Wednesday, October 31, 2007

အတွေးစများ(၃)...

ဘလော့ဂ်မရေးဘဲ ခွင့်တိုင်လိုက်တာ ရက်အတန်ကြာသွားတော့ တကယ့်တကယ်တမ်း ပြန်ရေးမယ်ဆိုတော့ အတွေးတွေ အပျင်းထူနေပါလေရော…။ ဒါပေမယ့် အဲဒီ အပျင်းထူနေတဲ့ အတွေးတွေကို ဟိုတစ ဒီတစနဲ့ လိုက်ဖမ်းဆုပ်မိပြန်တော့…။

ဒီဘက်နောက်ပိုင်း ကာလတွေမှာ လက်ရှိ အာဏာပိုင်တွေနဲ့ သူတို့ကို ထောက်ခံနေသူ (လို့ ယူဆရသူ) တွေကို လက်သံပြောင်ပြောင်နဲ့ ကလောင်စွမ်းပြတဲ့ ဘလော့ဂါအသစ်တွေ အလျှိုလျှိုပေါ်လာတာကို သတိထားမိပါတယ်။ ဘလော့ဂ်လောကမှာ လူသစ်ပေမယ့် တခြားစာပေနယ်မှာ လက်စွမ်းပြခဲ့သူတွေ ဖြစ်နေမလားလို့ တွေးမိလောက်အောင်ကို အရေးသွက်၊ အတွေးထက်လွန်းလှပါတယ်။ ထိချက်၊ ငြိချက်၊ သရော်ချက်တွေကလည်း ပိုင်နိုင်ပါပေ့…။ သွားလေရော့…၊ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အကြံဉာဏ်ကြီး…။

စီဘောက်စ်တွေထဲက ဖရုဿဝါစာတွေကလည်း စိတ်ပျက်စရာပါပဲ…။ အဲဒီထက်ပို စိတ်ပျက်စရာကောင်းတာက ဘယ်သူကမှန်း မသိ၊ ဘယ်သူ့ကိုမှန်းမသိ လိုက်လံဆဲဆိုနေတဲ့ အမည်ပေါင်းစုံက ရေးတဲ့ အဆဲစာတွေကို အကဲဖြတ်ပြီး ဒီမိုကရေစီလိုလားသူတွေက မိုက်ရိုင်းစွာ ဆဲဆိုနေသယောင်ယောင် မှတ်ချက်ပြု ရေးသားတာတွေက ပိုစိတ်ပျက်စရာကောင်းပါတယ်။ ဒါဟာ လှည့်ကွက်တခုလားတော့ မသိနိုင်ပါဘူး။ ဆဲတဲ့ကိစ္စတွေကိုလည်း ခဏခဏလဲ ရေးခဲ့ဖူးပါရဲ့။ သို့သော်…။

ကျနော်တို့တတွေ တခုခု ရေးလိုက်၊ ပြောလိုက်တိုင်းဟာ အာဏာပိုင်တွေကို `အပြစ်တင် ဝေဖန်နေတာချည်းပဲ´ လို့ ဆွဲယူသုံးသပ်ပစ်တာကလည်း စိတ်မကောင်းစရာပါပဲ။ အာဏာပိုင်တွေကို ဆန့်ကျင်မိရင်ပဲ `နိုင်ငံရေးသမား´ လို့ အတင်းကာရောကြီး သတ်မှတ်လို သတ်မှတ် နဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ သမုတ်မှုကြီးကို သုံးနေကြတုန်းပါပဲ။ သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ဘလော့ဂ်ရေးနေကြသူ ပြည်တွင်းပြည်ပက ဘလော့ဂါတွေဟာ လူငယ်၊လူလတ်ပိုင်းတွေက အများစု ဖြစ်ပြီးတော့ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိကြပါဘူး။ ဒါပေမယ့် သူတို့တိုင်းပြည်အပေါ် သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒကိုတော့ မတူတဲ့ ရှုထောင့်အမျိုးမျိုးကနေ ရေးတတ်သလိုလေး ရေးပြီး စာဖတ်သူတွေရှေ့ ချခင်းပြနေကြပါတယ်။ အာဏာပိုင်တွေ မတရားတာရင် မတရားဘူးပြောမယ်၊ တိုင်းပြည်အတွက် ဘယ်နေရာလေးမှာ ဘယ်လိုလေး ဆိုရင် ကောင်းမှာပဲလို့ တွေးပြီး အဲဒီအတွေးကို တင်ပြချင်တင်ပြမယ်။ ဒါတွေဟာ အပြစ်တင် ဝေဖန်ခြင်း သက်သက်မဟုတ်ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ဒါဟာ`ပြည်သူတွေရဲ့ အသံပါလား´ လို့ သဘောပိုက်ပြီးတော့ ဖြစ်သင့်၊ လုပ်သင့်တာကို ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ အညီ အကောင်အထည်ဖော်ရမှာပါ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ အာဏာပိုင်ကို ဆန့်ကျင်မိတာနဲ့၊ ဒီမိုကရေစီကို လိုလားမိတာနဲ့ပဲ `အဖြူကို ပထွေးတော်ချင်တယ်´ တို့၊ `ဝေလေလေ နိုင်ငံရေးသမားတွေ´ တို့ စသဖြင့် ပြောဆိုပုတ်ခတ်ပစ်လိုက်တာဟာ အတော်ကို ဆိုးဝါးပါတယ်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး လုပ်စားသူ ဘိုမှူးချုပ် သူရ မြင့်မောင်တယောက် အောက်တိုဘာ ၂၄ ရက်နေ့တုန်းက နိုင်ငံတော် သံဃာ့ မဟာနာယက ကျောင်းဆောင်မှာ ဆရာတော်ကြီးတွေကို သာသာနာရေး ဆိုင်ရာ ကိစ္စတွေကို သွားရောက် လျှောက်ထားရာမှာ သပိတ်မှောက်ကံဆောင်ပွဲကို ဦးဆောင်ခဲ့သူ သံဃာတော်တွေဟာ `ထောင်ထွက်တွေ´ လို့ ပြောဆိုတာကို ဖတ်လိုက်ရပါတယ်။ ကျနော် စဉ်းစားမိတာက အဲဒီဝန်ကြီး ဘယ်လို မျက်နှာနဲ့ အဲဒီ ဆရာတော်တွေရှေ့မှာ အဲဒီလို စကားမျိုး လျှောက်ထားနိုင်လဲ ဆိုတာပါ။ တကယ်တော့ လိမ်နေတာကို နားထောင်နေရတဲ့ ဆရာတော်ကြီးတွေထဲမှာ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာ ဘိဝံသ ဟာ သာသနာရေး ၀န်ကြီး ပြောတဲ့ အတိုင်းဆိုရင် `ထောင်ထွက်´ ပါပဲ။ (အရေးအသားအတွက် တောင်းပန် ကန်တော့ပါ၏ ဘုရား)။ ၁၉၉၀ ခုနှစ်တုန်းက နအဖကို သံဃာ့ကံဆောင်ပွဲ ပြုလုပ်ခဲ့မှုနဲ့ ဖမ်းဆီး ထောင်ချပစ်ခဲ့တဲ့ အဲဒီ ဆရာတော်ကြီးကိုရော သံဃာတုလို့ သတ်မှတ်ချင်သေးတာလား ဆိုတာကတော့…။

လူမှုရေးနဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူလူထုအပေါ် သြဇာပိုမို သက်ရောက်နိုင်တဲ့ အနုပညာရှင်တွေ ပါဝင်ဆောင်ရွက်လာဖို့ လိုတယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတော့ ကိုဇာဂနာ၊ ကိုကျော်သူ နဲ့တကွ အနုပညာရှင်တချို့ သူတို့ ယုံကြည်ရာ ပြည်သူ့အရေးမှာ ပါဝင်မိလို့ အဖမ်းဆီးခံရ၊ ရှောင်တိမ်းရတာကို သတိရမိပါတယ်။ လူမှုရေး ကြိုက်သလောက်လုပ်ပါ၊ သို့သော်…၊ အာဏာပိုင်ကိုတော့ နည်းနည်းလေးမှ မထိခိုက်၊ မဝေဖန်မိလေနှင့် ဆိုတဲ့ သဘောများလား…။

အင်မတန်မှ အားတက်စရာကောင်းတာ တခုကို ဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ သတိထားမိပါတယ်။ အဲဒါကတော့ မြန်မာပြည်တွင်းက လူငယ်တွေရဲ့ ထက်မြက်တဲ့ အတွေးစိတ်ကူးတွေပါ။ ဘယ်လောက်ပဲ သတင်းအမှောင်ချထားပေမယ့် သူတို့ရဲ့ အတွေးတွေ၊ ယုံကြည်ချက်တွေက မှောင်မနေပါဘူး။ ပိတ်ဆို့မှု ပေါင်းစုံကြောင့်သာ အကန့်အသတ် တစုံတရာထားပြီး သူတို့ရဲ့ ခံစားချက်ကို ရေးသားတင်ပြနေရပေမယ့် သူတို့ရဲ့ စိတ်ထဲက ဖြစ်ချင်မှုတွေနဲ့ ထက်မြက်လှတဲ့ သူတို့ရဲ့ စဉ်းစားတွေးခေါ်ဉာဏ်တွေကိုတော့ သူတို့ရဲ့ အရေးအသားတွေက တဆင့် ခံစားသိရှိရလို့ အားတက်မိပါတယ်။

နောက်ဆုံး တွေးမိတဲ့ အတွေးကိုတော့ ကျနော်တို့ မြို့မှာ ကပြသွားဖူးတဲ့ ဇာတ်မင်းသားလေး တယောက်အကြောင်းကို သတိရမိရင်း တွေးမိပါတယ်။ ဒီလိုပါ…။

***

ကျနော်တို့ မြို့လေးမှာ မိုးလေကင်းစင်လို့ ဆောင်းဦးပေါက်ပြီ ဆိုရင် ဇာတ်ပွဲတွေ ခဏခဏ ကျင်းပလေ့ရှိပါတယ်။ ဘုရားပွဲ၊ ရန်ပုံငွေပွဲ စသဖြင့် ဇာတ်ပွဲတွေက ဆောင်းလေမြူးမြူး ဖုန်းလူးလူးနဲ့ပေါ့…။

၁၉၉၃ ခုနှစ် ၀န်းကျင်လောက်တုန်းက ကျနော်တို့ နယ်ဘက်မှာ လှည့်လှည် ကပြနေတဲ့ ဇာတ်အဖွဲ့တွေထဲက `ရန်ကုန်ကိုကို´ ဆိုတဲ့ ဇာတ်မင်းသားလေးက လူကြိုက်အတော်များပါတယ်။ ရုပ်ကလေးကလည်း အသင့်အတင့်၊ သီချင်းဆိုလဲ ကောင်း၊ အကလည်း ညက်ညောလှပ ဆိုတော့ တခြားသော မြို့တွေကလဲ ရန်ကုန်ကိုကို ဆိုရင် အတော်အားပေးကြပါတယ်။

ဒီလိုနဲ့ ကျနော်တို့ မြို့ကလေးရဲ့ ဘုရားပွဲတခုမှာ ရန်ကုန်ကိုကို တယောက် လာကတယ် ဆိုပါစို့…။

စတေ့ရှိုးအစီအစဉ်ရောက်တော့ သူက သီချင်းတွေ တပုဒ်ပြီး တပုဒ်ဆိုလိုက်၊ အောက်က ပရိသတ်က အားပေးလိုက်ပေါ့။ တချို့ဆိုရင် ငွေစကလေးတွေတောင် ဆုချလို့…။

ဒီလိုနဲ့…။

သူဆိုနေတဲ့ သီချင်းတပုဒ် မှာတော့ သီချင်းစာသားကလဲ မှားပြီး၊ သံစဉ်ကလည်း အ၀င်အထွက်က မညီ ဖြစ်ပါလေရော…။ သီချင်းလဲဆုံးရော စင်ထောင့်တနေရာကနေ အသံတခု ထွက်လာတယ်။ သီချင်းဆုံးခိုက် အခိုက်အတန့်လေးဆိုတော့ အတော်လေးကို ကျယ်ကျယ်လောင်လောင်ပါပဲ။ `ဟေ့ကောင်၊ ဘာတွေ ဆိုနေတာလဲ၊ ဆင်းတော့၊ ဆင်းတော့´…တဲ့။ အဲဒီလိုမျိုး ဆက်တိုက်ကို အော်တာပါ။ အဲဒီမှာတင် ရန်ကုန်ကိုကို က မိုက်ခွက်ကြီးကိုင်ပြီးတော့…

`ဟေ့၊ ခင်ဗျား အားမပေးချင်ထွက်သွား၊ ဟိုမှာ အားပေးနေတဲ့လူတွေ အများကြီး၊ ခင်ဗျား နားမထောင်လို့လဲ ဘာမှ ဖြစ်မသွားဘူး´

လို့ ဒေါသတကြီးနဲ့ ပြောလိုက်ပါတော့တယ်။

***

တခါတခါကျတော့လည်း ချီးကျူးသံဆိုတာက ချိုမြိန်မွှေးအီတဲ့ သစ်သီးတလုံးကို စားရသလို ခံစားရသလောက် ဝေဖန်ခံရရင်တော့ ဆေးခါးကြီးတလုံးကို သောက်ရသလိုပဲ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အဲဒီ ဆေးခါးကြီးက ကိုယ့်ကို သက်လုံကောင်းစေဖို့ ဆေးခါးကြီး ဆိုရင်တော့ လာတိုက်သူကိုတောင် ကျေးဇူးတင်ရမှာပါပဲ။

***

ရန်ကုန်ကိုကို တယောက် စင်ပေါ်ကနေ `ခင်ဗျားအားမပေးချင် ထွက်သွား´ လို့ ဒေါသတကြီးနဲ့ အော်တော့ တော်တော်များများက ထပြန်ကြပါတယ်။ အဲဒီထက် စိတ်နည်းနည်းပိုမြန်သူတွေကတော့ ပြောင်းဖူးရိုးတွေနဲ့ ဂုဏ်ပြုကြတာပေါ့။ အဲဒီတော့မှ သူက ငိုသံပါနဲ့ ပရိသတ်ကို ပြန်တောင်းပန်ပါတယ်။ ဒါပေမယ့် အချိန်က နှောင်းသွားခဲ့ပါပြီ။

ဟုတ်ကဲ့…၊ အဲဒီနောက်ပိုင်းမှာ ကျနော်တို့မြို့မှာ ရန်ကုန်ကိုကို ဘယ်တော့မှ လာ မကတော့သလို ဘယ်သူကမှလဲ ရန်ကုန်ကိုကို ဇာတ်အဖွဲ့ အကြောင်းကို စကားထဲတောင် မပြောတော့ပါဘူး။


ကလိုစေးထူး

6 comments:

Anonymous said...

ကိုယ့်လူ
ခင်ဗျား က အစိုးရ ကို ကြတော့ မကောင်းပြောတယ်။စစ်တပ် နဲ့ စစ်ဗိုလ်ကြတော့ မကောင်းပြောပါတယ်၊ မင်းတို့ ဘက်က ကောင်တွေ ကြတော့ ဘာမှ မဝေဖန်ပါလားကွ၊ မင်းတို့ ဘက် ကကောင်တွေက အကုန်မှန်တယ်ပေါ့၊ ခင်ဗျားကို အချင်းချင်း မကောင်းပြောခိုင်းတာ မဟုတ်ဘူးနော်၊ ဝေဖန်ရုံပဲ ဝေဖန်ခိုင်းတာ၊ခင်ဗျား စိတ်ထဲမှာ ခင်ဗျားလူတွေ အကုန်မှန်တယ် ထင်ရင် တော့ သဘောပဲ၊ စစ်တပ် ကိုတောင် ဝေဖန်ရဲသေးတာပဲ၊ မြန်မာပြည် လိပ်စာလေး ဖေါ်ပြလိုက်ပါလား၊ မြန်မာပြည်မှာ တွေ့ကြတာပေါ့၊ရန်စတာ မဟုတ်ဘူးနော်၊ ခင်ဗျားရေးထားတဲ့ စာတွေ အပေါ်ယုံကြည်ရင် အပြင်မှာလဲ ခင်ဗျားဝေဖန်ထားတဲ့ လူနဲ့ စကားပြောရဲရမှာပေါ့၊ ခိုးကြောင် ခိုးဝှက်ပဲ ပစ်စာလိုလို အဆင့်ပဲ ရေးတတ်တဲ့ စိတ်ဓါတ်ရှိရင်တော့ မင်းသဘောပါ။

Anonymous said...

အမည်မသိ Anonymous သို့ 

အစိုးရ ဆိုလို့ တရားဝင်အစိုးရ ဆိုတာမြန်မာပြည်မှာတရားဝင်ကို မရှိသေးပါ။ စစ်တပ်ကိုတောင်ဝေဖန်ရဲသေးတာပဲဆိုတော့စစ်တပ်ကပြည်သူတွေအတွက် မဝေဖန်ဝံ့လောက်အောင် တစ်ကယ့်ကို
ကြောက် စရာကောင်းနေ တယ်ဆို တာမီးမောင်းထိုးပြ၊ ၀န်ခံပြ နေတာပါပဲ။

နိုင်ငံတကာမှာခေါင်းဆောင်တွေပြည်သူထဲဆင်းပြီးဆွေးနွေးတယ်။ ရွေးကောက်ပွဲဆိုရင်တောင်လူထုနဲ့ ထိတွေ့ ပြီး မဲဆွယ်ရတယ်။ ဒါနဲ့  ဗိုလ်ချုပ်မှုးကြီးနဲ့ ဗိုလ်ချုပ်ကြီး မောင်အေး တို့ ၊ နောက် မြန်မာ သတင်းစာတွေထဲက အမည်မသိဆောင်းပါးရှင်တွေ တစ်ခါမှ သာမန် ပြည်သူတွေ နဲ့ အပြင်မှာမတွေ့ ဖူး ဘူးတာအထက်ကကွန်မန့် အတိုင်းဆိုမေးခွန်းထုတ်စရာပါ။

ရော်..ဒါနဲ့ .သြဂတ်စနဲ့ .စက်တင်ဘာအရေးအခင်းကြီးစခဲ့တာ..ဓာတ်ဆီလောင်စာဈေးမြင့်တာကို တရားဝင်သတင်းမထုတ်ပြန်ရဲပဲ နအဖကခိုးကြောင်ခိုးဝှက်ပစ်စာလိုလုပ်ပြီး ဈေးတင်ခဲ့တာလဲ သတိရစေချင်ပါသည်။

စင်္ကာပူမှာတောင်လီကွမ်ယုတို့ ဝန်ကြီးချုပ်တို့ နဲ့ ကျောင်းသားတွေ တွေ့ ဆုံဆွေးနွေး၊ မေးမြန်းဝေဖန်ခွင့်ပေးထားသလို..မြန်မာဘလော့ဂါတွေအနေနဲ့  လွတ်လပ်စွာဆွေးနွေးချင်ပါသေးတယ်။ မြန်မာပြည်မှာ တရားမျှတမှု၊တရားဥပဒေစိုးမိုးမှု တွေပြန်ဖြစ်လာမယ့်ကာလရောက်ရင် အထက်ကမှတ်ချက်ရေးသူရဲ့ ဆန္ဒပြည့်ဝမှာပါ။

မင်းငါနဲ့ ရန်သူပုံစံစိန်ခေါ်ခြင်းထက်၊ကျွန်တော်တို့  ရိုးသားစွာရင့်ကျက်ဖို့ တော့လိုလိမ့်မယ်။
ဘာပဲပြောပြောအခုလိုဝင် ဆွေးနွေးခွင့်ရအောင်ဖန်တီးပေးတဲ့မှတ်ချက်ကို ကျေးဇူးတင်ပါတယ်။

ကိုစေးထူးရေ..
အပေါ်က အမည်မဖော်လိုသူတစ်ဦး ဆိုသူရဲ့  ကွန်မန့် လေးကြောင့်စဉ်းစားမိတာလေးပါ။

မောင်ရင်

ကလိုစေးထူး said...

အမည်မသိ ရဲ့ မှတ်ချက်က အတိုလေးပေမယ့် ဒေါသတရားတွေကတော့ ကြီးမားလွန်းလှတယ်လို့ ပထမဆုံး ပြောချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ မင်းတို့ဘက်၊ ငါတို့ဘက် လို့ ပြောရလောက်အောင် ကျနော်က ဘယ်အဖွဲ့အစည်း ကိုယ်စားပြုမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေထဲက သာမန် မြန်မာပြည်သူပါပဲ။
အာဏာပိုင်တွေကို ဝေဖန်ရတာကတော့ ရှင်းပါတယ်။ လက်ရှိတိုင်းပြည်တခုလုံးရဲ့ ကောင်းခြင်း ဆိုးခြင်း အဖြာဖြာကို ဆုံးဖြတ်နိုင်နေတာက သူတို့ ဖြစ်လို့ပါပဲ။ ကျနော်တို့ တိုင်းပြည် အခုလို ချွတ်ခြုံကျနေတဲ့ အကြောင်းရင်းရဲ့ အဓိက တရားခံက သူတို့ ဖြစ်နေလို့ပါပဲ။ စစ်ဘိုတွေကို ဝေဖန်ရတာကလဲ ဒီသဘောပါပဲ။ ဒါပေမယ့် စစ်ဘိုထဲမှာမှ ကိုယ်ကျိုးကိုသာ ကြည့်တဲ့ စစ်ဘိုတွေကို အဓိကထား ဝေဖန်တာပါ။ အထူးသဖြင့် ထိပ်ပိုင်း ခေါင်းဆောင်တွေ…။ (အခုလာပြောတဲ့ ပုဂ္ဂိုလ်ကိုကြည့်ရတာတော့ ထိပ်ပိုင်းခေါင်းဆောင် မဖြစ်နိုင်ပါဘူး။) ဒီမိုကရေစီ လိုလားသူတွေကို မဝေဖန်တာ မဟုတ်ပါဘူး။ မဝေဖန်သေးတာပါ။ စိတ်ချပါ။ ဒီမိုကရေ လိုလားသူတွေဘက်က တိုင်းပြည်အုပ်ချုပ်လို့ ကျနော်တို့ တိုင်းပြည်ကြီး အခုလိုပဲ ဆင်းရဲမြဲ ဆင်းရဲ၊ အစိုးရကလည်း အခုလိုပဲ လာဘ်စား၊ ပြည်သူကိုသတ် လုပ်နေရင် အဲဒီလူတွေကို ကျနော်အရင်ဆုံး ဝေဖန်ပါမယ်။ ဆန့်ကျင်ပါမယ်။

ကျန်တာကတော့ ပြောစရာ သိပ်မရှိပါဘူး။ ကျနော့်ရဲ့ မြန်မာပြည် လိပ်စာကို ပြောပြလိုက်တဲ့ အတွက် အဖြေကောင်းတခု ထွက်လာမယ်ဆိုရင် ပြောပြပါမယ်။ ဒါပေမယ့် ကျနော်က လောလောဆယ်မှာ မြန်မာပြည်မှာမှ မရှိတော့ မြန်မာပြည် လိပ်စာကို တောင်းရတဲ့ ရည်ရွယ်ချက်က စဉ်းစားစရာပဲ။ ရန်စတာ မဟုတ်ပေမယ့် ခြိမ်းခြောက်တဲ့ သဘောတွေတော့ ပါနေတာက ထင်ရှားနေတယ်။ စိတ်ကို အသာလျှော့ပြီး တခြားနည်းလမ်းဘက်က ချဉ်းကပ်ကြည့်ပါဗျာ။

nyeenyee2007 said...

why i cant read the other commend ( last time , i can read ), but nvm , i like it, especially what u mentioned about the person who critzed the government , they (not assume ) titled these persons are politicians or rebels, why like this

nyeenyee2007 said...

very good response to anonymous, i go & open ko yan ag site & read the other comments, and also i support ko mg yin comment

nyeenyee2007 said...

one more thing , why he asked ur address , when he know ur address go & arrest u or ur family , give order to dont write like this , & support to them & give u a permit or GSM , hahaha , everytime they do this way, very stupid idea