Sunday, April 15, 2007

အင်ဒီယားနားပြည်နယ်မှ မြန်မာသင်္ကြန်ပွဲ..

ဒီနေ့ဟာ မြန်မာပြည်မှာတော့ နှစ်ဆန်းတရက်နေ့ ဖြစ်နေလောက်ပါပြီ။ သင်္ကြန်ပွဲတော်ကို မြန်မာပြည် အနှံ့အပြားမှာ ကျင်းပခဲ့ကြသလို နိုင်ငံရပ်ခြားက မြန်မာတွေကလည်း အမိမြေ အလွမ်းပြေ အနေနဲ့ သင်္ကြန်ပွဲတော်တွေ ကျင်းပခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ ကျနော်တယောက် သင်္ကြန်ရနံ့၊ သင်္ကြန်ရသတွေ ခံစားနိုင်ဖို့ အင်ဒီယားနား ပြည်နယ်ကို ရောက်ခဲ့ပြန်ပါတယ်။

မြန်မာပြည်မှာတော့ သင်္ကြန်ပွဲတော် ကျင်းပတယ်ဆိုတာဟာ ရာသီဥတုရဲ့ ပူပြင်းလှမှုကို သက်သာစေဖို့ အလို့ငှာနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောစေတဲ့ သဘော သင်္ကြန်ပွဲ ကျင်းပကြပါတယ်။ နေမင်းရဲ့ အပူဒဏ်ကို သင်္ကြန်ရေနဲ့ အချင်းချင်း ပက်ဖြန်းပြီး အံတုပါတယ်။

တချို့သော နိုင်ငံရပ်ခြားကို ရောက်သွားကြတဲ့ မြန်မာတွေ အဖို့မှာတော့ အမိကြေို လွမ်းစိတ်၊ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းလိုစိတ်နဲ့သာ သင်္ကြန်ပွဲတော်ကို ကျင်းပရပေမဲ့ ယခုနှစ် ဧပြီလရဲ့ အအေးဒဏ်ကတော့ သင်္ကြန်ရေ ပက်ကစားဖို့ နေနေသာသာ အပြင်မှာတောင် ကြာကြာနေလို့ မရသေးပါဘူး။ ဒီကြားထဲ သင်္ကြန်ပွဲ ကျင်းပတဲ့ နေ့မှာမှ နှင်းတွေကကျ၊ မိုးတွေကရွာ နှင်းကဖွဲဖွဲ မိုးကသည်းသည်းကြားမှာပဲ သင်္ကြန်ပွဲကို သွားခဲ့ရပါတယ်။

အင်ဒီယားနားပြည်နယ်ရောက် မြန်မာများရဲ့ သင်္ကြန်ပွဲတော်ကို အုပ်စုနှစ်စုက နှစ်နေရာခွဲပြီးတော့ တချိန်တည်းမှာ ကျင်းပခဲ့ပါတယ်။

ကျနော် ရောက်ခဲ့တဲ့ ဖို့ဝိန်းမြို့ သင်္ကြန်ပွဲတော် တခုမှ သင်္ကြန်ပုံရိပ်အချို့ပါ။










အဲဒါတွေကတော့ တခြားနေရာမှာ တချိန်တည်း ကျင်းပနေတဲ့ ဖို့ဝိန်းသင်္ကြန် နောက်တပွဲမှ ပုံရိပ်တွေပါ။





သင်္ကြန်ကျင်းပနေတဲ့ ခန်းမအပြင်ဘက်မှာတော့ အမေရိကန်နှင်းတွေက မြန်မာ သင်္ကြန်နဲ့ လိုက်လျောညီထွေ မဖြစ်လှစွာ ဖွဲဖွဲသည်းသည်း ကျလို့နေပါတယ်။ နှင်းတွေကြားထဲမှာပဲ ခန်းမထဲက သင်္ကြန်တေးသံက ပျံ့လွင့်လာပါတယ်။

လောင်း လောင်း လောင်းလိုက်ပါ ~~~ ရွှဲအောင် လောင်းလိုက်ပါ ~~~ ပက်ပက် ပက်လိုက်ပါ ~~~~


ပြီးဆုံးသွားပြန်ပေါ့ သင်္ကြန်…။

ကလိုစေးထူး



2 comments:

Thet Oo said...

အေးဗျာ။ သင်္ကြန်နဲ့ နှင်းတွေနဲ့ ဘာမှမဆိုင်လိုက်တာ။ ဒါနဲ့နေပါအုံး၊ ဘာဖြစ်လို့ ၂ နေရာခွဲလုပ်ရတာလဲ။ တနေရာထဲမှာ မဆန့်အောင်လူတွေများလို့လား။ ဒါမှမဟုတ် …

ကလိုစေးထူး said...

ကိုသက်ဦးရေ.. ၂ နေရာခွဲလုပ်ကြတာကတော့..... ..........
ဖို့ဝိန်းမှာပဲ ထင်ရဲ့...စတေ့ရှိုးတခုလုပ်တော့ မြန်မာလက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးက သင်္ကြန်တေးအလိုက်နဲ့ စာသားပြောင်းထားတဲ့ သရော်တေးတပုဒ်ဆိုဖူးတယ်။ ဘာတဲ့...

တို့ရဲ့မြန်မာတွေ အဖွဲ့အစည်းဖွဲ့တာ~~~~ ၀ါသနာပါ
ဖွဲ့လိုက်ပြီးရင် ပြန်ပြီးကွဲတာ~~~ အစဉ်အလာပါ~~~~
................................
.......................................
ဖွဲ့..ဖွဲ့..ဖွဲ့ကြတာ.. မနေ့ကဖွဲ့ကြတာ.. ~~~~
ကွဲ..ကွဲ.. ကွဲကြတာ.. ဒီမနက်ပါပဲကွာ


ဝါသနာပါရင် လိုက်ဆိုကြည့်လေဗျာ.. နှစ်သစ်မင်္ဂလာ အလိုက်နဲ့.. :P