Wednesday, December 03, 2008

ကျနော် မောင်ကျည်ပွေ့...

`ဒီအခန်းဟာ Level 5 အခန်းပါလား ခင်ဗျာ´

အတန်းထဲက ဆရာမက `Yes´ လို့ ပြုံးပြုံးကြီး ဖြေပြီးတာနဲ့ ကျနော့်နာမည်ကို မေးပြီး ကျနော့်ရဲ့ ဖိုင်လ်တွဲကို ခပ်မြန်မြန်ပဲ စစ်ဆေးလို့ အတန်းသားတွေနဲ့ မိတ်ဆက်ပေးပါတယ်။ နောက်တော့ စာသင်ခန်းထဲမှာ ဆရာနဲ့တပည့် အပြန်အလှန် ဆွေးနွေးပြောဆိုကြသံတွေနဲ့ ဆူညံလို့၊ ပျော်ရွှင်လို့၊ ကျနော်ကလဲ အဲဒီ အသံတွေထဲ စီးမျောပျော်ဝင်လို့...။

***

`ဟဲလို၊ Capital One bank ကပါ၊ ဘာများကူညီပေးရမလဲ´

ခပ်မြန်မြန်ပြောသွားတဲ့ တဘက်က အင်္ဂလိပ်စကားကို အတော်လေး အာရုံစိုက် နားထောင်ပြီးတော့... `ကျနော့် ခရက်ဒစ်ကဒ်ကို အတည်ပြုချင်လို့ပါ´ လို့ ပြန်ပြောရတယ်။ ဟိုဘက်က ပုဂ္ဂိုလ်မလေးက ကျနော့်နာမည်၊ အသက်၊ လိပ်စာကို မေးတယ်။ ဒီအထိလဲ အိုကေနေတုန်းပဲ။ ပြီးတော့ Social Security နံပါတ်ရဲ့ နောက်ဆုံး လေးလုံးကိုလဲ မေးတယ်။ ဒါလဲ အဆင်ချောနေတုန်းပါပဲ။ ကဒ်နံပါတ်တွေ ပြောပြပြီးလို့ `အိုကေ၊ ကျမရှင့်ကို ဒီကဒ်နဲ့ ပတ်သက်လို့ ရှင်းပြစရာတွေ ရှိပါတယ်´ ဆိုတဲ့နေရာကနေ စလို့ ကျနော် ဒုက္ခရောက်တော့တာပဲ။

စက်သေနတ်ပစ်သလို တရစပ်ပြောနေတဲ့ အင်္ဂလိပ်စကားကို `ရှင့်ရဲ့ ခရက်ဒစ်ကဒ်ကို ဒေါ်လာ ငါးရာကနေ စတင် အသုံးပြုခွင့် ရှိပါတယ်´ ဆိုတာလောက်ပဲ ကောင်းကောင်း နားလည်လိုက်တယ်။ ကျန်တာတွေကို သူက ဆက်တိုက်ပြောလိုက်၊ ကျနော့်ကို `နားလည်ပါသလား´ လို့ မေးရင် `စကားကို ဖြည်းဖြည်းပြောပြီး နောက်တခေါက်လောက်´ လို့ ပြန်ပြောလိုက်နဲ့ အချိန်တွေက မကြာသင့်ဘဲ ကြာနေတော့တယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တော့တာနဲ့ `ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် ခင်ဗျားပြောနေသလောက်ကို အားလုံး နားမလည်ပါဘူး၊ ဒါကြောင့် အဲဒီ ကဒ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေနဲ့ အချက်အလက်တွေကို စာတိုက်ကတဆင့် ထပ်ပို့ပေးပါ´ လို့ ပြန်ပြောမှပဲ ကိစ္စပြတ်တော့တယ်။

အဲဒါက တခါ...။

***

`ဟဲလို၊ Time Warner Cable ကလား´
`ဟုတ်ပါတယ်။ ကျနော် ဘာကူညီရမလဲ´
`ခင်ဗျားတို့ဆီကနေ ကျနော် ကေဘယ်လ်အင်တာနက်လိုင်း ယူထားတာ အခု ကွန်နက်ရှင် မရဘူးဖြစ်နေလို့ပါ´

ထုံးစံအတိုင်း နာမည်မေး၊ လိပ်စာမေး၊ ဖုန်းနံပါတ်မေးနဲ့ ခဏအကြာမှာတော့ ဟိုတခါကလို စက်သေနတ်ပစ်သံနဲ့ တူတဲ့ အင်္ဂလိပ်စကားတွေ ဖုန်းထဲကနေ တဆင့် နားထဲကို ခုန်ပေါက်ဝင်လာပြန်တယ်။ `ဖြည်းဖြည်းပြောပေးပါ ခင်ဗျာ´ လို့ ပြန်ပြန်ပြောရတာလဲ ခဏခဏ။ `အိုကေ၊ ခင်ဗျား အခု ကွန်ပျူတာရှေ့မှာ ထိုင်လိုက်ပါ၊ ရောက်ပြီလား၊ စက်ကို Re-start လုပ်ပါ၊ ပြီးရင် ပြန်ပြောပါ´ အဲဒီအထိတော့ ဟုတ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်း သူထပ်ခိုင်းတာတွေက ဘာမှန်း နားမလည်တော့ပြန်ဘူး။ နောက်ဆုံး...`ဆောရီးပါဗျာ။ ကျနော် ခင်ဗျားပြောတာကို နားမလည်ပါဘူး´ လို့ ထပ်ပြောတော့ `အိုကေ၊ ကျနော် ကြိုးစားကြည့်ပေးပါမယ်´ လို့ ပြောပြီး ဖုန်းကို ဂွပ်ခနဲနေအောင် ချသွားတယ်။ တော်တော်လေး ကြာတော့မှ လူတယောက် တံခါးလာခေါက်ပြီး ကျနော့်စက်ရှေ့မှာ ထိုင်လို့ ဖုန်းကို ဖွင့်ပြီး ဟိုဘက်ကလူနဲ့ အပြန်အလှန်တွေ ပြောရင်း ပြင်ဆင်လိုက်တာ ဆယ်မိနစ်တောင် မကြာလိုက်ဘူး၊ ကွန်နက်ရှင် ပြန်ရပါလေရော...။

***

တကယ်တော့ အပေါ်မှာ ပြောတဲ့ အဖြစ်လိုမျိုးတွေ ကျနော့်လို နောက်ထပ် လူ ဘယ်နှစ်ယောက်လောက် ကြုံဖူးကြသလဲတော့ မပြောတတ်ပါဘူး။ ကျနော်ကတော့ ဖုန်းထဲမှာ အင်္ဂလိပ်လို ပြောရပြီ ဆိုတာနဲ့ ပြဿနာ ကောင်းကောင်းတွေ့လေ့ရှိတယ်။ ဒီနိုင်ငံကို ရောက်ခါစက အိမ်ဖုန်း စရခါစဆို ပိုဆိုးသေးတယ်။ တရက်တလေဆို နာရီဝက်တခါလောက်ကို ကြော်ငြာဖုန်းတွေ ၀င်လာတတ်တယ်။ ကိုင်မိရင် ကျနော့်နာမည်ကို မေးပြီး သူတို့ကတော့ ဘယ်သတင်းစာတိုက်ကပါ၊ ဘာကုမ္ပဏီပါနဲ့ ပြောပြီး ကရားရေလွှတ် တတွတ်တွတ် ပြောတော့တာပဲ။ ပထမတော့ ဘာမှန်းမသိဘဲ ကြောင်အမ်းအမ်းနဲ့ ဖုန်းခွက်ကို ကိုင်ထားပြီး သူပြောနေတာတွေကို နားထောင်နေသေးတယ်။ တခါတလေများဆို ဟိုဘက်က ပြောနေတဲ့ ကိုယ်တော်ချောက ကျနော် ငြိမ်ငြိမ်လေး နားထောင်နေတာကိုတောင် `ခင်ဗျားနားထောင်နေရဲ့လား´ လို့ မေးသေးတယ်။ နောက်ဆုံးတော့ `ဆောရီးပါပဲ၊ ကျနော် ခင်ဗျားပြောတာတွေကို နားမလည်ပါဘူး´ လို့ ပြောရတော့တယ်။ ရောက်နှင့်နေတဲ့ သူငယ်ချင်း တယောက်ကို နောက်ပိုင်းကျတော့မှ မေးစမ်းပြီး ဖုန်းကုမ္ပဏီမှာ ကြော်ငြာဖုန်းတွေကို Block အလုပ်ခိုင်းရတယ်။

ရယ်စရာ အလွဲတခုကတော့ ရောက်ခါစ မြန်မာမိတ်ဆွေ တယောက်ဆိုရင် အဲဒီလို ကြော်ငြာဖုန်းတွေလာရင် နားမလည်ပေမယ့်လဲ ဟိုဘက်က ပြောနေတာကို အကြောင်သားနဲ့ Yes, Yes ဆိုပြီး ပြန်ပြောတာ နောက်နေ့တွေကျတော့ အိမ်ရှေ့မှာ မဂ္ဂဇင်းတွေ၊ သတင်းစာတွေကို တံခါးဝမှာ တယောက်ယောက်က လာပို့ထားသတဲ့။ လကုန်တော့မှ ငွေတောင်းလွှာရောက်လာတော့ လန့်ပြီး နားလည်တဲ့သူကို ပြန်မေးရသတဲ့။

***

ဒီတော့ အပေါ်မှာ ကျနော် ကြုံရတဲ့ အခက်အခဲတွေနဲ့ အလွဲတချို့တွေဟာ ဘာကို ပြနေသလဲဆိုတော့ ကျနော် တတ်ထားတဲ့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားဟာ တကယ့်တကယ်တမ်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကို တွေ့လာရတယ်။ အပြင်မှာ စကားပြောတာနဲ့ ဖုန်းထဲမှာ စကားပြောတာဆို အတော်ကြီးကို ကွာပါတယ်။ အပြင်မှာကတော့ International Language လို့ ပြောင်နောက်ခေါ်ကြတဲ့ လက်ဟန်ခြေဟန်တွေပါ သုံးလို့ ကိုယ်ပြောတတ်သလို ပြောပြီး အဆင်ပြေနိုင်ပေမယ့် ဖုန်းထဲမှာကျတော့ ဂွအကျကြီး ကျတော့တာပါ။

ဒီလိုနဲ့ပဲ ကျောင်းတော်ဆီ ခြေဦးပြန်လှည့်ရတော့တာပါပဲ။

Testing Exam ကို ဖြေပြီးတော့ ထွက်လာတဲ့ ရလဒ်က Level 5 ပါတဲ့။ အားလုံးပေါင်း Level 6 အထိ ရှိတာဆိုတော့ ဒီလောက် အဆင့်ကနေ သင်ရတာကိုက မဆိုးဘူးလို့ ကိုယ့်ကိုယ်ကို ပြန်အားပေးရတယ်။

`Level 5 နဲ့ Level 6 အဆင့် ကျောင်းသားတွေ တက်လို့ရနိုင်တဲ့ ကောလိပ်ကျောင်းတွေ ရှိပါတယ်၊ ကြိုးစားပါ၊ အဆင်ပြေပါစေ´ လို့တော့ စာမေးပွဲ ရလဒ်ကို ပြောပြတဲ့ ဆရာမက မှာလိုက်ပါရဲ့...။

***

`ကဲ...၊ ဒီနေ့ အတန်းချိန်ကတော့ ဒီလောက်ပါပဲ၊ ကြာသပတေးနေ့ ညနေ ခြောက်နာရီမှာ ပြန်ဆုံကြပါစို့´

အရယ်အရွှမ်းကလေးတွေနဲ့ စာသင်တတ်တဲ့ ထိပ်ပြောင်ပြောင် ဆရာရဲ့ စကားအဆုံးမှာ အတန်းထဲက ကျောင်းသူ ကျောင်းသားတွေ စုရုံးရုံးနဲ့ ပြန်ဖို့ ပြင်ကြဆင်ကြ။

သြော်...၊ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတာကိုတောင် မှတ်မိသေး။ ဘာတဲ့...၊ ကျည်ပွေ့အတက်ပေါက် တာဆိုလား။ အခုတော့ အဲဒီ ပုံပြင်ထဲက အတိုင်းဆို ကျနော်သည်လဲ မောင်ကျည်ပွေ့ပေါ့။ ဘလော့ဂ်ရေးဖော် ကိုကျည်ပွေ့ကိုတောင် သတိရမိသေးတော့...။

ကျောင်းဝင် အပြင်ကို ထွက်လိုက်တော့ အပြင်မှာ အေးလို့...၊ ခဲလို့။ နှင်းဖတ်တွေ ဖွဲလို့ သည်းလို့။ ကျောင်းကို ပြန်ငဲ့ကြည့်လိုက်တော့ လျှပ်စစ်မီးအပြင် ပညာအလင်းပါ စွက်ထားတဲ့ ကျောင်းက လင်းလို့ ထိန်လို့...။

***


ကလိုစေးထူး

12 comments:

Anonymous said...

ကျောင်းဝင်ခွင့်ရသွားတော့ အလုပ်တွေ ပိုရှုပ်တော့မှာပဲး) စာတွေတင်ဖြစ်ပါ့မလားဗျ ဖုန်းထဲမှာ နဲ့ အပြင်မှာက မတူတာ ဟုတ်ပါ့ဗျာ ကျနော်ဆို ဖုန်းလာရင် “ဆော်ဒါဒီခပ် ”လုပ်ပြီးတာနဲ့  ခဏစောင့်လို့  မြန်မာလိုပြောပြီး ထိုင်းတစ်ယောက်ဆီပြေးရတယ် :P နောက်မှ သူကတစ်ဆင့်ပြန်ရှင်းပြ အဲ့တော့မှ အိုကေတာ ကိုကျည်ပွေ့လည်း အိုကေပါစေ ။

:P said...

ဖုန်းနဲ့ စကားပြောရတိုင်း စိတ်ညစ်ရတာ တကယ်ပါ...
တရုတ်သံဝဲတဲ့ အင်္ဂလိပ်စကားရယ်.. စကားပြောမြန်တာရယ်၊ ကိုယ်ညံ့တာရယ်နဲ့ပေါင်းတော့ တော်တော်အဆင်မပြေတာပါ။

ကိုပေါ said...

ကျနော်တို့လည်း ထိုနည်းလည်းကောင်း ပါပဲဗျိုး။ စင်္ကာပူမှာ တရုတ်တွေ၊ အင်ဒီးယန်းတွေ ပြောတဲ့ အင်္ဂလိပ်စကားနားထောင်ရတာ ပိုပြီး ဒုက္ခရောက်ပါသဗျိုး။

Nanda said...

အမှန်ပဲဗျာ..telephone conversation က အပြင်မှာပြောတာနဲ့ အတော့်ကိုကွာပါတယ်။ စင်္ကာပူလို လူမျိုးပေါင်းစုံပြောတဲ့ english စကားနားလည်ရခက်တာကို မပြောနဲ့အုံး.. ဒီဂျပန်မှာလဲ တူတူပဲ..။အထူးသဖြင့် company တွေက business call တွေဆို ပိုပီးနားလည်ရခက်တယ်။ သူတို့သုံးတာက Formal polite form ။ အဲဒါကြီးက အတော်ကို အပိုဆာဒါးတွေနဲ့ နားလည်ရခက်တယ်..။ဖုံးထဲမှာဆိုတော့ ပိုဆိုးတာပေါ့။ ကျွန်တော်ဆို daily conversation တော့ ပြသနာမရှိဘူး ကျောင်းမှာလဲ သူငယ်ချင်းတွေနဲ့ ပြောတာ ဆိုတာ ဘာမှပြသနာမရှိဘူး..။အဲ..ဖုံးနဲ့ company တွေ ဘာတွေကို ဆက်ပီးပြောရပီဆို ခုထိကို မြွေခြောက်ကိုက်သလိုပဲ..။ဒါပေမယ့် ဒီမှာက နိင်ငံခြားသားမလို့ စကားကို လွယ်အောင်ပြောပေးပါလို့ တောင်းပန်၇င်တော့ သူတို့လဲ ကြိုးစားပမ်းစားနဲ့ နားလည်ရလွယ်တဲ့ plain form နဲ့ပြောပေးကြပါတယ်။ သူတို့ဘာသာစကားပေမယ့် သူတို့ခင်မျာ တမင်ကို နိင်ငံခြားသားနားလည်လွယ်မယ့် ပြောနည်းနဲ့ ပြောရတာလဲ သိပ်တော့ လွယ်ဟန်မတူဘူးဗျ.. :)

mg kyi poae said...

ခေါင်းစဉ်ဖတ်ပြီးတော့ ကျွန်တော့်ကိုများ ခေါ်သလားလို့ အပြေးလာခဲ့တာ ဂလိုကိုး.... ကျွန်တော်ကတော့ရှင်းတယ် အင်္ဂလိပ်ဘာသာကို အပြင်မှာလည်း မရ၊ ဖုန်းနဲ့လည်းမရပါပဲ။ ကိုစေးထူးလိုပဲ သင်ချင်စိတ်တော့ရှိတယ်။ အခြေနေကမပေးသေးဘူး။ ကိုစေးထူး မီဒီယာအင်္ဂလိပ်စာထိတိုင်အောင် ပေါက်မြောက်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျားးးး

MANORHARY said...

ကုသိုလ်ထူးလို့သာဒီလိုအတက်တလူလူဖြစ်ခွင့်ရတာနော်
နည်းတဲ့ကုသိုလ်လား..နည်းနည်းလောက်မျှစမ်းပါ
Oxford မှာကျောင်းသွားတက်ချင်လို့...
အတိတ်ကံလိုနေတယ်...း)

ATN said...

ွှTime Warner Cable ဆိုတော့
ကိုယ့်ညီနဲ့ ကိုယ်နဲ့ ISP တူနေပြီထင်တယ်...

မီယာ said...

အားကျတယ်အကို။ ညီမလည်းဆရာမနဲ့စကားပြောသင်တယ်။ ကြားဖူးနားဝပြောတာထက် သိနားလည်ပြီးပြောတတ်ချင်လို့။ lifelong learning ပေါ့။

Anonymous said...

nobody is late...
don't give up...

ယောနသံစင်ရော် said...

ကိုစေးထူးရေ...
သူငယ်ချင်းတယောက်ကတော့ YES လုပ်ကောင်းလိုက်တာ .. နောက်နေ့ကျတော့ သူ့အိမ်က မှန်ပြူတင်းပေါက်တွေ အသစ်လာလဲတတ်သွားလို့ သူ့မှာ အူကြောင်ကြောင်နဲ့ ပိုက်ဆံတောင်ပေးလိုက်ရသေးတယ်တဲ့။

Moe Cho Thinn said...

အမလဲ ထူးမခြားနားပါပဲ။ တခါတလေ ကိုယ်က ဗမာလိုတောင် ပြန်ပြောမိသေး။
ဒါပေမဲ့ များသောအားဖြင့် ဒီကလူတွေက ကိုယ့်ရုပ်ကြည့်လိုက်တာနဲ့ သူတို့နိုင်ငံသား မဟုတ်ဘူးဆိုတာ သိပြီး ဖြေးဖြေးပြောပေး၊ နားထောင်ပေးတတ်ပါတယ်။ ကိုယ့် mother language မှ မဟုတ်တာနော်။ အဲဒီလိုပဲ ကိုယ့်ဖာသာကိုယ် အားပေးပြီး ကြိုးစားရတယ်။
ဖုန်းထဲက ကြော်ငြာတွေကတော့ လန့်လောက်ပါတယ်။ အိမ်ကိုသာ စာပို့ခိုင်းပြီး သေချာဖတ်တာ ပိုအဆင်ပြေမယ်။ နို့မို့ဆိုရင် American marketing က ပါးပါးလှီးတာမို့ hidden charges တွေ တပုံကြီး။

MELODYMAUNG said...

စာသေချာဖတ် လိမ်မာတယ်
ကျောင်းမပြေးရဘူး
ပြီးတော့မှ စာမလိုက်နိုင်လို့ အိမ်စာမပီးလို့ဆိုတဲ့ အသံကြားချင်ဘူး ဒါပဲပြောမယ် အဟိဟိ
(ကြုံလို့ ဖိဆူကြည့်တာဂျ)