Sunday, August 05, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မှတ်တမ်း(၂)

လွတ်လပ်မှုနှင့် အကျဉ်းထောင်

နိဒါန်း

လွတ်လပ်မှုနဲ့ အကျဉ်းထောင်

န၀တ၊ နအဖခေတ် အကျဉ်းထောင်တွေထဲ နိုင်ငံရေးမှုနဲ့ ထောင်ကျခံနေရသူတွေထဲမှာ ငယ်ရွယ်သူ ကျောင်းသား ကျောင်းသူတွေ ပါဝင်သလို မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့သူ လေးစားကြည်ညိုဖွယ် နိုင်ငံရေးသမား ရင့်မာကြီးတွေ၊ ထိပ်တန်း ပညာရှင်တွေလည်း ပါဝင်ကြပါတယ်။ ထူးခြားတာကတော့ ရဟန်းသံဃာတွေ၊ ခလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါဝင်ကြတာပါ။ အဲဒီထဲကမှ စာရေးဆရာ မောင်သော်ကတို့၊ ဦးခင်မောင်မြင့်တို့၊ ဦးတင်မောင်ဝင်းတို့ ခရမ်းဦးစိန်ဝင်းတို့ အပါအ၀င် လူ့အဖိုးတန် အများအပြားလည်း ထောင်ထဲမှာပဲ မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရပါပြီ။

သူတို့ဟာ မတရားသဖြင့် အကျဉ်းချခံနေကြရပြီး တခါ အကျဉ်းထောင်ထဲမှာလည်း မတရားသဖြင့် ဆိုးဆိုးဝါးဝါး အနိုင်ကျင့် အဆက်ဆံ ခံကြရပြန်ပါတယ်။ အခုလို သူတို့ အကျဉ်းချ ခံနေရတာဟာ ဘယ်သူ့ကိုမှ ရမ်းကားစော်ကား ထိပါးခဲ့လို့၊ ဘယ်ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့ကြလို့ မဟုတ်ဘဲ လွတ်လပ်မှုနဲ့ တရားမျှတမှုကို တောင်းဆိုခဲ့ကြလို့သာ ဖြစ်ပါတယ်။ တကယ်တော့ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ လက်မခံနိုင်စရာ အလွန်အကျွံကိစ္စ မဟုတ်ဘဲ လူ့အခြေခံလိုအပ်ချက်မျှကိုသာ သူတို့ တောင်းဆိုခဲ့ကြတာပါ။ တနည်းအားဖြင့် မြန်မာ ပြည်သူလူထုကြီး လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်နိုင်ရေး၊ လုံခြုံငြိမ်းချမ်းတဲ့ ဘ၀တွေ ရရှိခံစားနိုင်ရေး၊ တိုင်းပြည် ကြီးပွားတိုးတက်ပြီး နိုင်ငံတကာ အလယ်မှာ အလေးစားခံရရေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို သူတို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် အာဏာပိုင်တွေက သူတို့ရဲ့ မွန်မြတ်သန့်စင်တဲ့ တောင်းဆိုချက်တွေကို ခါးခါးသီးသီး ဒေါသတကြီး ငြင်းဆန်လိုက်ရုံမက အဲဒီလို တောင်းဆိုတာဟာ ရာဇ၀တ်မြောက်ပါတယ် ဆိုပြီး သူတို့ကို အခုလို ထောင်သွင်း အကျဉ်းချ အပြစ်ပေး ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို အခုလို ထောင်သွင်း အကျဉ်းချလိုက်တာဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု တောင်းဆိုသံကို ထောင်သွင်း အကျဉ်းချလိုက်တာ၊ ကုန်ကုန်ပြောရရင် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ထောင်သွင်း အကျဉ်းချလိုက်တာ၊ ပြည်သူလူထုကြီးနဲ့ နိုင်ငံတော် အနာဂတ်ကို ထောင်သွင်း အကျဉ်းချလိုက်တာပါပဲ။

ကျနော်တို့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ နိုင်ငံတွေက ပြည်သူတွေ ဖောဖောသီသီ ရရှိခံစားနေတဲ့ အခွင့်အရေးတွေဖြစ်တဲ့ မိမိတို့ရဲ့ နစ်နာချက်နဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၊ အုပ်ချုပ်သူ အစိုးရကို လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တို့ မရှိကြတာကြောင့် န၀တစစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ မတရားမှုတွေကို တိတိကျကျ အသေးစိတ် မသိကြရပါဘူး။ တခါ အဲဒီလို မသိတာ၊ သိနိုင်ဖို့ အခွင့်အလမ်းမရှိတာကို အခွင့်ကောင်းယူပြီးတော့လည်း န၀တ စစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ မတရားမှုတွေဟာ ဘယ်သူ့ကိုမှ လူမထင်တော့တဲ့ အထိ ပိုမိုပြင်းထန် ဆိုးဝါးလာနေတာပါ။

လူ့အခွင့်အရေးကို လေးစားတဲ့၊ တရားမျှတပြီး လူသားအချင်းချင်း စာနာစိတ်ရှိတဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံတွေက အကျဉ်းထောင်တွေမှာ အဲဒီအစိုးရမျိုးလိုပဲ လူ့အခွင့်အရေး လေးစားမှု၊ တရားမျှတမှု၊ လူသားအချင်းချင်း စာနာစိတ်တို့ ထွန်းကားကြပါတယ်။ လူ့အခွင့်အရေး လေးစားမှု၊ တရားမျှတမှု၊ လူသားအချင်းချင်း စာနာမှုတို့ မရှိတဲ့ အစိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံက အကျဉ်းထောင်တွေမှာတော့ အဲဒီအစိုးရလိုပဲ ဗြဟ္မစိုရ်တရား ခေါင်းပါးပြီး ဖိနှိပ်မှု၊ ရက်စက်မှု၊ ညှင်းပမ်းမှု၊ မတရားမှု၊ လူသားအချင်းချင်း အသနား အညှာတာ ကင်းမဲ့မှု၊ လူကို လူလို သဘောမထားမှုတွေနဲ့ တင်းကြမ်း ပြည့်နှက်နေပါတယ်။ ဒါကြောင့်ပဲ အကျဉ်းထောင်တွေထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ပြီး အုပ်ချုပ်နေတဲ့ အစိုးရဟာ အစိုးရဆိုးလား၊ အစိုးရကောင်းလား ဆိုတာ ခွဲခြား တွက်ချက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း (၄၀)နီးပါး ရှိရာမှာ အင်းစိန်ထောင်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း၊ အင်းစိန်ထောင်မှာ အကျဉ်းသား စုစုပေါင်း တသောင်း၊ တသောင်းကျော်လောက် ထားရှိတတ်ပြီး ၁၉၉၀ ခုနှစ် တ၀ိုက်က အင်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်လောက် ရှိပါတယ်။ အင်းစိန်ထောင်ဟာ ဗြိတိသျှခေတ် ကတည်းက တည်ရှိလာတဲ့ သက်တမ်း အရှည်ကြာဆုံး ထောင်လည်း ဖြစ်တာမို့ ခေတ်အဆက်ဆက် အင်းစိန်ထောင်အကြောင်း ပြောမဆုံးကြပါဘူး။ မှတ်မှတ်ရရ ကျနော် အင်းစိန်ထောင်က ထွက်လာတဲ့ အချိန်မှာ လွတ်လပ်ရေးရပြီးနောက် အင်းစိန်ထောင်မှာ နှစ် အတော်ကြာ ထောင်ကျခဲ့ဖူးသူ၊ နိုင်ငံကျော် စာရေးဆရာကြီး တဦးနဲ့ ဆုံပါတယ်။

သူက ကျနော်နဲ့ စကားစမြည်ပြောရင်းက `မင်းတို့ခေတ် ထောင်တွေနဲ့ နှိုင်းရင် ငါတို့ခေတ်တုန်းက ထောင်ကျတာ ပျော်ပွဲစား ထွက်ရသလိုပဲကွာ´ လို့ ပြောပါတယ်။ အဲဒီ စာရေးဆရာကြီးဟာ သူတို့ခေတ် ထောက်လှမ်းရေးနဲ့ အကျဉ်းထောင်အကြောင်း နာမည်ကြီး စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသူပါ။ အဲဒီလို စာရေးဆရာကြီးရဲ့ စကားကို ကြည့်ရင် န၀တခေတ်ထောင်တွင်း အခြေအနေကို `မှန်း´ ကြည့်နိုင်ပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေက ထောင်ဆိုတာကို ငရဲလောက် သတ်မှတ်ထားကြတာမို့ ဘယ်လောက်ပဲ မတရားတာတွေ တွေ့တွေ့၊ ဘယ်လောက်ပဲ ရက်စက်မှုတွေ ကြုံကြုံ၊ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ `ထောင်ပဲ။ ကြုံရမှာပေါ့´ `ဖြစ်သမျှအကြောင်း အကောင်းချည့်ပဲ´ စသဖြင့် ကြိတ်မှိတ် သည်းခံတတ်ကြပါတယ်။

အကျဉ်းထောင်တွေမှာ ထောင်ကျအကျဉ်းသားတွေကို ဘယ်လို ဆက်ဆံရမယ်၊ သူတို့ ရကို ရရှိရမယ့် တရားဝင် အခွင့်အရေးတွေက ဘာတွေဖြစ်တယ် ဆိုတာကို အကျဉ်းထောင် လက်စွဲဥပဒေအရရော၊ ကုလသမဂ္ဂ သဘောတူညီချက်တွေမှာပါ တရားဝင် အတည်ပြုထားပါတယ်။ အဲဒီအခွင့်အရေးတွေကို အစိုးရတွေက အကျဉ်းသားတွေကို ပေးကို ပေးရပြီး၊ အဲဒီအခွင့်အရေးတွေကို အကုန်မပေးဘဲ ထိန်ချန်ထားတာမျိုး၊ အလွဲသုံးစား လုပ်တာမျိုးကို ဥပဒေအရရော၊ လူ့ကျင့်ဝတ် အရပါ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီလိုလုပ်ရင် သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေနဲ့ အစိုးရကို နစ်နာသူ အကျဉ်းသားက ကန့်ကွက်နိုင်ရုံတင်မက တရားစွဲဆိုပိုင်ခွင့်တောင် ရှိပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အကျဉ်းသားတွေမှာ အဲဒီလို လုပ်ဖို့ ဝေးလို့ အဲဒီလို အခွင့်အရေးတွေ ကိုယ့်မှာ ရှိလို့ ရှိနေမှန်း သိတောင် သိကြတာ မဟုတ်ပါဘူး။ မသိအောင်လည်း အစိုးရလုပ်သူက ဖုံးကွယ် ထိမ်ဝှက်ထားပါတယ်။ ဒါကြောင့် ထောင်အာဏာပိုင်တွေ ဘာပဲ မတရားတာလုပ်လုပ် `မတရားဘူး၊ တရားဥပဒေကို အလွဲသုံးစား လုပ်တယ်´ လို့ သိလည်း မသိကြ၊ ဝေလည်း မဝေဖန်ရဲကြ၊ ကန့်လည်း မကန့်ကွက်ရဲကြပါဘူး။ အစိုးရကို တရားစွဲဖို့ ဆိုတာမျိုးကတော့ အိပ်မက်တောင် မက်ရဲစရာ မရှိပါဘူး။ ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေက ကျနော်တို့ တိုင်းပြည်က ထောင်တွေ အကြောင်း၊ အကျဉ်းသားတွေရဲ့ ထောင်တွင်း ဘ၀တွေအကြောင်း ကြားရ သိရတဲ့ အခါတိုင်း အထိတ်တလန့်လည်းဖြစ်၊ အံ့အားလည်း သင့်၊ အုပ်ချုပ်နေတဲ့ အစိုးရကိုလည်း မုန်းတီးရွံရှာသွားကြတဲ့ အပြင် ကျနော်တို့ ပြည်သူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်သွားကြပါတယ်။ အဲဒီလို အစိုးရမျိုးက နိုင်ငံကို အုပ်ချုပ်နေတာ၊ နိုင်ငံကို အုပ်ချုပ်ခွင့် ရှိနေတာကိုပဲ သူတို့ နားလည်လို့မရ ဖြစ်နေကြပါတယ်။

တကယ်တော့ ကျနော်တို့ ပြည်သူတွေကို အသိဥာဏ် တုံးအောင်လုပ်ထားရုံမက စိတ်ဓာတ်ကိုပါ အညွှန့်တုံးအောင် လုပ်ထားတဲ့နည်းနဲ့ သူတို့ အခုလို နိုင်ငံကို အုပ်ချုပ်နိုင်နေတာ ဖြစ်ပါတယ်။

`လွတ်လပ်မှုဟာ လူတယောက်အဖို့ တန်ဖိုးလည်း ဖြစ်တယ်၊ အနှစ်သာရလည်း ဖြစ်တယ်´ လို့ ပညာရှင်တွေက မိန့်ဆိုကြပါတယ်။

လွတ်လပ်တဲ့ အရသာဆိုတာ မလွတ်လပ်တဲ့ အချိန်ကျမှ အာသာငမ်းငမ်း ပြန်တမ်းတမိတဲ့ အရာမျိုး၊ မလွတ်လပ်တဲ့ အချိန်ကျမှ ထူးထူးခြားခြား တန်ဖိုးထားမိတဲ့ အရာမျိုးလည်း ဖြစ်ပါတယ်။ လွတ်လပ်မှုဟာ လူတယောက် ဘ၀မှာ ဘယ်လောက်တန်ဖိုး ကြီးတယ်၊ ဘယ်လောက် အနှစ်သာရ ရှိတယ်ဆိုတာကို မလွတ်လပ်သူများ အသိကြဆုံးပါ။ လွတ်လပ်မှု ဆုံးရှုံးတဲ့အတွက် လူတယောက်ဘ၀မှာ ဘယ်လောက် ဆုံးရှုံးနစ်နာရတယ် ဆိုတာလည်း မလွတ်လပ်သူများသာ အသိကြဆုံး ဖြစ်ပါလိမ့်မယ်။

ထောင်ဒဏ် အပြစ်ပေးတယ် ဆိုတဲ့ သဘောက အဲဒီလူ ရထား၊ ပိုင်ဆိုင်ထားတဲ့ မွေးရာပါ လွတ်လပ်ခွင့်ကို ဥပဒေအရ ရုပ်သိမ်းလိုက်တာပါ။ ဒါပေမယ့် တကယ်တော့ သူ့လွတ်လပ်ခွင့်ကိုသာ ရုတ်သိမ်းပြီး တခြား လူ့အခွင့်အရေးတွေကိုတော့ သူ့ကို ဆက်လက် ပေးထားရပါတယ်။ ဂုဏ်သိက္ခာအရ သူ့ကို လူတယောက်အဖြစ် ဆက်လက်ပြီး အသိအမှတ်ပြုတဲ့ သဘောပါ။

တကယ်တော့ ထောင်အပြစ်ဒဏ် ပေးတယ်ဆိုတာက ဥပဒေအရ သူ့လွတ်လပ်ခွင့်ကို အချိန် အတိုင်းအတာ တခုအထိ အသိအမှတ်မပြုတော့တာ၊ ရုတ်သိမ်းလိုက်တာသာ ဖြစ်ပြီး သူ့ကို လူအဖြစ် အသိအမှတ် မပြုတော့တာ၊ တိရိစ္ဆာန်ဘ၀ ကျေးကျွန်ဘ၀ ပို့လိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် န၀တ၊ နအဖ အကျဉ်းထောင်တွေမှာတော့ လွတ်လပ်ခွင့်ကို ရုတ်သိမ်းရုံနဲ့ အားမရဘဲ အကျဉ်းထောင် ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပြီး လူတွေကို ကျေးကျွန်ဘ၀၊ တိရိစ္ဆာန်ဘ၀ ရောက်အောင်၊ လူညွှန့်တုံး ဘ၀တုံးအောင် လုပ်နေကြတာပါ။

ဆက်ရန်…

No comments: