Tuesday, April 10, 2007

ဆံပင်ညှပ်ခြင်း...

ဆံပင်လေး နည်းနည်းရှည်လာပြီလားဆိုရင် နားထင်က ယားသလိုလို၊ လည်ဂုတ်က ယားသလိုလိုနဲ့ ဘယ်လိုမှ မနေတတ်တာမို့ ဆံပင်ညှပ်ဆိုင်ကို တခေါက် ရောက်ခဲ့ရပြန်ပါပြီ။ မိဘတွေက ကျနော်ငယ်စဉ်ကတည်းက အကျင့်လုပ်ပေးခဲ့တာကြောင့်ပဲလားတော့ မဆိုနိုင်ပါ။

ငယ်စဉ်ဘ၀ မူလတန်းကျောင်းသား အရွယ် ခပ်ငယ်ငယ်တုန်းကတော့ ကျနော့်မေမေက ကျနော့်ကို ဆံပင်ညှပ်ဆိုင်ကို ခေါ်သွားရင် ဆံပင်ညှပ်ဆရာကို `သူ့ကို ဘဲမြီးကေသာ ညှပ်ပေးပါ´ လို့ မှာလေ့ရှိတာကို အမှတ်ရမိပါတယ်။ အရွယ်နည်းနည်းကြီးလာတော့ သူငယ်ချင်းတွေက `စာကလေး အမွှေးထောင်၊ ရှေ့တလက်မ နောက်ပြောင်´ လို့ ခေါ်ခေါ်ပြီး စကြတာနဲ့ မေမေ့ကို မနည်းပူဆာပြီး အတန်ငယ်ရှည်တဲ့ ဘိုကေ ဆံပင်ပုံစံ ညှပ်ခွင့်ရခဲ့ပါတယ်။

ကျနော် ရှစ်တန်းအောင်ခါစ ၁၉၉၀ ၀န်းကျင်လောက်မှာ `ဆာမူရိုင်းကေ´ လို့ ခေါ်တဲ့ ဆံပင်ပုံစံတမျိုး ခေတ်စားခဲ့ဖူးပါတယ်။ အဲဒီဆံပင်က သိပ်တော့လည်း ထူးခြားခက်ခဲလှတဲ့ ဆံပင်ပုံစံတော့ မဟုတ်ပါဘူး။ ဆံပင်ကို ခပ်တိုတိုညှပ်ပြီး နားသယ်နေရာမှာ ထောင့်မှန်ပုံစံ ဖော်တာနဲ့တင် `ဆာမူရိုင်းကေ´ ဖြစ်သွားတာပါပဲ။ မေမေကတော့ အဲဒီဆံပင်ပုံစံကို သိပ်ကြည့်မရပါဘူး။ ကျနော် အဲလို ညှပ်လာတိုင်း နားသယ်မွှေးကို ဆွဲလိမ်လေ့ရှိပါတယ်။

ခေတ်ပေါ် ဆံပင်ပုံစံတွေထဲမှာ မေမေကိုယ်တိုင် နှစ်သက်ခဲ့တာကတော့ `ဒွေးကေ´ ပါ။ ခပ်တိုတိုပါးပါး ဆံပင်ပုံစံကို ခေါင်းလိမ်းဆီဖြစ်စေ၊ အုန်းဆီဖြစ်စေ အရွှဲသား လူးလို့ ဆံပင်တွေကို ထောင်နေအောင် နောက်ကို လှန်တင်ဖီးထားတော့ မျက်နှာကလဲ ခပ်ပြောင်ပြောင်။ မေမေကတော့ `ခေတ်ပေါ် ဆံပင်တွေကို ထွင်တဲ့အထဲမှာ ဒွေး ကို သဘောကျတယ်´ လို့ ပြောလေ့ရှိပါတယ်။

ဆယ်တန်းအောင်ပြီးလို့ အိမ်မှာ လွတ်လပ်ခွင့် အတန်အသင့် ရသွားတဲ့အလျှောက် ဆံပင်ပုံစံကို မေမေ မချုပ်ချယ်တော့တဲ့ အခါမှာ `ဟဲဗီးမက်တယ်လ် ကေ´ လို့ ခေါ်တဲ့ ဆံပင်ပုံစံအရှည်ကြီးတွေ ခေတ်စားခဲ့ပေမယ့် ကျနော်တော့ တခါမှ မထားဖြစ်ခဲ့တော့ပါဘူး။

မြန်မာပြည်မှာ ဆံပင်ညှပ်ဆိုင်ထိုင်ခြင်းဟာလည်း လက်ဖက်ရည်ဆိုင် ထိုင်ခြင်းနဲ့ အရသာ ခပ်ဆင်ဆင်တူတယ်လို့ ခံစားမိပါတယ်။ ဆံပင်ညှပ်ဆိုင်မှာ ကိုယ့်အလှည့်မကျမီ ဆိုင်က ချထားတဲ့ ကာတွန်း၊ ဂျာနယ်၊ သတင်းစာ စာစောင်အဖုံဖုံကို စိတ်ကြိုက်ဖတ်နိုင်ပါတယ်။ ဆံပင်ညှပ်ဆရာရဲ့ လေကြောမှာ မျောရင်း ကမ္ဘာ့သတင်းအစုံစုံကို နားဆင်နိုင်ပါတယ်။ ဆံပင်ညှပ်ပြီးတော့လည်း တော်တော်နဲ့ အိမ်မပြန်သေးဘဲ ဆံပင်ညှပ်ဆိုင်က စစ်တုရင်ခုံမှာ ကစားလို့ရနိုင်ပါသေးတယ်။

`ရှယ်´ ဆိုတဲ့ စကားလုံး တခု မြန်မာပြည်မှာ ခေတ်စားတော့ အဲဒီစကားက ဆံပင်ညှပ်ဆိုင်ကိုပါ ကူးစက်ခဲ့ပါသေးတယ်။

တရက်မှာ ကျနော်တို့ မြို့လေးက ကျနော်သွားညှပ်နေကြ ဆံပင်ညှပ်ဆိုင်က ဆံသဆရာက `ကဲ..၊ ရှယ်လား ရိုးရိုးလား´ လို့ မေးတော့ `ဘာတုန်းဗျ၊ ရှယ်နဲ့ ရိုးရိုး´ ဆိုပြီး ပြန်မေးမိတာ သူက -

`ရှယ်ဆိုရင် မင်းကို တခါသုံး ဘရိတ်ဒါးနဲ့ ထောင့်တိပေးမယ်၊ အသစ်ဝယ်ထားတဲ့ မော်တာတပ် စက်ကတ်ကြေးနဲ့ ညှပ်ပေးမယ်၊ ရိုးရိုးကတော့ ဟောဟိုက မောင်းချဓားနဲ့ ထောင့်တိမယ်၊ မော်တာတပ် စက်ကတ်ကြေးနဲ့ မညှပ်ဘူး၊ ဘတ်ထရီကုန်တယ်၊ ရိုးရိုးကပ်ကြေးနဲ့ပဲ ညှပ်ပေးမယ်´

သူ အဲဒီလို ခြိမ်းခြောက်တာနဲ့ပဲ ရှယ်လိုက်ရဖူးပါတယ်။ ဒါပေမယ့် ဆံပင်ပုံကတော့ ဒီပုံပါပဲ။

ဒီကိုရောက်တော့ ဆံပင်နည်းနည်းရှည်တာနဲ့ မနေတတ်ခြင်းရဲ့ ဒုက္ခကတော့ မသေးလှတဲ့ ဆံသခကြောင့် မကြာခဏ ငွေကုန်တာပါပဲ။

ကြုံကြိုက်တုန်းမှာ ကျနော်သွားညှပ်နေကြ ဆံပင်ညှပ်ဆိုင် အကြောင်းကို ပြောပြပါရစေ။

အဲဒီဆိုင်မှာ ဆံပင်ညှပ်ပြီဆိုရင် မိမိရဲ့ First Name ကို တောင်းပါတယ်။ ဖုန်းနံပါတ်ကို တောင်းပါတယ်။ အဲဒီ နှစ်ခုကို တွဲပြီး စာရင်းသွင်းပါတယ်။ ပထမတော့ ဘာကြောင့်မှန်း မသိပါဘူး။ နောက်မှ သိရတာက သူတို့က ကျနော်သွားညှပ်လေ့ရှိတဲ့ ဆံပင်ပုံစံကို မှတ်တမ်းတင်တာပါ။ နောက်တခေါက် ထပ်သွားလို့ ကျနော့်နာမည်နဲ့ ဖုန်းနံပါတ် ပြောတာနဲ့ အရင်က ညှပ်ထားတဲ့ ဆံပင်ပုံစံမှတ်တမ်းက သူတို့ ကွန်ပြူတာမှာ ပေါ်ပါတယ်။ အဲဒီအခါမှာ ဆံပင်ညှပ်သမားက `နောက်ဆုံး အကြိမ်ညှပ်သွားတဲ့ ပုံစံအတိုင်းပဲ ညှပ်လိုသလား´ လို့ မေးပါတယ်။ မညှပ်ချင်တော့ဘူးဆိုရင်တော့လည်း ဘယ်လိုပုံစံ ညှပ်ပေးပါလို့ ထပ်ပြောရတာပေါ့။

ဆံပင်ညှပ်ဆိုင်ကို ရောက်ရင် ကောင်တာက သင်ဘယ်နှစ်မိနစ် စောင့်ရပါလိမ့်မယ်ဆိုတာ အတိအကျ ပြောပါတယ်။ စောင့်နိုင်ရင် စောင့်၊ မစောင့်ရင်ရင်တော့ ပြန်ပေါ့။ ဆံပင်ညှပ်ဆိုင်ထဲမှာ ဆံပင်မွှေးတွေ ပွရွနေတာ မဖြစ်စေပါဘူး။ တယောက်ညှပ်ပြီးတာနဲ့ ချက်ချင်း လှည်းကျင်းပြီး သေချာစွာ သိမ်းပါတယ်။ အောက်ခြေကြမ်းပြင်ကိုလည်း ပြောင်လက်နေအောင် အမြဲတမ်း တိုက်ချွတ်သန့်ရှင်းလေ့ ရှိပါတယ်။

မြန်မာပြည်နဲ့ ဒီက ဆံပင်ညှပ်ဆိုင် တူညီတဲ့အချက်ကတော့ ဆံပင်ညှပ်ဆရာတွေရဲ့ ပါးစပ်သတင်းတွေပါပဲ၊ ဒီက ဆံပင်ညှပ်ဆရာတွေလည်း အတော်စကားပြောကြတာပါပဲ။ သူတို့ လူမျိုးအချင်းချင်းဆိုရင်တော့ ပိုဆိုးပါလေရော။ စကားသံတွေက စီစီညံနေတော့တာပါပဲ။ ကျနော်တို့တွေနဲ့ကတော့ `How are you today´ `I am good´ ဒီလောက်ပြောပြီးရင် အသာနှုတ်ဆိတ်သွားတာ များပါတယ်။ တခါတလေတော့ `မင်း ဘယ်နိုင်ငံကလာလဲ´ လို့ မေးတတ်ပေမဲ့ မြန်မာနိုင်ငံက လို့ ဖြေလိုက်ရင် မသိတာများပါတယ်။

ဈေးအတန်ငယ် ချိုသာတဲ့ ဆံပင်ညှပ်ဆိုင်တွေတော့ ခပ်ဝေးဝေးမှာ ရှိပေမယ့် လူမည်းတွေက မျက်စိနောက်စရာ ကောင်းလောက်အောင် များလွန်းလှတာနဲ့ `စီးကရက် တလိပ်လောက်ပါလား၊ ၂၅ဆင့်လောက် မစသွားပါ´ ဆိုပြီး ခဏခဏ တောင်းပါများလွန်းလို့ အဲဒီ ဆိုင်ကို မသွားဖြစ်ပါဘူး။

`ကြည့်ပါဦး၊ ဒီလောက်ဆို အိုကေပြီလား´

ဟိုတွေးဒီတွေး တွေးရင်း မျက်လုံးကိုမှိတ်၊ ခေါင်းကိုငုံ့လို့ ဆံပင်အညှပ်ခံနေတုန်း မေးလိုက်သံကြောင့် ရှေ့က မှန်ကို မော့ကြည့်မိတော့ ဆာမူရိုင်းကေလိုလို၊ ဒွေးကေလိုလို၊ ဦးစွန်းဖုတ်ကေလိုလိုနဲ့ လူတယောက်က မှန်ထဲကနေ ကြောင်စီစီနဲ့ ပြန်ကြည့်နေပါတယ်။

အင်း..၊ ကုန်ပြန်ပြီပေါ့ ဆယ့်နှစ်ဒေါ်လာ။

ကလိုစေးထူး

4 comments:

A random thoughts of a Burmese man said...

ပြန်ချင်လှပေမယ့်..
ပြန်မရနိုင်တို့ဘ၀ရယ်မို့...
ဟစ်ကြွေးကာငိုချင်ပေမယ့်..
ဟိုမျက်ရည်...ဟိုမကျကောင်းဘူး..
ဆိုသည့်စကားရယ်ကြောင့်...
တင်းလျှက်..စိတ်ထား.....

Anonymous said...

ကျမလည်း ဆံပင်နည်းနည်းရှည်လာတာနဲ့ မနေတတ်ဘူး။ တခါတလေ အောင့်အီးပြီး မိန်းမပီပီသသလေး ဖြစ်အောင် အရှည်ထားဖို့ စိတ်ကူးသေးတယ်။ ကရိကထ များတာတို့၊ ဂုတ်အိုက်တာတို့ မခံနိုင်တာနဲ့ဘဲ အတိုဘ၀က မတက်နိုင်တော့ဘူး။
ပြီးခဲ့တဲ့ တပတ်လောက်က ဆံပင်ညှပ်ဆိုင်သွားရင်း ဆံပင်ညှပ်တဲ့အကြောင်း စာရေးမလား စိတ်ကူးနေတာ ခုတော့ ကိုသံလွင်က ဦးသွားပြီ။ ဒါပေမဲ့ ကျမလည်း ရေးအုံးမှာပါပဲ … အကြံတူ နောက်လူသာစမြဲ ဆိုစကားအတိုင်း သာများ သာမလားလို့ပါ :P
ဒါနဲ့ … ကိုသံလွင့်ကို မှန်ထဲက ကြောင်စီစီ ကြည့်နေတဲ့လူကို မမေးလိုက်ဘူးလား။
“မင်းကဘာကောင်လဲ …” လို့ .. :D

Anonymous said...

ko than lwin is ko than lwin i think ..har ha...:P

pp

Anonymous said...

I agree! if u know how to write, anything can be a good story. Ko KLSH is a good writer. btw, how about a girl who forced herself to keep long hair coz haircut cost her 35euro. Can it be a good story if i write? :-)