Thursday, October 18, 2007

စပ်မိစပ်ရာ (၁၂)...

စပ်မိစပ်ရာကို မရေးဖြစ်ခဲ့တာ အတန်ကြာခဲ့ပါပြီ။ တခြားရေးချင်တာတွေကို အတော်ကြာအောင် ရေးခဲ့ပြီးတဲ့ တိုင်အောင် စိတ်ထဲမှာ သဘောမတွေ့တာလေးတွေ၊ စာဖတ်သူတွေကိုလည်း အတွေးမျှချင်တာလေးတွေ ရှိနေသေးတော့ စပ်မိစပ်ရာ ကို ခြေဦးပြန်လှည့်မိပါရဲ့။


ဘယ်အချိန်က ဘယ်သူတွေနဲ့ ဘယ်လိုဘယ်နည်း တရားဝင်အောင် ဖွဲ့စည်းလိုက်မှန်း မသိလိုက်ရပေမယ့် သတင်းစာမှာ ဗြောင်ကျကျ နေရာယူလာတာကတော့ `ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့´ ပါတဲ့။ ကျနော်သိထားတဲ့ ကျနော်တို့ နိုင်ငံအာဏာပိုင် အဖွဲ့အစည်းနာမည်က `နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ´ ပါ။ `နေပြည်တော်´ ဆိုတဲ့ အသုံးအနှုန်းကိုလည်း အဲဒီလိုပဲ မလိမ့်တပတ်နဲ့ သုံးခဲ့တာဟာ အခုဆိုရင် သူတို့စိတ်တိုင်းကျ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းမှာပါ အဲဒီနာမည်က အူကြောင်ကြောင်နဲ့ နေရာယူနေပါပြီ။ အခုလည်း…။

အာဏာပိုင်တွေရဲ့ မိုက်ရိုင်းမှု တခုကိုလည်း ခံပြင်းမိပါသေးတယ်။ အဲဒါကတော့ ဘိုချုပ်ကြီး စိုးဝင်း သေရွာလားတဲ့ ကိစ္စကို ၀မ်းနည်းခြင်း အထိမ်းအမှတ်ဆိုပြီး နိုင်ငံတော် အလံကို တိုင်တ၀က်လွှင့်ထူခြင်းကို သုံးရက်တိုင်တိုင် ပြုလုပ်စေတာပါ။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံတော် အလံကို တိုင်တ၀က် လွှင့်ထူတာကို အာဇာနည်နေ့ အခမ်းအနားမှာသာ ကျဆုံးလေပြီးတဲ့ အာဇာနည်ကြီးတွေကို ဦးညွှတ်ခြင်းနဲ့ အတူ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ပြုလုပ်ပါတယ်။ အခုတော့ ဘိုချုပ်ကြီး စိုးဝင်း သေတဲ့ ကိစ္စမှာ အာဇာနည်ကြီးတွေလို တန်းတူထား ဂုဏ်ပြုရလောက်အောင် ဘာတွေကိုများ ပြည်သူလူထုအတွက် အနစ်နာခံခဲ့လို့ အလံကို တ၀က်လွှင့်ခြင်းကို သုံးရက်ကြီးများတောင် ပြုလုပ်စေရတာလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။ ဒါလဲ အာဏာပိုင်တွေရဲ့ အူကြောင်ကြောင် နိုင်တာတခုပဲလို့ ထင်ပါရဲ့လို့ ဖော့တွေးလိုက်တော့မှ ခံပြင်းစိတ်က အတန်ငယ် ပြေပျောက်ပါတယ်။

ကိုမင်းကိုနိုင်ရဲ့ အသက် (၄၅)နှစ် ပြည့်မြောက်ခဲ့ပါပြီ။ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ သူ့အသက်ရဲ့ သုံးပုံတပုံကျော်ကြာ အချိန်ကာလကို အကျဉ်းထောင်ထဲမှာ ကုန်ဆုန်းခဲ့ရပါတယ်။ မနှစ်က အသက်(၄၄)နှစ်ပြည့် မွေးနေ့တုန်းကလည်း ထောင်ထဲမှာ၊ ဒီနှစ် (၄၅)နှစ်ပြည့် မွေးနေ့ကျတော့လည်း ထောင်ထဲမှာ…။ အဝေးရောက်နေတဲ့ ညီငယ်တယောက်က အကိုရင်းကို လွမ်းတဲ့ လွမ်းဆွတ်စိတ်မျိုးနဲ့ အတူ ကိုမင်းကိုနိုင် အမြန်ပြန်လွတ်မြောက်ပြီး အားလုံးရဲ့အကျိုးကို သယ်ပိုးခွင့်ရတဲ့ အခြေအနေကို ရောက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

ဟာသသရုပ်ဆောင်နဲ့ ဒါရိုက်တာ ကိုသူရ ခေါ် ကိုဇာဂနာ ပြန်လည်လွတ်မြောက် လာခဲ့ပါပြီ။ သတင်းဌာနတွေနဲ့ ဘလော့ဂ်တွေမှာ သူ လွတ်လာတဲ့ သတင်းကို ဖတ်မိကတုန်းက အထိ `တကယ်လွတ်လာတာ ဟုတ်ပါ့မလား´ လို့ မယုံမရဲ ဖြစ်နေခဲ့မိပေမယ့် ဒီဗွီဘီ သတင်းဌာနနဲ့ ကိုဇာဂနာရဲ့ အင်တာဗျူးကို နားထောင်အပြီးမှာတော့ စိတ်အေးသွားရပါတယ်။ ကိုဇာဂနာရဲ့ အဖြေစကားတွေထဲက အင်မတန်မှ သဘောကျစရာ ကောင်းတဲ့ အပြင် စေ့စေ့တွေးလေ ရေးရေးပေါ်လေလေ စကားတချို့ကတော့…

`… … … … အဲဒီနေရာက အဆိုးဆုံးနေရာဗျ၊ ထောင်ထဲမှာ အဆိုးဆုံးနေရာပဲ။ စစ်ခွေးတိုက်ဆိုတာ…၊ စစ်ခွေးတိုက်ဆိုတဲ့ အတိုင်းပဲ။ ကျနော်က ၀မ်းတွေသာသွားတာပေါ့ဗျာ။ ထောင်ထဲရောက်မယ်ဆိုတော့ ပေါ်ဦးတို့နဲ့ တွေ့မယ်။ သူငယ်ချင်းတွေနဲ့လည်း တွေ့မယ်၊ ဘယ်သူတို့နဲ့ တွေ့မယ်ဆိုပြီးတော့ပေါ့…။ ဘယ်…၊ သူငယ်ချင်းတွေနဲ့ မတွေ့ရဘဲနဲ့ တခါတည်း တန်းတွေ့ရတာက စစ်ခွေးတွေနဲ့ တွေ့ရတာပဲ။ အဲဒီမှာ အားပါးတရနဲ့ နှုတ်ဆက်မယ့် လူတွေများ အောက်မေ့တယ်။ ၀ူး၊၀ူး၊ ၀ုတ်ဝုတ်ဝုတ် ဆိုတဲ့ အသံတွေနဲ့ စပြီးတော့ အဲဒီ စစ်ခွေးတွေ ကြားထဲ ရောက်သွားတော့တာပဲ´

`ကျနော်တို့ မြန်မာလူမျိုးတွေက မွေးကတည်းကစပြီး သေသည်အထိ သရဏဂုံ သုံးပါးနဲ့ သေရတာ။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံ သုံးပါးနဲ့ သေရတာလေ။ မွေးလာကတည်းက အဲဒါနဲ့ မွေး၊ သေလည်း အဲဒါနဲ့ သေရတာ။ အခုတော့ နောက်ဘိတ်ဆုံး စကားလုံးက ပြောင်းရတော့မလို ဖြစ်တယ်။ သံဃံသရဏံ ဂန်းစာမိ နဲ့ပဲ ဖြစ်ကုန်ကြပြီလို့။ သံဃံသရဏံက ဂစ္ဆာမိ မဟုတ်ဘဲ ဂန်းစာမိ ဖြစ်သွားပြီ´

မြန်မာပြည်က အင်တာနက် ကဖေးဆိုင်တွေကို ကန့်သတ်ထိန်းချုပ်နေတဲ့ သတင်းကို ဖတ်ရတာကလည်း စိတ်မသက်သာစရာကောင်းလှပါတယ်။ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ၀က်ဘ်ဆိုက်တွေကို ကန့်သတ်တာကတော့ အာဏာပိုင်တွေကို တမျိုး နားလည်ပေးလို့ ရပါသေးတယ်။ (သူတို့ ဒုက္ခရောက်မှာစိုးလို့ တားတာကိုး)။ အင်တာနက် အသုံးပြုသူတွေ ကိုယ်စား အဝေးကြီးကနေ တွေးပြီး စိတ်ကသိကအောင့်ဖြစ်မိတာက ကိုယ်သုံးနေတဲ့ ကွန်ပြူတာ မော်နီတာ စခရင်ကို တခြားလူက အချိန်မရွေး လာစစ်နေတာကြီးကိုပါ။ ဘယ်လောက်များ ကသိကအောင့်ဖြစ်စရာ ကောင်းလိုက်မလဲ…။ ကိုယ့်မိဘ၊ မောင်နှမသားချင်း၊ ချစ်သူဆီ အဆက်အသွယ်လုပ်နေတာကိုတောင် စိတ်အေးလက်အေး ပို့ခွင့်မရမယ့်အခြေအနေ…။

တလောက မြန်မာ့အလင်း အင်္ဂလိပ်ဘာသာ သတင်းစာထဲမှာ ပုံနဲ့စာနဲ့ လွဲမှားပြီး သတင်းဖော်ပြတာကို တွေ့လိုက်ရပါတယ်။ သာမန်မှားသွားသည်ဖြစ်စေ၊ တခုခုကြောင့် အဲဒီလို ဖော်ပြမိတာ ဖြစ်စေ ကျနော်ကတော့ အဲဒီ သတင်းရဲ့ တာဝန်ရှိသူ ၀န်ထမ်းအတွက် စိတ်ပူပန်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းကလည်း ဘိုချုပ်ကြီး ခင်ညွှန့်ရဲ့ နောက်ကျောမှာ `ကမ္ဘာကျော် လူလိမ်ကြီး´ ဆိုတဲ့ စာတန်း အထင်းသားကြီးနဲ့ သတင်းစာ ထွက်ခဲ့စဉ်ကလည်း တကယ့်တကယ်တမ်း နစ်နာစွာ အရေးယူခံလိုက်ရတာက သတင်းစာတိုက်က ၀န်ထမ်းတွေပါပဲ။ နီးရာဓား ကြောက်နေရတဲ့ ၀န်ထမ်းဘ၀က သက်သာလှတာ မဟုတ်ပါဘူး။

သတင်းစာရဲ့ နောက်ကျောဖုံး အပြည့်နဲ့ ပြည်ပသတင်းဌာနတွေကို မယုံဖို့၊ ပြည်ပသတင်းဌာနတွေက ဘယ်လိုလိမ်နေကြောင်း ပြူးတူးပြဲတဲနဲ့ နေ့စဉ်နေ့တိုင်း စာရွက်ဖိုး၊ မှင်ဖိုး၊ အကုန်ခံ ဖော်ပြနေတာ တွေ့တော့ ကျနော် ကြည့်လိုက်ရဖူးတဲ့ ကိုဇာဂနာနဲ့ ဦးကျော်ဟိန်းတို့ အဓိကသရုပ်ဆောင်တဲ့ `အနမ်း´ ဆိုတဲ့ ဇာတ်လမ်းတိုကလေးကို သတိရမိပါတယ်။ ဦးကျော်ဟိန်းကြီးက ဧည့်ခံပွဲလာ ပရိသတ်တွေဆီ တ၀ိုင်းပြီး တ၀ိုင်းလှည့်လည်ပြီးတော့ `ကျူပ်လို ပါမောက္ခတယောက်က အိမ်ဖော်ကောင်မလေးကို နမ်းမလားဗျ´ လို့ မလုံမလဲနဲ့ လိုက်ပြောနေတဲ့ ပုံစံနဲ့ အခု အာဏာပိုင်တွေက သတင်းစာမှာ အတင်းကာရော ကြော်ငြာနေတဲ့ ပုံစံက တထပ်တည်းကျနေတော့ ဖြစ်မှဖြစ်ရလေ ဆိုပြီးတော့ မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့…။

ညနေ အလုပ်က ပြန်လာတော့ ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါသေးတယ်။ အဲဒီမှာ လူထုမေတ္တာကို အားရပါးရကြီး ခံယူနေတဲ့ ဘလော့ဂ်တခုကို ရောက်တော့ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လောက်တုန်းက ဘုန်းဘုန်းတွေ မြို့အနှံ့ မေတ္တာပို့လို့ ဘေးအန္တရာယ်ကင်းရှင်းပါပြီ လို့ ပို့စ်တင်ရာက အခုကျတော့ အဲဒီ ဘုန်းဘုန်းတွေက သံဃာတုတွေပါ၊ ဘုန်းကြီးကျောင်းမှာ ဘာတွေ့ပါတယ်၊ ညာတွေ့ပါတယ်လို့ ပို့စ်ထပ်တင်ပြန်တော့ `တတ်လဲ တတ်နိုင်ပါပေ့´ လို့ သြချမိပါတယ်။

ဟိုစပ်စပ် ဒီစပ်စပ်သာ အားလုံး လိုက်ရေးရရင်တော့ ကုန်နိုင်ဖွယ် ရှိမယ်မထင်တာကြောင့် နောက်တပတ် စပ်မိစပ်ရာမှာကျမှ ပြန်ဆုံကြစို့ရဲ့…။


ကလိုစေးထူး


4 comments:

thamudayanwe said...

ဟုတ်တယ်..ကိုကလိုစေးထူးရေ..
အလံလွင့်တာ..ငါတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာပြတာတကြောင်း
ဘယ်ကောင်မှသောက်ဂရုစိုက်မရာမလိုဘူးဆိုတယပြတာ..
လူသတ်ကောင်ကို..တော့ဝမ်းနည်းကြောင်းအလံလွင့်တဲ့ဖတ်ရတုန်းကထောင်း
ကနဲဒေါသတွေထွက်ပြီး အာဇာနည်နေ့ကျတော့လုပ်နေကြထုံးစံကိုဖျောက်..
ဗိုလ်ချုပ်ပုံကိုဖျောက်ထားတာ..ဘယ်လောက်ရင်နာဖို့ကောင်းလဲ..
ယှဉ်ကြည့်ပါ..ဆီနဲ့ အီးလောက်ကွာတာ..ရေနဲ့တောင်မနိုင်းချင်ဘူး..ရေဆိုတာတန်ဖိုးရှိလို့
နောက်ပြီးသတင်းစာထဲက..တမငထည့်တာလို့ထင်တယ်
ကျတော်လည်း..သိသိချင်းသွားပြီ..သတင်းတိုက်ကလူတွေ..
ဘာပဲဖြစ်ဖြစ်သူတို့ရဲ့သတ်တိ ကိုတော့လေးစားသင့်တယ်
တော်ပါပြီ..ကိုစေးထူးရေ..
အရမ်းကောင်းတဲ့..အမှန်တရားတွေဆက်လက်ရေးပေးပါ

Chaos said...

အမှန်တွေရေးသာပဲ
ရေးသာရေး
စောင်ဖတ်ဦးမယ်
နောက်တစ်ပါတ်အမှန်တွေကိုလဲ
အားပေးလျက်ပါ

Anonymous said...

In our country Army will be always,,and always success ,,although u want to destroy...mm Army will be always , and success forever,,if u don't believe,,u can see still and forever,,,yoe yoe yoe...haha

thamudayanwe said...

ခွေးတျရိဆန်..လကိနက်ကိုင်ပြီးဟောင်နေတယ်..
သတ်တိရှိရင်လက်နက်စွန့်လိုက်..သံဃာသတ်တဲ့အမျိးယူတ်တွေ
အနိုင်ရှိရင်အရုံ့းရှိတယ်ဟေ့..

စောင့်ကြည့်လိုက်ပါဦး..အရိုးကိုက်ခွေးရေ..
နင်တို့အဖေနဲ့နောက်လိုက်တျွေသွးရူးသွေးတမ်းနဲ့လာဟောင်မနေနဲ့
ဟေ့