Wednesday, December 17, 2008

လောကဓံ Vs ဇရာ

ပြဿနာက မနေ့ညနေက စသည်ဟု ဆိုနိုင်သည်။

အဲဒီ ပြဿနာ စမိကတည်းက သူ ဟိုဟိုဒီဒီတွေးနေတာလဲ တညလုံး။ အခုလည်း မိုးစင်စင်လင်းလို့ အလုပ်ထဲတောင် ရောက်နေပြီ။ ဒီပြဿနာရဲ့ အတွေးစတွေက အခုထိတိုင်အောင် မဆုံးသေး...။


အင်း...၊ အစကတည်းက သေသေချာချာ မကြည့်မိခဲ့ရင် အကောင်းသား... ... ...။

***

`ဟိုင်း´

Kathy ဆိုတဲ့ အဘွားကြီးက သူ့ရှေ့ကနေ ဖြတ်သွားတော့ အားရပါးရပြုံးပြပြီး လှမ်းနှုတ်ဆက်သွားသည်။ ဒီအဘွားကြီး အရွယ်က ၅၅ နဲ့ ၆၀ ကြားမှာ ရှိလေမလားတော့ မပြောတတ်၊ ဒါပေမယ့် ရှိသင့်တဲ့ နုပျိုမှုထက် အိုမင်းရင့်ရော် လွန်းနေသလားဟု သူ့စိတ်ထဲ ထင်မိသည်။ အဘွားကြီခမျာ ဒူးခေါင်းကလည်း ခွဲထားသေးတော့ တုတ်ကောက်ကလေး တဒေါက်ဒေါက် ထောက်ပြီး တရွေ့ရွေ့ သွားနေရရှာသည်။ အလုပ်ရှင်နဲ့ ဆွေမျိုးနီးစပ်တော်လေသူမို့ သူ့ကို ပစ္စည်းအမှတ်တံဆိပ် ကပ်သည့်နေရာမှာသာ ခိုင်းထား၏။

ခဏကြာတော့ ပစ္စည်းအော်ဒါ အမှတ်ကို သေချာအောင် သိဖို့အတွက် Kathy ရှိတဲ့ စားပွဲကို တခေါက်ရောက်ရပြန်သည်။ `ဟိုင်း´ ဆိုပြီး အဘွားကြီးက နောက်တခါ ပြန်နှုတ်ဆက်သည်။ ဒီတခေါက်တော့ အဘွားကြီးရဲ့ မျက်နှာကို သူ သေသေချာချာ သတိထားကြည့်မိသည်။ အလိုလေးလေး...၊ သူ့ဆီမှာမှ အများကြီးပါလား။ နောင်တချိန်ကျရင် ငါလဲပဲ သူ့လို... ... ...။

***

Troy ဆိုတဲ့ လူက တခါတလေကျရင် သူ့သားကလေးကို အလုပ်ထဲကို ခေါ်ခေါ်လာတတ်သည်။ သူက အလုပ်ထဲမှာ ရှယ်ယာတချို့တ၀က်ပါ ထည့်ဝင်ထားသူမို့ နောင်တချိန် သူ့သားကလေး အရွယ်ရောက်လာရင် ဒီအလုပ်ကိုပဲ ဆက်ပြီး လုပ်သွားစေချင်ဟန် ရှိလေမလားတော့ မပြောတတ်... ...။ သူ့သားကလေးက အခုမှ အသက် ၁၃ နှစ်သာ ရှိသေး၊ Troy ကတော့ အလုပ်ထဲကို ခေါ်လာတဲ့ အခါမျိုးမှာဆို ဒီနေရာက ဒီလိုလုပ်ရတာ၊ ဒီမှာကြည့် အဖေလုပ်တာကို ထိုင်ကြည့်စမ်း ဆိုပြီး သင်နေတော့တာ...။

ဒီနေ့လဲ သူ့သားကို အလုပ်ထဲ ခေါ်လာပြန်ပြီ။ ခါတိုင်းလိုပဲ Troy က ဘယ်ပစ္စည်းက ဘယ်နေရာမှာ ဘယ်လိုဆက်စပ် သုံးရတာ၊ ဒါတွေကတော့ ဘယ်နိုင်ငံကနေ အော်ဒါမှာထားတာနဲ့ ရှင်းတ၀က် သင်တ၀က်ပြောပြနေ၏။ အတန်ငယ်ကြာတော့ `Troy, Line one please´ ဆိုတဲ့ ဖုန်းလာသံကြောင့် ကောင်လေးကို ထားခဲ့ပြီး Troy ထွက်သွားသည်။

Troy ထွက်သွားတော့ ကောင်လေးကလဲ Troy လုပ်လက်စ အလုပ်တွေကို ဆက်လုပ်ရင်း သူ့ရှေ့စားပွဲမှာ ထိုင်နေ၏။ `ဘယ်လိုလဲ၊ ပျော်ရဲ့လားကွ´ လို့ လှမ်းနှုတ်ဆက်တော့ ကောင်လေးက သူ့ကို တချက်မော့ကြည့်ပြီး `စိတ်ဝင်စားစရာ ကောင်းပါတယ်´ လို့ ပြန်ဖြေသည်။ ဒီမှာတင် ကောင်လေးမျက်နှာကို စေ့စေ့စပ်စပ် သတိထားကြည့်မိပြန်သည်။

သြော်...၊ သူ့မှာကျတော့ ဘာမှကို မရှိပါလား။ ရှင်းလို့၊ လင်းလို့၊ ကြည်လင်လို့... ... ...။

***

`ကျေးဇူးပဲကွာ၊ နောက်မှဆုံတာပေါ့´

George က နေ့စဉ်လိုလို နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ အလုပ်ထဲ ရောက်လာလေ့ရှိသည်။ သူတို့ကုမ္ပဏီနဲ့ အလုပ်ခြင်း ဆက်စပ်မှု ရှိနေတော့ တခါတလေမှာ သူ့ဆီကနေ အလုပ်လာယူတဲ့အခါလည်း ရှိ၊ တခါတလေလဲ George က အလုပ်တွေ သယ်လာတာလဲ ရှိသည်။ ဒီနေ့ကတော့ George မနေ့က လာအပ်ထားခဲ့တဲ့ အလုပ်တခုကို သူက အချိန်မီ အပြီး လုပ်ပေးလိုက်နိုင်လို့ ကျေးဇူးတွေ တင်နေခြင်းပင်...။ George ကြည့်ရတာကတော့ သူနဲ့ အသက်တူ ရွယ်တူခန့်လောက်ပင်။ အလွန်ဆုံးရှိလှ ၃၅ ပေါ့လို့ ခန့်မှန်းမိသည်။

လက်သီးဆုပ်ခြင်း ထိခတ်ပြီး နှုတ်ဆက်ကြရင်းနဲ့ George မျက်နှာကိုလဲ သတိထားကြည့်မိပြန်သည်။

အင်း...၊ သူ့ဆီမှာကျတော့ ငါနဲ့မှ အတူတူပါလား ... ... ...။

***

မညှပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆံပင်က နားသယ်ကို ဖုံးလုလု ဖြစ်လာတဲ့အပြင် ဂုပ်ကပါ ယားကျိကျိဖြစ်လာတာကြောင့် အလုပ်ကနေ ပြန်တာနဲ့ ဆံပင်ညှပ်ဆိုင်ကို တခါတည်း တန်းသွားပြီး ညှပ်ပစ်လိုက်သည်။

အိမ်ကိုရောက်တော့ ညနေ ငါးနာရီထိုးလုလု...။

ပင်ပန်းလာခဲ့သမျှကို စိမ်ပြေနပြေ ရေစိမ်ချိုးပစ်လိုက်ပြီး မနေ့ကလိုပင် ကိုယ်ပေါ်က ရေစက်တွေကို သုတ်စင်ရင်း မှန်ရှေ့မှာ ရပ်လို့ ကိုယ့်မျက်နှာကိုယ် သေသေချာချာ ကြည့်မိလိုက်ပြန်သည်။

တွေ့ပြန်ပါပြီ။ နဖူးပေါ်မှာ ထင်းခနဲ ဖြစ်ပြုလာပြီ ဖြစ်တဲ့ အရေးအကြောင်း သုံးလေးခု...။

ဒါပေမယ့် အခုတကြိမ် ပြန်တွေ့တဲ့ အချိန်မှာတော့ မနေ့ကလို `ငါ့နဖူးက ဒီအရေးအကြောင်းတွေ အရင်က မရှိသေးပါဘူး´ ဆိုပြီး စိတ်မသက်မသာဖြစ်မှုကတော့ မရှိတော့ပါ။ မျက်စိထဲမှာလဲ Troy ရဲ့ သားကလေးရယ်၊ George ရယ်၊ Kathy ရယ်ကို ပြန်မြင်ယောင်နေမိသည်။

မှန်ထဲက လူကို သေချာစူးစိုက်ကြည့်ပြီး အားရပါးရ ပြုံးပြလိုက်၏။

မှန်ချပ်ထဲမှာ လူတယောက် နဖူးတင်မက ပါးပြင်နှစ်ဖက်မှာပါ အရေးအကြောင်းပေါင်းများစွာဖြင့် သူ့ကို ကြည်ကြည်စင်စင်ကြီး ပြန်ပြုံးပြနေလေတော့သည်။

***

ကလိုစေးထူး

16 comments:

Anonymous said...

Troy ရဲ့ သားကလေးရယ်၊ George ရယ်၊ Kathy တို့ရဲ့ ခြားနားချက်လေးကို အသေချာ ခံစားသွားတယ် အစ်ကို

လောကဓံကို အပြည့်ဝ ခံစားပြီးတဲ့ ခံစားရအုံးမယ့် Kathy ရဲ့ မျက်နှာပေါ်ကသာဓက

အရမ်းကိုဖြူစင်နေသေးတဲ့ လောကဓံ ကျောင်းတော်ကိုတက်ရတော့မယ့် ကျောင်းသားသစ်ကလေး Troy ရဲ့ သားလေး

အထိုက်လျှောက် အတွေ့ကြုံရှိဖူးပြီးဖြစ်တဲ့ George နဲ့  သူ ဆိုတဲ့ ဇတ်ကောင်း)

အားလုံးကောင်းပါတယ်ဗျာ ကျနော်လည်း မှန်ကြည့်ရင် သတိထားအုံးမှ ၀က်ခြံတွေကတော့ ခဏခဏ ထွက်တယ်ဗျာ နောက်ဆို တွန့် ပြီး ပါးတွေပြောတာပါးး :P

တောင်ပေါ်သား said...

အကိုစေးထူးရေ ပထမဆုံး ကောမန့်လေးအတွက် ကျေးဇူးတင်ကြောင်း လာပြောတာပါ။ အကိုရဲ့ အရေးအသားလေးတွေကို တော်တော်ကြိုက်မိပါတယ်

ဘ၀မှာရှိတဲ့ လောကဓံကို ရင်ဆိုင်နေရတဲ့ အသက်အပိုင်းအခြားလေးတွေကို ခံစားသွားပါတယ်။

MANORHARY said...

း)
လောကဓံတစ်ခုတည်းကိုဆိုလိုတာတော့
အဟုတ်လောက်ဘူးထင်တာပဲ..
အိမ်ကျ.ကိုယ်လည်းမှန်ကြည့်လိုက်ဦးမယ်..
း)

Kaung Kin Ko said...

ပို့ စ်လေး ကောင်းလိုက်တာဗျာ။

kay said...

အဲဒါ လောကဓံ ဟုတ်လို့လား-
လောက ဖြစ်စဉ် တခုပဲမဟုတ်လား..
ဓံ မခံရလဲ.. ပြောင်းလဲ ရွေ့လျောခြင်းကတော့.. သူ့အတိုင်း ..သွားနေမှာပဲလေ။ အဲ- ကြားကာလတွေမှာတော့.. လက်ခံရ ခက်ခဲကောင်းခက်ခဲ မှာပဲ..အထူးသဖြင့်..အခု..ယခု လို..အရွယ်များ-း)

:P said...

ရယ်လိုက်၇င် မျက်လုံးထောင့်စွန်းမှာ ပေါ်စပြုနေတဲ့
ကျီးခြေထောက်တွေကို အောင့်သက်သက် စတင်လက်ခံနေချိန်ဖြစ်ပါသည်။
အဖော်ရပြီ... ဟိ

ကလူသစ် said...

တရားတွေရနေပြီလား။ မပူပါနဲ့ ပူရင် မြန်မြန်အိုတယ်။

Moe Cho Thinn said...

အမမှာတော့ စိတ်က ကြီးမလာဘဲ အသက်ပဲ ကြီးလာတာ ခက်တယ်။ အဲဒီ အရေးအကြောင်းတွေက ကိုယ့်ကို သတိပေးတဲ့ reminder တွေ ထင်ပါရဲ့။

tututha said...

လောကဓံလား လောက ဒဏ်လား ကိုစေးထူးရေ ..

ကလိုစေးထူး said...

ကျနော်က ဇရာရဲ့ အရေးအကြောင်းတွေကို မျက်နှာပေါ်မှာ သတိထားမိတော့ ဒါတွေဟာ အသက်အရွယ်ကြောင့်ရော၊ လောကဓံမှာ လှုပ်ရှားရုန်းကန်ခဲ့ရတာတွေရောကြောင့်လို့ တွေးပြီး ခေါင်းစဉ်ကို `လောကဓံ´လို့ပဲ ပေးလိုက်တော့ ရေးထားတဲ့စာနဲ့ အံနည်းနည်းချော်သွားပုံရပါတယ်။
ဒါကြောင့် ဖတ်ရှုထောက်ပြတဲ့ မောင်နှမများကို ကျေးဇူးတင်ပါတယ်။ ခေါင်းစဉ်ကိုလဲ နည်းနည်းဖြည့်ပြီး ပြန်ပြင်လိုက်ပါတယ်။

Unknown said...

ဘယ်နှစ်ကြောင်းရှိလဲ ရေထားလိုက်သေးလား..။ ဟား..ဟား..။ မရောက်တာကြာလို့ သတိရလို့ သက်သက်လာလည်တာ အစ်ကိုရေ..။ အကြောင်းကြောင်းကြောင့် ဆီဗုံးကြီးလဲ ဖြုတ်ထားပုံရတယ်...။ အဲ့ဒါကြောင့်ဒီမှာပဲ ၀င်အော်သွားတာ...။ ဒီပို့စ်အောက်က ပို့စ်သုံးခု လောက်လဲ ဖတ်သွားတယ်...။ အားလုံးကောင်းတယ်..။ တကယ်ပြောတာ...။ သီးသန့်တော့ ထပ်မရေးတော့ဘူး..။ တာ့တာ :)

mgngal said...

အရွယ်က စကားပြောနေပြီ ကိုစေး ။ နီးနီးဝေးဝေး ပြေလို့တော့ လွတ်ဖူးဗျ ။ :)

Anonymous said...

Hi KoSayhtoo, Very nice to read.... a good post as usual. Have a good day! :)

ယောနသံစင်ရော် said...

ငါသည်တနေ့အိုရမည်မှာ အမှန်၊ ငါသည်တနေ့နာရမည်မှာ အမှန်၊ ငါသည်တနေ့သေရမည်မှာ အမှန်။ ပြင်ထားကြရမှာပေါ့ ခံနိုင်ရည်ရှိဖို့....

MELODYMAUNG said...

အယ် ကြည့်ကစမ်း မှန်ကြည့်ပီး ပြုံးပြန်ပြီ
အနော်က အဲ့ပုံကို မြင်ကြည့်တိုင်း သိပ်ရယ်ချင်တယ်နော် အဟိဟိ

pandora said...

တောထွက်တော့မလား ကိုစေးထူး