Sunday, December 07, 2008

စုဆောင်းရေးမှာ...

`ဘူးစင်ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိမ်သာ...၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိပ်ဆောင်တစ် ကင်းကောင်း၊ အကြောင်းထူး မရှိ´

ညရဲ့ အမှောင်ထဲမှာ တချက်တချက် ပျံ့လွင့်လာသော အော်သံတချို့က အချုပ်ဆောင်ထဲက နေဇာ့ကို အိပ်စက်ခြင်းငှာ မစွမ်းသာအောင် လှန့်နေကြလေသည်။ နေဇာ့ဘေး ဘယ်ညာမှာတော့ ခပ်ကျဉ်းကျဉ်း အချုပ်ခန်းထဲမှာ ခြင်ထောင် မရှိ၊ စောင်မရှိ ဒီအတိုင်း ခွေခွေလေး အိပ်နေကြသူတွေက မစီမရီ ဖြစ်လို့နေ၏။ တချို့များကျတော့လဲ ဟောက်သံလေးများပင် ထွက်လို့...။

လူပေါင်းများစွာရဲ့ အနံ့အသက်တွေနဲ့ လှောင်အိုက်လှတဲ့ အချုပ်ဆောင်ထဲမှာ ဘယ်တုန်းကတည်းက အခိုင်အမာ နေရာရနေကြမှန်း မသိသည့် ကြမ်းပိုးကောင်တွေရဲ့ နှိပ်စက်မှုကလဲ ဘယ်လိုမှ အိပ်မရအောင် နှောက်ယှက်နေသေးသည်။

နောက်ဆုံးတော့ ဘယ်လိုမှ အိပ်မရသည့်အတူတူ ငူငူကြီး ထထိုင်လို့ နေဇာတယောက် အချုပ်သံတိုင်ပြတင်းမှ တဆင့် အမှောင်ထုထဲကို ငေးလို့ ... ... ...။

***

`သားရယ်၊ မေမေတို့အိမ် အခြေအနေလဲ သားသိရဲ့သားနဲ့၊ ပြီးတော့ ဖေဖေ့ဆီကလဲ ငွေမပို့လာတာ နှစ်လလောက် ရှိနေပြီလေ´

မေမေက ဘယ်လိုပင် ဖြောင်းဖြပေမယ့် နေဇာတယောက် သုန်မှုံသော မျက်နှာထားက မပျောက်။

`မေမေပဲ သားကို ၀ယ်ပေးမယ်ပြောထားတာပဲဟာ´
`ဟုတ်တော့ ဟုတ်ပါတယ် သားရယ်၊ ဒါပေမယ့်... ... ...´
`တော်ပြီ၊ တော်ပြီ၊ မေမေညာတယ်´

ဆူဆူအောင့်အောင့် ပြောရင်း အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လာတော့ မေမေ အနောက်မှာ မျက်နှာမသာမယာဖြင့် ကျန်ခဲ့သည်။

မေမေ့ကို Casio နာရီလေး တလုံးဝယ်ပေးဖို့ နေဇာ ပူစာခဲ့တာ တော်တော်ကြာပါပြီ။ အတန်းထဲမှာ သူငယ်ချင်းတချို့က အဲဒီနာရီလေးတွေ ပတ်လာတာတွေ့ရင် သူလဲ လိုချင်မိသည်။ အဲဒီနာရီက ရေစိမ်လဲ ခံသတဲ့။ အကြမ်းပတမ်းလဲ ခံသတဲ့။ မေမေ့ကို ပူစာတော့ မေမေက `၀ယ်ပေးပါမယ် သားရယ်´ ဆိုပြီး နေ့ရွှေ့၊ ညရွှေ့။ အခုလဲ ဖေဖေ့ဆီက ပိုက်ဆံ မပို့လာသေးလို့တဲ့။ စိတ်ဆိုးဆိုးနဲ့ လက်ဖက်ရည် ဆိုင်ဘက်ကို ထွက်လာလိုက်သည်။

***

`ဆ...ဆရာ´

နာမည်စာရင်းတွေကို ရေးမှတ်နေသော တပ်ကြပ် သံချောင်းက လက်ကလေးပိုက်ပြီး အနားမှာ ရို့ရို့ကလေး ရပ်လို့ လေသံထစ်ထစ် အအ ဖြစ်နေသော နေဇာ့ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

`အေး၊ ဘာလဲ ပြော´
`ကျ...ကျနော် အိမ်ပြန်ချင်တယ်၊ စစ်ထဲ မ၀င်ချင်ဘူးဆရာ´
`ဘာကွ´
`ဟို...၊ ကျနော်... စာမေးပွဲလဲ ဖြေရဦးမယ် ဆရာ´

ဆရာသံချောင်းက ဒီလိုစကားတွေကို ကြိမ်ဖန်များစွာ ကြားဖူးထားလို့ နားရည်ဝနေဟန်၊ ဘာမှ မဖြစ်လေဟန်နဲ့...

`မင်းက အိမ်ပြန်ချင်တယ်လား´
`ဟုတ်...၊ ဟုတ်ကဲ့´
`အေး...၊ ပြန်ရမှာပေါ့ကွာ၊ ဟေ့...၊ မိုးအောင်...၊ ဆရာမိုးအောင် ဘယ်ရောက်နေလဲ´
`ဗျာ...၊ လာပြီ ဆရာ´
`အေး၊ ဒီကောင့်ကို အချုပ်ထဲ သွားထည့်ထားလိုက်ကွာ´
`မလုပ်ပါနဲ့ ဆရာ၊ ကျနော် အိမ်ပြန်ချင်လို့ပါ၊ စာမေးပွဲလဲ ဖြေရမှာမို့လို့ပါ´

ငိုသံတ၀က်နဲ့ ပြောရင်း ဆရာမိုးအောင် ဆွဲခေါ်ရာနောက် ပါသွားတဲ့ နေဇာ့ကို ကြည့်ပြီး ဆရာသံချောင်း ပါးစပ်က ရေရွတ်လိုက်သေးသည်။

`ဘယ်လိုကောင်တွေလဲ မသိပါဘူး၊ နာရီမ၀ယ်ပေးတာနဲ့ စစ်ထဲ ရောက်လာရတာနဲ့၊ အိမ်ပြန်ချင်ရတာနဲ့၊ စာမေးပွဲ ဖြေချင်ရတာနဲ့၊ စုဆောင်းရေးကို အလှူအိမ်များ ထင်နေလား မသိဘူး´

***

`တင်အေး´
`ရှိ´
`ထွက်´
`အောင်ဇော်´
`ရှိ´
`ထွက်´
`ကျော်ကျော်ဦး´
`ရှိ´
`ထွက်´
`နေဇာ´
`ရှိပါတယ်ခင်ဗျ´
`အေး၊ ရှိပါတယ် ခင်ဗျဆိုတဲ့ကောင် လာစမ်းကွာ´

အချုပ်ခန်းတံခါးဝကနေ တယောက်ခြင်းကို နာမည်ခေါ်ပြီး အပြင်ထွက်ခိုင်းနေသော စစ်သားက နေဇာ့ကို ခပ်ဆတ်ဆတ် ခေါ်ထုတ်လိုက်သည်။ အနားရောက်တော့ ဘာမပြောညာမပြောဖြင့် ပါးကို ဖြောင်းခနဲနေအောင် ရိုက်လိုက်၏။ နာကျင်မှု၊ အံ့သြမှုဖြင့် အလန့်တကြား ပြန်ကြည့်သော နေဇာ့ကို...

`ဒါစစ်တပ်၊ မင့်အမေလင် အိမ်မဟုတ်ဘူး၊ စာသင်ခန်းလဲ မဟုတ်ဘူး၊ စစ်တပ်ထဲမှာ နာမည်ခေါ်ရင် ရှိ လို့ တလုံးပဲထူးရတယ်။ နောက်တခါ ရှိပါတယ် ခင်ဗျ ဆိုရင် ဒီထက်နာမယ်´
`ဟုတ်ကဲ့´
`ဟုတ်ကဲ့ချင်ဦးကွာ´
`ဖြောင်း´

နောက်တချက် ထပ်အရိုက်ခံရပြန်ပြီ။

`ပြောစမ်း၊ ဟုတ်... လို့´
`ဟုတ်´
`အေး၊ နောက်နေ့ပဲ သင်တန်းကျောင်းကို သွားရတော့မယ်၊ စစ်သားလုပ်မယ့်ကောင်က ခေါ်လိုက်ရင် စစ်သားနဲ့ တူအောင်ထူး၊ အခြောက်လိုလို ဂန်ဒူးလိုလို လာမလုပ်နဲ့´
`ဟုတ်´
`ဘယ်လိုကောင်တွေမှန်းကို မသိဘူး၊ သွား...ပြန်ဝင် အချုပ်ခန်းထဲကို၊ မနက်ဖြန် မင်း သင်တန်းကျောင်းပါတယ်´

***

`ဖိုကြီး၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိမ်ဆောင်နှစ်၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´

ကင်းသမားတွေရဲ့ ကင်းသတင်းပို့သံတွေကတော့ ငါးမိနစ်ခြား တခါဆိုသလို နေဇာ့ဆီ ပျံ့လွင့်လာနေဆဲပင်။ နာရီဝယ်မပေးတဲ့ မေမေ့ကို စိတ်ဆိုးပြီး အိမ်ကထွက်လာမိတာကို အခုမှ နောင်တရနေလို့လဲ မထူးတော့ချေပြီ။ မနက်ဖြန် စစ်သင်တန်းတက်ရတော့မည်တဲ့။ ရှေ့ဆက်ပြီး ဘာတွေ ကြုံရဦးမည်တော့ မသိ။

အမှောင်ထဲကို ငေးကြည့်မိပြန်သည်။

ဘာမှမမြင်ရတဲ့ အမှောင်ထဲကနေ ကင်းသတင်းပို့သည့် ခပ်ထန်ထန် အသံတွေက ပျံ့လွင့်နေဆဲ။

***

ကလိုစေးထူး

(ကျနော့် ဘလော့ဂ်မှာ `နဂျယ်ကောင်´ ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အတူ သရုပ်ဖော်ဝတ္ထုတိုလေးတွေ ရေးခဲ့သလိုပဲ `နေဇာ´ ဆိုတဲ့ ဇာတ်ကောင် တကောင်ကို မွေးဖွားပြီး ဇာတ်လမ်းတွဲတွေကို ရသဟန်နဲ့ ဖန်တီးကြည့်ဖို့ စိတ်ကူးရမိပါတယ်။ ၀တ္ထုရှည် ရေးဟန်ကို တခါမှ မရေးဖူးခဲ့တာကြောင့် ဇာတ်လမ်းတွဲဟန်နဲ့ပဲ တခန်းစီ၊ တပိုဒ်စီ တင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ `နေဇာ ဇာတ်လမ်းတွဲများ´ ပေါ့။ ဖတ်ရှုအားပေးကြပြီး ဝေဖန်နိုင်ကြပါတယ်။)

6 comments:

:P said...

စစ်သားစုဆောင်းရေးမှာ အဲလိုကြီး လွယ်လွယ်ပါးရိုက်တယ်ပေါ့နော်...:(
ဆက်ရေးပါ၊ စောင့်ဖတ်ပါမည်

kokophyu said...
This comment has been removed by the author.
Unknown said...

အတင်းတွေ၊ အဖျင်းတွေ ရေးလို့ အားမရသေးဘူးလား၊ ရေးရေး မင်းတို့ကောင်တွေရေးတာ မင်းတို့ လို သူများနိုင်ငံမှာ ခိုကပ်စားနေကြတဲ့ ခွေးတစ်သိုက်ကလွဲလို့ ဘယ်သူမှ မယုံဘူး။

mgngal said...

:) ။အပြင်မှာတာတွေ လိုက်ချင်တော့တယ် ကိုစေးထူးရေ
စကားစမြည်ပြောချင်လို့ ပါ ။ ဆက်ရေးတာတွေ စောင့်နေ
ပါတယ် ။ ဘာတွေများပါလဲ ဆိုပြီတော့ ။ :)

Moe Cho Thinn said...

ဇာတ်လမ်းတွဲလေးတွေလို ရေးမယ်ဆိုလို့ စောင့်ဖတ်နေမှာပါ ကိုစေးထူးရေ။
အမေကို စိတ်ဆိုးမိတာလေးနဲ့ သေချာ မစဉ်းစားဘဲ လူငယ်ပီပီ လုပ်ချင်ရာလုပ်မိလိုက်တဲ့ လူငယ်လေးတဦးရဲ့ အတွေ့အကြုံတခုပေါ့။ လူငယ်စွန့်စားခန်းတွေ ဖတ်ရမှာမို့ သဘောကျပါတယ်။

Anonymous said...

တစ်ခါလေး ဆုံးဖြတ်ချက်မှားလိုက်ရုံနဲ့  ပေးဆပ်လိုက်ရတာ မတန်ဘူး “နေဇာ” ရာ စိတ်မကောင်းဘူးးး( မင်းလိုဘ၀မျိုးတွေအများကြီးရှိတယ်ဆိုတာ ပြောဖို့ မလိုဘူးထင်တယ် ။