Tuesday, August 14, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၂)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း ကျန်းမာရေးနဲ့ ဆေးဝါးကုသမှု

တခါတုန်းက ထောင်သားသုံးယောက် ဗိုက်အောင့်တာ မခံနိုင်လို့ ည ဆယ့်တနာရီလောက်မှာ ထောင်ဝါဒါကနေ တဆင့် ထောင်ဆေးရုံကို သတင်းပို့ အကြောင်းကြားလိုက်ပါတယ်။ တော်တော်နဲ့ ဆေးရုံဝန်ထမ်း ပေါ်မလာပါဘူး။ ဒါနဲ့ ထောင်ဝါဒါကို တောင်းပန်ပြီး ထပ် အကြောင်းကြား ခိုင်းရပါတယ်။ လူနာတွေရော၊ သူတို့ ဝေဒနာ ခံစားနေရတာကို မကြည့်ရက်နိုင်သူ တခြား အကျဉ်းသားတွေပါ လည်တဆံ့ဆံ့နဲ့ပေါ့။

တနာရီလောက် ကြာတော့မှ ဆေးရုံဝန်ထမ်း ရောက်လာပါတယ်။ ရောက်လာတယ်ဆိုရင်ပဲ ဗိုက်အောင့်လို့ တညည်းညည်း တညူညူနဲ့ အော်ဟစ်ရင်း တန်းစီ ထိုင်စောင့်နေတဲ့ ထောင်သားသုံးဦးကို သံတိုင်တံခါး အပြင်ဘက်ကနေ ဆဲဆို မာန်မဲပါတော့တယ်။ ပြီးတော့ လူနာရောဂါ အခြေအနေကို မမေးမြန်း မစုံစမ်းဘဲ ပါလာတဲ့ နံပါတ်တုတ်နဲ့ ရှေ့ဆုံးက အကျဉ်းသားခေါင်းကို သုံးချက်ဆင့် ရိုက်၊ ပြီးတော့ အောင့်နေတဲ့ ဗိုက်ကို တုတ်နဲ့ ဆောင့်ထိုးပါတယ်။ ပြီးတော့မှ ဆေးပေးပါတယ်။

နောက်တယောက်ကိုလည်း အဲဒီအတိုင်းပါပဲ။

ရှေ့က နှစ်ယောက်ကို ဆေးရုံဝန်ထမ်းက အဲဒီလို ဖေးဖေးမမ၊ ကြင်ကြင်နာနာ ဆက်ဆံတာ တွေ့တော့ တတိယမြောက် လူနာအဖိုးအိုကို အလှည့်ရောက်လို့ `ဘာဖြစ်တာလဲ´ လို့ ဆေးရုံဝန်ထမ်းက ဆောင့်ဆောင့် အောင့်အောင့်နဲ့ မေးလည်း မေးလိုက်ရော အဖိုးကြီးလည်း ဗလုံးဗထွေးနဲ့ `ဘာမှ မဖြစ်ဘူး၊ ငါ မပါဘူး၊ ဘာမှ မဖြစ်ဘူး´ ဆိုပြီး ထပြေးပါတော့တယ်။ ရောဂါ ဝေဒနာထက် အရိုက်ခံရမှာ ကြောက်လို့ပါ။ ထောင်ဆေးကုပုံက အဲဒီလိုပါ။

နိုင်ငံတကာ အစိုးရတွေ လိုက်နာရမယ့် ကုလသမဂ္ဂ သဘောတူညီချက်၊ အပိုဒ်(၂၂)မှာ…

`ထောင်တိုင်းမှာ အရည်အချင်း ပြည့်မီတဲ့ ဆရာဝန် တဦး ရှိရမယ်။ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အတွက် စိတ်ရောဂါကု ဆေးရုံတွေ အပါအ၀င်၊ အခြား ကျန်းမာရေးဌာနကြီးတွေနဲ့လည်း စနစ်တကျ ဆက်စပ် ဆောင်ရွက်ရမယ်။ လိုအပ်တဲ့ ဆေးဝါး၊ ကိရိယာနဲ့ ကျွမ်းကျင်သူ ၀န်ထမ်းတွေ ထားရှိပေးရမယ်´

အပိုဒ်(၂၄)မှာ…

`အကျဉ်းသား လူနာကို ဆေးရုံရောက်တာနဲ့ တပြိုင်နက် စနစ်တကျ ရောဂါ ရှာဖွေ စစ်ဆေးရမယ်´

အပိုဒ် (၂၅)မှာ…

`လူနာ အားလုံးနဲ့ ဖျားနာတယ်လို့ အကြောင်းကြားလာတဲ့ အကျဉ်းသား အားလုံးကို နေ့စဉ် ကြပ်မတ် စစ်ဆေး ကုသရမယ်´ စသဖြင့် ဖော်ပြထားပါတယ်။

တကယ်တော့ အဲဒီ ဥပဒေတွေ ဆိုတာက အကျဉ်းသား တဦးဟာ ကိုယ့်နိုင်ငံသား မဟုတ်စေကာမူ လူသားတယောက် ဖြစ်တယ်လို့ အသိအမှတ်ပြုပြီး တရားမျှတစိတ်၊ လူသားချင်း စာနာစိတ်၊ လူသား ဂုဏ်သိက္ခာအပေါ် တန်ဖိုးထား လေးစားစိတ်တွေနဲ့ ပြဋ္ဌာန်းထားတာတွေပါ။ ကျနော်တို့ နိုင်ငံရဲ့ အစိုးရမင်းများကတော့ တခြား နိုင်ငံသားကို မဆိုထားနဲ့ ကိုယ့်နိုင်ငံသား အချင်းချင်း အကျဉ်းသားတွေ အပေါ်မှာတောင် အဲဒီလို စိတ်ထားမျိုး ရှိတာ မဟုတ်ပါဘူး။

ထောင်ထဲမှာ အကျဉ်းသား တဦး နေမကောင်းဖြစ်လို့ ဆေးရုံကို သတင်းပို့ရင် ဆေးရုံဝန်ထမ်းတွေ တော်တော်နဲ့ ရောက်မလာပါဘူး။ ခံရတဲ့ လူနာတော့ အော်ဟစ် လူးလိမ့် ခံပေတော့ပဲ။ အခြေအနေဆိုးတဲ့ လူနာများဆိုရင် တကိုယ်လုံး ပြာနှမ်း တွန့်လိမ်နေတော့မှ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆေးရုံဝန်ထမ်း ရောက်လာတာမျိုးပါ။ အမှန်က ဆေးရုံနဲ့ အကျဉ်းသားတွေ နေတဲ့ နေရာက ဘာမှ ဝေးတာ မဟုတ်ဘဲ ဓာတ်တိုင် တတိုင်စာလောက်သာ ဝေးတာပါ။

ဒီနေရာမှာ ထောင်ဆေးရုံအကြောင်း ပြောပြလိုပါတယ်။

ဆေးရုံဆိုပေမယ့် ဆရာဝန် တဦးတည်း ရှိတဲ့ ဆေးရုံပါ။ ထုံးစံကတော့ ဆေးရုံရောက်လာတဲ့ လူနာတွေကိုလည်း ဆရာဝန်က ကြည့်ရှုစစ်ဆေးတာ မဟုတ်ဘဲ များသောအားဖြင့် ဆေးရုံမှာ ခိုင်းထားတဲ့ ဆေးအကြောင်း နည်းနည်းပါးပါး ကြားဖူးနားဝ ရှိတဲ့ အကျဉ်းသားတွေကသာ ကြည့်ကြတာပါ။ ဒါ့အပြင် ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးတွေလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ ဒါကြောင့်ပဲ ဆေးရုံလာပြတဲ့ လူနာတိုင်းကို အက်စ်ပရင်၊ ဘတ်စ်ပရို၊ ဆိုဒါမစ် စတဲ့ ဆေးတမျိုးမျိုးပေးပြီး ပြန်လွှတ်တာ များပါတယ်။ ဒါကြောင့် ဆေးရုံကို ရောဂါသွားပြပြီး ပြန်လာတဲ့ အကျဉ်းသားကို `ဘတ်စပရို´ လို့ တခြား အကျဉ်းသားတွေက နောက်ပြောင် အော်ဟစ် ခေါ်တတ်ပါတယ်။

အဲဒီလို လိုအပ်တဲ့ ဆေးဝါး ပြည့်ပြည့်စုံစုံ မရှိတာမှာ အကြောင်းရင်း တခုက အကျဉ်းသားတွေကို လူလိုသူလို သဘောမထားတော့ သူတို့ ကျန်းမာရေးကိုလည်း ထည့် စဉ်းစားစရာ မလိုဘူး ဆိုပြီး အထက်အာဏာပိုင်တွေကိုက ထောင်ဆေးရုံကို လိုအပ်တဲ့ ဆေးဝါး မထောက်ပံ့ပေးတာပါ။

ဒုတိယ အကြောင်းရင်းကတော့ ဆေးရုံက ရှိစုမဲ့စု ဆေးကောင်းတွေကို ထောင်ဆရာဝန်က ထောင်ပြင်ထုတ်၊ မှောင်ခိုရောင်းစားပြီး ဈေးပေါတဲ့၊ အပြင်ထုတ်ရောင်းလည်း ဘာမှ မထူးတဲ့ ဆေးလောက်သာ ဆေးရုံမှာ ချန်ထားလို့ ဖြစ်ပါတယ်။ ဆေးကလည်း မရှိ၊ ဆရာဝန်ကလည်း ဂရုမစိုက် ဆိုတော့ ထောင်ထဲမှာ ရောဂါ တခုခု ဖြစ်မှာ အကျဉ်းသားတွေ အင်မတန် ကြောက်ကြပါတယ်။

နိုင်ငံရေး အကျဉ်းသား အများစုကတော့ တခြား ရာဇ၀တ် အကျဉ်းသားတွေနဲ့ မတူဘဲ ကျန်းမာရေး ဗဟုသုတလည်း ရှိ၊ တတ်လည်း တတ်နိုင်ကြတယ် မဟုတ်လား။ ဒီတော့ ထောင်ရဲ့ ခွင့်ပြုချက်နဲ့ ထောင်အပြင်ကနေ ဆေးမှာယူတတ်ကြပါတယ်။ အဲဒီ ဆေးတွေကို ကိုယ်လည်း သုံးတန်သလောက် သုံးပြီး တခြား ဆင်းရဲနွမ်းပါးတဲ့ အကျဉ်းသားတွေ (နိုင်ငံရေး အကျဉ်းသား၊ ရာဇ၀တ် အကျဉ်းသားရယ်လို့ မခွဲပါဘူး) နေထိုင်မကောင်း ဖြစ်တဲ့ အခါမျိုးတွေမှာ ပေးကမ်း၊ တိုက်ကျွေးတတ်၊ ဇီဝိတဒါန ပြုတတ်ကြပါတယ်။ (နိုင်ငံရေး အကျဉ်းသားတွေကို ရာဇ၀တ်အကျဉ်းသားတွေ လေးစားရာမှာ အဲဒီ အချက်လည်း တချက် အပါအ၀င် ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

အဲဒီလို ကိုယ့်ပိုက်ဆံနဲ့ကိုယ် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ အပြင်ကနေ ဆေးမှာယူပြီး ဆောင်ထားတဲ့ ကိစ္စမှာကိုပဲ ထောင်အာဏာပိုင်တွေ ညစ်တာ ရှိပါသေးတယ်။ ဆေးတွေ အများကြီး သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှာ စိုးလို့ ဆိုတဲ့ အဓိပ္ပာယ်မရှိ၊ ခပ်လွယ်လွယ် အကြောင်းပြချက်နဲ့ `လိုတော့ ပြန်ထုတ်ပေးပါမယ်´ ဆိုပြီး ထောင်အရာရှိတွေက အဲဒီ ဆေးတွေကို သိမ်းယူထားလေ့ ရှိပါတယ်။ နောက်တော့ ဆေးကို နည်းနည်းချင်း ပြန်ထုတ်ပေးပြီး နောက်ဆုံးတော့ ကျန်တဲ့ ဆေးကို လုံးဝ မပေးတော့ဘဲ ထောင်ပြင်ထုတ် ရောင်းစားလိုက်ပါတော့တယ်။

အဲဒီ လုပ်ရပ်ကို သက်ဆိုင်ရာ အကျဉ်းသားက မခံနိုင်လို့ အထက် ထောင်အာဏာပိုင်ကို တိုင်တန်းပြန်ရင်လည်း ဆေးကို အလွဲသုံးစားလုပ် ထုတ်ရောင်းသူ အကျင့်ပျက် ထောင်ဝန်ထမ်းကို အရေးမယူဘဲ `ဒီကနေ့က စပြီး ဘာဆေးမှ ထောင်ထဲ သွင်းခွင့် မပြုတော့ဘူး´ ဆိုပြီး အပေါ်စီးကနေ အမိန့်ထုတ်ပါတော့တယ်။ ကိုယ့်လက်ခုပ်ထဲက ရေလို ဖြစ်နေတဲ့ အကျဉ်းသားတွေကို အနိုင်ကျင့် အကျပ်ကိုင်တာပါ။ ကျန်းမာရေးအတွက် ဆေးမသွင်းရမှာ ကြောက်ကြတော့ မတရားလုပ်တာ သိသိကြီးပေမယ့်လည်း မတိုင်တန်းကြဘဲ အကျဉ်းသားတွေ ကြိတ်မှိတ်ခံကြရပါတယ်။

ထောင်တွင်း ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်လို့လည်း စိတ်မချမ်းမြေ့စရာ အဖြစ်အပျက် တခု ပြောပြချင်ပါသေးတယ်။

အင်းစိန်ထောင်မှာ အဆောင် (၅)ဆောင် ရှိပြီး အဆောင်(၁)က လွဲလို့ တဆောင်ဆောင်မှာ အခန်း ရှစ်ခန်း၊ တခန်းမှာ ပုံမှန်အားဖြင့် အကျဉ်းသား တရာကျော်၊ တခါတခါများ တရာ့ငါးဆယ်လောက် ထားတတ်ပါတယ်။ လူ ခုနှစ်ဆယ် ရှစ်ဆယ်လောက် ထားမှ အိပ်တဲ့အခါ ဟိုဘက် ဒီဘက်၊ နည်းနည်း လှည့်သာ ဖယ်သာတဲ့ အခန်းကို လူ တရာ့သုံးလေးငါးဆယ် ထားတော့ များသောအားဖြင့် ပက်လက်အိပ်လို့ မရဘဲ ဘေးတိုက် တစောင်းသာ အိပ်လို့ ရကြပါတယ်။ ဒါ့အပြင် ခင်းအိပ်စရာ ၀ါးဖျာကြမ်းတွေကလည်း စုတ်ပြတ်နေတာနဲ့၊ တပိုင်းတစလောက်ပဲ ရှိတာနဲ့၊ ရှိသလောက်ကလည်း လူစေ့ မရှိတာနဲ့ ဆိုတော့ ဒီအတိုင်း တမံတလင်းကြမ်းပြင် အေးစက်စက်ကြီးပေါ်မှာ အိပ်ရသူတွေ များပါတယ်။

အကျဉ်းသား တဦးကို စောင်တထည် ပေးရမယ် ဆိုတဲ့ ထောင်ဥပဒေ ရှိပေမယ့် ထောင်အာဏာပိုင်တွေက စောင်တွေထုတ်၊ ရောင်းစားလိုက်လို့ အခန်းတခန်း၊ လူတရာကျော်အတွက် စောင် ကိုးထည် ဆယ်ထည် လောက်သာ ရကြပါတယ်။ ဒါကြောင့် တတ်နိုင်သူတွေက ကိုယ့်အိမ်တွေကနေ စောင် မှာယူကြရပါတယ်။

တညမှာ လူ တရာ့ငါးဆယ်လောက် ရှိနေတဲ့ ကျနော်တို့ (၄)ဆောင်၊ အမှတ်(၂) အခန်းကို အကျဉ်းသား နှစ်ဆယ်လောက် ထပ်ရောက်လာပါတယ်။ အခန်းထဲမှာ နဂိုကတည်းက လူတွေ ငါးပိသိပ် ငါးချဉ်သိပ် လှုပ်မရအောင် ပြည့်သိပ်နေတာ ဆိုတော့ အသစ် ထပ်ရောက်လာတဲ့ သူတို့ကို ဘယ်လို နေရာချမလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး။ ဒါပေမယ့် ထောင်လူဆိုး အာဏာပိုင်တွေ စဉ်းစားတတ်ပါတယ်။

`ဟေး´ `ဟေး´ `ကပ်ထား´ `ကပ်ထား´ `ငါတွေ´ `မအေတွေ´ မျိုးစုံ တိုင်းထွာ တော်လဲသလို ကြောက်စရာ အသံနက်ကြီးတွေနဲ့ ထောင်လူဆိုး အာဏာပိုင်တွေက အော်ဟစ် ဆဲဆိုရင်း နဂိုကတည်းက ကျောချစရာ နေရာမရှိလို့ ဘေးတိုက် တစောင်းလှဲပြီး နေနေရတဲ့ အကျဉ်းသားတွေကို ၀ါးရင်းတုတ်တွေနဲ့ သုံးပင်လိမ် ကြိမ်လုံးတွေနဲ့ ဆက်တိုက် တောက်လျှောက် တတန်းကြီး တန်းစီ ရိုက်ချသွားပါတယ်။ ရိုက်ရင်းလည်း စောစောကလို ရိုင်းရိုင်းပျပျ ဆဲဆို အော်ဟစ်သွားပါတယ်။ အကျဉ်းသားတွေ မျက်စိပျက်၊ မျက်နှာပျက်၊ အကြောက်ကြောက် အလန့်လန့်နဲ့ ၀ရုန်းသုန်းကား တိုးကပ်လိုက်ကြတာ တယောက်ပေါ် တယောက် ထပ်သွားကြပါလေရော။

ဟုတ်တယ်။ နေရာ နည်းနည်း ထပ်ထွက်လာတယ်။ စောစောက အတိုင်း ၀ုန်းဒိုင်းကြဲပြီး ထပ်ရိုက်ပြန်ပါတယ်။ နေရာ နည်းနည်း ထပ်ထွက်လာပါတယ်။ အဲဒီ ထွက်လာတဲ့ နေရာမှာ အသစ် ရောက်လာတဲ့ အကျဉ်းသား နှစ်ဆယ်ကို နေရာ ချထားလိုက်ပါတယ်။ ထောင်လူဆိုးတွေရဲ့ နေရာချနည်းက အဲဒီလိုမျိုးပါ။

အဲဒီအချိန်မှာပဲ အသစ်ရောက်လာတဲ့ အကျဉ်းသားတွေထဲက အသက် နှစ်ဆယ်ကျော် အရွယ် အကျဉ်းသားလေး တဦးက မျက်စိပျက် မျက်နှာပျက် တုန်တုန်ယင်ယင်နဲ့ သူ့မှာ `နှလုံးရောဂါ ရှိတယ်။ အမောဖောက်လာပြီ။ ဆရာဝန် ခေါ်ပေးပါ´ လို့ ပြောပါတယ်။ (ခုနက အလန့်တကြား အော်ဟစ်ပြီး ၀ရုန်းသုန်းကား တန်းစီရိုက်ချသွားတာ တွေ့လိုက်ရလို့လည်း ဖြစ်မှာပါ)။

အဲဒီအချိန် အခန်းအုပ်ချုပ်ရတဲ့ အခန်းလူကြီး လူဆိုးက စိတ်ဆိုးမာန်ဆိုးနဲ့ `လူက ရောက်မယ်မှ မကြံသေးဘူး။ ပြဿနာက ရှာလာပြီ´ လို့ ပြောပြီး အဲဒီ အကျဉ်းသားလေးကို ဘယ်ပြန်ညာပြန် မျက်နှာကို ဖြတ်ပြီး သုံးလေးချက်လောက် ဆင့် ရိုက်လိုက်တာ အကျဉ်းသားသစ်လည်း အကြောက်ကြောက် အလန့်လန့်နဲ့ ပါးစပ် မဟရဲတော့ပါဘူး။ လူတွေကလည်း အခန်းထဲမှာ အပြည့်အသိပ်၊ ဖျာကလည်း မလောက်မင၊ စောင်ကလည်း မရှိ ဆိုတော့ အဲဒီညက လူသစ် အကျဉ်းသားတွေ တမံတလင်း ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြရပါတယ်။

ကျနော် မှတ်မိသလောက် အဲဒီညက မိုးကြီးလေကြီး ကျပါတယ်။ တ၀င်းဝင်း တလက်လက် လျှပ်စီးတွေ ပြက်၊ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မိုးကြိုးတွေ ပစ်နဲ့ပေါ့။

မနက်မိုးလင်းလို့ ထောင်ထုံးစံအတိုင်း လူစစ်ချိန် တန်းစီရတော့ ညက `နှလုံးရောဂါ ရှိတယ်၊ အမောဖောက်လာပြီ´ ဆိုတဲ့ အကျဉ်းသားလေး အိပ်ယာက မထသေးတာ တွေ့ရပါတယ်။ ဒါနဲ့ သွားနှိုးကြပါတယ်။

ဟုတ်ကဲ့။ နှိုးလို့ မရတော့ပါဘူး။ သေနေပါပြီ။ သေလို့ အေးစက် တောင့်တင်းလို့တောင် နေရှာပါပြီ။

ဆက်ရန်…

Wednesday, August 08, 2007

အမိုးနဲ့... ဒီဗွီဘီ ရုပ်သံ


အင်္ဂါနေ့ကပါ…။

ဘလော့ဂ်ပေါ်မှာ ကျနော့်စာ တလှည့်၊ (စောင့်မျှော် ဖတ်သူတွေ များနေတဲ့) ကိုဝင်းနိုင်ဦးစာ တရက် တင်ဖြစ်နေတာမို့ အဲဒီနေ့က ကိုဝင်းနိုင်ဦးရဲ့ မှတ်တမ်းပို့စ် တင်ရမယ့် နေ့ပေါ့…။

တင်ရမယ့် ပို့စ်အတွက် တနင်္လာနေ့ကတည်းက ၀ီရိယကောင်းကောင်းနဲ့ ရိုက်ပြီးနှင့်နေတာမို့ အားလပ်ချိန် ရနေပါတယ်။ ဒီတော့ မဖတ်ဖြစ်သေးတဲ့ သတင်းတွေ လိုက်ဖတ်၊ ထုံးစံအတိုင်း မချစ်သော်လည်း အောင့်ကာနမ်းနေကြ မြန်မာ့သတင်းစာတွေကို လိုက်ဖတ်နဲ့…။ အင်း…၊ ဒီအပတ်အတွက် ဒီဗွီဘီ ရုပ်သံကိုလည်း မကြည့်ရသေးဘူးပဲ…။ ဒီလိုနဲ့ ဒီဗွီဘီ ၀က်ဘ်ဆိုက်ကိုသွား…။ ရုပ်သံမှတ်တမ်းကို ကြည့်မလို့ စဖွင့်လိုက်ရုံသာ ရှိသေး…။

`ဒေါက်… ဒေါက်… ဒေါက်´

တံခါးခေါက်သံ ခပ်ဖွဖွကြောင့် သတင်းအစီအစဉ်ကို ခဏရပ်ဖို့ Pause ကို ကလစ်လိုက်ရတယ်။ အစီအစဉ် ကြေညာသူ နန်းခမ်းကရောက်တယောက် ပါးစပ် အဟောင်းသားနဲ့ ရပ်ကျန်ခဲ့တုန်း တံခါးဝ ချောင်းကြည့်ပေါက်ကနေ ချောင်းလိုက်တော့ အမိုး…။ လွန်ဆွဲပွဲမှာ ပို့စ်က ကျနော့် အမိုး…။ သူ့မြေးလေး နှစ်ယောက် လက်ကို ဆွဲလို့…။ တံခါးဖွင့်ပေးလိုက်တော့…

`ဒီစာတွေ ဖတ်မတတ်လို့ ဖိုးခွား ဖတ်ပေးပါအုံး´
`သြော်…၊ ဟုတ်… အမိုး´

အမိုးလက်ထဲက စာအိတ်တွေကို ဖွင့်ဖောက်ဖတ်ပြီး သူ နားလည်အောင် ရှင်းပြ၊ နောက်တော့ အလ္လာပ သလ္လာပတွေ နှုတ်ဆက် ပြောဆိုအပြီးမှာတော့ ကွန်ပြူတာစကရင်ပေါ်က ပါးစပ်အဟောင်းသားနဲ့ ရပ်နေတဲ့ နန်းခမ်းကရောက်ကို အမိုးတွေ့သွားတယ်။

`ဖိုးခွား ရုပ်ရှင်ကြည့်နေတာလား´
`မဟုတ်ဘူး အမိုးရဲ့၊ အဲဒါ သတင်းလေ´

ပြောပြောဆိုဆိုနဲ့ Play ခလုတ်ကို ပြန်နှိပ်လိုက်တော့ နန်းခမ်းကရောက် တယောက် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ အမိုးကိုလည်း နီးရာကုလားထိုင် တခု ဆွဲယူပြီး ထိုင်စေလိုက်တယ်။ ကလေးနှစ်ယောက်ကတော့ ကွန်ပြူတာကို အငေးသား…။

`သက္ကရာဇ် ၂၀၀၇ ခု၊ သြဂုတ်လ (၄)ရက်နဲ့ (၅)ရက် ဒီတပတ်အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း နေရင်းဒေသကို စွန့်ခွာ ထွက်ပြေးလာရသူတွေ တိုးပွားလာလို့ သံလွင်မြစ်ဘေးမှာ ဒုက္ခသည် စခန်းသစ်တခု ထပ်မံဖွင့်လှစ်ခဲ့ရတဲ့ သတင်းနဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြရတဲ့ မြန်မာလယ်သမားတွေအကြောင်း အပါအ၀င် မြန်မာပြည်ဆိုင်ရာ ပြည်တွင်း ပြည်ပသတင်းတွေကို အရင်ဆုံး ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်…´

သတင်းကြေညာသံရဲ့ အစပိုင်းမှာတင် အမိုးတယောက် စိတ်ဝင်စားလာဟန် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ကွန်ပြူတာမှာ ပေါ်လာတဲ့ အသံနဲ့ ပုံရိပ်တွေကို စူးစူးစိုက်စိုက်နဲ့ အသေအချာ နားထောင် ကြည့်ရှုနေတယ်။

`ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲက သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့ အူဝဲထ ဆိုတဲ့ ဒုက္ခသည် စခန်းသစ်တခု ဖြစ်ပါတယ်´

စီစဉ်တင်ဆက်သူ ဦးသက်နိုင်ဦးရဲ့ အသံနဲ့အတူ သံလွင်မြစ်ကမ်းဘေးက လူတချို့၊ ဆောက်လက်စ တဲတချို့၊ တဒေါက်ဒေါက်နဲ့ သစ်ခုတ်ဝါးထွင်သံ တချို့နဲ့ အပြစ်မဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်တချို့ ပေါ်လာပါတယ်။ ဘာမှန်းမသိရှာကြတဲ့ ကလေးလေးတွေက တခစ်ခစ်နဲ့ ရယ်လို့…။ ကြည့်နေတဲ့ အမိုး မျက်နှာ တွေခနဲ မှိုင်သွားတယ်။

`ဒီစခန်းဟာ အီသုထ စခန်းမှာ ဒုက္ခသည် ဦးရေ များပြားလာတာကြောင့် အီသုထ စခန်းရဲ့ အထက်ဘက် ၁၅ မိုင် အကွာမှာ ဒီစခန်းကို ထပ်မံ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်´

ကျိုးတို့ကျဲတဲ တဲအိမ်စုလေးတွေက မီးခိုးတွေ တအူအူနဲ့…။ အပူသည်တွေ ဟိုတစဒီတစုနဲ့ ပုံရိပ်တွေ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာတယ်။ ဦးသက်နိုင်ဦးရဲ့ စကားသံက ဒီပုံရိပ်တွေရဲ့ အဖြစ်အပျက်တွေကို ပြောပြနေတယ်။

`ဒီစခန်းက ဒုက္ခသည် အများစုဟာ ထန်းတပင်မြို့နယ်နဲ့ သံတောင်မြို့နယ်တွေကနေ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်´

ဒီအခိုက်မှာ အမိုးဆီက စကားသံ တခွန်း ထွက်တာတယ်။

`အမိုးတို့ မြန်မာပြည်က ထွက်လာတုန်းကလည်း အဲဒီလိုပဲလေ´

အမိုးကို ကြည့်ရတာ တော်တော်လေးကို စိတ်မချမ်းမမြေ့ဖြစ်နေပုံပါပဲ။ `အမိုးသူတို့ကို သိလား´ လို့ မေးမိတော့ `မသိဘူး၊ ဒါပေမယ့် အမိုးတို့တွေက တူတူပဲလေ´ …တဲ့။ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိ…၊ နင့်ခနဲ ခံစားလိုက်ရတယ်။ `အမိုးတို့တွေက တူတူပဲလေ´ တဲ့။ အဲဒီ စကားထဲမှာအဓိပ္ပာယ်တွေ အများကြီး ပါသွားသလိုပဲ။

`ကျမတို့ တိုင်းရင်းသားတွေ ကိုယ့်နေရာ ကိုယ့်ဌာနေ ပြန်နေရဖို့ အတွက်ပေါ့၊ ငြိမ်းချမ်းရေး လိုချင်တယ်လေ´

လေသံဝဲ၀ဲနဲ့ တိုင်းရင်းသူကြီး တယောက်ရဲ့ ကြိုးစားပြောနေရဟန် ဗမာစကားနဲ့ အတူ ထင်းခွဲနေတဲ့ အမယ်အို၊ ရေချောင်းလေး ဘေးက ကလေးငယ်၊ ဆေးမလုံ မလောက်နဲ့ မည်ကာမတ္တ ဆေးခန်းက လူနာတွေရဲ့ ပုံတွေ ပေါ်လာပြန်တယ်။

နောက်တော့ ဘာဟင်းမှ မပါတဲ့ ဆန်ကြမ်းထမင်း ပန်းကန်ထဲက ထမင်းဆုပ်တွေကို ကြုံးကြုံးပြီး စားရင်း တခစ်ခစ်နဲ့ ရယ်ပြနေတဲ့ အပြစ်မဲ့ကလေးငယ်လေးရဲ့ ပုံရိပ်နဲ့ အတူ သတင်း အစီအစဉ် နောက်တခုကို ကူးသွားတယ်။

အမိုးဆီက စကားသံ နောက်တခွန်း ထွက်လာပြန်တယ်။

`စစ်ဖြစ်တာ မကောင်းဘူးနော်´

ကျနော် ဘာပြန်ဖြေရမှန်းမသိဘူး။ ယောင်အမ်းအမ်းနဲ့ `ဟုတ်´ လို့ ပြန်ဖြေလိုက်ပေမယ့် အမိုးစိတ်ထဲမှာ ခံစားနေရတာကို ဘယ်လိုစကားလုံးနဲ့ နှစ်သိမ့်ရမှန်း မသိဘူး။ အမိုး စိတ်အပြောင်းအလဲ ဖြစ်လို ဖြစ်ငြား စကားလမ်းလွှဲတဲ့ အနေနဲ့…

`အမိုး၊ ရုပ်ရှင်ကြည့်မလား၊ ကျနော် ဖွင့်ပြမယ်လေ´

အမိုးခေါင်းခါပြတယ်။

`မကြည့်တော့ပါဘူး ဖိုးခွားရယ်´

နောက်တော့ အမိုးတို့ မြေးအဘွားသုံးယောက်နဲ့ ကျနော် ကွန်ပြူတာက လာနေတဲ့ သတင်းကို ဆက်ကြည့်နေတယ်။ နောက်ထပ်သတင်းကတော့ မြန်မာနိုင်ငံက လယ်သမားတချို့ ထိုင်းနိုင်ငံက လယ်ယာလုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ သတင်း…။

အသက် ၆၇ နှစ် ရှိပါပြီဆိုတဲ့ မြန်မာ့ တိုင်းရင်းသူ လယ်သူမကြီးရဲ့ တိုင်းရင်းသား ဘာသာစကားနဲ့ သီချင်းညည်းသံ တစ…။ ကျနော်တော့ နားမလည်ပါဘူး။ အိမ်ကို လွမ်းဆွတ်နေဟန် ဆိုထားတာ ထင်ရဲ့။ အဲဒီအစီအစဉ်ပြီးတော့…

`ဖိုးခွား၊ အမိုး ပြန်မယ်နော်´

အမိုးမျက်လုံးအိမ်မှာ မျက်ရည်တွေကို တွေ့လိုက်သလိုပဲ။ ဒါပေမယ့် ကျနော် မမြင်ချင်ဟန်ဆောင်လိုက်တယ်။

`ဟုတ်၊ အမိုး၊ နောက်နေ့လဲ လာလည်နော်´

အားယူအပြုံးတခုကို ပြုံးပြရင်း မြေးနှစ်ယောက်လက်ကို ဆွဲလို့ အမိုး ပြန်သွားတယ်။

***

အမိုးပြန်သွားတော့ ကျနော် စက်ရှေ့မှာ ငူငူကြီး ထိုင်နေမိတယ်။ သတင်းအစီအစဉ်တွေက ထပ်လာနေတုန်းပဲ…။ နားထဲမှာလည်း `အမိုးတို့တွေက တူတူပဲလေ´ `စစ်ဖြစ်တာ မကောင်းဘူးနော်´ ဆိုတဲ့ အမိုးရဲ့ စကားသံတွေက ပဲ့တင်သံ တခုလိုလို ထပ်ခါတလဲလဲ ကြားယောင်နေမိတယ်။

အဲဒီအခိုက်မှာပဲ…။

ကွန်ပြူတာမှာ လူတယောက်ရဲ့ ပုံရိပ်ပေါ်လာတယ်။ မျက်နှာထားကလည်း မာထန်နေတာပဲ။ လူပုံက အိုမင်းနေတာတောင် ထီမထင်ဟန် လူမိုက်ပုံစံနဲ့…။ ပြီးတော့ သူက စကားတခွန်းကို ခပ်မာမာ ပြောလိုက်တယ်။

`စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်´

တော်ပါသေးရဲ့…။ အမိုး အိမ်ပြန်သွားတာ စောသွားပေလို့…။


ကလိုစေးထူး

Tuesday, August 07, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၁)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်အစားအစာနဲ့ ရေသုံးစွဲမှု

အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ဥပဒေအဖြစ် နိုင်ငံတကာ အစိုးရတွေ မဖြစ်မနေ လိုက်နာ ကျင့်သုံးရမှာကတော့ ကုလသမဂ္ဂဆိုင်ရာ၊ ဂျနီဗာ သဘောတူညီချက် ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက် အပိုဒ်(၂၀)မှာ…

`ထောင်သားတွေကို ကျန်းမာရေးနဲ့ ခွန်အားအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ၀လင်အောင် ကျွေးရမယ်။ အကျဉ်းသားတွေကို ကျွေးတဲ့ အစားအသောက်ဟာ အရည်အသွေးလည်း ပြည့်မီပြီး သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင် ကျွေးမွေးရမယ်´ လို့ တိတိကျကျ ပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံ ထောင်တွေမှာ အစားအသောက် ကျွေးပုံ ကျွေးနည်းကတော့ နေ့စဉ်မနက် တကြိမ်၊ ညနေ တကြိမ် ထမင်းကျွေးပါတယ်။ ကျွေးတဲ့ ထမင်းက အပေါစားဆန်ကြမ်းကို ချက်ထားတာဖြစ်ပြီး ခဲတွေ၊ သဲတွေ၊ အမှိုက်တွေ ဖယ်ပြီး စားရပါတယ်။ တခါတခါ ထမင်းထဲမှာ သဲတွေများလွန်းလို့ ဘယ်သူမှ မစားနိုင် ဖြစ်ရတာတွေလည်း ထောင်ထဲမှာ အဆန်းတော့ မဟုတ်ပါဘူး။

ဟင်းအနေနဲ့ကတော့ မနက်မှာ ပဲဟင်းနဲ့ ငါးပိ၊ ညနေဘက်မှာ တာရပေါ ဟင်းရည်နဲ့ ငါးပိ၊ အသားကတော့ တပတ်မှာ တနပ် ကျွေးပါတယ်။ ပဲဟင်းက ပဲအညံ့စားကို ရေအများကြီးနဲ့ ထည့်ပြုတ်ထားတာမို့ ပဲဟင်းလို့သာ နာမည် ခေါ်ရတယ်၊ ပဲဟင်းထဲမှာ ပဲဖတ်ကို ရှာမတွေ့ပါဘူး။ ပဲဟင်း ချက်ပုံက ဒီလိုပါ။

ပဲကို အဖတ်တွေချည့်ကျန်အောင် အရင်ပြုတ်၊ နောက်မှ ပဲဖတ်တွေကို ရေနွေးနဲ့ ရောတာပါ။ အဲဒီလို ရေနွေးနဲ့ မရောခင် ထောင်ဝန်ထမ်းတွေ၊ ဟင်းချက်ရာမှာ တာဝန်ကျတဲ့ အကျဉ်းသားတွေက ပဲဖတ်အနှစ်တွေကို ခပ်ယူထားကြပါတယ်။ အဲဒီ ခပ်ယူထားတဲ့ ပဲဖတ်၊ ပဲအနှစ်တွေကို ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေ၊ လူဆိုးဗိုလ်တွေက ဦးဦးဖျားဖျား စားကြပါတယ်။ တကယ်တော့ ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေဟာ ထောင်ဥပဒေအရ အကျဉ်းသားတွေရဲ့ အစားအစာကို စားခွင့် မရှိပါဘူး။

ဒါ့အပြင် အဲဒီ ပဲဖတ်တွေကို ထောင်အရာရှိတွေနဲ့ ပင်းပြီး ထောင်ထဲ ပိုက်ဆံခိုးသွင်းထားတဲ့ အကျဉ်းသားတွေကိုလည်း ပိုက်ဆံနဲ့ ရောင်းစားပါတယ်။ တကယ်တော့ သူတို့ စားတဲ့၊ ရောင်းတဲ့အတွက် ထောင်သားတဦးချင်း ရရမယ့် ဝေစု လျော့နည်းသွားတာမို့ အကျဉ်းသား အများစုဟာ ရေသာသူ ပဲဟင်းကိုသာ စားကြရတာပါ။

တာရပေါဟင်း ဆိုတာက ဟင်းရွက်သောင်းပြောင်းကို ရောပြုတ်ထားတဲ့ ဟင်းရွက် ပြုတ်ရည်ပါ။ ထောင်ထဲမှာ အကျဉ်းသားတွေဟာ တောင်ယာ စိုက်ကြရပါတယ်။ အဲဒီ သီးနှံစိုက်ခင်းထဲက ဟင်းရွက်တွေကို သိမ်းကြုံး ခုတ်ဖြတ်ပြီး ရေနွေးထည့်ကြိုထားတဲ့ မိုးဗြဲဒယ်အိုးကြီးထဲကို ဟင်းရွက်တွေ မဆေးမကြောဘဲ ပစ်ထည့်လိုက်လို့ ရလာတဲ့ ဟင်းရည်ကျဲဟာ `ထောင် တာရပေါဟင်း´ ပါပဲ။

တခါ တခါ ဟင်းရွက်မပါတဲ့ အဲဒီ ဟင်းရည်ကျဲထဲမှာ အမှိုက်တွေ၊ ကျောက်ခဲတွေ ပိုးကောင်တွေ၊ မျှော့တွေ ပါလာရင်လည်း ထုံးစံ ဖြစ်နေလို့ ဘယ်သူမှ အံ့အားလည်း မသင့်၊ ရွံလည်း မရွံရှာနိုင်ဘဲ စိတ်ပျက်လက်ပျက် ကြိတ်မှိတ် ဖယ်စားရုံပဲ ရှိပါတော့တယ်။

ထောင်သားတွေကို ပေးတဲ့ ငါးပိကလည်း သဲတွေ၊ ကျောက်စရစ်ခဲတွေနဲ့ ရောထားတာပါ။ ထောင်သားတွေကို ကျွေးရမယ့် ငါးပိတွေထဲက တချို့ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေက ထုတ်ရောင်းစားလိုက်လို့ ပမာဏ လျော့နည်းသွားတာကို ကာမိအောင် ထပ်ဖြည့်တဲ့အနေနဲ့ ကျန်တဲ့ ငါးပိထဲ အခုလို အရောအနှောတွေ လျှောက် ထည့်ထားတာပါ။ အကျဉ်းသားတဦးကို တနပ်စာအတွက် အဲဒီလို ငါးပိမျိုး ခပ်သေးသေး လက်ဘက်ရည်ဇွန်းနဲ့ တဇွန်း ရပါတယ်။

တပတ်ကို တကြိမ် အသား တနပ် ရပါတယ်။

ဒါပေမယ့် အကျဉ်းသားတွေ ရရမဲ့ အသားခွဲတမ်း ဝေစုထဲကနေ အသားကောင်းနဲ့ အသားအများစုကို ထောင်အာဏာပိုင်တွေအတွက် ဖယ်ပေးထားရတာမို့ ထောင်ဥပဒေအရ ထောင်သားတဦး ရရှိရမယ့် ပမာဏရဲ့ တ၀က်လောက်သာ ထောင်သားတွေ ရပါတော့တယ်။ အသားအစား ငါး ကြော်တဲ့ နေ့ကျရင် အကျဉ်းသားတွေဟာ ခေါင်းနဲ့ အမြီးသာရလို့ `ငါး အလယ်ပိုင်းဆိုတာ ဘာကို ခေါ်တာလဲ´ လို့ ထောင်ထဲမှာ မေးကြပါတယ်။

အဲသလိုနဲ့ အကျဉ်းသားတွေ စားရတဲ့ အစားအစာတွေဟာ လောက်လည်း မလောက်င၊ အာဟာရကလည်း မပြည့်ဝတာမို့ အကျဉ်းသား အများစုဟာ အမြဲလို ဆာလောင်နေကြတဲ့ အပြင် အစားအစာ မသန့်ရှင်းလို့ ဖြစ်ရတဲ့ ရောဂါတွေလည်း စွဲကပ်နေကြပါတယ်။

***

နောက်တခုက ရေချိုးတဲ့ ကိစ္စပါ။

အကျဉ်းထောင်ဆိုင်ရာ ကုလသမဂ္ဂ၊ ဂျီနီဗာ သဘောတူညီချက် အပိုဒ် (၂၆)မှာ…

`ထောင်အာဏာပိုင်တွေဟာ ထောင်တွင်း သန့်ရှင်းရေးနဲ့ အကျဉ်းသားတွေရဲ့ တကိုယ်ရေ သန့်ရှင်းရေး ရှိမရှိ၊ လေကောင်းလေသန့် ရ မရ စတာတွေကို ပုံမှန် စစ်ဆေးပေးရမယ်´ လို့ အတိအကျ အလေးအနက် ဖော်ပြထားပါတယ်။

အင်းစိန်ထောင်ထဲမှာ အဆောင် (၅)ဆောင်ရှိပြီး အဆောင်အမှတ် (၁) က လွဲလို့ ကျန် အဆောင်တွေမှာ အကျဉ်းသား တထောင်ကျော်စီ ထားပါတယ်။ အဆောင်အမှတ် (၁) ကတော့ အမှု ရင်ဆိုင်နေရတဲ့ အချုပ်သားတွေ အတွက် ဖြစ်ပြီး လူဦးရေ နှစ်ထောင်၊ နှစ်ထောင်ကျော်လောက် ထားပါတယ်။

အဆောင် တဆောင် တဆောင်မှာ ရေကန် တကန်စီ ရှိပြီး အရှည်ပေ ရှစ်ဆယ်၊ အကျယ် သုံးပေလောက်ရှိတဲ့ ရှည်မျောမျော ရေကန် ဖြစ်ပါတယ်။ အဲဒီ ရေကန်ရဲ့ သုံးပုံတပုံလောက်ကို သောက်ရေအတွက် ဆိုပြီး သီးခြား ကန့်ထား ခွဲထားပါတယ်။ သောက်ရေအတွက် ဆိုပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ လူဆိုးဗိုလ်တွေကတော့ အဲဒီ ရေကန် အကန့်မှာ ကြိုက်သလို ရေချိုးခွင့် ရေသုံးစွဲခွင့် ရှိပါတယ်။

ကျန်တဲ့ ရေကန်အကန့်မှာ တကြိမ်ကို အကျဉ်းသား တရာလောက် ရေကန် ဟိုဘက်ဒီဘက် လူခွဲ တန်းစီပြီး ရေချိုးရပါတယ်။ ရေကန် တဘက်တချက်မှာ လူတွေ မလှုပ်သာ မယှက်သာ ပြည့်သိပ်ကြပ်ညှပ်နေတာမို့ အတည့်ရပ်လို့ မရတာနဲ့ အကျဉ်းသားတွေဟာ ဘေးတိုက် တစောင်းရပ်၊ အချင်းချင်း တိုးဝှေ့ပြီး ရေချိုးကြရပါတယ်။

တနေ့ကို တကြိမ်သာ ရေချိုးရပြီး တကြိမ်ကို ထမင်းစားတဲ့ ဒန်ပန်းကန်ပြား ပက်ပက်နဲ့ ဆယ်ချပ်ထက် ပိုမချိုးရပါဘူး။ ရေကန် တာဝန်ကျ လူဆိုးတွေ စိတ်ကြည်သာရင်တော့ ရေပန်းကန်ပြား ဆယ့်ငါးချပ်လောက် ရတတ်ပြီး မကြည်သာရင်တော့ လေးငါးခြောက်ချပ်လောက်နဲ့ပဲ ကိစ္စပြီးသွားတာမျိုးပါ။ အဲဒီ ရေလောက်နဲ့ ဘယ်လိုမှ ဆပ်ပြာတိုက်လို့ မရပါဘူး။ ဒီကြားထဲ ညစ်ပတ်နေလွန်းလို့ ဆပ်ပြာတိုက်မိရင်လည်း ဆပ်ပြာတွေ မစင်ခင် ရေချိုးရပ်သွားရတာမို့ ဆပ်ပြာ မတိုက်တာကမှ တော်ပါသေးတယ်။

ဘေးတစောင်းတိုက် အလုအယက် တိုးခွေ့ ရပ်နေရတဲ့ အကျဉ်းသား တတန်းကြီးဟာ ရှည်မျောမျော ရေကန်ရဲ့ ထိပ်မှာ မျက်နှာရှုသိုးသိုးနဲပ ထိုင်နေတဲ့ ရေကန်တာဝန်ကျ အကြီးအကဲလူဆိုးက အသံနက်ကြီးနဲ့ `ခပ်´ လို့ အော်မှ ရေခပ်ရပါတယ်။ လူဆိုးကလည်း ဆောင့်ကြီး အောင့်ကြီးနဲ့ အမြန်အော်နေတာ ဆိုတော့ ကိုယ်က နှေးနေရင်၊ ဒါမှမဟုတ် ရေခပ်တာ မညီရင် ရေကန်ဘောင်ပေါ်မှာ တုတ်ထမ်းရင်း လျှောက်နေတဲ့ ရေကန်ဘာယာခေါ် အစောင့်တွေက တုတ်နဲ့ မချိမဆံ့ ရိုက်တာ ခံရပါသေးတယ်။ တခါတခါ ရေကန်ဘာယာတွေက ရေခပ်တာ မညီတဲ့ အကျဉ်းသားတယောက်ကို ရိုက်ရင်းနဲ့ ဘာမဆိုင် ညာမဆိုင် တခြား အကျဉ်းသား အကုန်လုံးကို ဆက်တိုက် တန်းစီ ရိုက်သွားတာမျိုးတွေလည်း ထောင်ထဲမှာ မဆန်းပါဘူး။ ပန်ကန်ပြားနဲ့ ရေခပ်ရတာကလည်း လူဆိုးဗိုလ်ရဲ့ `ခပ်´ ဆိုတဲ့ အသံကို နားစွင့်ရင်း ကတိုက်ကရိုက် ခပ်ကြရတာမျိုးပါ။ အဲဒီလိုနဲ့ ဘယ်သူမှ အေးအေးဆေးဆေး ရေမချိုးကြရဘဲ အကြောက်ကြောက် အလန့်လန့် ကျီးလန့်စာစား တက်သုတ်ရိုက် ချိုးကြရတာပါ။

အဲဒီလို ရေ လုံလုံလောက်လောက် မချိုးရတာ၊ သေသေချာချာ မချိုးရတာတွေကြောင့် ထောင်သားတွေဟာ ညစ်ပတ်နေပြီး ၀ဲစို၊ ၀ဲခြောက်၊ ပွေး စတဲ့ အရေပြား ရောဂါမျိုးစုံနဲ့ ၀မ်းပျက်၊ ၀မ်းလျှော၊ ၀မ်းကိုက် စတဲ့ ရောဂါတွေ လူတိုင်းလို စွဲကပ်နေကြပါတယ်။ အဲဒီလို ရောဂါတွေ ဖြစ်လို့လည်း ဂရုတစိုက် ဆေးဝါးကုသပေးတာမျိုး မရှိလို့ ၀မ်းလျှော ၀မ်းကိုက်ရောဂါလောက်နဲ့ မသေသင့်ဘဲ သေဆုံးသွားကြရသူတွေ ထောင်ထဲမှာ မနည်းလှပါဘူး။ အသက်တွေ နှမြောစရာပါ။

ဆက်ရန်…

Monday, August 06, 2007

လက်ဆင့်ကမ်း စိတ်ဓာတ်များဖြင့်…



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၅ ရက်နေ့မှာ ကျနော်တို့ ပြည်နယ်ရောက် မြန်မာများရဲ့ ၈၈၈၈ အရေးတော်ပုံနေ့ အောက်မေ့ဖွယ် အခမ်းအနားတရပ် ကျင်းပဖြစ်ခဲ့ပါတယ်။

သူတပါးနိုင်ငံမှာ လူတန်းစေ့နေနိုင်ရေးအတွက် ၀မ်းရေးကလည်း ရှိသေးတာမို့ ၈၈၈၈ အရေးတော်ပုံနေ့ ရက်အတိအကျ သြဂုတ်လ ၈ ရက်နေ့မှာ မပြုလုပ်နိုင်ခဲ့ဘဲ အလုပ်အားရက် တနင်္ဂနွေမှာ တင်ကြို ပြုလုပ်ခဲ့ရတာ ဖြစ်ပြီး တက်ရောက်နိုင်ခဲ့ကြတဲ့ မြန်မာအင်အားစုကလည်း များများစားစား မဟုတ်လှပါဘူး။ အင်ဒီယားနားပြည်နယ်မှ ပင့်ဖိတ်ထားတဲ့ အရှင်ကုသလ အပါအ၀င်ရဟန်းသုံးပါးကို ၈၈၈၈ နေ့မှာ ကျဆုံးသွားကြတဲ့ အာဇာနည် ရဟန်းရှင်လူအပေါင်းအတွက် ရည်စူးဆွမ်းကပ်၊ အဲဒီနောက် အောက်မေ့ဖွယ် အခမ်းအနားတရပ် ပြုလုပ်…။ ဒီလောက်ပါပဲ။

၈၈၈၈ အရေးတော်ပုံနေ့ နီးလာပြီ ဆိုတာနဲ့ (အရင့်အရင်နှစ်တွေက အတိုင်း) အောက်မေ့ဖွယ် အခမ်းအနား လုပ်ဖို့ လူစု၊ အစည်းအဝေးခေါ်ပါတယ်။ ဟိုလူပါလို့ ငါမပါဘူး၊ ဟိုတယောက်ကို မကြိုက်လို့ ငါမလာဘူးဆိုတဲ့ ကတုံးကတိုက်တွေကို လစ်လျူရှုရင်း၊ ဘယ်လိုလေးဆိုရင် ကောင်းမယ်၊ မနှစ်ကတော့ ဘယ်လိုလေး လိုအပ်သွားတယ်၊ ဒီနှစ်တော့ ဒီအစီအစဉ်လေး ဖြည့်ရင် ပိုကောင်းမယ် ဆိုတဲ့ အပြုသဘောတွေကို စုစည်းရင်းနဲ့ ကိုယ်တတ်နိုင်သလောက် ငွေစု၊ ထည့်ဝင်ပြီး ဒီအခမ်းအနားလေးကို ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။

ဘယ်အလုပ်မဆို အလုပ်တခုကို လုပ်ပြီဟေ့ဆိုတာနဲ့ နေရာတိုင်းမှာ အတွန်းအတိုက်ရှိတာ ဓမ္မတာပါ။ အဲဒီလိုပဲ အခု…၊ ကျနော်တို့ လုပ်ခဲ့တဲ့ အခမ်းအနားလေးကို မပါဝင်လိုသူတွေ၊ တနည်းအားဖြင့် ကဖျက်ကယက် လုပ်သူတွေကလည်း ဒီအခမ်းအနားလုပ်ဖို့ စိုင်းပြင်းသူတွေကို သူတို့နည်း သူတို့ဟန်နဲ့ အနှောင့်အယှက် ပေးပါတယ်။ ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံကနေ ပြောဆိုဝေဖန်ကြတဲ့ အထဲမှာမှ ကျနော်တို့တွေရဲ့ စိတ်ဓာတ်ကို အဓိက စိန်ခေါ်တာကတော့ `ဒီအခမ်းအနားတွေ လုပ်လို့ မြန်မာပြည် ဒီမိုကရေစီ ရမှာမို့လို့လား´ ဆိုတဲ့ ထင်မြင်ယူဆချက်ယောင်ဆောင်ထားတဲ့ စိတ်ဓာတ်ကို ရိုက်ချိုးတဲ့ ထိုးနှက်ချက်ပါပဲ။

အဲဒီအတွေးက ကျနော့်ကို တော်တော်လေး စိတ်အနှောင့်အယှက်ပေးခဲ့သလို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တခြားသော မိတ်ဆွေ တော်တော်များများကိုလည်း တွေဝေစေခဲ့ပါတယ်။ ဒီလိုနဲ့ ဒီစာစုကို ရေးကြည့်မိပါတယ်…။

***

ကဲ…၊ ဟုတ်ပြီ။

အထက်က တင်ပြခဲ့တဲ့ အတိုင်း အဲဒီအခမ်းအနားတွေ လုပ်နေတာဟာ တခုခု ထူးခြားမှု တစုံတရာ မရှိနိုင်တော့ဘူးလား။ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ဒီအခမ်းအနားတွေကနေ ဘာတခုမှ အထောက်အပံ့ မပေးစေနိုင်တော့ဘူးလား…။

ဘက်နှစ်ဘက်စလုံးကနေ ကျနော် စဉ်းစားကြည့်မိပါတယ်။

ပထမဆုံး စဉ်းစားကြည့်ပါမယ်။ Negative အမြင်…။

ဘာထူးမှာလဲ…၊ ဒါတွေလုပ်တော့၊ အခမ်းအနားမှာ ကြေညာချက်လေးဖတ်လိုက်၊ ဟိုလူက မိန့်ခွန်းပြောလိုက်၊ ဒီလူက အမှာစကားခြွေလိုက်၊ လက်ခုပ်လေး တဖျောက်ဖျောက်တီးလိုက်၊ ပြီးပြီးရော မဟုတ်လား။ ငွေကုန်တယ်။ အချိန်ကုန်တယ်။ ပြီးတော့ ဘာမှလဲ မထူးလာဘူး။ အလကားသက်သက် လျှောက်အော်နေတာနဲ့ မတူပေဘူးလား…။

အဲဒီလိုတွေးကြည့်လိုက်တော့ လူရဲ့ စိတ်ဓာတ်တွေက ၈၈၈၈ အရေးတော်ပုံနဲ့ အတွေးတခုတွေးလေ ဝေးလေ၊ နောက်တခု ထပ်တွေးလေ ဝေးလေနဲ့ တွေးရင်းဝေးသွားလိုက်တာ အဆုံးသတ်ကျတော့ ၈၈၈၈ အရေးတော်ပုံနဲ့ ငါ ဆိုတဲ့ ကျနော့် အတ္တဘောကြီးနဲ့ လားလားမှ မဆိုင် ဖြစ်သွားပါတော့တယ်။

ဒုတိယ…။ Positive အမြင်…။

အင်း…၊ ၈၈၈၈ နေ့ကိုတောင် ရောက်တော့မှာပါလား…။ ကြည့်လိုက်စမ်း သမိုင်းစာမျက်နှာမှာ၊ ငါတို့ နောင်တော်တွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေ သွေးစက်စက်ယိုခဲ့ရတယ်။ ဘယ်သူတွေ ဘယ်လိုလိမ်လိမ် သမိုင်းကို ဘယ်လိုဖျောက်ဖျောက်၊ အဲဒီနေ့မှာ မြန်မာ့သမိုင်း သွေးစွန်းခဲ့တယ်။ ဟော… အခု အဲဒီ အဖြစ်သနစ်တွေကနေ ၁၉ နှစ်တာ လွန်မြောက်ခဲ့ပြီ။ ငါတို့ နိုင်ငံက ဘာမှ မထူးလာသေးဘူး။ ဒီအဖြစ်အပျက်တွေမှာ ယုတ်မာရင့်သီးခဲ့ကြသူတွေက အခုအချိန်ထိ ခေါင်းမော်နေကြတုန်း…၊ ဒါတွေကို ငါတို့ မေ့မလား…။ ဘယ်သူတွေကရော မေ့နေကြပြီလဲ။ အဲဒီ မေ့နေကြသူတွေကို ဒီနေ့ ဒီရက်မှာ လုပ်တဲ့ အခမ်းအနားလေးက တဆင့် ၈၈၈၈ အရေးတော်ပုံ စိတ်ဓာတ်ဟာ ဘာလဲ ဆိုတဲ့ အသိစိတ်ကို ပေးရမယ်။ နောက် လာမယ့် မျိုးဆက်သစ်တွေကိုလဲ ဒီစိတ်ဓာတ်ကို ဒီအခမ်းအနားလေးတွေက တဆင့် လက်ဆင့်ကမ်းရမယ်…။

အဲဒီ အတွေးကို တွေးစဉ်မှာတော့ အတွေးတခုတိုင်း တခုတိုင်းမှာ ၈၈၈၈ အရေးတော်ပုံကြီးဟာ အခုပဲ ဖြစ်ပျက်နေတဲ့အလား စိတ်ကူးထဲ မြင်ယောင်လာပြီးတော့ တကယ့်တကယ်တမ်း ပါဝင်ခဲ့ကြတဲ့၊ အသက်ပေးသွားကြတဲ့ အနစ်နာခံခဲ့ကြတဲ့ ကျနော်တို့ နောင်တော်တွေရဲ့ စိတ်ဓာတ်တွေပါ စီးကူးဝင်မျောလာသလို ခံစားရစေပါတယ်။ တနည်းအားဖြင့် ၈၈၈၈ အရေးတော်ပုံတုန်းက ကျနော် (အသက်ငယ်ရွယ်သေးမှုကြောင့်) မပါဝင်ခဲ့ရသည့်တိုင် အဲဒီအရေးတော်ပုံနဲ့ ကျနော်နဲ့ တသားတည်း ဖြစ်သွားပါတယ်။ အဲဒီ အရေးတော်ပုံကြီးက လိုလားတဲ့ မတရားသော အာဏာရှင်စနစ် ပြုတ်ကျရေး ဆန္ဒကိုလည်း အဲဒီတုန်းက ပါဝင်ပတ်သက် စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ပြည်သူများနဲ့ ထပ်တူကျစွာ လိုလားမိပါတယ်။

***

ငယ်ငယ်တုန်းက ကျောင်းနေတော့ သင်ခဲ့ရဖူးတဲ့ ပုံပြင်လေး တပုဒ်ရှိပါတယ်။

လူငယ်လေးတယောက်က ပေါက်တူးတလက်နဲ့ လမ်းတခုကို စဖောက်ပါတယ်။ ရည်ရွယ်ချက်ကတော့ တောင်နံရံခြားနေတဲ့ ဟိုးတဖက်ရွာနဲ့ သူနေထိုင်တဲ့ ရွာကို ဆက်သွယ်ရေး လွယ်ကူဖို့၊ တနည်းအားဖြင့် အများအကျိုးအတွက် အဲဒီလမ်းကို စဖောက်ပါတယ်။ သူတယောက်တည်း…။

သူ လမ်းစဖောက်တော့ လူတွေက စူးစမ်းပါတယ်။ တချို့ကလည်း ဒီလမ်းကို သူတယောက်တည်းနဲ့ ဖောက်လို့ သူ့တသက်တောင် ပြီးနိုင်ပါ့မလား ဆိုတဲ့ ထိုးနှက်ချက်တွေနဲ့ လူငယ်ကို သွေးတိုးစမ်းခဲ့ပါတယ်။ လူငယ်လေး ပြန်ဖြေခဲ့တာကတော့-

`အခု ဒီလမ်းကို ကျွန်ုပ်ဖောက်၍ မပြီးစီးခဲ့လျှင် ကျွန်ုပ်၏ သား၊ မြေးများက ဆက်လက် ဖောက်လုပ်ကြလိမ့်မည်၊ သူတို့ သေဆုံးသွားကြလျှင်လည်း သူတို့၏ နောက်မျိုးဆက်များက အစဉ်တစိုက် ဆက်လက်ဖောက်လုပ်ကြလျှင် ဒီလမ်းက တနေ့နေ့မှာ မုချပြီးစီးမည်´ လို့ ဖြေခဲ့ပါတယ်။

ပုံပြင်လေးရဲ့ အဆုံးမှာတော့ လူငယ်လေးရဲ့ စိတ်ဓာတ်ကို စံပြနမူနာ ယူကြတဲ့ ရွာသူရွာသားတွေပါ တတပ်တအား ပါဝင် ပူးပေါင်းကြလို့ ရွာနှစ်ရွာကို ပေါင်းကူးတဲ့ လမ်းကလေး စောစီးစွာ ပြီးစီးခဲ့တာနဲ့ နိဂုံးချုပ်ပါတယ်။

တကယ်တော့ အားထုတ်မှုတိုင်းမှာ အချည်းနှီး ဆိုတာ မရှိပါဘူး။ နည်းနည်း အားထုတ်ရင် နည်းနည်း အကျိုးသက်ရောက်မယ်၊ များများအားစိုက်ရင် များများ အကျိုးခံစားရပါမယ်။

၈၈၈၈ အရေးတော်ပုံနေ့ အောက်မေ့ဖွယ် အခမ်းအနားကနေ မြန်မာပြည် ဒီမိုကရေစီ ရမလာသည့်တိုင် မြန်မာပြည် ဒီမိုကရေစီရရှိရေး ကြိုးစားနိုင်ဖို့ စိတ်ဓာတ်အားအင် တခုခုကိုတော့ ပေးနိုင်စွမ်းလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ တခြားသော ဗာဟီရကိစ္စတွေ၊ လုပ်ငန်းခွင်တွေ စတာတွေကြောင့် မေ့လျော့နေမိတဲ့ လူတဦးဦးကို ဒီအခမ်းအနားလေးက ပေးတဲ့ အသိကနေ စိတ်ဓာတ်တစုံတရာကို ပေးပါလိ့မ်မယ်။ ပြန်လည် နိုးကြားစေပါလိမ့်မယ်။ အဲဒီ နိုးကြားလာတဲ့ အားတွေ၊ အသိတွေ၊ စုစည်းမှုတွေ ရှိလာတဲ့ တနေ့မှာ ကျနော်တို့ လိုလားမှုဟာ အရာထင်ကို ထင်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ ကျနော်တို့ အတွက် ပန်းတိုင်ကို ကာဆီးနေတဲ့ ကြားထဲက တောင်နံရံကြီးက အခိုင်အမာ ရှိနေတုန်းပါပဲ။ နည်းနည်းပဲ ဖောက်လုပ်သည် ဖြစ်စေ၊ များများစားစား ဖောက်လုပ်သည် ဖြစ်စေ အရေးကြီးတာက ဖောက်လုပ်နေဖို့၊ ဖောက်လုပ်ချင်တဲ့ စိတ်ဓာတ် မပျောက်သွားစေဖို့ ဖြစ်ပါတယ်။

အဲဒီလို ဖောက်လုပ်ချင်တဲ့ စိတ်တွေ ပျောက်မသွားစေဖို့ သတိသံပတ်ပေးတဲ့ သဘောနဲ့ ကျနော်တို့ ဒီနေ့ ဒီအချိန်ရောက်တိုင်းမှာ ဒီအခမ်းအနားလေးတွေကို ကျင်းပကြပါတယ်။ သတိတမံ စိတ်ဓာတ်ခိုင်မာပြီးသား လူတွေအတွက် ပိုမိုအားကောင်းစေဖို့ ရည်ရွယ်သလို အမေ့မေ့အလျော့လျော့ ဖြစ်နေသူ၊ ဖြစ်လုဆဲဆဲ အင်အားတွေကို တပ်လှန့်လိုတဲ့ သဘောကိုလဲ ဆောင်ကျဉ်းပြီး ဒီအခမ်းအနားကို ပြုလုပ်တယ်လို့ ခံယူမိပါတယ်။

***

မရိုးနိုင်တဲ့ မြန်မာ စကားပုံလေး တခုရှိပါတယ်။ `တနေ့ တလံ ပုဂံဘယ်မရွေ့´ တဲ့။

ရောက်ဖို့အတွက်က သွားနေဖို့ အဓိကပါပဲ….။

၈.၈.၈၈ နေ့တွင် ကျဆုံးသွားကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ အာဇာနည် အပေါင်းအား လေးစား ဦးညွှတ်စွာဖြင့်…။


ကလိုစေးထူး

Sunday, August 05, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မှတ်တမ်း(၂)

လွတ်လပ်မှုနှင့် အကျဉ်းထောင်

နိဒါန်း

လွတ်လပ်မှုနဲ့ အကျဉ်းထောင်

န၀တ၊ နအဖခေတ် အကျဉ်းထောင်တွေထဲ နိုင်ငံရေးမှုနဲ့ ထောင်ကျခံနေရသူတွေထဲမှာ ငယ်ရွယ်သူ ကျောင်းသား ကျောင်းသူတွေ ပါဝင်သလို မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့သူ လေးစားကြည်ညိုဖွယ် နိုင်ငံရေးသမား ရင့်မာကြီးတွေ၊ ထိပ်တန်း ပညာရှင်တွေလည်း ပါဝင်ကြပါတယ်။ ထူးခြားတာကတော့ ရဟန်းသံဃာတွေ၊ ခလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါဝင်ကြတာပါ။ အဲဒီထဲကမှ စာရေးဆရာ မောင်သော်ကတို့၊ ဦးခင်မောင်မြင့်တို့၊ ဦးတင်မောင်ဝင်းတို့ ခရမ်းဦးစိန်ဝင်းတို့ အပါအ၀င် လူ့အဖိုးတန် အများအပြားလည်း ထောင်ထဲမှာပဲ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရပါပြီ။

သူတို့ဟာ မတရားသဖြင့် အကျဉ်းချခံနေကြရပြီး တခါ အကျဉ်းထောင်ထဲမှာလည်း မတရားသဖြင့် ဆိုးဆိုးဝါးဝါး အနိုင်ကျင့် အဆက်ဆံ ခံကြရပြန်ပါတယ်။ အခုလို သူတို့ အကျဉ်းချ ခံနေရတာဟာ ဘယ်သူ့ကိုမှ ရမ်းကားစော်ကား ထိပါးခဲ့လို့၊ ဘယ်ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့ကြလို့ မဟုတ်ဘဲ လွတ်လပ်မှုနဲ့ တရားမျှတမှုကို တောင်းဆိုခဲ့ကြလို့သာ ဖြစ်ပါတယ်။ တကယ်တော့ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ လက်မခံနိုင်စရာ အလွန်အကျွံကိစ္စ မဟုတ်ဘဲ လူ့အခြေခံလိုအပ်ချက်မျှကိုသာ သူတို့ တောင်းဆိုခဲ့ကြတာပါ။ တနည်းအားဖြင့် မြန်မာ ပြည်သူလူထုကြီး လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်နိုင်ရေး၊ လုံခြုံငြိမ်းချမ်းတဲ့ ဘ၀တွေ ရရှိခံစားနိုင်ရေး၊ တိုင်းပြည် ကြီးပွားတိုးတက်ပြီး နိုင်ငံတကာ အလယ်မှာ အလေးစားခံရရေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို သူတို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် အာဏာပိုင်တွေက သူတို့ရဲ့ မွန်မြတ်သန့်စင်တဲ့ တောင်းဆိုချက်တွေကို ခါးခါးသီးသီး ဒေါသတကြီး ငြင်းဆန်လိုက်ရုံမက အဲဒီလို တောင်းဆိုတာဟာ ရာဇ၀တ်မြောက်ပါတယ် ဆိုပြီး သူတို့ကို အခုလို ထောင်သွင်း အကျဉ်းချ အပြစ်ပေး ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို အခုလို ထောင်သွင်း အကျဉ်းချလိုက်တာဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု တောင်းဆိုသံကို ထောင်သွင်း အကျဉ်းချလိုက်တာ၊ ကုန်ကုန်ပြောရရင် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ထောင်သွင်း အကျဉ်းချလိုက်တာ၊ ပြည်သူလူထုကြီးနဲ့ နိုင်ငံတော် အနာဂတ်ကို ထောင်သွင်း အကျဉ်းချလိုက်တာပါပဲ။

ကျနော်တို့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ နိုင်ငံတွေက ပြည်သူတွေ ဖောဖောသီသီ ရရှိခံစားနေတဲ့ အခွင့်အရေးတွေဖြစ်တဲ့ မိမိတို့ရဲ့ နစ်နာချက်နဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၊ အုပ်ချုပ်သူ အစိုးရကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တို့ မရှိကြတာကြောင့် န၀တစစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ မတရားမှုတွေကို တိတိကျကျ အသေးစိတ် မသိကြရပါဘူး။ တခါ အဲဒီလို မသိတာ၊ သိနိုင်ဖို့ အခွင့်အလမ်းမရှိတာကို အခွင့်ကောင်းယူပြီးတော့လည်း န၀တ စစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ မတရားမှုတွေဟာ ဘယ်သူ့ကိုမှ လူမထင်တော့တဲ့ အထိ ပိုမိုပြင်းထန် ဆိုးဝါးလာနေတာပါ။

လူ့အခွင့်အရေးကို လေးစားတဲ့၊ တရားမျှတပြီး လူသားအချင်းချင်း စာနာစိတ်ရှိတဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံတွေက အကျဉ်းထောင်တွေမှာ အဲဒီအစိုးရမျိုးလိုပဲ လူ့အခွင့်အရေး လေးစားမှု၊ တရားမျှတမှု၊ လူသားအချင်းချင်း စာနာစိတ်တို့ ထွန်းကားကြပါတယ်။ လူ့အခွင့်အရေး လေးစားမှု၊ တရားမျှတမှု၊ လူသားအချင်းချင်း စာနာမှုတို့ မရှိတဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံက အကျဉ်းထောင်တွေမှာတော့ အဲဒီအစိုးရလိုပဲ ဗြဟ္မစိုရ်တရား ခေါင်းပါးပြီး ဖိနှိပ်မှု၊ ရက်စက်မှု၊ ညှင်းပမ်းမှု၊ မတရားမှု၊ လူသားအချင်းချင်း အသနား အညှာတာ ကင်းမဲ့မှု၊ လူကို လူလို သဘောမထားမှုတွေနဲ့ တင်းကြမ်း ပြည့်နှက်နေပါတယ်။ ဒါကြောင့်ပဲ အကျဉ်းထောင်တွေထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ပြီး အုပ်ချုပ်နေတဲ့ အစိုးရဟာ အစိုးရဆိုးလား၊ အစိုးရကောင်းလား ဆိုတာ ခွဲခြား တွက်ချက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း (၄၀)နီးပါး ရှိရာမှာ အင်းစိန်ထောင်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း၊ အင်းစိန်ထောင်မှာ အကျဉ်းသား စုစုပေါင်း တသောင်း၊ တသောင်းကျော်လောက် ထားရှိတတ်ပြီး ၁၉၉၀ ခုနှစ် တ၀ိုက်က အင်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်လောက် ရှိပါတယ်။ အင်းစိန်ထောင်ဟာ ဗြိတိသျှခေတ် ကတည်းက တည်ရှိလာတဲ့ သက်တမ်း အရှည်ကြာဆုံး ထောင်လည်း ဖြစ်တာမို့ ခေတ်အဆက်ဆက် အင်းစိန်ထောင်အကြောင်း ပြောမဆုံးကြပါဘူး။ မှတ်မှတ်ရရ ကျနော် အင်းစိန်ထောင်က ထွက်လာတဲ့ အချိန်မှာ လွတ်လပ်ရေးရပြီးနောက် အင်းစိန်ထောင်မှာ နှစ် အတော်ကြာ ထောင်ကျခဲ့ဖူးသူ၊ နိုင်ငံကျော် စာရေးဆရာကြီး တဦးနဲ့ ဆုံပါတယ်။

သူက ကျနော်နဲ့ စကားစမြည်ပြောရင်းက `မင်းတို့ခေတ် ထောင်တွေနဲ့ နှိုင်းရင် ငါတို့ခေတ်တုန်းက ထောင်ကျတာ ပျော်ပွဲစား ထွက်ရသလိုပဲကွာ´ လို့ ပြောပါတယ်။ အဲဒီ စာရေးဆရာကြီးဟာ သူတို့ခေတ် ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်အကြောင်း နာမည်ကြီး စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသူပါ။ အဲဒီလို စာရေးဆရာကြီးရဲ့ စကားကို ကြည့်ရင် န၀တခေတ်ထောင်တွင်း အခြေအနေကို `မှန်း´ ကြည့်နိုင်ပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေက ထောင်ဆိုတာကို ငရဲလောက် သတ်မှတ်ထားကြတာမို့ ဘယ်လောက်ပဲ မတရားတာတွေ တွေ့တွေ့၊ ဘယ်လောက်ပဲ ရက်စက်မှုတွေ ကြုံကြုံ၊ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ `ထောင်ပဲ။ ကြုံရမှာပေါ့´ `ဖြစ်သမျှအကြောင်း အကောင်းချည့်ပဲ´ စသဖြင့် ကြိတ်မှိတ် သည်းခံတတ်ကြပါတယ်။

အကျဉ်းထောင်တွေမှာ ထောင်ကျအကျဉ်းသားတွေကို ဘယ်လို ဆက်ဆံရမယ်၊ သူတို့ ရကို ရရှိရမယ့် တရားဝင် အခွင့်အရေးတွေက ဘာတွေဖြစ်တယ် ဆိုတာကို အကျဉ်းထောင် လက်စွဲဥပဒေအရရော၊ ကုလသမဂ္ဂ သဘောတူညီချက်တွေမှာပါ တရားဝင် အတည်ပြုထားပါတယ်။ အဲဒီအခွင့်အရေးတွေကို အစိုးရတွေက အကျဉ်းသားတွေကို ပေးကို ပေးရပြီး၊ အဲဒီအခွင့်အရေးတွေကို အကုန်မပေးဘဲ ထိန်ချန်ထားတာမျိုး၊ အလွဲသုံးစား လုပ်တာမျိုးကို ဥပဒေအရရော၊ လူ့ကျင့်ဝတ် အရပါ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီလိုလုပ်ရင် သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ အစိုးရကို နစ်နာသူ အကျဉ်းသားက ကန့်ကွက်နိုင်ရုံတင်မက တရားစွဲဆိုပိုင်ခွင့်တောင် ရှိပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အကျဉ်းသားတွေမှာ အဲဒီလို လုပ်ဖို့ ဝေးလို့ အဲဒီလို အခွင့်အရေးတွေ ကိုယ့်မှာ ရှိလို့ ရှိနေမှန်း သိတောင် သိကြတာ မဟုတ်ပါဘူး။ မသိအောင်လည်း အစိုးရလုပ်သူက ဖုံးကွယ် ထိမ်ဝှက်ထားပါတယ်။ ဒါကြောင့် ထောင်အာဏာပိုင်တွေ ဘာပဲ မတရားတာလုပ်လုပ် `မတရားဘူး၊ တရားဥပဒေကို အလွဲသုံးစား လုပ်တယ်´ လို့ သိလည်း မသိကြ၊ ဝေလည်း မဝေဖန်ရဲကြ၊ ကန့်လည်း မကန့်ကွက်ရဲကြပါဘူး။ အစိုးရကို တရားစွဲဖို့ ဆိုတာမျိုးကတော့ အိပ်မက်တောင် မက်ရဲစရာ မရှိပါဘူး။ ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေက ကျနော်တို့ တိုင်းပြည်က ထောင်တွေ အကြောင်း၊ အကျဉ်းသားတွေရဲ့ ထောင်တွင်း ဘ၀တွေအကြောင်း ကြားရ သိရတဲ့ အခါတိုင်း အထိတ်တလန့်လည်းဖြစ်၊ အံ့အားလည်း သင့်၊ အုပ်ချုပ်နေတဲ့ အစိုးရကိုလည်း မုန်းတီးရွံရှာသွားကြတဲ့ အပြင် ကျနော်တို့ ပြည်သူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်သွားကြပါတယ်။ အဲဒီလို အစိုးရမျိုးက နိုင်ငံကို အုပ်ချုပ်နေတာ၊ နိုင်ငံကို အုပ်ချုပ်ခွင့် ရှိနေတာကိုပဲ သူတို့ နားလည်လို့မရ ဖြစ်နေကြပါတယ်။

တကယ်တော့ ကျနော်တို့ ပြည်သူတွေကို အသိဥာဏ် တုံးအောင်လုပ်ထားရုံမက စိတ်ဓာတ်ကိုပါ အညွှန့်တုံးအောင် လုပ်ထားတဲ့နည်းနဲ့ သူတို့ အခုလို နိုင်ငံကို အုပ်ချုပ်နိုင်နေတာ ဖြစ်ပါတယ်။

`လွတ်လပ်မှုဟာ လူတယောက်အဖို့ တန်ဖိုးလည်း ဖြစ်တယ်၊ အနှစ်သာရလည်း ဖြစ်တယ်´ လို့ ပညာရှင်တွေက မိန့်ဆိုကြပါတယ်။

လွတ်လပ်တဲ့ အရသာဆိုတာ မလွတ်လပ်တဲ့ အချိန်ကျမှ အာသာငမ်းငမ်း ပြန်တမ်းတမိတဲ့ အရာမျိုး၊ မလွတ်လပ်တဲ့ အချိန်ကျမှ ထူးထူးခြားခြား တန်ဖိုးထားမိတဲ့ အရာမျိုးလည်း ဖြစ်ပါတယ်။ လွတ်လပ်မှုဟာ လူတယောက် ဘ၀မှာ ဘယ်လောက်တန်ဖိုး ကြီးတယ်၊ ဘယ်လောက် အနှစ်သာရ ရှိတယ်ဆိုတာကို မလွတ်လပ်သူများ အသိကြဆုံးပါ။ လွတ်လပ်မှု ဆုံးရှုံးတဲ့အတွက် လူတယောက်ဘ၀မှာ ဘယ်လောက် ဆုံးရှုံးနစ်နာရတယ် ဆိုတာလည်း မလွတ်လပ်သူများသာ အသိကြဆုံး ဖြစ်ပါလိမ့်မယ်။

ထောင်ဒဏ် အပြစ်ပေးတယ် ဆိုတဲ့ သဘောက အဲဒီလူ ရထား၊ ပိုင်ဆိုင်ထားတဲ့ မွေးရာပါ လွတ်လပ်ခွင့်ကို ဥပဒေအရ ရုပ်သိမ်းလိုက်တာပါ။ ဒါပေမယ့် တကယ်တော့ သူ့လွတ်လပ်ခွင့်ကိုသာ ရုတ်သိမ်းပြီး တခြား လူ့အခွင့်အရေးတွေကိုတော့ သူ့ကို ဆက်လက် ပေးထားရပါတယ်။ ဂုဏ်သိက္ခာအရ သူ့ကို လူတယောက်အဖြစ် ဆက်လက်ပြီး အသိအမှတ်ပြုတဲ့ သဘောပါ။

တကယ်တော့ ထောင်အပြစ်ဒဏ် ပေးတယ်ဆိုတာက ဥပဒေအရ သူ့လွတ်လပ်ခွင့်ကို အချိန် အတိုင်းအတာ တခုအထိ အသိအမှတ်မပြုတော့တာ၊ ရုတ်သိမ်းလိုက်တာသာ ဖြစ်ပြီး သူ့ကို လူအဖြစ် အသိအမှတ် မပြုတော့တာ၊ တိရိစ္ဆာန်ဘ၀ ကျေးကျွန်ဘ၀ ပို့လိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် န၀တ၊ နအဖ အကျဉ်းထောင်တွေမှာတော့ လွတ်လပ်ခွင့်ကို ရုတ်သိမ်းရုံနဲ့ အားမရဘဲ အကျဉ်းထောင် ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပြီး လူတွေကို ကျေးကျွန်ဘ၀၊ တိရိစ္ဆာန်ဘ၀ ရောက်အောင်၊ လူညွှန့်တုံး ဘ၀တုံးအောင် လုပ်နေကြတာပါ။

ဆက်ရန်…

Saturday, August 04, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၉)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

အင်းစိန်ထောင်ကနေ ထောက်လှမ်းရေး (၆) ကို ကျနော်တို့ ပြန်ရောက်တယ်။ ကျနော်တို့ ဆက်ပြီး အစစ်ခံရတယ်။ အမှုစစ်လို့ မပြီးခင် ကျနော်တို့ကို စစ်ခုံရုံးတင်တဲ့ ကိစ္စကို နောက်မှ ကျနော် နားလည်လာတယ်။ ကျနော်တို့ကို စစ်ခုံရုံးတင်တာက မေလ (၂၅)ရက်။ နောက် နှစ်ရက်အကြာ (၂၇)ရက် ဆိုရင် ရွေးကောက်ပွဲ စပြီ။ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရက ၀ါဒ ဖြန့်ချိရေး လုပ်ချင်တယ်။ တိုင်းပြည်ကို လိမ်ချင်တယ်။ `ABSDF သောင်းကျန်းသူ အဖွဲ့နဲ့ ပတ်သက်သူတွေ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အဖျက်လုပ်ငန်းတွေ လုပ်ဖို့၊ ပြည်သူတွေကို အထိတ်တလန့်တွေ ဖြစ်အောင်လုပ်ဖို့ ပြည်တွင်း ၀င်လာမှုကြီးကို ထောက်လှမ်းရေးက ကာကွယ်ပေးလိုက်နိုင်ခြင်း´ ပေါ့။ ဒါကြောင့် စစ်လို့ ဆေးလို့ မပြီးသေးဘဲနဲ့ ကျနော်တို့ကို စစ်ခုံရုံး တင်လိုက်တာ။

(၂၆)ရက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ကျနော်တို့ အကြောင်း အဲဒီအတိုင်း ထုတ်လွှင့်တယ်လို့ နောက်ပိုင်းမှာ သိရတယ်။ (မင်းကိုနိုင်ကို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေသူများ လို့ အဆစ် ထည့်ရေးထားလိုက်သေးတယ်။ တကယ် တတ်လည်း တတ်နိုင်တဲ့ လူတွေ။)

***

ထောက်လှမ်းရေး(၆) ပြန်ရောက်ပြီးတရက်လား၊ နှစ်ရက်လား အကြာမှ မမျှော်လင့်ဘဲ အောင်သူနဲ့ နှစ်ယောက်သား ပြန်ဆုံတယ်။ စစ်ခုံရုံးက ပြန်လာပြီးကတည်းက ကျနော့်မှာ အောင်သူ၊ ဝေလင်းနဲ့ ပတ်သက်ပြီး အမြဲလို စိတ်မချမ်းမသာ ဖြစ်နေတာ တခုရှိတယ်။ ကျနော်က သူတို့ထက် ထောင်ဒဏ် ပိုများရင်များ၊ ဒါမှမဟုတ် သူတို့က လျော့ရင်လျော့၊ ခုတော့ အဓိက တာဝန်ရှိတဲ့ ကျနော်ကလည်း ဆယ့်သုံးနှစ်။ သူတို့ကလည်း ဆယ့်သုံးနှစ် ဆိုပြီး ကျနော် စိတ်မကောင်းတာပါ။ ဒါကြောင့် ဆုံဆုံခြင်း ကျနော်က…

`အောင်သူ၊ ဆောရီးကွာ´

အောင်သူက…

`ဘာဖြစ်လို့လဲ´

`အောင်သူတို့ နှစ်ယောက်စလုံး ကိုယ်နဲ့ အတူတူ ထောင် ဆယ့်သုံးနှစ် ကျလို့ပါ´

`ဘယ်က ဆယ့်သုံးနှစ်လဲ´

`အောင်သူ ဘာကြောင်တာလဲ။ စစ်ခုံရုံးက ကိုယ်တို့ကို ချလိုက်တဲ့ ထောင်ဒဏ်ပေါ့´

`ခင်ဗျား ဘာကြောင်တာလဲ။ သုံးနှစ်ဟာကို´

`အောင်သူ ကြောင်နေပြီ´

ဒီအချိန်မှာပဲ ထောက်လှမ်းရေးက ကျနော်တို့ နှစ်ယောက်ကို လူခွဲလိုက်လို့ စကားပြတ်သွားတယ်။ ကျနော်လည်း အောင်သူ့ကို သနားပြီး ငေးကြည့်နေမိတယ်။ ထူးဆန်းတာက အောင်သူကလည်း ကျနော့်ကို သနားကြည့်နဲ့ ကြည့်တာပဲ။ အောင်သူ၊ အောင်သူ။

နောက် စိတ်ထဲ တမျိုးဖြစ်လာတာနဲ့ ကျနော့်ကို စစ်နေတဲ့ ထောက်လှမ်းရေးကို မေးကြည့်လိုက်တယ်။ ကျနော်တို့ကို ထောင် ဘယ်လောက် ချလိုက်တာလဲလို့။ သူကလည်း ကျနော့်ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ ပြီးတော့မှ ပြောတယ်။ သုံးနှစ် တဲ့။

ကျနော် လွတ်သွားသလိုပဲ။ (ကျနော်တို့ကို ချလိုက်တဲ့ ထောင်ဒဏ် နည်းသွားတယ်လို့ ထောက်လှမ်းရေးတွေက နောက်ပိုင်းမှာ ပြောပါတယ်။ ထောင်ဒဏ် နည်းသွားတာမှာ အဓိကကတော့ ကျနော်တို့ကို စစ်လို့ မပြီးမပြတ်သေးဘဲ စစ်ခုံရုံးကို ကမန်းကတန်း တင်လိုက်တဲ့ အချက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူတို့ကလည်း ရွေးကောက်ပွဲ မစခင် တိုင်းပြည်ကို သိပ် ၀ါဒဖြန့် ကြေညာချင်နေတာ မဟုတ်လား)။

နောက်ပိုင်း ကျနော့်ကို စစ်ဆေးမေးမြန်းရာမှာ ရိုက်နှက် ညှင်းပန်းတာ မရှိတော့ဘူး။ ညဘက် ပုံမှန်လောက် နီးနီး အိပ်ရတယ်။ ကျနော့်ကို အခန်းကျဉ်းလေး တခုမှာ ထားတယ်။ အခန်းကလည်း ကျဉ်းလွန်းလို့ တယောက်အိပ် ကုတင်တလုံး ချထားတာတောင် ဆန့်ရုံပဲ။ ကုတင်ကလည်း ပျဉ်ကြမ်းတွေကို ခပ်ကြမ်းကြမ်း ကျဲကျဲ ရိုက်ထားတာ။ အိပ်တော့ အခင်း မရှိဘူး။ ညည အိပ်ရတာ အဆင်မပြေဘူး။ သံခြေကျင်းတွေက ခြေထောက်မှာ တထွေးကြီး ဆိုတော့ သိပ် အနေရ ခက်တာပဲ။

ဒီကြားထဲ သံခြေကျင်းက ကွင်းတွေ အများကြီးဆိုတော့ ညဘက်အိပ်နေတုန်း၊ ကွင်းတကွင်းက ကုတင်ပျဉ်ပြား နှစ်ချပ်ကြားထဲ ညပ်ညပ်သွားတတ်တယ်။ အဲဒီအခါမျိုး လူက လှည့်လို့ မရတော့ဘဲ တုတ်နဲ့ ကန့်လန့်ခံထားသလို ဖြစ်ဖြစ်သွားတယ်။ ညပ်နေတဲ့ သံကွင်းတွေကို ပျဉ်ပြားကြားထဲက ခဏခဏ ပြန်ဆွဲထုတ်ရတာ ညဘက်ညဘက် အလုပ်တခု။ တခါတခါတော့လည်း ညပ်နေတဲ့ သံကွင်းတွေကို ဆွဲမထုတ်တော့ဘဲ သံခြေကျင်းကြီး (သံချေးတွေကလည်း ထူလဗျစ်နဲ့) ကို စိတ်ပျက်လက်ပျက်နဲ့ ကျနော် ထိုင်ငေးကြည့်နေတတ်တယ်။

အခန်းက ပြတင်းပေါက် မရှိဘဲ တံခါးမ တခုပဲ ရှိတယ်။ အခန်းတံခါးကို အပြင်ကနေ သော့ခတ်ပိတ်ထားပြီး တံခါးမှာ ခြောက်လက်မ ပတ်လည်လောက် ကျယ်မလား၊ အပေါက် တပေါက် ဖောက်ထားတယ်။ အပေါက်ကလေးကနေ ကြည့်လိုက်ရင် အစောင့်စစ်သားတွေ လမ်းလျှောက်နေတာ လှမ်းတွေ့ရတယ်။ အချိန်ကျရင် အဲဒီ အပေါက်ကလေးကနေ ပန်းကန်တချပ် သွင်းပေးတယ်။ ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း။ ကျနော်က သူတို့ ပေးတဲ့ ထမင်းကို မစားနိုင်ဘူး။ ထမင်းက မစားနိုင်လောက်အောင် ဆိုးလို့ မဟုတ်ပါဘူး။ ကျနော်ကိုက စားချင်စိတ် မရှိဖြစ်တာ။ ဒီလိုနဲ့ တမနက် စောစော။ ကျနော့် အခန်းတံခါး ခေါက်သံကြားပြီး ထပြီး ကြည့်တယ်။ အပေါက်ကလေးကနေ စစ်သားတယောက်က ကျနော့်ကို မျက်နှာအပ်ပြီး အမူအယာနဲ့ လှမ်းခေါ်တယ်။ ကျနော် ထသွားတော့ ပစ္စည်းတချို့ လှမ်းပေးတယ်။

အိုး။ နို့တခွက်၊ ပဲပြုတ်နံပြား၊ ကြက်ဥနှစ်လုံး။ ဘယ်လိုပါလိမ့်။ ကျနော် စိတ်ရှုပ်ထွေးသွားတယ်။ ဒီအချိန် ဘေးခန်းက အသံတသံ ထွက်လာတယ်။

`ကုန်အောင်စား။ စားချင်ချင် မစားချင်ချင်စား။ အားရှိအောင် စား´

အောင်သူ၊ အောင်သူ။ အောင်သူ့ အသံ။

`ကျနော် စီစဉ်လိုက်တာ´

သြော် သူငယ်ချင်း ရဲဘော်။

[နောက်မှ ကျနော်သိရတယ်။ အောင်သူက သူ့အခန်းကနေ ထမင်းစားပြီးလို့ အစောင့်က ပန်းကန်လာသိမ်းချိန်၊ သူ့အပေါက်ကလေးကနေ ကျနော့်ဘက် အခန်း လှမ်းလှမ်းကြည့်တဲ့ အခါ ကျနော့်အခန်းထဲက ထွက်လာတဲ့ ထမင်းပန်းကန်က ခြေရာလက်ရာ မပျက် ပြန်ပြန်ထွက်လာတယ်တဲ့။ ကျနော်နဲ့ တခါ လူချင်းတွေ့ရတုန်းကလည်း ကျနော့်ကြည့်ရတာ အခြေအနေက မဟန်ဘူး။ ဂရိုးဂယိုင်၊ မျက်တွင်းဟောက်ပက်၊ `လျှော´ များ သွားမလား လို့တောင် ကျနော့်ကို ထင်မိတယ်တဲ့။ သူတို့ထက် ကျနော်ပိုပြီး အကြမ်းပတမ်း အကိုင်ခံရတာကိုလည်း သူတို့ သိနေတယ်။ ဒါနဲ့ စိတ်ပူတာနဲ့ ထောက်လှမ်းရေး မတွေ့လို့ ကျန်နေတဲ့ သူ့အိပ်ထဲက ပိုက်ဆံ။ ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး။ အဲဒါနဲ့ အစောင့်ကို စည်းရုံးတယ်။ ပိုက်ဆံပေးတယ်။ ဒါနဲ့ အစောင့်က အခုလို စားစရာတွေ ၀ယ်ပေးတာ။ ကျနော် အဲဒီလိုမျိုး သုံးမနက်လောက် စားလိုက်ရတယ်။]

ထောက်လှမ်းရေး(၆) မှာ ကျနော်တို့ တပတ်ထပ်နေရတယ်။ ထောင်ကို ပို့ခါနီး နှစ်ရက် သုံးရက်အလိုမှာ ကျနော့်ကို မေးခွန်းတွေ လုံးဝ မမေးတော့ဘူး။ ကျနော့် အဖြေတွေ အပေါ်မှာ အထက်လူကြီးတွေက မရှင်းရင် ပြန်မေးချင်လို့၊ ကျနော်တို့ကို ထောင်မပို့သေးတာတဲ့။

ဒီအတွင်းမှာပဲ ထောက်လှမ်းရေး ပုဂ္ဂိုလ်တယောက်က ကျနော့်ကို `လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ မင်းအမြင်နဲ့ မင်းယုံကြည်တာတွေ ရေးပေးပါ။ လွတ်လွတ်လပ်လပ် ရေးပါ။ အဲဒီအတွက် အရေး မယူပါဘူး´ ဆိုပြီး ပြောလာတယ်။ ကျနော် စဉ်းစားတယ်။ အရေးမယူပါဘူး ဆိုတဲ့ သူတို့ ကတိစကား ကျနော် မယုံဘူး။ သူတို့ကို ကျနော် လုံးဝ စိတ်မချဘူး။ ဒါပေမယ့် ဘာလို့မှန်း မသိဘူး။ ကျနော် ရေးချင်နေတယ်။ နောက် ပြဿနာ နောက် ကြည့်ရှင်း။ ဒါနဲ့ ကျနော် ရေးတယ်။ ကျနော့်မှာ ရေးစရာတွေ အများကြီး ရှိတယ် ထင်တယ်။ ဒီတော့ လွတ်လွတ်လပ်လပ်ကို ကျနော် ရေးတယ်။

ကျနော့် ယုံကြည်ချက်က ဘာမှ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါ့အပြင် ကျနော့် ယုံကြည်ချက်မှာ သူများကို ဖျက်ဆီးပစ်ဖို့ မပါဘူး။ မတူသူတွေ၊ ဆန့်ကျင်သူတွေကို ရှင်းပစ်ဖို့ မပါဘူး။ ရက်စက်ပစ်ဖို့ မပါဘူး။ ကျနော့် ကိုယ်ကျိုးစီးပွား မပါဘူး။ လူသားချင်း အမုန်းစိတ် မပါဘူး။ ကျေနာ် ညှင်းပန်းနှိပ်စက် ခံထားရတဲ့ အတွက် ဆိုပြီး အညှိုး အာဃာတ ထားတာမျိုး မပါဘူး။ ဒါကြောင့် ကျနော် ယုံကြည်တဲ့ နိုင်ငံရေး အကြောင်း ကျနော် ရေးတယ်။ ပြီးတော့ ပေးလိုက်တယ်။ သူတို့က ကျနော် ရေးတာကို လက်မှတ်ထိုးခိုင်းတယ်။ ထိုးပေးလိုက်တယ်။

ဒီလိုနဲ့ တရက်မှာ ကျနော့်ကို လေးဘီးဆလွန်းကားလေး တစီးနဲ့ လာခေါ်ထုတ်တယ်။ ခေါင်းစွပ်စွပ်တယ်။ ကားကို ဟိုကွေ့မောင်း ဒီကွေ့မောင်း လုပ်တယ်။ အမှန်က ဒီဝင်း တ၀င်းထဲပါပဲ။ နောက်တော့ ကားပေါ်က ဆင်းခိုင်း၊ တယောက်က တွဲပြီး အခန်းတခန်းထဲ ထည့်၊ တယောက်ကတွဲပြီး အခန်းတခန်းထဲထည့်။ ခေါင်းစွပ်ချွတ်ပေး၊ လက်တဖက်စီကို လက်ထိပ်နှစ်ခုနဲ့ ကုလားထိုင် လက်တန်းနှစ်ခုမှာ ခတ်။ ကျနော် စိတ်ပူသွားတယ်။ အခုလို လက်ထိပ် နှစ်ခုနဲ့ တခါမှ အခတ် မခံရဖူးဘူး။ အင်း။ နောက်တကြိမ် ဇာတ်လမ်း ပြန်စပြီ ထင်ပါရဲ့။ ကျနော် ရေးပေးလိုက်တဲ့ စာရွက်စာတမ်း ကိစ္စနဲ့များ ဆိုင်နေလား။ ဒါမှမဟုတ် နောက်ထပ် ဘာပြဿနာ ပေါ်လာပြန်လဲ။ မနေနိုင်တဲ့ အဆုံး ကျနော့်ကို လက်ထိပ်ခတ်သူ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးကို မေးကြည့်တယ်။

`ကျနော့်ကို ဘာလုပ်မလို့လဲ´

သူက ပြုံးပြတယ်။

`ဘာမှ မလုပ်ပါဘူး။ လူကြီးက မင်းကို တွေ့ချင်လို့´

လူကြီးတဲ့။ ဘယ်သူပါလိမ့်။ ဗိုလ်ခင်ညွှန့်များလား။

သုံးနာရီလောက် ကြာအောင် အဲဒီလို ထိုင်နေရတယ်။ ပြီးတော့မှ တံခါးဖွင့်သံ ကြားရတယ်။ စောစောက ဗိုလ်ကြီး။ (အရပ်ဝတ် ၀တ်ထားတော့ ဗိုလ်ကြီးဆိုတာ နောက်မှ သိရတာပါ)။

`အစီအစဉ် ပြောင်းသွားတယ်။ လူကြီး မလာတော့ဘူး။´

ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ အခန်း ပြန်ပို့တယ်။

နောက်တရက်မှာတော့ ကျနော်တို့ကို အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ထောင်ထဲရောက်တော့ လက်ထိပ်ဖြုတ်၊ သံခြေကျင်းဖြုတ်၊ တိုက်နံပါတ်(၅)၊ အခန်းနံပါတ် (၄)။

***

အဲဒီနေ့ ကျနော် အပျော်ဆုံးနေ့ပေါ့။

တကယ်ပဲ ထောက်လှမ်းရေး လက်က လွတ်ပြီ။ ငရဲခန်းက လွတ်ပြီ။ လူမဆန်မှုတွေ၊ ရိုင်းစိုင်းမှုတွေ၊ ရက်စက်မှုတွေ၊ နာကျင်မှုတွေ၊ မအိပ်ရမှုတွေ၊ ဆာလောင်မှုတွေ၊ ဒလစပ် မေးခွန်းတွေ၊ ဂယောင်ချောက်ချားတွေ၊ သံသယတွေ၊ အဖော်ကင်းမဲ့မှုတွေ၊ အားငယ်ရမှုတွေ၊ စိတ်ထိခိုက်ရမှုတွေ၊ အခြားရဲဘော်တွေရဲ့ နာနာကျင်ကျင် စူးစူးဝါးဝါး အသံကုန်ခြစ်ပြီး အော်ဟစ် ညည်းတွားလိုက်တဲ့ အသံတွေ…။ အားလုံးကနေ ကျနော် လွတ်ပြီ။

(ဒါပေမယ့် အဲဒီထက် ပိုမိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ထောင်ထဲက စောင့်နေတယ် ဆိုတာကိုတော့ အဲဒီတုန်းက ကျနော် မသိခဲ့ဘူးပေါ့။)

ဆက်ရန်…

(ဒီနေရာမှာ ကျနော် စကားနည်းနည်း ဖြတ်ပြောပါမယ်ခင်ဗျာ။ အခု ကိုဝင်းနိုင်ဦးရဲ့ မှတ်တမ်းကို တင်တာ မှတ်တမ်း-၁ အပိုင်း ဒီမှာတင် ပြီးပါပြီ။ မှတ်တမ်း-၂ နဲ့ မှတ်တမ်း-၃ ရှိပါသေးတယ်။ မှတ်တမ်း-၂ မှာကတော့ သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံ မှတ်တမ်းတွေပါ။ အပိုင်း ၂၄ ပိုင်း တင်ရပါမယ်။ မှတ်တမ်း-၃ မှာကတော့ လေးပိုင်းပါ။ ကျနော် ပြီးအောင် ဆက်တင်သွားပါမယ်။ စောင့်မျှော်ဖတ်ရှုသူများရှိနေတာဟာ ကျနော် စာရိုက်ပြီး တင်ဖို့ အားဆေးပါပဲ။

တကယ်တော့ စာရိုက်ပြီး တင်ပေးရတာလေးကို အားဆေးလို့ ပြောလိုက်ရတာကိုက စိတ်တော့ တယ် မသန့်လှပါဘူး။ တကယ်ခံခဲ့ရတာက ကျနော်တို့ နောင်တော်တွေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အဲဒီ အဖြစ်သနစ်တွေကို အခု ကျနော့် ဘလော့ဂ်ကို လာကြည့်မိတဲ့ တယောက်တလေက တဆင့် ဖတ်ခွင့်မရတဲ့၊ ဖတ်ခွင့်မကြုံလိုက်တဲ့ သူငယ်ချင်းတွေ သိလိုက် ဖတ်လိုက်ရတယ်ဆိုတဲ့ အသိ တခုတည်းနဲ့ ကျနော် ပြီးအောင် ရိုက်ပြီး တင်ပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်)

Friday, August 03, 2007

ငါ…ပြိုင်ပွဲ

ဟောဒီမှာ…ငါ
င ရေးချ ငါချင်းအတူတူ
သိပ်ထူးခြားချင်သေးတော့
အောက်ကမြစ်ပါ ဖြည့်ပြီး ပေါင်းလိုက်မယ်
ငါ့ ငါ…။

အလို…
ဟိုးတဘက်မှာလဲ ငါတွေပါလား
ဒါပေမယ့်
အဲဒါတွေက သူ့ငါ
သူ့ငါက သူ့ငါ
ငါ့ငါနဲ့ သူ့ငါ တခြားစီ…။

ငါ့ငါမှာ ငါတချို့ပေါင်းတော့ ငါတို့…
ငါတို့တွေထဲမှာမှ
ငါဖြူ၊ ငါနီ၊ ငါပြာ၊ ငါဝါ
ငါကြီး၊ ငါလတ်၊ ငါငယ်၊ ငါပေါက်စ
ငါဝါရင့်၊ ငါဝါနု၊ ငါတက်သစ်စ၊ ငါမအူမလည်
အရောင်စုံ အရွယ်စုံလိုက်တဲ့ ငါတွေ..။

ငါတို့ထဲက ငါတွေက
တခါတလေမှာ ညီညွှတ်
တခါတလေတော့ အပီခွပ်
ငါ့ငါကမှ ငါ၊ ငါ့ငါနဲ့ ပေါင်းမှ ငါ
င့ါငါကို ငါ့ငါကထောက်ခံမှ ငါ
အို… တချက်တချက်များ
င့ါငါတွေ အချင်းချင်းထိခတ်ကုန်တာ
ငါမီးတွေ ဟုန်းဟုန်းတောက်ကြတော့
ဟိုးတဘက်က
သူ့ငါတွေက စောင့်ကြည့်
ငါ့ငါတွေကို
ဟားတိုက်နေပါရောလား…။

မိုးဝေးက သူ့ငါထဲ
ရှရာပိုဗာထည့်ထားသတဲ့
ငါ့ငါတွေကတော့ ရှာရာပိုဗာတင်မက
နီကိုးလ်ကစ်ဒ်မင်းရော
အင်ဂျလီနာဂျိုလီရော
လီယိုနာဒိုလဲ ပါလို့
ဟော…
တခါတလေကျတော့
ငါ့ငါတွေထဲ
တက်ညီလက်ညီနဲ့
ယက္ခတွေ ကုမ္ဘာန်တွေတောင် ပါလိုက်သေး…။

တကယ်တော့…။
ဘယ်သူ့ငါထဲ ဘယ်ငါပဲပေါင်းပေါင်း
သူ့ငါက ဘာဖြစ်ဖြစ် ငါ့ငါက ဘာညစ်ညစ်
ငါတွေကွဲချင်ကွဲ ခွဲချင်ခွဲ
သူသူငါငါ သူ့ငါနဲ့ ငါ့ငါ
ငါနဲ့ င့ါငါ ငါပေါင်းများစွာ

နောက်ဆုံးတော့…
သူ့ငါလည်း သူ့ငါ
ငါ့ငါလည်း ငါ့ငါ
ငါ…
ငါ...
ငါ… နဲ့
ဟူး…
ငါလှိုင်းတွေ ထန်လိုက်ပါဘိတော့…။


ကလိုစေးထူး

Thursday, August 02, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၈)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောက်လှမ်းရေး တယောက်က နောက်တယောက်ကို လက်ညှိုး ထိုးပြတယ်။ ကျနော်လည်း သူ လက်ညှိုး ထိုးပြတဲ့ နေရာ လိုက်ကြည့်မိတယ်။ ထောင်ကျ အကျဉ်းသားတွေ။ အပေါ်အောက် ထောင်ဝတ်စုံ အဖြူတွေနဲ့။ လားလား။ ခြေထောက်တွေမှာက အားလုံး သံခြေကျင်းကြီးတွေနဲ့ပါလား။ ခေါင်းပေါ်မှာက ခမောက် ကိုယ်စီနဲ့။

`ဟားဟား။ နောက်ဆုံးတော့ ခမောက်တွေ ဒီဘ၀ ရောက်သွားမှာပေါ့ကွာ´

ထောက်လှမ်းရေး တယောက်က မဲ့ရွဲ့ပြီး ပြောတယ်။

သူတို့စကားအရ ဆိုရင် သူတို့ ပြောပြောနေတဲ့ `တပ်မတော်က ရွေးကောက်ပွဲမှာ ကြားနေပါ့မယ်။ ပြည်သူ ရွေးကောက်လိုက်တဲ့ အစိုးရကို အာဏာလွှဲပေးမယ်´ ဆိုတဲ့ စကားတွေက ဘာတွေလဲ။ သူတို့ ဖြစ်စေချင်တာက ခမောက်တွေ၊ ဒီမိုကရေစီ လိုလားသူတွေကို ထောင်ထဲ ပို့ထားချင်နေတာ ဖြစ်မနေဘူးလား။ ဒီစိတ်ထားနဲ့ ရှေ့ ဘယ်လို ဆက်လုပ်ကြမလဲ။

အကျဉ်းသားအုပ်ကြီးကို ကျနော် ငေးကြည့်နေမိတယ်။ လေးငါးခြောက်ဆယ်လောက် ရှိမယ်။ သူတို့ အုပ်စုကြီး ခြေလှမ်းလိုက်တိုင်း ခြေကျင်းသံတွေက တဂျွမ်းဂျွမ်း။ ကျနော်ပဲ အားနည်းနေလို့လား။ ခြစ်ခြစ်တောက် ပူနေတဲ့ မေလ နေအောက်က ချွေးတွေ ရွှဲနစ်နေတဲ့ အကျဉ်းသားတွေကို ကြည့်ရင်း ကျနော့်ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာတယ်။ ကျနော်တို့က တိရိစ္ဆာန်တွေကို ကြိုးတွေနဲ့ချည်၊ ခြံတွေထဲ လှောင်ပိတ်။ အဲဒီ တိရိစ္ဆာန်တွေလိုပဲ ကျနော်တို့လို လူသားတွေလည်း သံခြေကျင်းတွေနဲ့ခတ်၊ လှောင်ပိတ်တာ ခံကြရ။ ဒါပေမယ့် လူတွေကို ချုပ်နှောင်နေသူတွေက လူတွေပဲ ဖြစ်နေပြန်တယ်။

နှစ်နာရီလောက် အကြာမှာတော့ SB ဌာနကနေ ကျနော်တို့ကား ပြန် မောင်းထွက်လာပြီး နောက်ထပ် အဆောက်အဦ တခုရှေ့ကို ရောက်သွားတယ်။ မေးကြည့်တော့ စစ်ခုံရုံးတဲ့။ စစ်ခုံရုံး။ ကျနော်တို့ကို စစ်ခုံရုံး တင်ပြီပဲ။ ဘာတွေ ဖြစ်လာဦးမလဲ။

***

အထဲဝင်လိုက်တော့ အဆောက်အဦက အကြီးကြီး။ အကျယ်ကြီး။ ဘေးတဘက်တချက်မှာ စစ်သားတချို့ အဆင်သင့် ရပ်နေတာ တွေ့ရတယ်။ တယောက်က ကျနော်တို့ သုံးယောက်ကို စင်မြင့်ရှေ့က ခုံတန်းတခုမှာ ထိုင်ခိုင်းတယ်။ `တရားသူကြီးတွေ စင်ပေါ် တက်လာရင် မတ်တပ် ရပ်ပေးရမယ်´ လို့ သူက ပြောတယ်။ ကျနော်တို့လဲ ခုံတန်းပေါ်မှာ သုံးယောက် ယှဉ်ပြီး ထိုင်လိုက်ကြတယ်။

`တရားသူကြီးမင်းများ ကြွရောက်လာပါပြီ´

ခဏအကြာမှာ တယောက်က အသံကုန် အော်လိုက်တယ်။ ကျနော်လည်း စိတ်လှုပ်ရှားရင်း စင်ပေါ် ကြည့်နေတယ်။

`ဒုံး´ `ဒုံး´ `ဒုံး´

စင်ပေါ်ကို တရားသူကြီးတွေ တက်လာကြတာ။ အားလုံး သုံးယောက်။ ကြည်း၊ရေ၊လေက အရာရှိကြီးတွေ။ ယူနီဖောင်းတွေက တောက်တောက်ပြောင်ပြောင်။ ဇာတ်ထဲကလို ဟန်ပါပါနဲ့ စစ်ဖိနပ်တွေကို ဆောင့်ဆောင့်နင်းပြီး စင်ပေါ်ကို တက်လာကြတာ။ တမင် အသံမြည်အောင် ဆောင့်နင်းပုံလည်း ရတယ်။ နောက် စင်မြင့်ပေါ်က စားပွဲ အမြင့်ကြီးနောက်မှာ သူတို့ ထိုင်လိုက်ကြတည်။ သူတို့ အားလုံး မျက်နှာထားကြီးတွေ ခပ်တင်းတင်းနဲ့။ တမင် ဟန်လုပ် တင်းထားတာလို့ ကျနော့်စိတ်ထဲ ထင်နေတယ်။ သူတို့ရှေ့ စားပွဲ အမြင့်ကြီးပေါ်က ရွှေကလာပ်တခု။ ကလာပ်ထဲမှာက ရွှေရောင်အဖုံးနဲ့ စာအုပ်ကြီးတအုပ်။ ကျမ်းစာအုပ်ကြီး ဆိုတာနဲ့ တူပါရဲ့။

တရာသူကြီးတွေ ထိုင်ပြီးချိန်မှာတော့ SB ဌာနက ပါလာတဲ့ လူတယောက်က ကျနော်တို့ သုံးယောက်အပေါ် စွဲချက် တင်ပါတော့တယ်။ ပထမဆုံး အောင်သူ၊ နောက် ဝေလင်း၊ ဘိတ်ဆုံးက ကျနော်။ စွဲချက်တွေကို ကျနော် နားထောင်နေတယ်။

ဟာ။ အောင်သူ့ စွဲချက်ကိုပဲ ဖတ်ဖတ်၊ ဝေလင်း စွဲချက်ကိုပဲ ဖတ်ဖတ်၊ ကျနော့်နာမည်ချည့်ပါလား။ ၀င်းနိုင်ဦးက၊ ၀င်းနိုင်ဦးသည်၊ ၀င်းနိုင်ဦးဟာ၊ ၀င်းနိုင်ဦးက တဆင့်၊ ၀င်းနိုင်ဦးရဲ့ မှာကြားချက်အရ၊ ၀င်းနိုင်ဦးရဲ့ ခိုင်းစေချက်အရ၊ ၀င်းနိုင်ဦး၊ ၀င်းနိုင်ဦး…။

ကျနော့်နာမည်တွေ တန်းစီနေတယ်။ ကိုယ့်နာမည်ကိုယ် ကြားနေရတာပဲ သည်းမခံနိုင်အောင် နားထဲ အူလာတယ်။ နားထဲ ပေါက်ကွဲမတတ် ကျယ်လောင်လွန်းတယ်။ တခန်းလုံး ကျနော့်နာမည်နဲ့ ပြည့်နေတယ်။ နာမည်ထဲမှာ လူက နစ်မြုပ်သွားသလို ခံစားရပြီး မွန်းကျပ်လာတယ်။ ဒီကောင်တွေ သက်သက် ပုံကြီးချဲ့နေတာ။ အမှု မလေး လေးအောင် လုပ်နေတာ။ သေဒဏ်များ ချမလို့လား။ မဖြစ်နိုင်ပါဘူး။ အနှစ်နှစ်ဆယ်လား။ စွဲချက်တွေကို နားထောင်ကြည့်တော့ သူတို့ စွဲချက်မှာ ကျနော် တကယ်မလုပ်ခဲ့တာ၊ မဖြစ်ခဲ့တာ၊ မပြောခဲ့တာတွေ ပါနေတယ်။ ဘာလို့ လိမ်တာလဲ။ ပြီးတော့ စွဲချက်တွေကလည်း ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက်။ ကဘောက်တိ ကဘောက်ချာ။ တချို့ အချက်တွေဆို သူတို့မို့ မရှက်တယ်။

ပြောမယ်ဆို ကျနော်တို့က တရားမျှတမှုအတွက် လုပ်တယ်။ သူတို့ကလည်း တရားမျှတမှုအတွက် လုပ်တယ်လို့ ပြောတယ်။ ပြောပါ။ ဒါဆို ဘာလို့ ကျမ်းစာအုပ်ကြီး ရှေ့မှာ မဟုတ်တမ်းတရားတွေ သူတို့ လုပ်နေရတာလဲ။ ပြောရတာလဲ။ သူတို့ ယုံကြည်တဲ့ အမှန်တရားနဲ့ တရားမျှတမှု ဆိုတာက ဘာလဲ။ သေချာတာက ဘယ်ကိစ္စမဆို သူတို့ လုပ်သလိုမျိုး ကျနော်တို့ မလုပ်ဘူး။ တရားမျှတမှုကို လိုလားပါတယ်ဆိုပြီး လူတွေကို မတရားသဖြင့် ကျနော်တို့ မယုတ်မာဘူး။ မရက်စက်ဘူး။ မညှင်းပမ်းဘူး။ အနိုင်မကျင့်ဘူး။

ကျနော်လည်း သူတို့ လုပ်ချင်တာတွေ လုပ်နေတာကို စိတ်ပျက်လက်ပျက်ကြီး ကြည့်နေမိတယ်။ စစ်ခုံရုံး အခင်းအကျင်းကို ကြည့်ပြီး ကျနော်နားလည်လိုက်တာက (တခြားလူတွေလည်း ကျနော့်လိုပဲ နေကြမှာပါ။) စစ်အစိုးရရဲ့ တရားဥပဒေဆိုတာ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မဟုတ်ဘူး။ ကိုယ့်ကို ဆန့်ကျင်သူကို ဖျက်ဆီးပစ်ဖို့ အတွက် လက်နက်သက်သက်ပဲ ဆိုတာပါ။ ဒါကို ကျနော် အရင်က သိခဲ့ပြီးသား ဆိုပေမယ့် အခုလို တရားရုံး အခင်းအကျင်းရှေ့မှာ ခံစားရတာမျိုးလောက် မလေးနက်ခဲ့ဘူး။ တကယ်တော့ တရားဥပဒေ ဆိုတာက သူတို့ ပါးစပ်ထဲမှာ ရှိနေတာ၊ သူတို့ အကျိုးစီးပွားနဲ့ သူတို့ အမုန်းတရားအောက်မှာ ရှိနေတာ မဟုတ်လား။

SB က အဲဒီလို တဘက်သတ် စွဲချက်တင်ပြီး စစ်ခုံရုံးကို ခဏ ရပ်နားလိုက်တယ်။ ဆယ့်ငါးမိနစ်လောက် အကြာမှာ စစ်ခုံရုံး ပြန်ဖွင့်တယ်။ တရားသူကြီးတွေ စီရင်ချက် ချမယ်တဲ့။ ကျနော် နားစွင့်နေတယ်။

`စွဲချက်အရ ပြစ်မှုထင်ရှားသဖြင့်… တရားခံ အောင်သူ၊ ဝေလင်း၊ ၀င်းနိုင်ဦးတို့အား ထောင်ဒဏ်…´

အလို။ `၁၃နှစ်´ တဲ့။ ကျနော့်စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တော်တော် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဒါနဲ့ အောင်သူနဲ့ ဝေလင်းဘက်ကို လှည့်ပြီး ရယ်ပြလိုက်တယ်။ သူတို့ကလည်း ကျနော့်ကို ပြန် ရယ်ပြတယ်။

အစအဆုံး စစ်ခုံရုံး နာရီဝက် ကျော်ကျော်လောက်ပဲ ကြာမယ်ထင်တယ်။ ဟုတ်တယ်။ အဲဒီလောက်ပဲ။ လူသုံးယောက်ရဲ့ ကံကြမ္မာ တခုလုံးကို စဉ်းစား ဆုံးဖြတ်ဖို့က အချိန် သိပ်မလိုပါဘူး။ နာရီဝက်ပါပဲ။

***

စစ်ခုံရုံး ရုတ်သိမ်းလိုက်တယ်။ နောက် ကျနော်တို့ကို တနေရာ ခေါ်သွားတယ်။ အင်းစိန်ထောင်ထဲ။ (စစ်ခုံရုံးက အင်းစိန် ထောင်ရှေ့ ကပ်လျက်မှာ ဖွင့်ထားတာပါ။) ကျနော်တို့ကို ထောင်ထဲ ပို့လိုက်ပြီပဲ။ ထောင်မှာ မှတ်ပုံတင် စာရင်းသွင်းတယ်။ ထောင်နံပါတ် ပေးတယ်။ ၀င်းနိုင်ဦး။ အကျဉ်းသား နံပါတ် ၄၀၀၁/စီ။

ထောက်လှမ်းရေးက `ကျနော်တို့ကို ထောင်မှာ စာရင်းသွင်းပြီးရင် ပြန်ခေါ်သွားမယ်။ စစ်ဆေးစရာတွေ ကျန်သေးတယ်´ တဲ့။ ပြဿနာပဲ။ စစ်စရာ ကျန်သေးတယ်တဲ့။ (ကျန်ရင် ဘာလို့ စစ်ခုံရုံး တင်လဲ။) ဒီမှာတင် ထောင်အရာရှိတွေနဲ့ ထောက်လှမ်းရေးတွေ စကားများတော့တာပဲ။ ထောင်က လက်မခံဘူး။ စာရင်းသွင်းပြီးသား အကျဉ်းသားကို ထောင်ဥပဒေအရ အပြင်ခေါ်ထုတ်သွားခွင့် မရှိဘူးတဲ့။ ထောက်လှမ်းရေးကလည်း ခေါ်မယ်ပဲ။ နောက်ဆုံး ထောင်က မလျှော့တာနဲ့ ထောက်လှမ်းရေးတွေ စိတ်ဆိုးပြီး ဖုန်းဆက်တယ်။ အကြီးအကဲတွေဆီ။ နောက်ဆုံးတော့ ထောင်က လက်လျှော့ပြီး ကျနော်တို့ကို ထောက်လှမ်းရေးကို ပြန်ခေါ်သွားခွင့် ပေးလိုက်ရတယ်။

ဒါပေမယ့် ထောက်လှမ်းရေး လက်ထဲ ချက်ချင်း ထည့်မပေးဘဲ ထောင်အရာရှိတွေက ကျနော်တို့ သုံးယောက်ကို တနေရာ ခေါ်သွားပြီး သုံးယောက်စလုံးကို သံခြေကျင်းတွေ ခတ်ပါတော့တယ်။ ခြေကျင်းတွေက တအားလေးတာပဲ။ ဘာလို့ အခုလို ခြေကျင်းခတ်တာပါလိမ့်။ `မှတ်ပုံတင်ထားပြီးတဲ့ အကျဉ်းသား တဦးဦးကို ခြေကျင်းမခတ်ဘဲ ထောင်အပြင် ခေါ်ထုတ် မသွားရဘူး ဆိုတဲ့ ထောင်ဥပဒေ ရှိတယ်။ ဒါကြောင့် ခြေကျင်းခတ်တာ´ တဲ့။

အမှန်ဆို ကျနော်တို့ကို ခြေကျင်းခတ်စရာ မလိုပါဘူး။ ကျနော်တို့မှာ လက်ထိပ်နဲ့၊ အနီးကပ် လက်နက်ကိုင် အစောင့်နဲ့။ ကျနော်တို့ ဘယ်လိုမှ ထွက်မပြေးနိုင်တာ သူတို့ အသိပါ။ အမှန်ကတော့ ထောက်လှမ်းရေးတွေ မောက်မာတာကို ထောင်အရာရှိတွေက မကြိုက်လို့ အခုလို ခြေကျင်းခတ်တာပါ။ ခံရတာက ကျနော်တို့။ (ဒီလိုမျိုး ထောင်ထုံးစံဖျက်ပြီး ထောင်မှာ မှတ်ပုံတင်ပြီးတော့မှ ထောက်လှမ်းရေး စခန်းကို ပြန်ခေါ်သွားတာမျိုး အဲဒီအချိန်ထိ ကျနော်တို့ ကိစ္စတခုတည်းပဲ ရှိတယ်တဲ့)။ ခြေကျင်းခတ်လိုက်တော့ စောစောက SB ရုံးရှေ့ ကားပေါ်က မြင်လိုက်ရတဲ့ ခြေကျင်းခတ် အကျဉ်းသားအုပ်ကြီးကို ကျနော့် မျက်လုံးထဲ ပြေးမြင်မိတယ်။ ကြည့်စမ်း။ ဘာမှ မကြာသေးဘူး။ ကျနော်တို့လည်း သူတို့လို ဖြစ်သွားပြီ။

တကယ်တော့ ကျနော်တို့ကို သံခြေကျင်း ခတ်လိုက်သူတွေ၊ သံခြေကျင်း ခတ်မိန့်ပေးသူတွေဟာ ကျနော်တို့ထက် အသိဥာဏ် ကြီးမြင့်သူတွေ၊ ကျနော်တို့ထက် ယဉ်ကျေးမှု မြင့်သူတွေ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် ဘယ်လိုနည်းနဲ့ တွက်တွက်၊ ကျနော်တို့ထက် အသိဥာဏ်အရာမှာရော၊ ယဉ်ကျေးမှု အရာမှာပါ အများကြီး နိမ့်ကျသူတွေ ဖြစ်နေတာပါ။

ဒီလိုနဲ့ ကျနော်တို့ ထောင်ထဲကနေ ပြန် ထွက်လာကြပြန်ပါရော။ ထောင်ဗူးဝက အထွက်။ ဗူးဝမှာ ထောင်ဝင်စာတွေ့ဖို့ ရောက်နေကြတဲ့ လူတွေကို တွေ့ရတယ်။ အများကြီး။ ကျနော်တို့ ထွက်လာတော့ သူတို့ ၀ိုင်းကြည့်နေကြတယ်။ ကျနော်တို့က လက်ထိပ်ရော သံခြေကျင်းကြီးတွေနဲ့ပါ ဆိုတော့ ကျနော်တို့ကို တော်တော်ဆိုးသွမ်းတဲ့ ရာဇ၀တ်ကောင်တွေ၊ ရာဇ၀င်လူဆိုးတွေလို့ ထင်နေရှာကြတယ် ထင်ပါရဲ့။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျနော်တို့ ရာဇ၀တ်ကောင် လူဆိုးတွေ မဟုတ်ရပါဘူး။ ကျနော်တို့ ကျောင်းသားတွေပါ။ ခင်ဗျားတို့ မုန်းတီးတဲ့ စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေပါ။ လွတ်လပ်မှု၊ တရားမျှတမှုကို လိုလားတောင်းဆိုလို့ အခုလို မတရား သဖြင့် အဖမ်းခံနေရသူတွေ၊ မတရားသဖြင့် အဆက်ဆံ ခံနေရသူတွေပါ။ ကျနော် အဲဒီလို ပြောပြချင်လိုက်တာ။

`ဟဲ့ ကျောင်းသားတွေတဲ့ ဟဲ့။ ကျောင်းသားတွေတဲ့´

လူအုပ်ကြီးကို ဖြတ်ကျော်မိချိန်မှာတော့ အမျိုးသမီး တယောက်ရဲ့ အသံထွက်လာတာ ကြားလိုက်ရတယ်။

ကျနော် တော်တော် ပျော်သွားတယ်။ ကျနော် ဆင်းရဲ ပင်ပန်းသမျှတွေ ပျောက်သွားတယ်။ ခွန်အားတွေ ချက်ချင်း စီးဝင်လာသလိုပဲ။ နွေးလာတယ်။ လူအုပ်ကြီးဘက် နောက်ဘက် ပြန်လှည့်ပြီး ကျနော် အားရပါးရ ပြုံးပြလိုက်တယ်။ လက်ဝှေ့ယမ်းပြလိုက်တယ်။ လူအုပ်ကြီးက ကျနော်တို့ဘက် အတင်း တိုးဝှေ့လာတယ်။

ထောက်လှမ်းရေးတွေက `မြန်မြန် မြန်မြန်´ ဆိုပြီး ကျနော်တို့ကို ကားဆီ အတင်း ဆွဲခေါ်သွားတော့တယ်။ (နောက်မှ သိရတာက ခုနက အော်လိုက်တဲ့ အမျိုးသမီးနားက ဖြတ်လာချိန်မှာ အတူပါလာတဲ့ ထောက်လှမ်းရေးအလစ်၊ အောင်သူက `ကျနော်တို့ ကျောင်းသားတွေပါ´ လို့ မသိမသာ ကပ်ပြောခဲ့တာတဲ့)။

ဆက်ရန်…