ခပ်စိမ့်စိမ့် ဆောင်းလေအေးက အင်ဖက်မိုး၊ ထရံကာ လယ်တဲကလေးကို ခပ်ဆတ်ဆတ် တိုက်ခတ်လိုက်သည်။
တဲထဲမှာ အိပ်နေကြသော ဖိုးကောက်၊ ကျော်စွာနဲ့ နကျယ်ကောင်တို့ တသိုက် စောင်ခြုံထဲမှာ ကွေးလို့ တိုးဝှေ့အိပ်နေကြသည်မှာ အ၀တ်ထုပ်တွေ ပုံထားသည့်အလားပင် ဖြစ်၏။ မနက်မိုးလင်းလုပြီ ဆိုတာကို သိကြပေမယ့် ဘကြီးဦးကုလားရဲ့ အခေါ်အနှိုးကို မကြားရမခြင်း အိပ်ရာက မထကြ... ...။ ဒါပေမယ့်...။
`ဟေ့၊ ဟေ့ ထကြ ထကြ၊ အခုအချိန်မှမထရင် ဘာလုပ်စားကြမှာတုန်းကွ´
သိပ်မကြာလိုက်ပါ။ ဘကြီးဦးကုလားရဲ့ အသံသြသြကြီးက နကျယ်ကောင်တို့ တသိုက်ရဲ့ အိပ်စက်ခြင်းကို တညတာအတွက် အဆုံးသတ်ပေးလိုက်တော့သည်။
***
`ကောက်ဟေ့၊ ပြီးရင် ဟိုးဘက်အစပ်မှာ သေချာပုံ´
`ထင်းတုံးအကြီးကြီးတွေကို ဒီဘက်မှာ သေချာစီထား၊ ဟိုကောင်လေး နကျယ်ကောင်၊ မင်းဗလံလေးနဲ့ မနိုင်မနင်းတွေ လျှောက်မမနဲ့လေ၊ သွားဟိုဘက်က ခပ်ရွယ်ရွယ်တွေကို စုကောက်ချေ´
တောင်ယာမီးရှို့ထားတဲ့ ထင်းမီးကျွမ်းစတွေ ပြန့်ကျဲနေတဲ့ မြေကွက်ထဲမှာ ဘကြီးဦးကုလားရဲ့ အသံနဲ့အတူ နကျယ်ကောင်တို့တတွေ အလုပ်များနေကြ၏။
ဟောဒီ တောင်ယာကွက်အတွက် တောခုတ်ကြတုန်းကတော့ နကျယ်ကောင် မပါဝင်ခဲ့ဖြစ်... ... ...။ ဒါပေမယ့် တောင်ယာမီးမရှို့မီ ဘေးမှာ မီးတားလမ်းကလေးတွေ ဖောက်တော့ ချွေးဒီးဒီးကျအောင် ကူလုပ်ခဲ့လိုက်ရသည်။ တောင်ယာမီးရှို့တော့လဲ မီးတားလမ်းကို ကျော်ပြီး ဟိုဘက်တောထဲကို မီးမကူးသွားရလေအောင် ရေဆွတ်ထားတဲ့ သစ်ခက်သစ်လက်တွေနဲ့ အဆင်သင့်စောင့်၊ မီးတားလမ်းထဲက မြက်ခြောက်တချို့ကို မီးကူးလာရင် တဖုန်းဖုန်းနဲ့ ရိုက်သတ်မီးငြှိမ်းနဲ့ ပင်ပန်းလိုက်တဲ့ ဖြစ်ခြင်း။
ဒီနေ့ကတော့ တောင်ယာမီးရှို့လို့ ကြွင်းကျန်တဲ့ ထင်းတုံးတွေ၊ ထင်းခြောက်စတွေကို ဖယ်ရှားပြီး တောင်ယာခင်းရဲ့ ဘေးမှာ စုပုံကြရမည်။ ပုံထားတဲ့ ထင်းပုံထဲက တချို့ကို ခင်ရာမင်ရာ ရွာသားတချို့က လှည်းတွေနဲ့ ထင်းအလို့ငှာ လာသယ်သူက သယ်လိမ့်မည်။ မသယ်လို့ ကျန်တာတွေကိုတော့ လယ်တဲမှာသုံးပေါ့...။ ဒီလိုနေ့မျိုးကို နကျယ်ကောင်တို့ ဘက်မှာ ခေါ်ကြတာက... ... ...။
`ကျွမ်းထင်းကောက်ချိန်´
***
ထင်းတုံးတွေက မီးကျွမ်းထားတာမို့ သယ်လိုက်၊ ဘေးမှာသွားပုံလိုက် လုပ်နေကြသူတို့မှာ မီးသွေးဖုတ်သမားများနှယ် တကိုယ်လုံး ပေကျံကုန်သည်။ မနက် ခြောက်နာရီသာသာကတည်းက ကျွမ်းထင်းကောက်လိုက်ကြသည်မှာ ဆယ်နာရီလောက်ခန့်ကျတော့ နကျယ်ကောင် တယောက် ဖတ်ဖတ်မောလေပြီ။ ဖိုးကောက်နဲ့ ကျော်စွာကို ကြည့်တော့လဲ ဒီတခါတော့ ဟိုအရင် မှိုနှုတ်၊ နှမ်းနှုတ်ချိန်တုန်းကလို သူတို့တွေ နကျယ်ကောင်ကို နောက်ပြောင်ရယ်မော နိုင်စွမ်းမရှိကြတော့ပါ။ အပူရှိန် မကုန်တတ်သေးတဲ့ ထင်းတွေကို နေမင်းရဲ့ အပူကပါ စွက်လေတော့ မမောဘဲ ခံနိုင်ပါမည်လား။
`ဝေးးး၊ ဒေါ်ကြီးသန်းလာပြီကွ´
ထမင်းတောင်းလေး ရွက်ပြီး တလှုပ်လှုပ်နဲ့ လာနေကြတဲ့ ဒေါ်ကြီးသန်းနဲ့ မခင်အေးညိုကို မြင်တော့မှပင် ၀မ်းထဲမှာ တကြုတ်ကြုတ်နှင့် ပိုဆာလာသည်။
ဒေါ်ကြီးသန်း ချက်လာတဲ့ ဟင်းတွေက ယာထွက် ခရမ်းသီးကို မီးဖုတ်သုပ်ထားတာရယ်၊ ဆည်ထောင် ငါးခုံးမတွေကို ဆီနည်းနည်းနဲ့ အိုးကပ်ချက်ထားတာက တခွက်၊ ပြီးရင် ကောက်ကောက်ညွှန့် တချို့နဲ့ ဇရစ်ညွှန့်၊ ငါးပိထောင်း ဒါပါပဲ။ ဒါပေမယ့် အားလုံး လွေးလိုက်ကြသည်မှာ ခေါင်းမဖော်တမ်း။
`ဒီအခင်းကို ငရုတ်တနှစ်စိုက်ပြီးရင် စိန်ခိုပင်တွေ စိုက်ရမယ်´
နကျယ်ကောင်တို့ဘက်မှာက သီဟိုဠ်ပင်ကို စိန်ခိုပင်ဟု ခေါ်၏။ စိန်ခိုစေ့တွေက နောက်ပိုင်းမှာ ဈေးကောင်းလာတာကြောင့် ဘကြီးဦးကုလား တယောက် စိန်ခိုပင် စိုက်ဖို့ စိတ်ကူးရဟန်တူသည်။
***
ထမင်းစားသောက်ပြီးလို့ ခဏတဖြုတ် နားပြီးချိန်မှာတော့ ဘကြီးဦးကုလားက ...
`ကျော်စွာနဲ့ နကျယ်ကောင်၊ ငါ မနေ့က ပွေးထောင်ထားတာတွေ သွားကြည့်ကြ´
`ပွေး´ ဆိုတာကို စတွေ့ဖူးတုန်းက နကျယ်ကောင်က လယ်ကြွက်လို့ ထင်မိခဲ့သေးသည်။ ၀ါးပိုးဝါး အဆစ်ပိုင်းတိုပေါ်မှာ ၀ါးခြမ်းပြားနဲ့ သားရေကွင်း ခပ်ကြီးကြီးကို လေးကိုင်းသဏ္ဍာန် ထောင်ချောက်ဆင်ပြီး ပွေးတွင်းနဲ့ မနီးမဝေးမှာ ထောင်ကြရသည်။ ၀ါးပိုးဆစ်ပိုင်းထဲ ခေါင်းထိုးပြီး ကားယားကားယားနဲ့ မိနေတတ်တဲ့ ပွေးသားကို ငရုပ်သီးခပ်စပ်စပ်နဲ့ ကြော်ထားတာကို ဘကြီးဦးကုလားကတော့ `ကြက်သားနဲ့တောင် မလဲဘူးဟေ့´ လို့ ပြောလေ့ရှိ၏။
ဘကြီးဦးကုလား ထောင်ထားတဲ့ ပွေးထောင်ချောက် ငါးခုမှာ ပွေး နှစ်ကောင်တော့ မိထား၏။ မမိထားသော ထောင်ချောက်ကို အလျင်စလို သွားကိုင်ဖို့ ပြင်နေသော နကျယ်ကောင်ကို...`ဟေ့ရောင်)))))) လက်ညှပ်တော့မှာပဲ၊ မင်းတော့.. ... ...´ ဆိုပြီး ဖိုးကောက်က ခပ်မြန်မြန်တားလိုက်ရသေးသည်။
ပွေးက နှစ်ကောင်ထဲဆိုတော့ ညနေစာတော့ ဖြစ်မည်မထင်။
***
ညနေနည်းနည်း စောင်းလာရင် နကျယ်ကောင်တို့ ကျွမ်းထင်းတွေ ထပ်ကောက်ကြရဦးမည်။
ဒီတောင်ယာခင်းမှာပဲ ဘကြီးဦးကုလား ငရုပ်ပင်တွေ စိုက်လိမ့်ဦးမည်။ စိန်ခိုပင်တွေလဲ စိုက်လိမ့်ဦးမည်။ တောင်ယာကုန်းလေး ပေါ်ကနေ အောက်ကို လှမ်းငေးကြည့်လိုက်တော့ စိမ်းရောင် ဖျော့ဖျော့တချို့၊ ၀ါရောင်သန်းသန်းတ၀က် လယ်ကွက်တွေက စပါးနှံတွေ ညွှတ်လို့၊ ကိုင်းလို့... ...။
ညနေကျရင်တော့ ပွေးသားကြော် နည်းနည်းတော့ စားရမယ် ထင်ပါရဲ့လို့လဲ နကျယ်ကောင် တွေးလိုက်မိပါသေးသည်။
***
ကလိုစေးထူး

12 comments:
ကျွန်း လို့ စာလုံးပေါင်းတယ်လေ ကိုယ့်ညီ... ကျွမ်း မဟုတ်ဘူးလေ...
ပွေးတော့ မစားဖူးဘူး...
ထမင်းတောင်းထဲမှာ ပါတဲ့ဟင်းတွေ ဖတ်ပြီး
လျှာရည်စိမ့်လာတယ်
နဂျယ်ကောင်ရေ့ ပွေးကြော်စားရင် နည်းနည်းလောက်ခွဲကျွေး အဲ့ပွေးသားက စားရခဲတယ် အင်မတန်လျှင်တဲ့ကောင် ဘကြီးကုလားပြောသလို ကြက်သားနဲ့တောင်မလဲနိုင် အရမ်းစားကောင်း မဆလာရွက်လေးအုပ်လိုက်ရင်တော့ ပိုကောင်းပေါ့း)
A very good story... Can see the village culture clearly....
ပွေးသားကစားလို့ကောင်းလား..
အကိုအောင်သာငယ်...
ကျနော်က `မီးကျွမ်းနေတဲ့ ထင်း´ လို့ ဆိုလိုချင်လို့ပါ။ ပထက `ကျွန်း´လို့ သုံးပါသေးတယ်။ ကျွန်းပင်နဲ့ ရောထွေးစေမှာစိုးတာနဲ့ တမင်ပဲ ကျွမ်း လို့ သုံးလိုက်တာပါ။
sin dar lar မောင်မျိုး shin မမနော်ဟရီ ပွေးသားစားချင် ကရင်ပြည်လိုက်ခဲ့။ :D
ဒီပို့ ကတော့ ဗဟုသုတ တွေ ရတယ်ဗျ။ ကျေးဇူး ။ :)
အဆင်ပြေပါစေဗျာ။ အောင်မြင်ပါစေ ။
ကိုအောင်သာငယ်တွေးသလို တွေးမိနေတာ။ ကလိုစေးထူးကတော့ စာလုံးပေါင်းမမှားလောက်ပါဘူးလို့။ တော်သေးတာပေါ့။ ကလိုပြန်ဖြေထားတာတွေ့လိုက်လို့ :)
ပျော်ရွှင်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေ ကိုစေးထူးရေ..
စာဖတ်ရင်း ဒီကပဲ လာနှုတ်ဆက်လိုက်ပါတယ်
ဆောင်းမနက်ခင်း တောင်ယာထဲမှာ ထင်းကောက်နေတဲ့ နကျယ်ကောင်လေးရဲ့ ပုံရိပ်ကို ခန့်မှန်းမြင်ယောင်သွားတယ်။ မြင်ကွင်းလေးက လှတယ်။ ပွေးသားလဲ စားဖူးချင်ပါဘိ။
Merry X'mas ပါ မောင်လေးရေ..
ဆောရီး ညီရေ့... အကိုလည်း ထင်တော့... ထင်နေသား...
ကိုယ့်ညီ ပို့စ်တွေမှာ... စာလုံးပေါင်းမှားတာမျိုး... ဖတ်လာသမျှမှာ... မတွေ့မိတော့... စိတ်ထဲတော့ ထင်သား...း)
Merry X'Mas & Very Happy New Year 2009!!! ညီရေ့...
ကျွန်တော် ရှေ့တန်းမှာတုန်းက ပွေးတစ်ကောင် မှတ်မှတ်ရရ ရဲဘော်တွေ မိလာလို့ စားခဲ့ရဖူးတယ်..။ မှတ်မှတ်ရရပဲ ဘယ်လိုမှမြိုမကြခဲ့ဘူး...။ အကြောင်းကတော့ ပွေးကိုချက်ဖို့ ဗိုက်ခွဲလိုက်တဲ့ အချိန်... အထဲမှာ ကလေးလေးတွေနဲ့လေ။ :(
Post a Comment