Friday, August 24, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၅)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်ပုံစံခန်း သို့မဟုတ် ထောင်တွင်း ညှဉ်းပန်း နှိပ်စက်ရေး စခန်း (ဒုတိယပိုင်း)

ထောင်ပုံစံခန်းထဲမှာ ရက်ရက်စက်စက် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို လူဆိုးတွေ ကျူးလွန်နေတာ၊ အဲဒါတွေကို ထောင်အာဏာပိုင်တွေကလည်း ခွင့်ပြုထားတာဟာ ရည်ရွယ်ချက် နှစ်ခုကြောင့် ဖြစ်ပါတယ်။

ပထမရည်ရွယ်ချက်က အကျဉ်းသား အသစ်တွေကို စိတ်ဓာတ် ချိုးနှိမ်ပစ်ပြီး `ကြောက်စိတ်´ သွင်းပေးထားဖို့ပါ။ ဂုဏ်သိက္ခာရှိတဲ့၊ ယဉ်ကျေးတဲ့ အစိုးရတွေလို တရားဥပဒေနဲ့ မအုပ်ချုပ်ဘဲ ကြောက်စိတ်သွင်းပြီး လူတွေကို အုပ်ချုပ်တဲ့ နည်းဟာ `လူတွေကို တိရိစ္ဆာန်လို သဘောထားတဲ့ အုပ်ချုပ်နည်း´ `လူဆိုး သူခိုးတွေရဲ့ နည်း´ `န၀တ စစ်အစိုးရရဲ့ အုပ်ချုပ်နည်း´ ဖြစ်လို့ သူ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အဲဒီ ပုံစံအတိုင်း လိုက်လုပ်ကြတာ မဆန်းပါဘူး။

ထောင်ပုံစံခန်းထဲမှာ အကျဉ်းသားတွေကို ဘယ်လောက်အထိ ရက်ရက်စက်စက် ကြောက်စိတ် သွင်းပေးလိုက်သလဲ ဆိုရင် အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေ၊ ထောင်အာဏာပိုင်တွေရဲ့ တပည့်သား လူဆိုးတွေကို လမ်းမှာတွေ့ရင် မျက်လုံးတောင် လှန်မကြည့်တော့တဲ့ ဘ၀ ရောက်သွားပါတော့တယ်။ တွေ့လိုက်တာနဲ့ တခါထဲ ကြောက်ပြီး တကိုယ်လုံး တဆတ်ဆတ် တုန်နေကြတာပါ။ တခါတခါ မေးခွန်း မေးရင်တောင် ကြောက်ပြီး အာစေးထည့်ထားသလို ဖြစ်သွားတာမို့ အဖြေထွက်မလာတော့ပါဘူး။ လူတွေကို အဲလောက်တောင် လူညွှန့်တုံးအောင် လုပ်ထားတာပါ။ တခါတခါ ထောင်အာဏာပိုင်တွေနဲ့ လူဆိုးတွေက စိတ်အခန့် မသင့်ရင် လမ်းမှာတွေ့တဲ့ အကျဉ်းသားကို ဘာမဆိုင် ညာမဆိုင် ပါးရိုက် သွားတတ်တာမျိုးတွေကလည်း ရှိတတ်တော့ အကျဉ်းသားတွေ ကြောက်တာလည်း မဆန်းပါဘူး။

အဲဒီလို စိတ်ဓာတ် ချိုးနှိမ်ထားတဲ့အတွက် ပုံစံခန်းက ထွက်ပြီး အကျဉ်းထောင်အတွင်း နေတဲ့အခါ ထောင်သားတွေ အနေနဲ့ လူဆိုးတွေ၊ ထောင်အရာရှိတွေ မတရားတာ ရက်စက်တာ ဖောက်လွှဲဖောက်ပြန်လုပ်နေတာ လာဘ်စားနေတာ စသဖြင့် ဘာပဲလုပ်လုပ် အဲဒါတွေကို မပြောရဲ မဆိုရဲ မတိုင်မတောရဲတော့တဲ့ အပြင် ကိုယ့်နစ်နာချက်တွေကိုတောင် မထုတ်ဖော်ရဲ၊ မပြောဆိုရဲ ဖြစ်သွားပါတော့တယ်။ ထောင်လူဆိုးနဲ့ ထောင်အာဏာပိုင်တွေ လိုလားတာကလည်း အဲဒါပါပဲ။

တကယ်တော့ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေ၊ ထောင်ဥပဒေမှာ အကျဉ်းသားတယောက်ကို ရည်ရွယ်ချက်နဲ့ တမင် ညှဉ်းပန်းနှိပ်စက်တာမျိုး ခွင့်ပြုဖို့ ဝေးလို့၊ အကျဉ်းအကျပ် ရောက်နေတာမို့ စိတ်ဓာတ်ပိုင်းအရ ထိခိုက်သွားနိုင်တယ် ဆိုပြီး `ထောင်တွင်း ကျန်းမာရေး ကိစ္စတွေမှာ ခန္ဓာကိုယ်ပိုင်း ကျန်းမာရေး အပြင်၊ စိတ်ပိုင်း ကျန်းမာရေးအတွက် စိတ်ရောဂါ နားလည်တဲ့ ဆရာဝန်တွေပါ ထားရှိပေးရမယ်´ လို့တောင် ဥပဒေ သတ်မှတ်ပေးထားတယ် မဟုတ်ပါလား။

ပုံစံခန်းထဲမှာ အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ ဒုတိယ ရည်ရွယ်ချက်ကတော့ အကျဉ်းသားတွေဆီက ငွေညှစ်ယူဖို့ပါ။ ငွေညှစ်ပုံ ညှစ်နည်းကတော့ အခုလို ဖြစ်ပါတယ်။

ပုံစံခန်းထဲမှာ ရက်ရက်စက်စက် ရိုက်နှက်ပြလိုက်လို့ နောက်ထပ် အရိုက်ခံရမှာ တစိမ့်စိမ့် တွေးကြောက်နေတဲ့ အကျဉ်းသားတွေဆီ လူတချို့ ချဉ်းကပ်လာပြီး `မကြောက်နဲ့၊ အရိုက်မခံရအောင် လုပ်ပေးမယ်၊ ပိုက်ဆံ ဘယ်လောက်ပေး´ ဆိုပြီး တိုးတိုးတိတ်တိတ် လာပြောကြပါတယ်။ အမှန်က အဲဒီလို လာပြောသူတွေဟာ ရိုက်နှက်ညှဉ်းပန်းနေသူတွေနဲ့ တဖွဲ့ထဲ တဂိုဏ်းတည်းပါပဲ။ ဘယ်သူမဆို အဲဒီလောက် အနှိပ်စက် ခံနေရချိန်၊ ကြောက်နေရချိန်မှာ ပိုက်ဆံပေးမှာပါပဲ။ ပိုက်ဆံ မပေးနိုင်တဲ့ လူတယောက် ဖြစ်ခဲ့ရင် ပုံစံခန်းထဲမှာ နေရတဲ့ သူ့ဘ၀က တွေးဝံ့စရာ မရှိပါဘူး။

တချို့ နည်းနည်း သတ္တိရှိတဲ့ လူများကျတော့ `ပိုက်ဆံ မပေးနိုင်ဘူး´ ဆိုပြီး ငြင်းပါတယ်။ အဲဒီ လူတွေဆိုရင် ထောင်လူဆိုးတွေက မှတ်ထားပြီး အကြောင်းမရှိ အကြောင်းရှာ (တရားဥပဒေ မရှိတဲ့ ထောင်ထဲမှာ အကြောင်းရှာရတာကလည်း အလွယ်သား မဟုတ်လား) ပက်ပက်စက်စက် ရိုက်တော့တာပါပဲ။ ရိုက်တာကလည်း လူတွေ အများကြီးနဲ့ ၀ိုင်းရိုက်တာမျိုး၊ အဲဒီတော့ ပိုက်ဆံ မပေးဘူးလို့ အစပိုင်းမှာ ငြင်းသူများလည်း အလွန်ဆုံး အဲဒီလို ပက်ပက်စက်စက် ရိုက်ရလှ နှစ်ခါထက် မပိုပါဘူး။ နောက်ဆုံး `ပိုက်ဆံ ပေးပါမယ်´ ဖြစ်သွားရတာပါပဲ။

ပိုက်ဆံ ပေးရပုံ ပေးရနည်းကတော့ အကျဉ်းသားတွေကို ထောင်ကနေ ပြင်ပတရားရုံးကို ထုတ်တဲ့အခါ ပိုက်ဆံပေးဖို့ ကတိပြုထားတဲ့ အကျဉ်းသားရဲ့ အိမ်က ပိုက်ဆံယူလာပြီး အဲဒီ အကျဉ်းသားကို တိုက်ရိုက်ဖြစ်ဖြစ်၊ ကြိုတင် အချိန်းအချက် လုပ်ထားတဲ့ တခြားလူဆိုးတဦးကို ဖြစ်ဖြစ်၊ ထောင်ဝန်ထမ်းကို ဖြစ်ဖြစ်၊ လျှို့ဝှက် ပေးရတာပါ။ ဒါမှမဟုတ်လည်း ကြိုတင် အစီအစဉ်လုပ်၊ ညှိနှိုင်းပြီး အကျဉ်းသားရဲ့ အိမ်က ထောင်အရာရှိ တဦးဦးရဲ့ အိမ်ကို သွားပေးရပါတယ်။ အဲဒီနည်းနဲ့ ပုံစံခန်းလူကြီး လုပ်တဲ့ လူဆိုးဟာ တရက်တရက်ကို အနည်းဆုံး ငွေ နှစ်သောင်း သုံးသောင်းလောက် ရပါတယ်။ (၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်က နှုန်းပါ)။ ပုံစံခန်း လူကြီးက သူရတဲ့ ပိုက်ဆံကို ထောင်အရာရှိ အဆင့်ဆင့်ကို အချိုးကျ ခွဲဝေပေးရပါတယ်။ အဲဒီ နည်းနဲ့ ထောင်အရာရှိတွေဟာ ဒုက္ခရောက်လာတဲ့ အကျဉ်းသားတွေဆီက ငွေကို လိုချင်ဇောနဲ့ ပုံစံခန်းတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကို ခွင့်ပြုထားကြပါတယ်။

ပုံစံခန်း ရှိတဲ့ အဆောင်ကို အချုပ်ဆောင်လို့ ခေါ်ပြီး အဲဒီ အချုပ်ဆောင်ကို တာဝန်ကျတဲ့ ထောင်အရာရှိက ပိုက်ဆံ ခွဲတမ်း အများဆုံး ရရှိသူပါ။ အဲဒီနည်းနဲ့ အချုပ်ဆောင် အရာရှိဟာ တနှစ်လောက် ကြာရင်ပဲ `သူဌေး´ ဖြစ်သွားတာမို့ ထောင်အရာရှိတိုင်း အချုပ်ဆောင် တာဝန် ကျချင်ကြပါတယ်။

အဲဒီလို ရိုက်နှက် ညှဉ်းပန်းတာ လက်လွန် ခြေလွန်ဖြစ်သွားလို့ အကျဉ်းသား တဦးဦး ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာမျိုး၊ ဆေးရုံရောက်သွားတာမျိုး ဖြစ်သွားရင်လည်း အဲဒီအကျဉ်းသား ဟိုဟိုဒီဒီ မတိုင်တန်းရအောင် ခြိမ်းခြောက်တဲ့နည်း၊ ချော့တဲ့နည်း၊ အချိန်ဆွဲပြီး အမှု ပျောက်သွား၊ ပေါ့သွားအောင် လုပ်တဲ့နည်း စတဲ့ နည်းမျိုးစုံနဲ့ ထောင်အာဏာပိုင်တွေက ဖုံးကြ ဖိကြပါတယ်။ အဲဒီလို အမျိုးမျိုး ကြိုးစား ဖုံးဖိနေတဲ့ကြားက ဖုံးမရဖိမရ ဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ကြိုတင် `ညှိ´ ထားတဲ့ အတိုင်း ပုံစံခန်း လူကြီးလုပ်သူ၊ ထောင်အာဏာပိုင် တပည့်၊ လူဆိုးက အဲဒီကိစ္စ ခေါင်းခံလိုက်တော့ သက်ဆိုင်ရာ ထောင်အရာရှိ အပြစ်က လွတ်သွားပါတယ်။

ခေါင်းခံလိုက်တဲ့ လူဆိုးကိုတော့ အရေးယူ အပြစ်ပေးတဲ့ အနေနဲ့ တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်ပါတယ်။ ဒါပေမယ့် အများသိအောင်သာ တိုက်ပိတ် အပြစ်ပေးတယ် ပြောတာပါ။ တကယ်တော့ အဲဒီလူဆိုးကို တိုက်ထဲမှာ ထားရုံသာ ထားပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပေးတဲ့အပြင် ထောင်အရာရှိတွေက သူ့ကို စားစရာနဲ့ အခြား လိုအပ်တာတွေ အားလုံးအလျှံပယ် ထောက်ပံ့ပေးထားတာမျိုးပါ။

တကယ်တော့ ထောင်ထဲက ကိစ္စမှန်သမျှဟာ ထောင်အာဏာပိုင်တွေ ခွင့်ပြုထားလို့ ဖြစ်ရတဲ့ ကိစ္စတွေချည့်သာ ဖြစ်ပါတယ်။ `ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို တရားဝင် ဥပဒေအဖြစ် ခွင့်ပြုထားတာ မရှိဘူး၊ ရှိရင်လည်း အရေးယူမယ်၊ န၀တ လက်ရှိ ထုတ်ပြန်ထားတဲ့ ထောင်ဥပဒေက ဟောဒီလိုပါ၊ ဘာညာ´ စသဖြင့် စစ်အစိုးရ အရာရှိတွေ ထုံးစံအတိုင်း ကလိန်ကကျစ်လုပ်လို့ မရပါဘူး။ ဥပဒေ စာအုပ်ထဲ ရေးမထားတာမျိုးတွေ၊ တရားဝင် ထုတ်ပြန်မထားတဲ့ စာရွက်စာတမ်းတွေထဲမှာ မပါတာမျိုးတွေ ထောင်ထဲမှာ ဖြစ်နေတာ `ဒုနဲ့ဒေး´ပါ။

ဥပဒေအရ ခွင့်ပြုမထားတဲ့ ကိစ္စ၊ မတရားတဲ့ ကိစ္စ၊ ရက်စက်တဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါ အဲဒါတွေကို တာဝန်ရှိတဲ့ အာဏာပိုင်တွေက မသိချင်ယောင် ဆောင်နေတယ်ဆိုရင် ဒါဟာ သွယ်ဝိုက်ပြီးတော့ ၀န်ထမ်းတွေကို ဥပဒေတရပ်၊ ခွင့်ပြုချက်တရပ်လို အတည်ပြု ချမှတ်ပေးလိုက်တာပဲ မဟုတ်ပါလား။ ထောင်အာဏာပိုင်တွေ ဥပဒေကို အဲဒီလို လက်တလုံးခြား လုပ်နေတာဟာလည်း အစိုးရက မသိချင်ယောင် ဆောင်နေတာကြောင့်ပါ။ သဘောကတော့ `အဆင့်ဆင့် မသိချင်ယောင်ဆောင်မှုကြီး´ သို့မဟုတ် `အဆင့်ဆင့် ဥပဒေ ချိုးဖောက်မှုကြီး´ ဖြစ်ပါတယ်။

အမှန်ကတော့ ထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုတွေ အတွက် အဓိက တာဝန်ရှိသူက အုပ်ချုပ်သူ အစိုးရကိုယ်တိုင်ပါပဲ။ အဲဒီ ရက်စက်မှုတွေ ထောင်ထဲမှာ ဖြစ်နေတာ သူမသိဘူး ဆိုရင်လဲ အဲဒီလောက် `ညံ့တဲ့၊ အ တဲ့ အစိုးရမျိုး´ နိုင်ငံ အုပ်ချုပ်ဖို့ မထိုက်တန်ပါဘူး။ သိသိကြီးနဲ့ အဲဒါတွေ လွှတ်ထားပေးတယ် ဆိုရင်လည်း ပြည်သူတွေကို အဲဒီလောက် လူလို သဘောမထားတဲ့ အစိုးရလို့ သတ်မှတ်ရမှာပါ။ ပြည်သူတွေကို အဲဒီလို သဘောထားတဲ့ အစိုးရမျိုးကလည်း တိုင်းပြည်ကို မအုပ်ချုပ်ထိုက်ဘူး မဟုတ်လား။

ဆက်ရန်…

No comments: