Tuesday, August 21, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


ထောင်ပုံစံခန်း သို့မဟုတ် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ရေး စခန်း (ပထမပိုင်း)

ထောင်အကြောင်း ပြောရင် ဘယ်လိုမှ ချန်ထားလို့ မရတာကတော့ `ထောင်ပုံစံခန်း´ အကြောင်းပါပဲ။

`ပုံစံခန်း´ ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ `ကြက်သီးထ´ မသွားရတဲ့၊ `ကျောစိမ့်´ မသွားတဲ့ အကျဉ်းသားဆိုလို့ ထောင်ထဲမှာ မရှိပါဘူး။ ထောင်အာဏာပိုင်တွေရဲ့ လူမဆန်ဆုံး၊ အမိုက်မဲဆုံး၊ တရားမျှတမှု အကင်းမဲ့ဆုံး၊ အပက်စက်ဆုံး၊ အညစ်ပတ်ဆုံး လုပ်ရပ်တွေ လုပ်ဆောင်ရာ နေရာတခု ဖြစ်လို့ပါပဲ။

`လူတယောက်အတွက် လွတ်လပ်မှုဟာ တန်ဖိုးလည်း ဖြစ်တယ်။ အနှစ်သာရလည်း ဖြစ်တယ်၊ လွတ်လပ်မှုကို အရုတ်သိမ်း ခံလိုက်ရတာဟာ အဲဒီ လူမှာ ရှိနေတဲ့ တန်ဖိုးနဲ့ အနှစ်သာရကို အရုတ်သိမ်း ခံရတာပဲ´ လို့ ပညာရှင်တွေ မိန့်ဆိုကြပါတယ်။ `အဲဒီလို လွတ်လပ်မှု အရုတ်သိမ်းခံရတာဟာ အသက်ရှင်နေတဲ့ လူတယောက်အတွက် အထိခိုက် အနစ်နာဆုံးဖြစ်လို့ ထောင်ဒဏ် အပြစ်ပေးခြင်းဟာ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် လုံလောက်တယ်။ တခြား နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ရ´ လို့ ဆိုပါတယ်။

ဒါကြောင့် `ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်ခြင်း မပြုရ၊ ထောင်စည်းကမ်း ချိုးဖောက်လို့ အပြစ်ဒဏ်ပေးရင်လည်း အဲဒီ အပြစ်ဒဏ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက် ညှိုးနွမ်းစေသော ပြစ်ဒဏ်မျိုး မဖြစ်စေရ၊ ထို့အပြင် တရားဥပဒေနှင့် နိုင်ငံတော်ကို နာကျည်းသွားစေနိုင်သော ပြစ်ဒဏ်မျိုး မဖြစ်စေရ´ လို့ တရားဥပဒေနဲ့ တားမြစ် ကန့်သတ်ထားတာပါ။ တရားဥပဒေနဲ့ နိုင်ငံတော်ကို နာကျည်းသွားသူတွေဟာ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းအတွက် သိပ် အန္တရာယ်ကြီးတယ် မဟုတ်ပါလား။

ထောင်မှာ အချုပ်ဆောင် ပုံစံခန်းနဲ့ ထောင်ကျဆောင် ပုံစံခန်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချုပ်ဆောင် ပုံစံခန်းက တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်ရသေးတဲ့၊ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေ အတွက် ဖြစ်ပါတယ်။ ထောင်ကျဆောင် ပုံစံခန်းကတော့ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့၊ ထောင်ဒဏ် ဘယ်ရွေ့ဘယ်မျှ ဆိုပြီး အချမှတ် ခံလိုက်ရတဲ့ အကျဉ်းသားတွေ အတွက်ပါ။ အဓိကကျတဲ့ ပုံစံခန်းက အချုပ်ဆောင် ပုံစံခန်းဖြစ်လို့ အဲဒီ ပုံစံခန်း အကြောင်းကိုပဲ အဓိကထား ဖော်ပြသွားပါမယ်။

တကယ်တော့ ထောင်ပုံစံခန်းရဲ့ မူလသဘောက အကျဉ်းထောင် ဥပဒေအရ ထောင်ထဲမှာ နေထိုင်တုန်း အကျဉ်းသား တဦး လိုက်နာရမယ့် အခြေခံစည်းကမ်း၊ ဥပဒေတွေကို သင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ ထောင်တွင်းမှာ နေရ၊ နေထိုင်ရမဲ့ ပုံစံတွေကို သင်ပေးတာ ဖြစ်လို့ `ပုံစံခန်း´ ခေါ်တာပါ။

အဲဒီ စည်းကမ်းတွေကို အကျဉ်းသားတွေ ကြိုတင် သိရှိထားခြင်းဖြင့် ဥပဒေအရ သတ်မှတ်ထားတဲ့ ထောင်စည်းကမ်းတွေကို မချိုးဖောက်ရအောင် ကြိုတင် ကာကွယ်တဲ့ သဘော၊ ထောင်ကို စည်းကမ်းတကျ ရှိစေချင်တဲ့ သဘောပါ။ ထောင်ထဲမှာ ရန်မဖြစ်ရ၊ ဘောလ်ပင် မကိုင်ရ၊ ထောင်ဖောက်ဖို့ မကြိုးစားရ၊ ထောင်အာဏာပိုင်တွေကို ဘယ်လို အရိုအသေ ပေးရမယ် စသဖြင့် စည်းကမ်းတွေ ဖြစ်ပါတယ်။

အဲဒီမှာ အရေးကြီးတာက ထောင်ပုံစံ လေးမျိုးပါ။

ပုံစံ လေးမျိုးထဲက နံပါတ်(၁) ပုံစံက ထောင်တွင်း လူအရေအတွက် စစ်တဲ့အခါနဲ့ ထောင်အရာရှိတွေ လာတဲ့အခါ ထောင်သားတွေ ထိုင်ပေးရတဲ့ ပုံစံ ဖြစ်ပါတယ်။ အဲဒီ ပုံစံက တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက်ကို ဆန့်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒူးခေါင်းပေါ် တင်၊ ကျောကို ဖြောင့်နေအောင် ဆွဲဆန့်ပြီး အတင်း ဇက်ချိုး ခေါင်းငုံ့ ထိုင်ပေးရတဲ့ ပုံစံပါ။ ထောင်ထဲမှာ `ပုံစံ´ လို့ အော်လိုက်တဲ့ အသံကြားတာနဲ့ တပြိုင်ထဲ ကြားတဲ့ အရပ်မှာ အကျဉ်းသားအားလုံး ချက်ချင်း အဲဒီပုံစံ ထိုင်ပေးရပါတယ်။

ပုံစံခန်းကို တာဝန်ယူပြီး သင်ပေးရသူတွေကတော့ ထောင်အာဏာပိုင်တွေ ရွေးချယ် ခန့်အပ်ထားတဲ့ ရာဇ၀တ် အကျဉ်းသား လူဆိုးတွေပါပဲ။ အကျဉ်းသားတွေထဲမှာ အဆိုးဆုံး၊ အမိုက်ဆုံး ဆိုတဲ့ နာမည်ကြီး လူဆိုးတွေကို ထောင်က ရွေးပြီး ခန့်အပ်ထားတာပါ။ အဲဒီ လူတွေထဲကမှ ရာထူးအကြီးဆုံးလူကို `အခန်းလူကြီး´ လို့ ခေါ်ပါတယ်။ သူတို့ဟာ လူဆိုးဂိုဏ်း တဂိုဏ်းအတိုင်းပါပဲ။

ထောင်ပုံစံခန်းကို သွားကြည့်ရင် အခုလို မြင်ကြရပါလိ့မ်မယ်။

အကျဉ်းသား စုစုပေါင်း နှစ်ရာ၊ သုံးရာလောက်ဟာ အခန်းကျယ်ကြီးထဲမှာ ဖော်ပြခဲ့တဲ့ နံပါတ်(၁) ပုံစံဖြစ်တဲ့ တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက် ဖြောင့်တန်းနေအောင် ဆန့်၊ လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ဒူးပေါ်တင်၊ ကျောကို ဖြောင့်တန်းနေအောင် ဆွဲဆန့်၊ အတင်း ဇက်ချိုးခေါင်းငုံ့ ပုံစံနဲ့ ငြိမ်နေအောင် ထိုင်ပေးထားကြ ရပါတယ်။ အဲဒီလို ပုံစံထိုင် ပေးထားရတဲ့ အကျဉ်းသားတွေကို အခန်းလူကြီးနဲ့ သူ့ရဲ့ နောက်လိုက် လူဆိုးတွေက သုံးပင်လိမ် ကြိမ်လုံးတွေ၊ ၀ါးရင်းတုတ်တွေ၊ စစ်ခါးပတ်တွေ တယမ်းယမ်းနဲ့၊ ပတ်ခြာလည် လှည့်ပြီး မျိုးစုံ အော်ဟစ် ဆဲရေးနေပါတယ်။

`မင်းတို့ ဘယ်လောက် သတ္တိရှိလဲ၊ မင်းတို့ထက် မိုက်တယ်။ လူဆိုး လုပ်စားလာတာကွ၊ ထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီကွ´ စသဖြင့် ခြိမ်းခြောက်၊ လူမိုက်စကားပြော၊ ငါတွေ… မအေတွေ… နှမတွေ… တပ်ပြီး မျိုးစုံ အော်ဟစ်ဆဲရေး တိုင်းထွာရင်း၊ ပုံစံထိုင်နေတဲ့ ထောင်ရောက်လာခါစ အကျဉ်းသား အသစ်လေးတွေကို စော်ကား မော်ကား လုပ်ပါတယ်။ အဲသလို အော်ဟစ်ရင်းက ဘာမပြော ညာမပြောနဲ့ နီးစပ်ရာ အကျဉ်းသားကို တုတ်နဲ့ ၀င်ရိုက်ပါတယ်။ အဲဒီလို ရိုက်ရင်းက တခါ၊ ရိုက်တာ အရှိန်သတ်မရလို့ ဆိုပြီး အဲဒီ အကျဉ်းသား ဘေးတ၀ိုက်မှာ ထိုင်နေတဲ့ တခြား အကျဉ်းသားတွေကိုပါ ဘာမဆိုင် ညာမဆိုင် အော်ဟစ် ဆဲရေး၊ သိမ်းကျုံး ၀င်ရိုက်ပါတော့တယ်။ ပုံစံ ထိုင်ပေးနေရတဲ့ အကျဉ်းသား အသစ်တွေဟာ ကြောက်လွန်းလို့ အကုန်လုံး တုန်နေကြပါတယ်။

ပုံစံခန်းထဲမှာ အခန်းလူကြီးက ထောင်စည်းကမ်းတွေ အော်ဟစ် `တိုင်´ ပေးတာကို အကျဉ်းသားတွေ အားလုံး သံပြိုင် လိုက်ဆိုကြရပါတယ်။ အဲဒီလို လိုက်ဆိုရာမှာလည်း အသံက တသံထဲ တွက်မလာရင် `အသံမညီရ ကောင်းလား´ ဆိုပြီး အားလုံးကို သိမ်းကျုံး ၀င်ရိုက်တာမျိုး ရှိသလို၊ အော်တာ တိုးရင်လည်း `အသံတိုးလို့´ ဆိုပြီး ၀င်ရိုက်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ခက်တာက အော်သံ ညီနေပေမယ့်လည်း ၀င်ရိုက်တာမျိုး၊ အော်တာ ကျယ်ပေမယ့်လည်း ၀င်ရိုက်တာမျိုးပါ။ `ခါးမဆန့်လို့´၊ `ခေါင်းမငုံ့လို့´၊ `ငုံ့ပေမယ့် ဇက်ကျိုးအောင် မချိုးလို့´၊ `လက်ကို ဖြောင့်တန်းနေအောင် ဆန့်မထားလို့´ ဆိုပြီး အပြစ်မရှိ အပြစ်ရှာ ၀င်ရိုက်တာမျိုးတွေ အပြင်၊ `မျက်နှာထား မကြိုက်လို့´၊ `မျက်လုံး လှန်ကြည့်လို့´၊ `ခိုးကြည့်လို့´ ဆိုပြီး ၀င်ရိုက်တာမျိုးတွေကလည်း ထောင်ပုံစံခန်းမှာ မဆန်းပါဘူး။ ကြောက်ကလည်း ကြောက်၊ ကိုယ့်မရိုက်ပေမယ့်လည်း ကိုယ့်ဘေးက ရိုက်သံ နှက်သံ၊ အော်ဟစ်ညည်းညူသံ၊ ဆဲဆိုသံ၊ ၀ုန်းဝုန်းဒိုင်းဒိုင်းတွေ ကြားရတာ တုန်လှုပ် ခြောက်ခြားစရာကြီးပါ။ အဲဒီလိုနဲ့ အကျဉ်းသားတွေဟာ တုတ်တုတ် မလှုပ်ရဲဘဲ ကြောက်ကြောက်နဲ့ အကြောအချင်တွေ အတင်း ရုန်းဆန့်ပြီး ထိုင်ပေးထားကြရပါတယ်။

တကိုယ်လုံး အကြောအချင်တွေ ဖျစ်ညှစ်၊ ဇက်ကို အတင်းချိုး၊ ခါးကို အတင်းဆွဲဆန့်ပြီး ထိုင်ပေးရတာ တကယ် မလွယ်တဲ့အလုပ်၊ ကြောက်ဖို့ ကောင်းလောက်အောင် ပင်ပန်းတဲ့ အလုပ်ဆိုတာ ထိုင်ဖူးသူတွေ အသိဆုံးပါ။ ထိုင်ရတာလည်း ဆယ့်ငါးမိနစ်၊ နာရီဝက် မဟုတ်ပါဘူး။ မလိုအပ်ဘဲနဲပ ဒဏ်ပေးထားသလို သုံးလေးနာရီ ထိုင်ပေးထားရတာမျိုးပါ။ အဲဒီလို ပုံစံနဲ့ အဲဒီလောက် ကြာကြာ ထိုင်ရတော့ လူက တဆတ်ဆတ် တုန်လာပါတယ်။ အဲဒီလို တုန်လာတာကိုပဲ `လှုပ်ရကောင်းလား´ ဆိုပြီး အပြစ်ရှာ ၀င်ရိုက်သေးတာမျိုးပါ။ (သူတို့ အပြောကတော့ `ပုံစံ´ ပေးထားရင် ကိုယ့်ရှေ့ မြွေဖြတ်သွားရင်တောင် မလှုပ်ရဘူး။ မြွေကိုက်လို့ သေရင် သေပလေ့စေ၊ ပုံစံမပျက် အသေခံရမယ် လို့ ဆိုပါတယ်။ အမှန်ဆို အဲဒီ အထိုင်ပုံစံက ခဏလောက် သင်ပေးရင် တတ်တာပါ။ ဒါကို နေ့စဉ်ရက်ဆက် နာရီပေါင်းများစွာ ထိုင်ခိုင်းနေတာဟာ ထောင်ပုံစံကို သင်ပေးတာ မဟုတ်ဘဲ တမင် ညှဉ်းပန်း နှိပ်စက်နေတာပါ)။

တကယ်တော့ အချုပ်ဆောင် ပုံစံခန်းထဲက အဲဒီ အကျဉ်းသားတွေဟာ တရားရုံးမှာ အမှု ရင်ဆိုင်နေတုန်း ရှိသေးတဲ့ အချုပ်သားတွေ၊ သက်ဆိုင်ရာ တရားရုံးကနေ အပြစ်ရှိကြောင်း စီရင်ချက် မချမှတ်ရသေးတဲ့ မဆုံးဖြတ်ရသေးတဲ့ အချုပ်သားတွေပါ။ `အပြစ် ထင်ရှားကြောင်း အပြစ်ရှိကြောင်း တရားရုံးက မဆုံးဖြတ်ရသေး သရွေ့ အပြစ်ကင်းမဲ့သူ အဖြစ် သတ်မှတ် ယူဆရမယ်´ လို့ တရားဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင် ထောင်ပုံစံခန်းထဲမှာ ရှိတဲ့ အကျဉ်းသားတွေဟာ အပြစ် မရှိသူတွေပါပဲ။

တကယ်တော့ အဲဒီလို အပြစ်မရှိသူတွေကို ညှဉ်းပန်းနှိပ်စက်သူ၊ နောက်ဆုံး အပြစ်ရှိဦး၊ တရားဥပဒေအရ `မညှင်းပန်း မနှိပ်စက်ရ´ လို့ တားမြစ်ထားတဲ့ ကြားထဲကမှ ညှဉ်းပန်းနှိပ်စက် သူတွေသာလျှင် အပြစ်ရှိသူတွေ၊ ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ပါလား။ ပုံစံခန်းထဲမှာ အဲဒီလို ညှဉ်းပန်း နှိပ်စက်နေတာကတော့ ဥပဒေထဲမှာ မပါတဲ့၊ လူမဆန်တဲ့ ရည်ရွယ်ချက်တွေ ထောင်အာဏာပိုင်တွေမှာ ရှိလို့ပါပဲ။

ဆက်ရန်…

No comments: