒီကွန်မန့်ကို ဘာဖြစ်လို့ ရေးတာလဲ … ကျမကိုလာမေးရင် …
ဘာမှမဖြစ်လို့ ရေးလိုက်တာပဲ ဆိုပါတော့။ :P

Anonymous said...

No comment coz it is nothing!

ကလိုစေးထူး said...

ဘာမှမဖြစ်လို့ ရေးတာကို ဘာမှမဖြစ်လို့ ကွန်မန့်ရေးတဲ့လူရော.. ဘာမှမဖြစ်လို့ ကွန်မန့်မရေးတဲ့လူရော.. ကျေးဇူးပဲဗျို့။
အဲ.. ကျေးဇူးတင်တာကလည်း ဘာမှမဖြစ်လို့နော်။ :D