Thursday, April 26, 2007

ဒီတလအကြိုက်ဆုံးများ (၃) ....

ကျနော် ဖတ်မိသမျှ ဘလော့ဂ်တွေထဲက နှစ်သက်ဖွယ်ရာ စာ၊ ကဗျာ၊ သီချင်းများကို ဒီတလအကြိုက်ဆုံးများ ဆိုပြီး ရေးသားခဲ့တာဟာ အကြောင်းအမျိုးမျိုးကြောင့် အမှတ်စဉ်(၂) နောက်ပိုင်းမှာ ဆက်မရေးအားနိုင်ဘဲ တန့်နေခဲ့ရပါတယ်။

ဒါပေမယ့် မရေးအားနိုင်ခဲ့တဲ့ ကြားကာလအတွင်းမှာ ဘလော့ဂါ အဟောင်း၊ အသစ်တွေရဲ့ စာ၊ကဗျာ အတော်များများကို ဖတ်ဖြစ်ခဲ့ပါတယ်။

အမှတ်စဉ်(၂)တုန်းက ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ။ ကျနော့် အကြိုက်ဆုံးတွေကို ရွေးချယ်ဖော်ပြရတဲ့ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော် နှစ်သက်မိလို့ပါ။ နောက်တခုကတော့ အဲဒီ စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေကို ဒီဘလော့ကို လာလည်မိတဲ့ လူတွေကိုပါ ဖတ်စေချင်လို့ပါ။ အကြိုက်ချင်း မတူ ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် ရေးသားသူ၊ ဖန်တီးသူတွေရဲ့ အားထုတ်မှုက ကျနော်ချီးမွမ်းကာမှပဲ ယုတ်လျော့သွားခဲ့ရင် ခွင့်လွှတ်ပါ။

နောက်တခုကတော့ ကျနော် ဒီလို ရွေးချယ်ဖော်ပြတာဟာ မူပိုင်ခွင့်ဆိုတာနဲ့ ငြိစွန်းနေရင်လဲ ဒီနေရာကနေ တခါတည်း တောင်းပန်ပါတယ်။ အကျိုးအမြတ် တစုံတရာမပါတဲ့အတွက် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကဲ.. စလိုက်ကြရအောင်။

အကြိုက်ဆုံး ဘလော့ဂါပို့စ်များ

(၁) နွေလယ်ခေါင်မှာ..
စာအရေးအသားကောင်းလှတဲ့ မမေဓာဝီဟာ အခုနောက်ပိုင်းမှာ ကိုပြူးကျယ်သို့ ပေးစာများ၊ ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာများ လို့ ပို့စ်များကို အရေးစိတ်လာတာကြောင့်များလား မသိ၊ အထက်ပါ ပို့စ်လို မြင်ကွင်းသရုပ်ဖော်ပို့စ်ကို ရေးတာ အတန်ငယ် ကျဲပါးသွားတာကို နေ့စဉ်ဝင်ဖတ်သူ စာဖတ်ပရိသတ်တယောက် အနေနဲ့ သတိထားမိပါတယ်။
ဒီပို့စ်မှာ ပူလှတဲ့ နွေရဲ့ သရုပ်ကို လမ်းပေါ်က မြင်ကွင်းကို သရုပ်ဖော်ပြီး စတင်ပုံဖော်ထားသလို နွေရဲ့ အလှကိုလည်း လမ်းတဖက်က အပင်တွေရဲ့ အလှနဲ့ ဖော်ကျူးထားပါတယ်။
ပူလောင်ခြင်းရဲ့ အေးမြရာ နေရာဟာ ဘုရားရိပ်၊ တရားရိပ် ဆိုတာဟာ ဒီပို့စ်က ပေးချင်တဲ့ မက်ဆေ့ပါ။
http://maydar-wii.blogspot.com/2007/04/blog-post_08.html

(၂) ဂျစ်တူး၏ ခရီးသွားပို့စ်များ
ဂျစ်တူးဟာ သူမြန်မာပြည်ကို ပြန်ခွင့်ရခိုက်မှာ ကျိုက်ထီးရိုး၊ ပုဂံ၊ ဟဲဟိုး၊ ကလော၊ အင်းလေး စတဲ့ နေရာတွေကို အလည်ရောက်ခဲ့ပါတယ်။ အားကျမိပါရဲ့။ သူအလည်ရောက်ခဲ့တာကို ဓာတ်ပုံမှတ်တမ်းများနဲ့ တကွ ဂရုတစိုက်နဲ့ အခန်းဆက် ပို့စ်များ တင်ပေးခဲ့တာဟာ စာဖတ်သူတွေကို ဗဟုသုတလဲ ရစေသလို မြန်မာပြည် အထင်ကရ နေရာတချို့ရဲ့ ပြောင်းလဲနေတဲ့ အနေအထားကိုပါ လေ့လာခွင့်ရစေခဲ့ပါတယ်။
အထူးနှစ်သက်မိတာကတော့ ဟိုတယ်ပေါ်ကနေ လှမ်းအကြည့်၊ နွားတကောင်နဲ့ အလုပ်ရှုပ်နေတဲ့ လယ်သမားကြီးကို မြင်ရတဲ့ အချိန်မှာ တွေးမိတဲ့ အတွေးကို ပုံနဲ့တကွ သရုပ်ဖော်ထားတာကိုပါ။
http://gyittu.blogspot.com/2007_03_01_archive.html

(၃) လွန်ခဲ့သော ၁၉၈၃
ကိုဇော်မိုးအောင်ရဲ့ မိမိ မွေးနေ့ကို ခံစားပုံဖော်ထားတာဟာ ရသ၀တ္ထုတို တပုဒ်ကို ဖတ်ရတဲ့အလားပါပဲ။ ရိုးရှင်းတဲ့ ရေးဟန်က လူသားတယောက်ရဲ့ မွေးဖွားခြင်းကို ပုံဖော်နေစေသလို မိဘနှစ်ပါးရဲ့ ကျေးဇူးကို အောက်မေ့သတိရတာကိုလည်း လေးစားမိပါတယ်။
http://zawmoeaung.blogspot.com/2007/03/blog-post_619.html

(၄) ကျွန်တော်နှင့် အရောင်များ
စာအရေးအသား ကောင်းလှတဲ့ ကိုနေဘုန်းလတ်ရဲ့ လက်စွမ်းပြမှု စာတပုဒ်ပါ။ ပိတောက်မြေ မဂ္ဂဇင်းမှာ ဖော်ပြခံရပြီးသား လို့ သိရပါတယ်။
လူ့ဘ၀ကို အရောင်တွေနဲ့ အတူ သရုပ်ဖော်ထားပုံဟာ ထိမိပါတယ်။ စာဖတ်ရတာ အရသာ ပျက်ရတာ တခုကတော့ စာတွေက ဘလော့ဂ်ပေါ်မှာ အပိုဒ်မခွဲထားတော့ ပြွတ်သိပ်နေတာပါ။
http://nayphonelatt.blogspot.com/2007/02/blog-post_19.html

(၅) သတင်းစာဆရာ
မအိမ်ချမ်းမြေ့ရဲ့ ဒီပို့စ်ကို ကျနော် သုံးခေါက်လောက် ထပ်ဖတ်ဖြစ်ပါတယ်။ ပထမတခေါက်ဖတ်၊ ဘာပြောချင်တာပါလိ့မ်လို့ တွေး၊ နောက်တခေါက် ပြန်ဖတ်၊ ထပ်တွေး၊ တတိယမြောက်မှာမှ ၀ိညာဉ်အကြောင်းကို ပြောချင်တာလို့ သဘောပေါက်ပါတယ်။ နှစ်သက်မိတာက မြုပ်ကွက်ထားတဲ့ အရေးအသားပါ။
အဲဒီ ဘလော့ဂ်မှာလဲ စာဖတ်ရင်း အနှောက်အယှက်ပေးတာ တခုရှိပါသေးတယ်။ Auto Playing လုပ်ထားတဲ့ သီချင်းသံက ဟိုးအရင်က ရေးထားတဲ့ တခြားစာတွေကို လိုက်ဖတ်ရင် အစက တခေါက်ပြန်လာတော့ စာဖတ်ရတာကို အာရုံပျက်ရပါတယ်။
http://ainchannmyay.blogspot.com/2007/01/newspaper-man.html


အကြိုက်ဆုံး ဘလော့ဂါ ကဗျာများ

(၁) Traveler
ကဗျာရေးတာ ထူးချွန်တဲ့ ကိုတက်စလာရဲ့ ဘလော့ဂ်က ကဗျာတပုဒ်ပါ။ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်းတွေရဲ့ ဟိုမှာဘက်မှာ ဘာရှိနိုင်မလဲ ဆိုတာကို ခံစားမျှော်ကြည့်စေတဲ့ ကဗျာတပုဒ်ပါ။ ကဗျာနာမည်ကို `ခရီးသွား´ လို့ ကျနော့်သဘောအရ ကျနော် မြန်မာဆန်ဆန် မှည့်ကြည့်မိပါတယ်။
http://teslanetblog.blogspot.com/2007/04/traveller.html

(၂) ၀ိဘစ္ဆ
ဘလော့ဂ်သက်တမ်း မကြာလှသေးသလို စာရေးလဲ ကျဲပါးတဲ့ ပန်ဒိုရာရဲ့ ကဗျာကောင်းတခုပါ။ `၀ိဘစ္ဆ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီလှစွာပဲ လောဘ၊ ဒေါသ၊ သံသယ၊ အာဃာတ၊ အကြောက်တရားတွေရဲ့ ပေါင်းစပ်မှုကြောင့် ပေါ်လာတဲ့ စစ်ပွဲတွေကို ကြောက်ရွံ့တဲ့ပုံဟန်၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ကဗျာဆရာရဲ့ ဆိုလိုဟန်ကို ဖော်ကျူးဟန်က ထိမိတဲ့ အတွက် နှစ်သက်မိပါတယ်။
http://pandora-and-pandora.blogspot.com/2007/04/blog-post_01.html

(၃) ဆေးရုံ(၁)
မြန်မာ့ဘလော့ဂါစာအုပ် ဘလော့ဂ်မှာ ဒီကဗျာကို ဖတ်လိုက်ရပါတယ်။ ရေးသူ အမည်ကိုတော့ မဖော်ပြထားပါ။ `ဆရာဝန်ကြီးရဲ့ နှလုံးသားဟာ ဓာတ်မှန်မှာ မပေါ်ဘူးတဲ့´ ဆိုတဲ့ စာသားကို အကြိုက်ဆုံးပါပဲ။ ဆေးရုံတခုရဲ့ သရုပ်သကန်ကိုလည်း တိုတောင်းကျစ်လစ်တဲ့ စာသားတွေက ဖော်ကျူးလို့ နေပါတယ်။
http://mmblogbook2.blogspot.com/2007/03/blog-post_9776.html

ကျနော် မဖတ်မိပေမယ့် ကျနော်တင်ပြခဲ့တဲ့ စာ၊ ကဗျာများနည်းတူ ကောင်းမွန်တဲ့ အနုပညာတွေလည်း တခြားသော ဘလော့ဂ်တွေမှာ ရှိနေဦးမှာ သေချာပါတယ်။ ဒီပို့စ်ကို လာဖတ်မိသူ မိတ်ဆွေများက လမ်းညွန်ပေးနိုင်ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဖန်တီးသူမှာလည်း ကြိုးစားအားထုတ်ရကျိုး နပ်သလို ကျနော်တို့ အဖို့မှာလည်း ကောင်းမွန်တဲ့ ဖန်တီးမှုရသကို ခံစားနိုင်ကြမှာပါ။

အားလုံးကို ခင်မင်လေးစားစွာဖြင့်..

ကလိုစေးထူး



3 comments:

Anonymous said...

Ko klosayhtoo.. it's an honour to be on the list of your monthly favourites. Thanks for the rest of the links too.

လယ်သမားကြီးကို ဟိုတယ်ပေါ်က ကြည့်ပြီး ကျွန်မတွေးမိတဲ့ အတွေးလေးကို ထပ်တူခံစားနိုင်သူတယောက်နဲ့ ၊ တွေ့ရတာ အလွန်ပဲ ၀မ်းသာမိပါတယ် ။

Tesla said...

ကိုကလိုစေးထူး ရဲ့ အကြိုက်ထဲ ပါဝင်လို့ ၀မ်းမြောက်မိပါတယ်-

Anonymous said...

အကြိုက်ဆုံးထဲ ကျမရဲ့စာ ပါပြန်ပြီပေါ့။
ဘကြီးဘဘေတို့၊ ကိုပြူးကျယ်တို့က စာနည်းနည်းလေးတော့ ကျမလည်း စိတ်ထဲ စိုးတော့ စိုးရိမ်သား။ ဒါပေမဲ့လည်း ဒီစာအုပ်တွေက ခုခေတ်မှာ ရနိုင်ဖို့ မလွယ်တာကြောင့် ကြိုးစားပမ်းစား ဖော်ပြရခြင်းပါ။
သရုပ်ဖော်အဖွဲ့မျိုးလည်း ကြိုးစားရေးပါ့မယ်။ ကျမ ဘလော့ကို အမြဲဝင်ဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ကိုသံလွင် ညွှန်းတဲ့ ဘလော့တွေထဲက မဖတ်ရသေးတဲ့ စာတွေ သွားဖတ်ကြည့်ဖြစ်ပါတယ်။ တချို့စာတွေကတော့ ဖတ်ပြီးသားပါ။ ကျမလည်း ကိုသံလွင်နဲ့ အကြိုက်ချင်းတူတယ် ဆိုရမလားဘဲ။ ညွှန်းထားတဲ့ စာတွေ အားလုံးကို သဘောကျတယ်ရှင့်။
ကိုသံလွင်လည်း စာအသစ် ရေးပါအုံးရှင်။ ကျမက အင်တာနက် မကောင်းလို့ မတင်နိုင်တာ။ ကိုသံလွင့် စာအသစ်တွေ အများကြီးဖတ်ရမလား မှတ်တယ်၊ သိပ်လည်း တင်မထားပါလား။ မအားဘူးနဲ့ တူတယ်။ အားရင်တော့ ရေးပါအုံးနော်။