Monday, April 16, 2007

သတင်းစာထဲမှာ…



သတင်းစာ တရက်မဖတ်တာဟာ တခေတ်နောက်ကျတာနဲ့ တူပါသတဲ့။

အဲဒီလို ဖတ်မှတ်ခဲ့ရဖူးတော့ သတင်းစာ အစုံစုံကို လိုက်ဖတ်ရင်းနဲ့ ဧပြီလ (၁၁)ရက်နေ့ထုတ် ကြေးမုံ သတင်းစာကို ဖတ်မိတော့ အဲဒီပုံလေးကို ခေါင်းစီးမှာ တွေ့လိုက်ရပါတယ်။

ပုံ အညွန်းစာမှာတော့ ` ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ မရမ်းကုန်း မြို့နယ်ရှိ ကိုယ်တိုင်ထုတ်လုပ်သူများ၏ အခွန်လွတ်ဈေးတွင် ခင်းကျင်းရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးစဉ်´ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းမှာ ကျနော် စိတ်ဝင်စားမိတဲ့ အသုံးအနှုံးတခုကတော့`ကိုယ်တိုင် ထုတ်လုပ်သူများ၏´ ဆိုတဲ့ စကားလုံးပါ။ ဒါဖြင့် ပုံမှာပါတဲ့ သူတို့ရဲ့ အစစ်ဆေးကို ခံနေရသူတွေဟာ ဆန်ကို ကိုယ်တိုင် ထုတ်လုပ်သူများလို့ ပြောချင်တာများလား။ ဆန်ကို ကိုယ်တိုင် ထုတ်လုပ်တဲ့လူတွေဆိုရင်တော့ လယ်သမားတွေများလားမသိ။ ဒါဖြင့် လယ်သမားတွေက မရမ်းကုန်းမှာ ကိုယ်တိုင်လာရောင်းတာလား၊ ဒါမှမဟုတ် မရမ်းကုန်းက ပြည်သူတွေက လယ်ကို ကိုယ်တိုင် စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ ထုတ်လုပ်ရောင်းတာလား။ တမျိုးတော့ တမျိုးကြီးပါပဲ။

အခွန်လွတ်တယ် ဆိုတာကရော ဘယ်လိုလွတ်တာများပါလိမ့် လို့ တွေးမိပါသေးတယ်။ ဈေးကောက်တွေ ဘာတွေ မကောက်တာလား၊ ဒါမှမဟုတ် ဆိုင်ခန်းကြေး၊ နေရာကြေးတွေ မကောက်တာလား။ အခွန်လွတ်ဈေးနဲ့ အခွန်မလွတ်ဈေးရဲ့ ကုန်ဈေးနှုန်းကွာဟမှုကရော ဘယ်လိုများပါလိမ့်။ အခွန်လွတ်ဈေးမှာ ဈေးဝယ်ရင် ပြည်သူတွေအတွက် ဈေးသက်သာတယ်ဆိုရင်ဖြင့် အုပ်ချုပ်သူတွေအနေနဲ့ မြန်မာပြည်မှာ ရှိရှိသမျှ ဈေးတွေကို အခွန်လွတ်လို့ရော မရပေဘူးလား။ လွတ်မယ့်လွတ်တော့ အကုန်လွတ်ပေါ့။

ပုံကို သေသေချာချာ ကြည့်မိတော့ ဆိုင်ပေါ်က မျက်နှာထားမသာမယာနဲ့ လုလင်၊ စိုးရိမ်မကင်းတဲ့ မျက်နှာထားနဲ့ ဆိုင်ရှင် ဖြစ်ဟန်တူသူ အမျိုးသမီး၊ သူတို့ရှေ့မှာတော့ ဈေးဝယ် မဟုတ်၊ ဈေးသည်လဲ မဟုတ်တဲ့ တံဆိပ်ပေါင်းစုံ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဆိုသူက ကိုယ်ယောင်ကိုယ်ဝါ တောက်တောက်ပြောင်ပြောင်နဲ့ အခန့်သား ရပ်လို့။ စတိုင်လ်ကလဲ ထွားပါပေ့။ ရှုးဖိနပ်က ပြောင်ပြောင်၊ လက်ကိုနောက်ပစ်လို့ ပြုံးစစပြီတီတီ မျက်နှာထားက မင်းသားကြီး ကျော်ဆွေလိုလို၊ ညွှန့်ဝင်းလိုလို။

အနှီပုဂ္ဂိုလ်ရဲ့ ဘေးဘီကို ကြည့်မိပြန်တော့ ညာဘက် ကပ်ရက်မှာက အဆီယစ်နေတဲ့ ဖားခုန်ညင်းကြီးတကောင်ရဲ့ စပ်ဖြီးဖြီးမျက်နှာထား၊ ပုဆိုးမညီမညာဝတ်ထားတဲ့ စားဖားပေါက်စ ကြံ့ဖွတ်တချို့၊ စည်ပင်သာယာမှ ဖြစ်ဟန်တူသူ လူတယောက် စသဖြင့် ပုံရိပ်တွေက စည်းချက်မညီတဲ့ ကကွက်တခုလို မျက်စိထဲကို ကိုးလိုးကန့်လန့် ၀င်ရောက်လာပါတယ်။

သူတို့တတွေရဲ့ အနောက်ဘက်ကို လှမ်းမျှော်ကြည့်မိပြန်တော့ ပုံရဲ့ ညာဘက်ထောင့်မှာ နယ်မြေခံဖြစ်ဟန်တူသူ ပြည်သူများ၊ ဈေးဝယ်ဖို့ စောင့်နေကြတာများလားမသိ၊ လာစစ်ဆေးတဲ့ အချိန်က မနက်ပိုင်းဆိုတော့ ဈေးရောင်း၊ ဈေးဝယ်အများဆုံး လုပ်ကြတဲ့ အချိန်ပေါ့။ အဓိကအားဖြင့်တော့ စားကုန်တွေကို လာဝယ်သူ များကြမှာ အသေအချာနေမှာ။ လူကြီးဆိုသူတွေ လာစစ်တာပြီးမှ ဈေးဝယ်ရမှာမို့ နေ့လည်စာ ချက်ပြုတ်ဖို့ နောက်ကျရော့ထင့်။

သူတို့ရဲ့ အပေါ်နားခပ်ကျကျ လမ်းတခုပေါ်မှာတော့ ကားအကောင်းစား တစီးနဲ့ အဲဒီကားနားမှာ ရပ်နေကြတဲ့ လူတစု၊ ဟိုပုဂ္ဂိုလ်ကြီးရဲ့ နောက်တော်ပါးတွေ ထင်ရဲ့။ ကားကိုကြည့်ရတာ တမြန်နှစ်များဆီက မြန်မာတပြည်လုံးမှာ သိမ်းယူခဲ့တဲ့ လိုင်စင်မဲ့ ကားတွေထဲက တစီးများ ဖြစ်နေလေမလား၊ ဒါမှမဟုတ် တယောက်ယောက်က ဆက်သထားတာများလား။ ပုဂ္ဂိုလ်ကြီးရဲ့ ကိုယ်ပိုင် လစာငွေနဲ့ ၀ယ်ထားတာများလား၊ ကိုယ်ပိုင်လစာငွေနဲ့ ဆိုရင်တော့ တော်တော်ခြိုခြံရရှာမှာပဲ။ ဒါနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲ့ လစာက ဘယ်လောက်ပါလိမ့်။

ပုံကိုကြည့်ရတာ စိတ်မသက်မသာ ဖြစ်လာတာနဲ့ အောက်ကိုဆွဲချ ရွှေလိုက်တော့ `ပြည်သူ့ သဘောထား´ ဆိုတဲ့ စာတန်းက ဘွားကနဲ ပေါ်လာပါတယ်။ ဘာတဲ့..။

`နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ´ တဲ့။

ဒါ..ဟုတ်တာပေါ့၊ ဆန့်ကျင်ရမှာပေါ့။ အဲဒါနဲ့ အပေါ်က ပုံကို တခါထပ်ကြည့်မိပြန်တော့ အိုက်တင်အပြည့်နဲ့ ဟိုပုဂ္ဂိုလ်က ပေါ်လာပြန်ရဲ့။

ကလိုစေးထူး

4 comments:

Anonymous said...

ကိုကလိုစေထူး... ဓါတ်ပုံကိုကြည့်ပြီး observation တွေ လုပ်ထားတာ သိပ်မိုက်တယ် ။ သူတို့ကို describe လုပ်တဲ့ စကားလုံးတွေ သိပ်ကြိုက်တယ်း)

လူတော်တော်များများတွက် အဲလိုသတင်းစာဖတ်ရင် အကုသိုလ်ရကြမယ် ထင်ပါတယ် ။

Anonymous said...

မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ကိုသံလွင် …

အင်း … နှစ်ဆန်းတရက်နေ့ကြီး အကုသိုလ် မဖြစ်ချင်ပါဘူးဆိုမှ …. ဒီပို့စ်ကို ဖတ်မိတယ်။
၉ ပါးသီလ စောင့်ထိန်းထားပြီး အားလုံးသော သတ္တ၀ါတွေ မေတ္တာပွားနေတာဆိုတော့ ဓာတ်ပုံထဲက ပုဂ္ဂိုလ်တွေသည်လည်း သတ္တ၀ါတွေထဲ အကျုံးဝင်တာပဲမို့ ချန်ထားလို့တော့ မဖြစ်ချေဘူး။
ဒါကြောင့် ဓာတ်ပုံကြည့်ပြီး မေတ္တာ ပို့သလိုက်ပါတယ် … ကျန်းမာသည်ထက် ကျန်းမာကြပါစေ … ချမ်းသာသည်ထက် ချမ်းသာကြပါစေ … ။ စိတ်ကောင်း စေတနာကောင်းဖြင့် လူတိုင်းအပေါ် ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ … ။

Anonymous said...

မိုက်လိုက်သည့်အကောင်ရယ်…(နောက်တိုး)
မြန်မာသတင်းစာများ သွားဖတ်နေသေးတယ်…

ကလိုစေးထူး said...

ဂျစ်တူး... ကျနော်လဲ အဲဒီပုံကိုကြည့်ပြီး စိတ်ပေါက်လာတာနဲ့ ရေးမိတာ :D
မမေဓာဝီ။ ဒါဆိုရင်တော့ နှစ်ဆန်းနှစ်ရက်နေ့ကျမှ လာကြည့်။ ဒေါသထွက်လို့ ဥပုသ်ကျိုးနေအုံးမယ်နော်။ :P
anonymous.. ဟုတ်ပ့ါဗျာ။ ကျနော်မိုက်မိ အပြစ်ရှိ။ သွားဖတ်မိတာကိုး။ :)