Monday, December 08, 2008

စိုးကြီးလိုလူ...

ကျနော် မြန်မာပြည်မှာ နေခဲ့ရစဉ်တုန်းက ကျနော်တို့နေတဲ့ လမ်းထဲက အိမ်တအိမ်အကြောင်းကို ဒီနေ့တနေ့လုံး တွေးနေမိတယ်။ အိမ်တအိမ် ဆိုတာထက် အဲဒီ အိမ်မှာနေတဲ့ လူတယောက်ကို ပိုအမှတ်ရနေမိတာပါ။ အဲဒီလူအကြောင်းကို သတိရမိတော့ ဒီစာကို ရေးဖို့ စိတ်ကူး ရမိတယ်။

***

သူ့နာမည်ကိုတော့ စိုးကြီးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။

စိုးကြီးတို့အိမ်က မိသားစုဝင် အတော်အတန်များတဲ့ မိသားစုပေါ့။ စိုးကြီးတို့ မောင်နှမက ငါးယောက်၊ မိဘတွေရယ် ပြီးတော့ စိုးကြီးအဖေရဲ့ အကိုကြီး ဘကြီး ဦးမောင်မြင့်ရယ် ဆိုတော့ အားလုံးပေါင်း ၈ ယောက်။ စိုးကြီးက မောင်နှမတွေထဲမှာ အကြီးဆုံး။

စိုးကြီးက ခြောက်တန်းလောက်ကတည်းက ကျောင်းမနေတော့ဘူး။ အိမ်ရဲ့ စီးပွားရေးကလဲ သိပ်အခြေမခိုင်လှတာမို့ မိဘလုပ်သူတွေကလဲ စိုးကြီး ခြောက်တန်းနဲ့ ကျောင်းထွက်တာကို သိပ်ပြီးတော့ အလေးမထားနိုင်ခဲ့ဘူး။ ရှောက်သီးလေး၊ သံပုရာသီးလေး သွားပိုးလိုက် ပြန်ရောင်းလိုက်နဲ့ အသက်ဆက်နေကြရတဲ့ မိသားစု စားဝတ်နေရေးကို စိုးကြီးက ကျောင်းထွက်ပြီး ကူခဲ့တာလို့တော့ မထင်လိုက်လေနဲ့။ ကျောင်းသာ မနေတော့တာ၊ အရပ်ထဲမှာ ဟေးလားဝါးလားနဲ့ သူ့ထက် အသက်ကြီးတဲ့ ခပ်ပေပေ လူပျိုကာလသားတွေနဲ့ တတွဲတွဲ လုပ်နေတာ အဲဒီ အရွယ်ကတည်းကိုကပဲ။

ခပ်တိုတိုပြောရရင်တော့ အဲဒီလိုနဲ့ပဲ စိုးကြီးတယောက် အသက် ၂၀ သာသာလောက် အရွယ်လဲ ရောက်လာရော မိဘတွေက ဘယ်လိုမှ ပြောမရဆိုမရတော့ဘူး။ ပထမ အဆင့် ဆေးလိပ်သောက်တတ်လာတယ်၊ ကွမ်းလေး တမြမြလုပ်တတ်လာတယ်။ နောက်တော့ ထန်းရည်လေး တမြမြ၊ အရက်ကလေး တမြမြနဲ့ ပိုပြီး အဆင့်တက်လာတော့တာပဲ။ ပိုဆိုးတာက စိုးကြီးငွေရှာတတ်လာတဲ့အခါမှာ အိမ်မှာ တော်ရုံနဲ့ ဘယ်သူပြောတာမှ လက်မခံတော့တဲ့ အကျင့်ပါလာတယ်။ သူ့ထက်အငယ် မောင်နှမတွေစကားကို မပြောနဲ့ မိဘတွေကိုတောင် `အမေတို့က ဘာနားလည်လို့လဲ´ ဆိုပြီး ကလန်ကဆန်က ပြန်လုပ်သေးတာ။

တခါတလေဆိုရင် စိုးကြီးတို့အိမ်မှာ စိုးကြီး အရက်တွေမူးလာတဲ့အချိန်ဆို ကြားရတာ အတော်စိတ်ညစ်စရာကောင်းတယ်။ ညီတွေ ညီမတွေကို ပြဿနာရှာလား ရှာရဲ့။ အဖေလုပ်သူက `စိုးကြီး၊ မင်းမူးရင်လဲ အိပ်တော့ကွာ´ လို့ ပြောရင် `မအိပ်ဘူးဗျာ´ ဆိုပြီး ပြန်အော်ဟစ်လား၊ အော်ဟစ်ရဲ့။ အမေလုပ်သူ ပြောတဲ့စကားကိုတော့ စိုးကြီးက အရေးကိုမလုပ်တာ။

စိုးကြီး မမူးတဲ့အချိန်မှာ သူနဲ့ခင်ရာမင်ရာတချို့က စိုးကြီးကို ပြောဖူးတယ်။ `စိုးကြီးရယ်၊ မင်းဆိုးတာကြီးက တော်တော်လွန်တယ်ဟ၊ မင်းဆိုးသမျှကို ခံနေရတဲ့ မင်းအဖေအမေနဲ့ မောင်နှမတွေခမျာ တော်တော်သနားဖို့ ကောင်းတယ်´ လို့ တမျိုး၊ `မင်းတော့ မိဘကိုပါ ပြန်ပြီး ကဏ္ဍကောစလုပ်တာ ကံကြီးတော့ ထိုက်ဦးမယ်´ ဆိုပြီ တဖုံ နားချဖြောင်းဖြကြပေမယ့် ပြောနေတဲ့အချိန်မှာသာ မထုံတက်တေးလုပ်ပြီး အသာငြိမ်နားထောင်နေတာ။ ညနေရောက်လို့ မူးလဲလာရော အဲဒီလို သူ့ကို နားချတဲ့လူတွေကို မူးမူးနဲ့ ကလော်ဆဲတော့တာပဲ။ ကြာတော့ လူတွေက စိုးကြီးကို ဖြောင်းဖြနားချဖို့ကို လက်ရှောင်ကြတော့တာပဲ။ စိုးကြီးကတော့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပေါ့။ ခက်တာက အဲဒီလောက် ဆိုးဝါးတဲ့ စိုးကြီးနဲ့မှ ပုလင်းတူဗူးဆို့ ပေါင်းသင်းကြတဲ့ လူတချို့ကြောင့်လဲ စိုးကြီး ပိုဆိုးနေတာပါ။

ဒီလိုနဲ့ပဲ စိုးကြီးဟေ့ ဆိုရင် လူတွေက မပတ်သက်ချင်တော့ဘူး။ စိုးကြီး ဆိုးထားတဲ့ အရှိန်နဲ့ သူ့အိမ်က လူတွေလဲ အရပ်ထဲမှာ ဘယ်သွားသွား မျက်နှာငယ်ရတယ်။ စိုးကြီးကို ဘယ်သူမှ ပြောမရဆိုမရတော့ဘူး ဆိုပြီး သူ့မိဘကစလို့ အရပ်ထဲက အဆုံး အားလုံး လက်မြှောက်ရမလို ဖြစ်နေချိန်မှာပဲ... ... ...။

***

အဲဒီနေ့က စိုးကြီးတို့ အိမ်ဘက်က ဆူဆူညံညံအသံတွေ ကြားရတော့ ပထမတော့ ခါတိုင်းလိုပဲ စိုးကြီး မူးပြီး ရစ်နေတာ မှတ်လို့ ဘာသိဘာသာပဲ နေမိတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အသံတွေက ပိုကျယ်လာသလို ကျယ်နေတဲ့ အသံကလဲ ခါတိုင်းနဲ့ မတူတော့ ကျနော်တို့ တအိမ်သားလုံး စိုးကြီးတို့ အိမ်ဘက်က အခြေအနေကို နားစွင့်မိကြတယ်။

`မင်းလားကွ၊ လူမိုက်´
`ဖြောင်း´
`ဒုန်း´
`အား´
`မင်းက ငါ့ကို ဘာထင်နေလဲ၊ မင်းလိုကောင်ကတော့ ဟောဒီလို ထိုးတယ်ကွ၊ လာလေကွာ´
`ခွပ်၊ ဖြောင်း´
`အား´

အသံတွေကို သေသေချာချာ နားထောင်ကြည့်တော့ လားလား၊ စိုးကြီးရဲ့ ဘကြီး ဦးမောင်မြင့်ရဲ့ ဒေါသတကြီး အသံပါလား။ ဒေါသ ဘယ်လောက်ကြီးနေတယ် မသိဘူး၊ သူ့ကို ၀င်ဆွဲကြလွဲကြတဲ့ အသံတွေ ဘာမှကို မကြားရဘူး။ တခုခုနဲ့ ရိုက်နေတာလား၊ လက်သီးနဲ့ ထိုးနေတာလား မသိရပေမယ့် စိုးကြီးဆီကနေ တအားအားနဲ့ ညည်းညူနေတဲ့ အသံပဲ ကြားရတယ်။

`မင်းက မပြောဘဲ အသာကြည့်နေတာကို အကောင်းထင်နေတာလားကွ။ မင်းကိုယ်မင်း ဘာထင်နေလဲ၊ ကိုယ့်အိမ် တအိမ်သားလုံးကိုရော မိဘကိုပါ စော်ကားနေတဲ့ကောင် မင်းကို သတ်ပြီး ငါထောင်ထဲ ၀င်ရချင်ဝင်ရပစေ၊ ဒီညတော့ မင်းနဲ့ငါနဲ့ ပွဲကြီးပွဲကောင်းပဲ´
`၀ုန်း´
`အား၊ ဘကြီး´
`ပြောစမ်းဟေ့ကောင်၊ မင်းဘယ်လောက်မိုက်သလဲ´
`ဒုန်း´
`အား´

တကယ်တော့ ဦးမောင်မြင့်ဆိုတာ စိုးကြီးတို့ တအိမ်လုံးမှာ အအေးဆုံးလူ။ သူ့ကိုတွေ့လိုက်ရင် ကွမ်းလေးတမြုံ့မြုံ့နဲ့ အရပ်ထဲမှာလဲ သူ့နဲ့ အဆင်မပြေဖြစ်တဲ့လူ မရှိလှဘူး။ ဒီလို လူအေးကြီးက အခုလောက် ဒေါသတကြီးနဲ့ အကြမ်းပတမ်းကိုင်နေတာ အံ့သြစရာတော့ ကောင်းတယ်။

တော်တော်လေး ကြာတော့မှ ရိုက်တဲ့လူပဲ မောသွားလား၊ အရိုက်ခံရတဲ့လူကပဲ မေ့သွားတာလားတော့ မသိဘူး။ စိုးကြီးတို့ အိမ်ဘက်က အသံတွေ တိတ်သွားတယ်။

***

အဲဒီညနောက်ပိုင်းမှာတော့ စိုးကြီးတယောက် အချိုးတွေ လုံးဝ ပြောင်းသွားတယ်။ မပြောင်းလို့လဲ မဖြစ်ဘူး၊ ကလန်ကဆန်လုပ်တာနဲ့ တကယ်ကို ဆော်ပလော်တီးတဲ့ သူ့ဘကြီးရဲ့ လက်သံပြောင်တာကလဲ လန့်လောက်စရာဆိုတော့ ပြောင်းရတာ။ အိမ်ကိုမူးပြီးပြန်လာရင် အရင်လို တအိမ်သားလုံးကို မရစ်ရဲတော့ဘူး။ အသာလေး အိပ်ရာထဲဝင်ခွေတယ်။ ဒါတောင်မှ နောက်ပိုင်းကျတော့ `ဟေ့ကောင်၊ မင်းအရက်သောက်လာရင် အိမ်ကို ပြန်မလာနဲ့´ လို့ ဘကြီး ဦးမောင်မြင့်က ထပ်အမိန့်ထုတ်လိုက်တာ အိမ်ကို မူးပြီးတောင် ပြန်မလာရဲတော့ဘူး။

ပြောရရင်တော့ ဒီလောက် ဆိုးတဲ့ စိုးကြီးကို သူ့မိဘတွေက စလို့ အရပ်ထဲကလူတွေ အဆုံး အေးအေးဆေးဆေး ပြောပြ၊ ဖြောင်းဖြတုန်း လက်မခံတဲ့ စိုးကြီးကို လက်သံထပြောင်ပစ်လိုက်တဲ့ ဘကြီးဦးမောင်မြင့်ဟာ မိုက်ဂုဏ်ကိုချိုးပစ်လိုက်တာလို့ ပြောရမလားဘဲ။

တကယ်ဆိုရင် အကြမ်းပတမ်းကိုင်တယ်ဆိုတာက ကောင်းတဲ့အမျိုးမှ မဟုတ်တာပဲ။ ကိုယ့်သွေးကိုယ့်သားကို ပြန်ပြီး ရိုက်ရပုတ်ရတာကို ဘကြီးဦးမောင်မြင့်လဲ လုပ်ချင်မယ်တော့ မထင်ဘူး။ ဒါပေမယ့် အဲဒီလိုမှ မလုပ်ရင် စိုးကြီးဆိုတဲ့ကောင်က ကိုယ့်မိဘပါ ကိုယ်ပြန်စော်ကားနေတော့ ၀င်ပြီး ပွဲကြမ်းပစ်လိုက်ပုံပေါ်တယ်။ တကယ်လို့များ ဦးမောင်မြင့်လဲ စိုးကြီးရဲ့ တခြားသော မိသားစုဝင်တွေလို စိုးကြီးကို လေပြည်အေးလေးနဲ့ တရားချဖို့ ကြိုးစားနေရင် ဘာဆက်ဖြစ်မယ်တော့ မသိဘူး။ ဒါပေမယ့် အခုလို ကိုယ့်ကို တကယ်နိုင်တဲ့လူလဲ ရှိလာရော စိုးကြီး အချိုးပြောင်းသွားတာတော့ အမှန်ပဲ။

***

စိုးကြီးလို ခပ်ဆိုးဆိုးကောင်ဆိုတာ တခါတလေတော့လဲ ကြိမ်လုံးဒဏ် ခပ်စပ်စပ်၊ ဒါမှမဟုတ်လဲ နားရင်းကို ခပ်ကြမ်းကြမ်း ရိုက်သင့်ရင် ရိုက်ရမလားလို့ တွေးကြည့်မိတာပဲ။ အဲဒီလိုမှ မဟုတ်ရင် `ငါက ဘယ်သူ့ကြောက်နေရမှာလဲ´ ဆိုပြီး လုပ်ချင်ရာကို လုပ်နေတော့မှာလေ။



ကလိုစေးထူး


6 comments:

မောင်မျိုး said...

စိုးကြီး စိုးကြီး =) ဒင်းကိုနိုင်တဲ့သူရှိလို့တော်သေးတာပေါ့ ဘကြီးမြမောင်က တော်လိုက်တာ “ဖြောင်း ” ဆိုတဲ့ ရိုက်သံကြားတော့ အားရလိုက်တာ ဟဟား အစ်ကိုရေ့ ဒီပို့စ်ကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကိုမြင်သွားတယ် ။

ညီအကိုများ said...

အရမ်းကောင်းတယ်ဗျာ....

ဘကြီးမြမောင်များ အလိုရှိသည်။

Moe Cho Thinn said...

ဘကြီး ဦးမောင်မြင့်လဲ ကိုယ့်တူသားကို ရိုက်မောင်း ပုတ်မောင်း လုပ်ချင်မယ် မထင်ဘူး။ ဒါပေမဲ့ မေတ္တာနဲ့ ဆုံးမလို့ မရလို့ ဒီလမ်း ရွေးလိုက်ပုံပါပဲ။
တချို့ကျတော့လဲ ဒါမျိုး လိုတယ်။ တုတ်တောင်းတယ် ခေါ်ရမှာပေါ့။ ဒါနဲ့ စိုးကြီးကို ပြောတာလား၊ ဆိုးကြီး ကို ပြောတာလား :D

kk said...

အရမ်းကောင်းတယ်....

Ko Paw said...

အင်း…ဆုံးမရင်း လက်လွန်သွားရင်တော့ ဘကြီးမောင်မြင့်တယောက်လည်း အခုလောက်ဆို ထောင်နန်းစံနေရလောက်ပြီ။

ဘကြီးမောင်မြင့်လက်ချက်နဲ့ စိုးကြီးတယောက်ငြိမ်သွားအောင်တော့ တတ်နိုင်ကောင်း တတ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် အိမ်သူအိမ်သားအားလုံးနဲ့ တရပ်ကွက်လုံးရဲ့ စိတ်ထဲမှာတော့ “သူ့ထက်သူ မိုက်နိုင်မှ တော်ကာကျပေတယ်” ဆိုတဲ့ အတွေးအခေါ်ဟာ အသွေးထဲအသားထဲအထိ အရိုးစွဲသွားနိုင်တယ်။

ပိုဆိုးတာက ဟို လူအေးလူကောင်းကြီး ဘကြီးမောင်မြင့်က နောက်ပိုင်းကျမှ ဗွေဖောက်ပြီး “ငါကယ်လိုက်လို့ မင်းတို့ မိသားစု ဒုက္ခမရောက်တာ” ဆိုပြီး သူ့ကျေးဇူးကို တဖွဖွ ပြန်ဖော်ပြီး ငါတကော…ကောနေတဲ့အခါကျရင် သူ့ကို နိုင်မယ့်လူလည်း မရှိတော့ မခက်ပေဘူးလား။

အကောင်းဆုံးကတော့…. သားသမီးကို ငယ်ငယ်ကတည်းက နည်းလမ်းတကျ လူဆိုးဖြစ်မသွားအောင် ပြုစုပျိုးထောင်ရမယ်။ အဲသည်လို ပျိုးထောင်တဲ့ကြားက တယောက်ယောက်က ဗွေဖောက်ပြီးဆိုးနေသေးရင် ရပ်ကွက်လူကြီးလို…ရဲစခန်းလို သက်ဆိုင်ရာကို တိုင်တန်းပြီးအရေးယူခိုင်းရမယ်။ လွှတ်ပေးထားလို့ မဖြစ်ဘူး။

ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာမျိုးကလွဲလို့ ဥပဒေမဲ့ လက်လွတ်စပယ် ဖြေရှင်းတာမျိုးတွေ (ဥပမာ…သူခိုးကို ၀ိုင်းရိုက်တာမျိုးတွေ၊ ဆွမ်းကြီးလောင်းတာမျိုးတွေ) ကို ကျနော်တို့ မြန်မာတွေအနေနဲ့ သတိထားပြီး ရှောင်ကြဉ်ကြရင်ကောင်းမယ်လို့ ယူဆပါတယ်။

အဲသည်လို နည်းလမ်းသည်သာ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် ဖြစ်နိုင်ပေမယ်။ ဒီနည်းဖြင့်သာ ရပ်ကွက်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ လူတွေမှာလည်း တရားဥပဒေနဲ့ တရားနည်းလမ်းကျကျ ဖြေရှင်းချင်တဲ့ စိတ်ကလေးတွေ ၀င်လာနိုင်မယ်…စသဖြင့် ကိုစေးထူးကို ဖတ်ပြီး ကျနော့်ဖာသာ အတွေးပွားမိပါတယ်။

mgngal said...

good idea ! :)