Tuesday, December 02, 2008

ခါဂျီး...၊ ခါဂွေး...၊ ဂါးနီ (နောက်ဆက်တွဲ)

အားလုံး မင်္ဂလာပါ။

ကျနော် တနင်္ဂနွေနေ့ညနေမှာ ခရီးကနေ ပြန်ရောက်ပါတယ်။ ရောက်ဖြစ်ခဲ့တဲ့နေရာက အသွားအပြန် ၃၆ နာရီကြာအောင် ကားမောင်းရတဲ့ အကွာအဝေး ဖြစ်ရတဲ့အထဲ အပြန်လမ်းခရီးမှာ လမ်းတောက်လျှောက် ဆိုးဝါးနေတဲ့ ရာသီဥတုကြောင့် ကံသီလို့သာ အိမ်ကို ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပါတယ်။ ခရီးသွား အတွေ့အကြုံလေးတွေကိုတော့ နောက်များမှပဲ စာရေးဖြစ်ပါဦးမယ် ထင်ပါတယ်။

***

လွန်ခဲ့တဲ့ ရက်အတန်ကြာက ကျနော် `ခါဂျီး...၊ ခါဂွေး...၊ ဂါးနီ´ ဆိုတဲ့ ပို့စ်လေး တပုဒ် ရေးဖြစ်ပါတယ်။ ရေးတုန်းကတော့ တွေ့ခဲ့ကြုံခဲ့ရတဲ့ အလွဲလေး တခုကို စာလာဖတ်သူတွေကို ပေါ့ပေါ့ပါးပါးလဲ ပြုံးစေရအောင် ဆိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ ရေးခဲ့ပေမယ့် အခုတော့ အဲဒီ စာနဲ့ ပတ်သက်တဲ့ ကျနော့်ရဲ့ တာဝန်ရှိမှုအတွက် တစုံတရာ ပြန်ရေးမှ ဖြစ်တော့မယ်လို့ ယူဆတဲ့အတွက် အခု ပို့စ်ကို ရေးပါတယ်။

အဲဒီ ပို့စ်ကို ကျနော် ရေးခဲ့တဲ့နေရာမှာ ကျနော် ထည့်သွင်း မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတချို့ ရှိပါတယ်။ ဘာကြောင့် ထည့်မရေးသလဲ ဆိုတော့ ပေါ့ပေါ့ပါးပါး ပြုံးစေချင်တာကို အသားပေးလိုတာက တချက်နဲ့ အသေးစိတ်ကြီးတွေလဲ ထည့်ရေးနေစရာ မလိုပါဘူးလေလို့ သာမန်သဘော တွေးခဲ့တာကြောင့်ပါ။ ဒါပေမယ့် အခုတော့ ဒါတွေကို ထည့်ရေးဖို့ လိုအပ်လာပါပြီ။

အဲဒီ ကရင်အကိုကြီးအတွက် ကျနော်က စကားပြန်အဖြစ် မကူညီခင်မှာ သူကိုယ်တိုင် အနေနဲ့လဲ မြန်မာဘာသာပြန်ထားတဲ့ စီဒီအခွေကို နားထောင်ထားတဲ့ အပြင် သူတတ်သမျှ မှတ်သမျှလေးနဲ့ ရုံးမှာသွားသွားဖြေနေတာ သုံးကြိမ်ရှိပါပြီ။ သူနားထောင်နေတဲ့ ဘာသာပြန် စီဒီခွေက တခြားပြည်နယ်ကို အခြေခံထားတာရယ် သူ့ရဲ့ အင်္ဂလိပ်စာ အားနည်းချက်တွေရယ်ကြောင့် သုံးကြိမ်စလုံး ကျပြီးမှ ကျနော့်ဆီမှာ အကူအညီလာတောင်းတဲ့အတွက် လုပ်ပေးဖြစ်တာပါ။

ကျနော် လက်ရှိနေတဲ့ ပြည်နယ်မှာ ယာဉ်မောင်းသင် လိုင်စင်ရဖို့အတွက် တနှစ်မှာ ငါးကြိမ်အထိသာ ကြိုးစားခွင့် ရှိပါတယ်။ ငါးကြိမ်တိုင်အောင် ကျခဲ့ရင် နောက်နှစ်အထိ ထပ်စောင့်ရပါတယ်။ တနှစ်မှာ ခြောက်လလောက်က အေးနေတဲ့ ဒီပြည်နယ်မှာ အရမ်းအေးတဲ့ လတွေမှာဆို အပြင်မှာ ဆယ်မိနစ်လောက် နေဖို့ကိုတောင် မလွယ်တာမို့ ကားမရှိသူတွေအတွက် အလုပ်သွား အလုပ်ပြန်က အင်မတန် ဒုက္ခရောက်ပါတယ်။ ဒါကြောင့် အဲဒီ ကရင်အကိုကြီးရဲ့ အခက်အခဲကို မကြည့်ရက်တဲ့ စိတ်တခုတည်းနဲ့ ဒီလိုနည်းနဲ့ ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီ စာမေးပွဲကို သွားမဖြေခင်မှာလဲ ကျနော့် အိမ်မှာ သူ့ကို အဓိကကျတဲ့ ယာဉ်စည်းကမ်းဆိုင်ရာ အချက်အလက်တွေ၊ ကားလမ်းတွေပေါ်က အမှတ်အသားတွေ အကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။ အဲဒါတွေ လုပ်ပြီးမှ သွားဖြေစေခဲ့တာပါ။

သွားဖြေစေခဲ့တယ် ဆိုပေမယ့် သူ မအောင် အောင်အောင် ကျနော်က Cheating လုပ်ခဲ့တာဆိုတော့ ဘာပဲပြောပြော ဒါဟာ ကောင်းတဲ့ ရှုထောင့်တခု မဟုတ်တာကို ကျနော် နားလည်လက်ခံပါတယ်။ ဒါကြောင့် ကျနော့်ကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးပြီး စေတနာ ရှေ့ထား ဝေဖန်ထောက်ပြပေးကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။

သို့သော် သေချာတာ တခုကတော့ ကျနော် အဲဒီ ပို့စ်ကို ရေးခဲ့တာဟာ `ငါတော့ ဘယ်လိုလူလည်ကျလိုက်တာကွ´ ဆိုတဲ့ ဂုဏ်ယူချင်စိတ်နဲ့ မဟုတ်ခဲ့ပါဘူး။ အဲဒီအတွက် ကျနော့်ကိုယ် ကျနော် လိပ်ပြာသန့်စွာ ပြောရဲပါတယ်။ ကျနော်တို့ အလွဲကလေးတွေ ကြုံခဲ့တယ်၊ ဒါလေးကို ပေါ့ပေါ့ပါးပါး ပြုံးရအောင် ဆိုတဲ့ စိတ်တခုတည်းသာ ထားခဲ့ပါတယ်။ ပို့စ်ရဲ့ label ကိုတောင် ပေါ့ပေါ့ပါးပါး လို့ပဲ ပေးဖြစ်ခဲ့ပါတယ်။ ကူညီပေးခဲ့တယ် ဆိုပေမယ့် လုံးဝဥဿုံ ပြီးပြည့်စုံသော ဖြစ်သင့်မှုတွေ မဖြစ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။ အဲဒါတွေဟာလဲ ဘယ်လို လူလည်ကျလိုက်မှပဲ၊ ဘယ်လိုတော့ အလွဲသုံးစား လုပ်ရင် ရတာပဲဟာဆိုတာ သက်သက်ကိုသာ အခြေခံတွေးခဲ့တာ မဟုတ်ရပါဘူး။

`ဒါဖြင့် မင်းအခုလို လုပ်ပေးလိုက်တဲ့ ကရင်အကိုကြီးက လမ်းပေါ်မှာ ကားတိုက်လို့ ပြဿနာ တက်တော့ မြန်မာလူမျိုး သိက္ခာမကျဘူးလား´ လို့ မေးစရာ ရှိပါတယ်။ သူ့ကို လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေကို သေချာရှင်းပြခဲ့ပါတယ်။ နောက်လဲ ကားမောင်းသင်ပေးတဲ့အခါ ရှင်းပြရမှာတွေ ရှိပါတယ်။ ဒီတော့ ကားတိုက်မှု မဖြစ်အောင် တနည်းအားဖြင့် သူ့အနေနဲ့ လမ်းစည်းကမ်းကို နကန်းတလုံးမှ နားမလည်ဘဲ ကားတက်မောင်းလို့ ကားတိုက်မှု ဖြစ်ရတယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်အောင် ကျနော် ဆက်လက် တာဝန်ယူထားပါတယ်လို့ ပြောပြချင်ပါတယ်။

နောက်တခုက အဲဒီ ပို့စ်ထဲက ဇာတ်လိုက်ကျော် ကရင်အကိုကြီးကို အခုဆိုရင် အားတဲ့ရက်တွေမှာ ကျနော် ကိုယ်တိုင်ပဲ ကားမောင်း သင်ပေးနေပါတယ်။ အမေရိကားမှာ ကားမောင်းသင်တန်းကြေးဟာ အလွန်တရာ ဈေးကြီးတဲ့အတွက် သူ လက်ရှိရနေတဲ့ လုပ်ခနဲ့ စာရင် မတန်တဆကြီး ပေးနေရမှာ စိုးတာလဲ ပါတာပါ။

အမေရိကားမှာ လူတယောက်ကို ကားမောင်းသင်ပေးခွင့် ရှိဖို့အတွက် (ကျနော့် အခုလက်ရှိနေတဲ့ ပြည်နယ်ရဲ့ ယာဉ်မောင်းလက်စွဲ စာအုပ်ထဲမှာ ရေးထားချက်အရ) အနည်းဆုံး ယာဉ်မောင်းလိုင်စင်သက်တမ်း ၂ နှစ်နဲ့ အသက် ၂၁ နှစ် အထက် ရှိရပါမယ်။ နောက်တခုက ကျနော် သင်ပေးမှာက ကျနော့်ကားနဲ့ပါ။ ကျနော့်ကားမှာ ကျနော့် တယောက်ထဲရဲ့ အမည်သာလျှင် ကားအာမခံထားတာကြောင့် တကယ်လို့များ အမောင်းသင်နေတုန်း တခုခု ဖြစ်ခဲ့ရင် ကျနော်တက်မယ့် ပြဿနာတွေက အများကြီးပါ။

မည်သို့ပင် ဖြစ်စေပါ။

စာတပုဒ်ကို စာရေးသူက ဘယ်လိုရေးလိုက်သည် ဖြစ်စေ စာဖတ်သူတွေအနေနဲ့ မိမိမြင်တဲ့ ရှုထောင့်ကနေ လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့် ရှိတဲ့အတွက် ကျနော်ရေးတာကို ဖတ်ပြီး `ဒီကောင်လုပ်တာနဲ့ ငါတို့ လူမျိုး သိက္ခာကျတော့မှာပဲ´ လို့ ထင်စရာတွေ ဖြစ်ခဲ့တဲ့အတွက် ဒီအပေါ်မှာတော့ ကျနော် ကိုယ့်တာဝန်ကိုယ်ယူပြီး စာဖတ်သူတွေကို တောင်းပန်ပါတယ်။

ကူညီနည်း ပုံစံမကျတဲ့အတွက် ကျနော် မှားတာကို ၀န်ခံဖို့ အသင့်ပါပဲ။ ဒါပေမယ့် ကျနော် မှားတဲ့ အဲဒီ အမှားဟာ ဆရာဝန်တယောက်က ကိုယ်ဝန်ဖျက်ချဖို့အတွက် ကူညီပေးတဲ့ အမှားမျိုးနဲ့ လုံးဝဆက်စပ်မှု မရှိသလို သဘောသဘာဝခြင်းလဲ တခြားစီလို့ ထင်ပါတယ်။ လူတယောက် အေးခဲနေတဲ့ ရာသီဥတုဒဏ်ကို ဖြတ်ကျော်ရမယ့် ၀ဋ်ဒုက္ခကို ကျနော် ကားမရှိခင်တုန်းက အခြေအနေနဲ့ ကိုယ်ချင်းစာပြီး လုပ်ခဲ့တာတခုပဲ ရှိပါတယ်။ ဒါကို ကျနော့်အနေနဲ့ ၀င့်ကြွားလိုတဲ့ စိတ် လုံးဝ မရှိပါဘူး။

ရေးခဲ့တာလဲ အတန်ငယ်တော့ ရှည်လျားပါပြီ။ နောက်ဆုံး အနေနဲ့ကတော့ ကျနော် အခုပို့စ်ကို ရေးတာဟာ အခြေအနေတခုကို အရင်ထက်စာရင် ပိုနားလည်လာဖို့သက်သက်သာ ရည်ရွယ်ပါတယ်။

နားလည်လက်ခံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အပြုသဘော အကြံပေး ဆွေးနွေးထောက်ပြသွားကြသူ မိတ်ဆွေ မောင်နှမ၊ အကိုအမများ အားလုံးကို ကျေးဇူးတင်ပါတယ်။

***


ကလိုစေးထူး

9 comments:

တောင်ပေါ်သား said...

ကိုစေးထူးရေ အကိုရဲ့ စိတ်ဓါတ်ကို ပိုလို့တောင်လေးစား အားကျမိပါတယ်အကို။ ကိုယ်ရဲ့လုပ်ရပ်တခုကို တာဝန်အပြည့်ယူရဲ့တဲ့ စိတ်ဓါတ်ကို အားကျပါတယ်။ လေးစားလျက်

tint said...

အင်းး စမိမှတော့ ဆုံးအောင်လုပ်ရတော့မယ် ။
တကယ်တော့ သိပ်အရေးကြီးသလားဆိုတော့ အရေးမကြီးလှပါဘူး
ပြောချင်ရာ ပြောနေတဲ့  လောကကြီးထဲ အမှားတခု ထပ်တိုးလာလို့ လဲ တယ်မထူးပါဘူး
ဒါပေမဲ့  ဗမာလူမျိုးတယောက်လောက်များ ဒီစာဖတ်ပြီး ကားမောင်းသင်ရတာ တယ်ခက်ပါလား ထင်သွားရင် ငါမြင်ရက်နဲ့  တာဝန်မကျေဘူး ဖြစ်မှာလဲ စိုးရသေးတာကိုး ။
၁) ရှေ့ ပိုင်းက ဘာညာ သာရကာကတော့ ထားပါ ။ sob story ခေါ်တာပေါ့ ။ ဒါမျိုးက သနားချင်တဲ့ သူ သနားနိုင်ပါတယ် ။ ပြောစရာအထူးမရှိ ။
၂) မှန်လိုက်လေဗျာ ။ ကားမောင်းဘို့ အရည်အချင်းမရှိတဲ့ သူ ကားပေါ်တင်တာ ဆရာဝန် ကလေးဖျက်ချတာနဲ့  ဘယ်လာတူပါ့မလဲ ။ ဆရာဝန်သတ်တာက ကလေးတယောက် ။ ဒရိုက်ဗာ သတ်ရင်အပုံလိုက် ။
၃) ဒါကတော့ အရေးအကြီးဆုံးပါ ။ လေရှည်တယ်ထင်လဲ ခံရမှာဘဲ ။
အမောင်းသင် လူတယောက်ကို ကိုယ့် ကားပေးမောင်းချင်ရင် အလွယ်လေး ။
ဘာမှ လူစွမ်းကောင်းကြီးလုပ်ပြီး ခိုးသင်စရာမလိုပါဘူး
အာမခံကုမ္ပဏီကို ဖုန်းဆက်လိုက် ။ ကို ယ့် ရဲ့  အာမခံမှာ co-driver အဖြစ်နဲ့  အဲလူရဲ့  သင်မောင်းလိုင်စင်ကို add ရုံပါဘဲ ။
တချို့ ကုမ္ပဏီက ပိုက်ဆံ နဲ နဲ ( မိမိ အာမခံရဲ့  ၂၀ % မှ ၅၀ % ထိယူတယ် ။ တခါတလေ သဘောကောင်းရင်မယူတာလဲ တွေ့ ရဘူးပါတယ် ။ )
ခုတော့ လိုင်စင်ဖြေတာ လိမ်တာကို ခုခံကာကွယ်ရင်း အာမခံမရှိဘဲ ကားမောင်းသင်တာပါပေါ်လာတော့
အင်းး ညောင်မြစ်တူး ပုတ်သင်ဥပေါ်တော့တာပေါ့လေ ။
ကိုရင် သိထားဘို့ က သင်မောင်းသမားကို အာမခံကုမ္ပဏီရဲ့ ကြိုတင်ခွင့်ပြုချက်မရဘဲ ကားပေးမောင်းလိုက်တော့ အဲသင်မောင်းသမားက ကားစက်နှိုးလိုက်တာနဲ့  ကိုရင့် အာမခံသည် null and void ဖြစ်သွားပြီ ။ ဒီတော့ ဘာဖြစ်လဲဆိုတော့ ကိုရင် တို့ ၂ယောက်က ကားတိုက်လို့ သေရင်ဖြစ်စေ။ ကိုရင်တို့ က တစုံတဦးကို ထိခိုက်မိရင်ဘဲဖြစ်စေ ။အာမခံကုမ္ပဏီက လျော်မှာမဟုတ် ။
အဲ ကိုရင်တို့ ၂ယောက်က ကိုယ့်အပြစ်နဲ့ ကိုယ်သေတာက ကိစ္စမရှိပါ ။ ကိုရင်တို့ နဲ့  ထိခိုက်မိတဲ့  တပါးသူသည် အလျော်မရနိုင်လို့  သေရင် သူ့ မိသားစု ဒုက္ခရောက်မယ် ။ မသေဘဲ ဒုက္ခိတဖြစ်ရင် သူရော သူ့ မိသားစုပါ ဒုက္ခရောက်မယ် ။
နောက်ဆုံးစာဖတ်သူတွေကို ပြောချင်တာက လောကမှာ စည်းကမ်းဆိုတာ ရှိပါတယ် ။ကိုယ်ရောက်နေတဲ့ နေရာက စည်းကမ်းလေးတွေတော့ သိအောင်လုပ်ထားကြပါဗျာ ။
ကိုယ်လုပ်ချင်တာ ရှိလာရင် ဒီလို မရေမရာ စာမျိုး ဖတ်ပြီး အတုမခိုးကြပါနဲ့  ။ သက်ဆိုင်ရာ ဋ္ဌာနတွေကို မေးကြပါ ။ နိုင်ငံများရာစုဟာ ဗမာပြည်မဟုတ်ပါ။ ဋ္ဌာနတိုင်းမှာ ကူညီဘို့  PR ၀န်ထမ်းတွေ သေချာခန့် ထားပါတယ် ။ မေးရင်လဲ သေချာဖြေပေးကြပါတယ် ။ အဲဒါပါဘဲ ။

MANORHARY said...

စာလာဖတ်သွားတယ်။

ဟန်သစ်ငြိမ် said...

ကျွန်တော်က အနုပညာကို အနုပညာလိုပဲ ခံစားပါတယ်။
ရင်ကျက်ပြီးသား လူဟာ အတုယူသင့်တာကို သူ့ဘာသာသူ အတုယူသွားပါလိမ့်မယ်။

အဲလိုသာ မဟုတ်ရင် လူသတ်ကား၊ စိတ္တဇကားတွေ ရိုက်ကူးပြသနေတာမျိုးတွေ ရှိလာလိမ့်မယ်လို့ မထင်ပါဘူး။

စာတစ်ပုဒ်၊ ပို့စ်တစ်ခုအတွက် ရေးသားသူတင်မဟုတ်ပါဘူး လက်ခံဖတ်ရှုတဲ့သူမှာပါ တာဝန်အနည်းနဲ့အများ ရှိတဲ့လို့ ယူဆမိပါတယ်။

ကျွန်တော့်ထင်မြင်ချက်ပါ။

sawthanlwin said...

tint comment is bullshit..
he should learn what is car insurance before he said.

Nanda said...

(စမိမှတော့ ဆုံးအောင်လုပ်ရတော့မယ်…) ဆိုလို့ နဲနဲ ၀င်ပြောပါအုံးမယ်..။
စကတည်းက ပေါ့ပေါ့ပါးပါး လေးပဲ မြင်စေချင်လို့ ခပ်ပါးပါးလေးပဲ ရယ်စရာလေးစွက်ပြီး ပြတဲ့ဟာကို လေးလေးလံလံရေးကြီးခွင်ကျယ်လုပ်ပြီး မြင်ကြတော့ စာရေးသူ ပေးချင်တာ မရသူတွေလဲရှိ..။ရပေသော်လည်း အခွင့်ကောင်းပေပဲလို့ တွေးပြီး ဆော်ချင်သူလဲရှိ..။ပေးတဲ့အတိုင်း ရသွားပြီး ခပ်ပေါ့ပေါ့လေးနဲ့ ဟာသအပိုင်းလေးကို ခံစား..ကျန်တဲ့အပိုင်း ကိုယ့်ဖာသာ ဖြည့်စွက်တွေးယူသွားသူတွေလဲ ရှိ..။
၁) စာရေးသူက သူကူညီပုံနည်းဟာ မှန်ကန်တဲ့နည်းမဟုတ်ကြောင်း သူ့ဖာသာလဲ သိတယ် ၀န်လဲခံတယ်။
၂) သူပေးချင်တဲ့ မက်ဆေ့လေးနောက်ကွယ်က သူထည့်မရေးတဲ့ ကိစ္စတွေအကြောင်းလဲ ထည့်ရေးရှင်းပြသေးတယ်
၃) သူကူညီထားတဲ့ကိစ္စတစ်ခုအတွက် သူတာဝန်ယူထားကြောင်းလဲ ပြောပြတယ် (တာဝန်ယူပုံ မှန်မမှန်၊ အာမခံ ဥပဒေတွေ ဘာတွေက တကဏ္ဍပါ။ အဓိက က တာဝန်ယူတဲ့ စိတ်ဓါတ်။ ကူညီတတ်တဲ့စိတ်ဓါတ်ပဲ)
၎) ပေးချင်တဲ့ မက်ဆေ့က ဘာဆိုတာ ကျုပ်လို စာဖတ်သူတွေတော့ နားလည်တယ်။ စည်းကမ်းတွေအကြောင်း ပိုပီး ရေရောရာရာ သိချင်ရင် US Dept. of Transportation ၀က်ဆိုက် သွားကြည်ရုံပ
၅)စာေ၇းသူရဲ့ အာမခံ နဲ့ပတ်သက်တဲ့ အာမခံရခြင်း မရခြင်းကိစ္စ သူပဲအသိဆုံးနေမယ်..ဘာမှထွေထူးပြောနေစရာ အကြောင်းမရှိ။
ဒီစာမှာ ရေးထားတဲ့ အထဲက မရေမရာ အချက်တွေကို အတုခိုးရလောက်အောင် ၀မ်းစာမပြည့်တဲ့ စာဖတ်သူလဲ သိပ်ရှိလှမယ်မထင်ပါဘူး...။ ယူတတ်ရင် ရပါတယ်။ ဒါလောက်ပါပဲ..။
မင်းနန္ဒ

mg kyi poae said...

ဘာမှမပြောတော့ဘူးနော်.. ကိုဟန်သစ်နဲ့ ကိုနန္ဒပြောတဲ့အတိုင်းပဲး-)

Zephyr said...

အင်း အငြင်းအခုံလေးတွေနဲ့ဆိုတော့ မြိုင်ဆိုင်တယ်လို့ပဲ ခံစားသွားပါတယ် ... ကို ကလိုစေးထူးရေ ...။ ကျွန်တော် ဒီ blog ကိုလာလည်တာ ကားမောင်းသင်ဖို့ ... အာမခံဝယ်ဖို့မဟုတ်တာတော့ သေချာပါတယ် ...။ :) ... ပျော်စရာလေးတွေကို ဘယ်လိုဖတ်လိုက်ပြီး ... အပြစ်မြင်လဲတော့ မတွေးတတ်တာ အမှန်ပဲ ...။ ဘာပဲဖြစ်ဖြစ် အာမခံကြေးကိစ္စကိုတော့ tint ပြောတာ ဗဟုသုတ ရပါတယ် ...။ မရေမရာဆိုတာကိုတော့ လက်မခံပါဘူး ... ရသစာပေမှာ သုတမပါရကောင်းလားလို့ပြောလို့မရပါဘူး ...။ .....
.....
ဒီလိုပြောကြေးဆိုရင် ဘုရားဟောမှာ Java Programming အကြောင်းမပါတာကို ကျွန်တော် ထောက်ပြချင်ပါတယ် .... ဟဲဟဲ ...။ မရေရာဘူးလို့တော့ မပြောရဲပါဘူးဗျာ ... ။


ပျော်ရွှင်စရာ blog လေးကို ဆက်ပြီးအားပေးနေဦးမှာပါ ...။ ကျေးဇူးပြုပြီး ... ရသစာပေကို ရသစာပေလို့နားလည်ပေးကြပါ ...။

Life is for Success said...

ကိုစေး

Keep on doing what u think. I agree with you. But just care and concer on the situation when u teaching him......