Thursday, November 20, 2008

ချောင်းတစ္ဆေ

`အဟွတ်...၊ အဟွတ်...၊ အဟွတ်´

ပြင်းပြင်းထန်ထန် ဆိုးနိုင်လွန်းတဲ့ ချောင်းက အိပ်စက်ခြင်းကို လှုပ်ကန်နှိုးပစ်လိုက်ပြန်ပါပြီ။ စိတ်ပျက်လက်ပျက်နဲ့ ထထိုင်လိုက်ပြီး တဟွတ်ဟွတ်ဖြင့် အားရပါးရကြီးကို ဆိုးပစ်လိုက်တော့ ရင်ခေါင်းထဲက အောင့်လာသည်။ ရေထသောက်တော့ ခဏတဖြုတ်တော့ သက်သာသလိုလိုနဲ့ အတန်ကြာတော့ ပြန်ဆိုးလာပြန်သည်။ ခက်ပါဘိ...။

***

အခုလို ချောင်းဆိုးနေရတာက တကယ်တော့ သူကိုယ်တိုင်ကိုက ပေါ့လျော့နိုင်လွန်းလှခြင်းကြောင့်ပါ။ အလုပ်ပိတ်ရက်တညမှာ အကျီင်္ရင်ဘတ် ဟောင်းလောင်းဖြင့် တညလုံး အိပ်မိကတည်းက အဆုတ်က ဘာပြဿနာတက်သည် မသိ။ ပထမတော့ ခဏတဖြုတ်ဆိုးလိုက်ရုံနဲ့ သာမန်ပျောက်သွားမယ် ထင်ပြီး Cough Drop လေးတွေလောက်သာ ၀ယ်စားနေရာမှ ညဘက် အိပ်မရလောက်အောင် ဆိုးလာတော့ သတိမထားလို့ မဖြစ်တော့...။

တရက်မှာတော့ အလုပ်ထဲမှာ အထိပါ တဟွတ်ဟွတ်နှင့် အဆက်မပြတ်ဆိုးနေတော့ ဘေးက လုပ်ဖော်ကိုင်ဖက်ကို အားနာတာနှင့် မျက်နှာအကာတခုကို ယူတပ်ပြီး ဟန်မပျက် အလုပ်ဆက်လုပ်နေမိသေးသည်။ ဒါပေမယ့် ချောင်းက ဒီလောက်နဲ့ ရပ်မသွားတဲ့အပြင် ဘယ်လိုမှ အလုပ်ဆက်လုပ်ဖို့ မဖြစ်လောက်အောင် ဆက်တိုက်ဆိုးလာတော့ အလုပ်ရှင်ကိုယ်တိုင်က `မင်းဆရာဝန်ဆီ သွားပြပြီး ဒီနေ့ နားသင့်တယ်´ လို့ ပြောယူရသည်။

ဆရာဝန်ဆီရောက်တော့ လူကို နားပေါက်၊ နှာခေါင်းပေါက်တွေထဲ ဓာတ်မီးသေးသေးလေးထဲ ဟိုဟိုဒီဒီထိုးကြည့်လိုက်၊ အသက်ရှူခိုင်းပြီး ကျောနဲ့ ရင်ဘတ်မှာ ဟိုနားစမ်း၊ ဒီနားစမ်း လုပ်လိုက်၊ ဟိုမေးဒီမေး မေးလိုက်နဲ့ `ငါတော့ ဘက်တီးရီးယားတမျိုးကြောင့် ဖြစ်နေတာလို့ ထင်တယ်၊ ဆေးစာရေးပေးလိုက်မယ်၊ ကံကောင်းပါစေ´ ဆိုပြီး ပြန်လွှတ်လိုက်သည်။ သူရေးပေးလိုက်သော ဆေးစာအတိုင်း ၀ယ်သောက်တဲ့ ဆေးက တပတ်လောက်တော့ လုံးဝ ချောင်းမဆိုးဘဲ နေသေးသည်။ ဒါပေမယ့် နောက်ပိုင်းတော့ ပြန်ဆိုးပြန်၏။

အဆိုးဆုံးက အပြင်ကို မထွက်မဖြစ် ထွက်လိုက်တိုင်း ထိတွေ့နေရသည့် ခိုက်ခိုက်တုန်သော ရာသီဥတုပင်...။ အေးစက်နေသော လေရဲ့ အထိအတွေ့ကိုရပြီးလို့ မိနစ်ပိုင်းအတွင်းမှာပင် ချောင်းက အဆတ်မပြတ်ဆိုးတော့သည်။

***

`ခင်ဗျားချောင်းက ဆိုးနေတာ ကြာပြီနော´
`ဟုတ်တယ်ဗျာ´
`အင်းးးး´

`ဗုဒ္ဓေါ´ ဟု စိတ်ထဲကနေ ရေရွတ်ပြီး ဒီလူ့ရဲ့ သံရှည်ဆွဲသံ `အင်းးးးး´ ဆိုတာကို အသာမျက်မှောင် ပင့်ကြည့်လိုက်တော့ နောက်သလို ပြောင်သလို ပြုံးစစဟန်နဲ့ ပြန်လှည့်ထွက်သွားသည်။ စားပွဲပေါ်တင်ထားတဲ့ စာအုပ်တအုပ်ကို အမှတ်မထင် ယူဖတ်မိတော့...

`တီဘီရောဂါ၏ ထင်ရှားသိသာသော လက္ခဏာမှာ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ သလိပ် ချွဲကပ်ခြင်း´

`ဘုရား...၊ဘုရား´ ဟိုလူစောစောက ပြုံးစိစိလုပ်တာ ဒါကြောင့်များလား...။

***

`ဟဲ့၊ ငါ့အကို ၀မ်းကွဲတယောက်ဟာလေ။ ဒီကိုထွက်လာခါနီးကျမှ တီဘီတွေ့လို့တဲ့၊ သလိပ်ပြန်စစ်နေရတယ်´
`အမလေး...၊ အဲဒါကတော်ပါသေးတယ်၊ တော်ကြာ အဲဒီရောဂါကြီးနဲ့ ဒီကိုရောက်လာမှ ပိုဆိုးနေမယ်´

မွေးနေ့ပွဲတခုရဲ့ စကားဝိုင်းတခုဆီက ပျံ့လွင့်လာသော အသံ....။ ကိုယ်ကလဲ သူတို့ ပြောနေချိန်မှာမှ ချောင်းက ထဆိုးနေတော့ မျက်လုံးတွေက ဒီဘက်ကို ကွက်ကြည့်ကွက်ကြည့်...။ ရော်...၊ ဒီချောင်းနဲ့တော့ ခက်နေပြီ။

တကယ်လို့များ ငါ့မှာသာ တီဘီရောဂါ ဖြစ်နေခဲ့ရင်...။

အမလေးလေးးးးးး ဆိုတဲ့ အာမေဋိတ်အတွေးနဲ့တင် စိတ်တစ္ဆေက ခြောက်လှန့်သည်။ နဂိုကမှ ပိန်ရတဲ့အထဲ အရိုးပေါ် အရေတင်ပုံစံ ထွက်လာမလား၊ အသားတွေက ဖြူဖျော့နေမလား၊ ၀ါတာတာကြီးများ ဖြစ်နေမှာလား၊ ဂလန်ဂလား အရပ်ကြီးကရော ကိုင်းကိုင်းကြီး ဖြစ်လာမှာလား။

အို...၊ ဘာလို့ ဖြစ်နိုင်ရမှာလဲ၊ ငါက ဆေးလိပ်လဲ မသောက်တော့တာ လေးငါးနှစ်တောင် ရှိနေမှဟာ။ ဒီကိုမလာခင်ကလဲ ဆေးစစ်မှတ်တမ်းမှာ ဘာရောဂါမှ မဖြစ်ဘူးလို့ ပြတာပဲ။ သွေးတောင် လှူလိုက်သေးတာပဲ။

အာ...၊ ဒါပေမယ့် ချောင်းက ဘာလို့ ဒီလောက် အဆက်မပြတ်ဆိုးနေရတာလဲ။ တခုခု ဖြစ်လို့နေမှာပေါ့။ အခုနေ သေသွားရယ် ဘယ်နှယ့်လုပ်မလဲ၊ သေလဲ အေးတာပေါ့၊ ဟာ... မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ငါမသေချင်သေးပါဘူး။

ချောင်းဆိုးခြင်းရဲ့ စိတ်တစ္ဆေကလဲ နှိပ်စက်နိုင်လွန်းပါဘိ...။

***

လက်ထဲကိုင်ထားပြီးဖြစ်သည့် ချောင်းဆိုးဆေးရည်ဘူးကို မကောင်းဆိုးဝါး တကောင်လို စူးစိုက်ကြည့်နေမိသည်။ နာရီကို ကြည့်မိတော့ မနက် ၃ နာရီသာသာ။ ဟိုနေ့ကလဲ ဒီလိုအချိန်ကြီးပဲ ချောင်းဆိုးနေလို့ ဒီဆေးရည်ကို သောက်လိုက်တာ သက်တော့ သက်သာပါရဲ့၊ ဒါပေမယ့် ဆေးထဲမှာ ပါဟန်တူတဲ့ အိပ်ဆေးအရှိန်က မနက်အလုပ်သွားချိန်ထိ မသေတော့ အလုပ်ထဲမှာ လူက တော်တော်ကို ခံရလေတော့ အခုတခါ ဒီဆေးကို သောက်ရမှာ လန့်နေသည်။

Weekly Eleven စာစောင်ထဲက စာတပုဒ်ထဲမှာ မြန်မာပြည်က လူတွေ ဈေးထဲက ဟင်းသီးဟင်းရွက်တွေကို အိမ်သုံးဆေးဝါးလို သုံးနေကြတဲ့ ဆောင်းပါးကို ဖတ်မိတော့ အဲဒီထဲက ဂျင်းပြုတ်ရည်ဟာ ချောင်းဆိုးပျောက်တယ် ဆိုလို့ ပြုတ်သောက်ပြီးပြီ။ ဘာမှမထူး...။

`အဟွတ်...၊ အဟွတ်...၊ အဟွတ်))))))))))))))))´

နောက်ထပ် ဆိုးလာတဲ့ ချောင်းဒဏ်ကိုတော့ ဘယ်လိုမှ မခံနိုင်တော့ပါ။ လက်ထဲက မကောင်းဆိုးဝါး ချောင်းဆိုးဆေးရည်ကို ပါးစပ်ထဲ တငုံစာခန့် အငမ်းမရ မျိုချပစ်လိုက်သည်။ ဒီဆေးက ဘာပဲဖြစ်ဖြစ် အခုတလော အလွန့်အလွန် ဒုက္ခပေးနေတဲ့ ချောင်းကိုတော့ သက်သာရာရနိုင်စွမ်းပေလိမ့်မည်။

ခဏနေရင် အိပ်ပျော်လိမ့်မည်။ အိပ်ပျော်တဲ့အခါ တီဘီရောဂါများ ဖြစ်နေမလားလို့လဲ စိုးရိမ်နေမှာ မဟုတ်သလို သေချင်တယ်၊ မသေချင်ဘူးလဲ တွေးဖြစ်နေမှာ မဟုတ်တော့ပါ။

ဒါပေမယ့် ချောင်းကို အမြစ်ဖြတ်အောင် ပျောက်ဖို့ကတော့ လိုပါသေးသည်။ လောလောဆယ်တော့ ... ... ...။

***


ကလိုစေးထူး

20 comments:

ကိုအောင် said...

ဟုတ်ပါဗျာ ကိုစေးထူးရေ ကျနော်လည်း ချောင်းဆိုး
နေလို့ အိပ်မရဘဲ ဘလော့လည် နေတာ ဂျင်းပြုတ်
ရည် သောက်အုံးမှာပဲ။

MANORHARY said...

အဟွတ်....အဟွတ်....အဟွတ်...
း)
ကိုယ့်ချောင်းလည်းအမြန်ပျောက် သူ့ချောင်းလည်း
မြန်မြန်ပျောက်ပါစေ..း)
အဟွတ် အဟွတ်အဟွတ်..........

thonn thonn said...

ဒီကတော့ ဘာရောဂါမှန်းမသိဘူး နှာချေတယ်။ မိုးလင်းရင် နှာချေပြီးသွားမှ တစ်နေ့တာစခန်းဆက်လို့ရတယ်။ ကြာရင် ထိပ်ကပ်နာ ဖြစ်မှာ စိုးနေရတယ်။ :(

လင်း said...

ချောင်းဆိုးပျောက်တာ ကွမ်းရွက်နဲ့ လျှက်ဆားမဟုတ်ဘူးလာူ

တောင်ပေါ်သား said...

အကိုရေ ဘာတွေ လျှောက်တွေးနေတာလဲ သာမန်ချောင်းဆိုးတာလေးဖြစ်မှာပါ အမြန်ဆုံး ပျောက်ကင်းပါစေ

Unknown said...

ချောင်းတစ္ဆေ ...
ဆောင်းလေဆော်ကာသွေးချိန်မို့
ဖော်ကွာဝေးသူ ကလိုစေးဟာ
အပျိုလေးတွေ ဟိုသည်ရှာလို့
ကျင်လည်ရာ အင်တာနက်မှာ
ရင်ဘတ်ကို သူလေလှပ်တာကြောင့်
အအေးတွေပတ်။

ဘလော့တစ္ဆေ ...
မလျှော့မနေ အကြံထုတ်ပါလို့
ဟန်လုပ်ကာ စာတွေတင်ဖို့
ဥာဏ်ရွှင်ရွှင် ရေးကာထုတ်သော်ငြား
ယားကျိကျိ ဒီလည်ချောင်းကို
ချောင်းတစ္ဆေ ၀င်ကလိပြီမို့
မခံချိမခံသာနဲ့
မကြံသာ ခံကာခက်လှတယ်
အတွေးတွေရပ်။

အဟတ်အဟတ်း)

စိတ်မကွက်နဲ့နော် … ဆြာဂျီး
လက်ထဲထွက်သမျှ ချရေးလိုက်မိတာ …
တကယ်တော့ ချောင်းတစ္ဆေ ဘယ်လိုကလိလည်း
ဘလော့တစ္ဆေကြီးက ပျင်းတောင် ပျင်းသေးတယ် ဆိုတာ သိပါ၏။

ယောနသံစင်ရော် said...

ကိုစေးထူးရေ... စာဖတ်ရင်းနဲ့လည်ချောင်းတွေပါယားလာတယ်ဗျို့ .. အဟွတ်.. အဟွတ်....

Taungoo said...

ကျွန်တော်လည်း နည်းနည်းအအေးခံတာများသွားရင် ဆိုးလေ့ရှိတယ်ဗျ။ လည်ပင်းနဲ့ ရင်ဘတ်နေရာကို နွေးနွေးထွေးထွေးထားရင် ဆိုးတာ နည်းနည်းတော့ သက်သာတယ်။ ကျွန်တော်ကတော့ ဒဏ်ကြေဆေးလို ပူတာမျိုးကို လိမ်းလိုက်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး။ ပူနေတော့ နေရတာ တော်သေးတယ်။ ထက်လင်း ရင်လူးဆေးလဲ မဆိုးဘူးဗျ။ လူကြီးလည်း လိမ်းလို့ရပါတယ်။

မီယာ said...

ချောင်းဆိုးပျောက်ဆေးဆိုတာမရှိပါ။
အချိန်တန်လျှင်သူ့ဖာသာပျောက်သွားပါမည်။
အစားများများစားပြီးများများအနားယူပါ။

Anonymous said...

That is allagy, just keep taking the same kind of medacine a certain amount of time, do not change the dose frequently. (I mean it needs time for a while a medacine to be affective.)

Anonymous said...

ကိုစေးထူး ကွမ်းရွက်ပုံနဲ့ သံပုရာသီးနဲ့ သောက်ကြည့်
ပါလား....နောက်တစ်ခုက ကြက်သွန်နီကို ဂျစ်နဲ့ခြစ်
ထွက်လာတဲ့ အဖတ်တွေကို အရည်ညှစ်ပြီးသောက်ရင်
လည်း ကောင်းတယ်လို့ ပြောကြတယ်...
ကြားဖူးတာပါ...ပျောက်သွားတဲ့သူလဲ ရှိတယ်...
ဟုတ်တယ်..ဒီနိုင်ငံမှာချောင်းဆိုးရင်လဲ တော်တော်နဲ့
မပျောက်တတ်ကြဘူး..
အချိန်တန်တောာ့လဲ သူ့အလိုပျောက်သွားသလိုပဲ..
နွေးနွေးထွေးထွေးနေပြီး ကြက်စွပ်ပြုတ်ကို
မကြာခဏ သောက်ပေးပေါ့....
ကိုယ်ခံအားကောင်းလာရင် ချောင်းဆိုးတာ သက်သာ
သွားမယ်ထင်တယ်...
ဆရာလုပ်တာဟုတ်ဘူးနော်..
ကိုယ်တိုင်လဲ ချောင်းအရမ်းဆိုးဘူးလို့...

သက်သာပါစေ..
ပင်နီ..

MELODYMAUNG said...

အပူချောင်းဖြစ်နေမယ်လေ ကိုကြီးရေ
အနော်တော့ ရှောက်သီးဆေးပြားပေါင်းစုံ ရှာစားပစ်တာ ပျောက်တာပဲ
မဟုတ်ရင် cefran, kemose လို ပိုးသတ်ဆေးတွေ ဆေးပတ်လည်အောင် သောက်ရင်း လူကမြော့မြော့သွားတာဗျ :)
ချောင်းဆိုးမြန်မြန်ပျောက်ပါစေ မပျောက်ရင်လဲ ပရုတ်ဆီသာရှာပြီး ရေနွေးနဲ့သောက်ချလိုက်ဗျာနော်..နော်

တန်ခူး said...

ကိုစေးထူးရေ… အန်တီဘိုင်ယောတစ် သောက်ကြည့်ပါလား… အင်ဖက်ရှင် ဖြစ်သွားတယ်ထင်တယ်… ညညကျ ရင်ဘတ်ကို ပရုပ်ဆီအဖြူလေးလိမ်းပြီး တခုခုနဲ့ ပတ်အိပ်ကြည့်ပါလား… ကွမ်းရွက်ပုံမြန်မာဆေးလဲ ကောင်းတယ်… အမြန်နေကောင်းပါစေ…

Unknown said...

Bro,
Put one balm oil on your chest or neck and take a rest. How about menthol candy?
We have this cough and cold problem in MM now because of cold weather.

ကိုရင်နော်ခင်လေးငယ် said...

အဟွတ်..!!!!!

Anonymous said...

မင်္ဂလာပါကိုစေးထူးရေ.. ချောင်းဆိုးအမြန် ပျောက်ပါစေရှင်

RePublic said...

ချောင်းဆိုတာ သက်သာပြီလား ကိုစေးထူး ၊၊ စာတွေလာဖတ်ရင်းသတင်းမေးသွားပါတယ်ဗျာ ၊၊ အမြန်ပျောက်ကင်းပါစေ ၊၊

ShinnThant said...

Hello!

How are you? Do you feel better? Pls take care.

Anonymous said...

ချောင်းဆိုတာ သက်သာပြီလား ကိုစေးထူး အမြန်ပျောက်ကင်းပါစေ...
တို့လဲချောင်းဆိုးတာသောက်တဲ့ဆေးကများ
လွန်းလို့ဘာနဲ့ကောင်းသွားမှန်းတောင်မသိ
လိုက်ဘူး...
post အသစ်တက်ပြီလားလာချောင်းတာပါ..

Anonymous said...

Most likely is that you has a very dried room. Dry coughing is due to the driness of the air. so Just make sure your room is not too dry. redue the heater temp or make your room little bit moist. It can help. There is no medicine that can completely recover from dry cough. Get well soon!