Wednesday, February 25, 2009

နှုတ်ဆက်ခြင်း...

ကျနော် ဘလော့ဂ်ရေးတာ နားပါဦးမယ်။

အားလုံး အဆင်ပြေပါစေ

ကလိုစေးထူး

Monday, February 23, 2009

တံတားပေါ်က အတွေး...

ဟိုးအရင်ကဆို ကျနော်က အိမ်ကနေ အလုပ်ကို စက်ဘီးလမ်းကလေးကနေ သွားလေ့ရှိတယ်။ ကျနော်နေတဲ့ အိမ်ရဲ့ ခပ်လှမ်းလှမ်းက ဘိုးဘွားရိပ်သာ တခုနားကနေ ဖြတ်သွားပြီးရင် အဲဒီလမ်းကလေးကိုရောက်တယ်။ အဲဒီလမ်းကလေးကနေ စက်ဘီးနဲ့ဆိုရင် ၇ မိနစ်လောက်၊ ဒါမှမဟုတ်လဲ လမ်းလျှောက်ရင် ၁၅ မိနစ်သာသာဆိုရင် ကျနော့်အလုပ်ကို ရောက်ပါတယ်။

အဲဒီလမ်းကလေးကနေပဲ အလုပ်သွားလိုက်၊ တခါတလေတောာ့လဲ အဲဒီလမ်းကလေးမှာပဲ အေးအေးလူလူ လမ်းလျှောက်လိုက်နဲ့ နေခဲ့ဖူးတယ်။

***

ဒီနေ့ညနေပိုင်းက နေကလဲ အတော်သာပြီး ရာသီဥတုကလဲ ခါတိုင်းနေ့တွေထက်စာရင် အအေးဓာတ် နည်းနည်းပေါ့တာမို့ လမ်းကလေးဆီ တခေါက်ပြန်ရောက်ခဲ့တယ်။



စနေနေ့တုန်းက ကျထားတဲ့ နှင်းတွေကြောင့် လမ်းကလေးရဲ့ တဖက်တချက်မှာ အဖြူရောင် အနားသတ်ကလေးတွေ ရှိနေတုန်းပါပဲ။


Justify Full


စီးတော်ယာဉ်ဟောင်း စက်ဘီးကလေးနဲ့ မိနစ်အနည်းငယ်လောက် နင်းလိုက်ပြီ ဆိုရင်ပဲ အခု မြင်နေရတဲ့ တံတားကို ရောက်ပါတယ်။ ဒီတံတားကနေ ဟိုဘက်ကို ဆက်သွားရင် ကျနော့်ရဲ့ အလုပ်ရုံကို ရောက်ပါပြီ။

တံတားနားမှာ စီးတော်ယာဉ်ကို ဒေါက်ထောက်၊ တံတားထိပ်မှာ ရပ်ငေးရင်း ဟိုဟိုဒီဒီတွေးကြည့်မိပါတယ်။ အဲဒီအတွေးတွေကို စုစည်းကြည့်မိတော့ ဒီစာကို ရေးမိတယ်။

***

တံတားရဲ့ ကျနော်ရပ်နေတဲ့ ဒီဘက်ထိပ်ကနေ နောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် ဖြောင့်ဖြူးနေတဲ့ စက်ဘီးလမ်းကလေးဟာ ဟိုးးးအဝေးက ပြည်နယ်မြို့တော် အထိကိုပါ ရောက်သတဲ့။ လမ်းဘေး တလျှောက်မှာတော့ လူနေအိမ်တွေ၊ ပန်းခြံတွေကို ဖြတ်သွားလိုက်၊ တောအုပ်ထဲကို ညှို့ခနဲဝင်သွားရလိုက်ပေါ့။

တံတားရဲ့ ဟိုဘက်ထိပ်၊ မြစ်ရဲ့ ဟိုဘက်ကမ်းကနေ ရှေ့ဘက်မှာတော့ ကျနော့်အလုပ်ရုံနဲ့တကွ အလုပ်ရုံပေါင်းများစွာ အစီအရီက မှုန်ကုပ်ကုပ်နဲ့ ရပ်နေကြတယ်။ အဲဒီအလုပ်ရုံရပ်ကွက်ကနေမှ တဆင့်ဆက်သွားရင် မြို့လယ်ကို ရောက်ပါတယ်။

ဒီတော့ ပြောရရင် ဒီတံတားလေးဟာ မြို့ပြဆန်ဆန် ဟိုမှာဘက်နဲ့ တောအုပ်မင်းမူနေတဲ့ ဒီမှာဘက်ကို ဆက်စပ်ထားတဲ့အပြင် ဒီထက်ပိုပြောရရင် ဒီတံတားကို ဖြတ်ပြီးမှပဲ ဟိုဘက်က လူတွေကလဲ ဒီဘက်ကမ်းတောအုပ်တွေကနေ တဆင့် သွားချင်စိတ်များရှိခဲ့ရင် ဟိုးးအဝေးကြီးက ပြည်နယ်မြို့တော် အထိ ရောက်နိုင်တာပေါ့။ ဒီဘက်ကမ်းကလူကလဲ ဟိုဘက်ကမ်းက အလုပ်ရုံစက်ရုံတွေ ရှိရာ၊ စည်ကားတဲ့ မြို့လယ်ခေါင်ရှိရာကို ဒီတံတားကို ဖြတ်မှပဲ ရောက်တော့မယ်။

ဒါဖြင့်...၊ ဟိုးးအရင်တုန်းက ဒီနေရာမှာ ဒီတံတားလေး မရှိခင်တုန်းက လူတွေဟာ ဘယ်လိုများနေထိုင်ကြခဲ့လိမ့်မလဲလို့ ဆက်တွေးကြည့်မိပြန်တယ်။

ဖြစ်နိုင်ခြေကတော့ ဟိုးအရင်က လူတွေဟာ ပထမတော့ မြစ်ရဲ့ ဟိုဘက်ကမ်းကလူကလဲ သူတို့ဘက်အခြမ်းသူတို့နေ၊ ဒီဘက်အခြမ်းကလူကလဲ ဒီဘက်အခြမ်း ဒီဘက်နေ ဆိုပြီး ဒီလိုပဲဘာသိဘာသာ နေဖြစ်ခဲ့ဦးမှာပါပဲ။ အလယ်မှာ စည်းတခုလို ခြားထားတဲ့ မြစ်ကို မြင်လိုက်တာနဲ့ တသွင်သွင်စီးနေတဲ့ မြစ်ရေကြောင့် ဒီဘက်ကလူကလဲ ဟိုဘက်ကို မသွားချင်၊ ဟိုဘက်ကလူကလဲဒီဘက်ကို မလာချင်ဖြစ်ခဲ့ကြမှာ အသေအချာပေါ့။

ဒုတိယအဆင့် ဖြစ်နိုင်ခြေကတော့ အဲဒီလိုပဲ ဘာသိဘာသာနေနေရင်းနဲ့ တချို့လူတွေဟာ မြစ်ကိုဖြတ်ကူးဖို့ စဉ်းစားလာမိကြလိမ့်မယ်။ ဒီဘက်ကလူကလဲ ဟိုဘက်ကို ဖြတ်ကူး၊ ဟိုဘက်ကလဲ ဒီဘက်ကို ဖြတ်ကူးပေါ့။ ဖြတ်ကူးလို့ အောင်မြင်စွာ ရောက်သွားကြသူတွေ ရှိသလို မြစ်ရေစီးမှာ မျောပြီး အသက်ဆုံးရှုံးသွားရသူတွေလဲ ရှိနိုင်တာပဲ။ ဒါပေမယ့် သေချာတာကတော့ လူတွေဟာ ဟိုဘက်နဲ့ဒီဘက်ကို ကူးလူးဆက်ဆံဖို့တော့ စဉ်းစားမိလာကြမှာပါပဲ။

ဒီလိုနဲ့ ခေတ်တွေက တိုးတက်လာတာနဲ့အမျှ အန္တရာယ်များလှတဲ့ နည်းလမ်းဖြစ်တဲ့ မြစ်ကို ဖြတ်ကူးတဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ နည်းလမ်းကို လူတွေဟာ ရှာကြံစဉ်းစားလာကြဦးမှာပါ။ ဒီလိုနဲ့ပဲ တဆင့် တဆင့်နဲ့ အခုအချိန်မှာတော့ ဟိုဘက်ဒီဘက် အလွယ်တကူကူးလို့ရတဲ့ အခိုင်အမာတံတားတခုကို ဆောက်ဖြစ်ခဲ့ကြတာ မဟုတ်လား။

***

တသွင်သွင်စီးနေတဲ့ ရေအဟုန်နဲ့ မြစ်ကို ဖြတ်ကူးဖို့အတွက် တံတားကို ဆောက်ဖို့ စဉ်းစားကြတဲ့အခါမှာရော ... ... ...။

ဟိုဘက်တဘက်တည်းက လူတွေကချည်း ဒီတံတားကို ဆောက်ချင်တဲ့စိတ်ရှိယုံနဲ့ တံတားမဖြစ်လာနိုင်သလို၊ ဒီဘက်ကလူတွေကချည်း သက်သက်လဲ တံတားဘယ်လိုမှ ဆောက်လို့ရမယ် မထင်ဘူး။ ဒီဘက်ကဆောက်ချင်ရဲ့သားနဲ့ ဟိုဘက်က မဆောက်ချင်တဲ့အခါ သူကပြန်ဖျက်လိုက်၊ သူတို့ ဆောက်ချင်ရဲ့သားနဲ့ ဒီဘက်က မလိုလားရင် အဆင်မပြေလိုက်နဲ့ ဘယ်လိုလုပ်များ တံတား ဆောက်ဖြစ်မှာလဲ။

ဒါပေမယ့် လူတွေဟာ ဟိုဘက်နဲ့ဒီဘက်ကို အခိုင်အမာတံတား ရှိမှဖြစ်တော့မယ်ဆိုတာကိုတော့ စဉ်းစားမိခဲ့ပုံပေါ်တယ်။ ဒါကြောင့်လဲပဲ မတူတာတူတာတွေ ဘေးချိတ်လို့ ဒီတံတားဆောက်ဖြစ်ဖို့ကို နှစ်ဘက်စလုံးက အားထုတ်ခဲ့ကြရတာပေါ့။

တံတားဆောက်ကြတဲ့ အခါမှာလဲ တံတားတခုကို ဆောက်ဖို့အတွက် ပါဝင်ကြတဲ့ နေရာမှာ တံတားသံပေါင်ကို ထုတ်လုပ်တတ်သူက ထုတ်လုပ်ပြီးတော့ အခင်းသစ်သားအတွက် လိုအပ်တာကို ရှာသူက ရှာမယ်။ နောက်ဆုံး သံရိုက်တဲ့နေရာမှာ ပါဝင်သူကပါဝင်ပြီး တံတားပေါင်အတွက် မြေဖို့တာလောက် တတ်နိုင်တဲ့လူကလဲ သူတတ်တဲ့နေရာကနေ သူပါဝင်ခဲ့မှာပေါ့။ `ငါတော့ လူအားမစိုက်နိုင်ပေမယ့် တံတားကုန်ကျစရိတ်အတွက် ဘယ်ရွေ့ဘယ်မျှတော့ ငွေအားထည့်ပါမယ်´ လို့ ပါဝင်တဲ့လူလဲ ရှိနိုင်တာပဲ။ နောက်ဆုံး... ... ...၊ ငွေအားရော လူအားပါ မတတ်နိုင်ကြရင်တောင် တံတားဆောက်နေကြတဲ့လူတွေကို တံတားဆောက်လုပ်ငန်းခွင်မှာ လာအားပေးသူတွေလဲ ရှိဦးမှာပဲ။

ဒီတံတားဆောက်ဖို့ စပြီး စဉ်းစားတဲ့အချိန်မှာ `အာ...၊ မင်းတို့ တံတားဆောက်မယ် ဆိုတဲ့ကိစ္စကြီးက မလွယ်ပါဘူးကွ၊ ဟိုဘက်ကကောင်တွေကို ငါက ကြည့်လို့ရတာ မဟုတ်ဘူး၊ ဒီကောင်တွေက ဘာလုပ်နိုင်မှာမို့လို့လဲ၊ ပြီးတော့ မြစ်ရေရဲ့ အန္တရာယ်ကလဲ ရှိသေးတယ်၊ မဖြစ်နိုင်ပါဘူးကွာ´ လို့ ကန့်ကွက်ကြသူတွေရော မရှိနိုင်ဘူးလား။ အသေအချာပေါ့၊ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါပေမယ့် အဲဒါတွေကိုချည်းသာ ဂရုစိုက်ခဲ့ကြမယ်ဆိုရင် ဒီတံတားဘယ်လိုမှ ဆောက်ဖြစ်ခဲ့ကြမှာ မဟုတ်ဘူး။

တံတားဆောက်နေတုန်း အခါမှာလဲ တံတားသံပေါင် ထုတ်လုပ်သူက၊ မြေဖို့တဲ့လူကို `မင်းက ငါ့လောက် အသုံးမကျပါဘူးကွာ´ လို့ လှောင်ပြောင်သရော်တာ၊ တကယ်လို့များ သံရိုက်တဲ့လူတယောက် သံရိုက်နေတာ တချောင်းတလေ လွဲချော်နေရင် ပိုတတ်ကျွမ်းသူက `ဒီလိုရိုက်တာက တံတားပိုခိုင်လိမ့်မယ်ဗျ၊ လာ...၊ ကျနော်ပြပေးမယ်နော်´ လို့ နည်းလမ်းတကျ အချင်းချင်း မကူညီဘဲ `ဒီလိုကောင်မျိုး ရိုက်ထားတဲ့ သံနဲ့ ဒီတံတားတော့ မကြာခင်ပျက်မှာပါ´ လို့ တံတားဆောက်သူ အချင်းချင်း ပုတ်ခတ်တိုက်ခိုက်တာတွေသာ ရှိခဲ့ရင်ရော ဒီလို အခိုင်အခန့်တံတားကြီးဟာ ဒီနေရာ ဒီအချိန်မှာ ရှိနိုင်ပါ့မလား ဆိုတာက စဉ်းစားစရာပါ။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လူတွေဟာ တူခြင်း၊ မတူခြင်း၊ သူကပိုတော်ခြင်း၊ ငါကပိုတတ်ခြင်း၊ သူက နည်းနည်းပါဝင်ခြင်း၊ ငါက ပိုမိုပါဝင်ခြင်း၊ သူ့ကို ငါမကြိုက်ခြင်း၊ ငါ့ကို သူမလိုလားခြင်း အစရှိတဲ့ ပဋိပက္ခတွေကို ဘေးချိတ်လို့ ဟိုဘက်ကမ်းကလူရော ဒီဘက်ကမ်းကလူတွေအတွက်ပါ အကျိုးရှိစေမယ့် ဒီတံတားလေး တစင်းကိုဆောက်ဖြစ်ခဲ့ကြပြီ။

တကယ်တော့ တခြားအရာတွေ ဘယ်လိုပဲ မတူပါစေ `တံတားဆောက်ဖို့ လိုအပ်တယ်´ ဆိုတဲ့ အဓိက ရည်ရွယ်ချက်တခုတည်းကိုသာ အားစိုက်ခဲ့ကြလို့သာလျှင် ဒီတံတားလေး ဖြစ်လာတာ မဟုတ်ပါလား။ တကယ်လို့သာ ကျနော် အပေါ်မှာ ရေးထားတဲ့ မတူခြားနားမှုတွေကိုသာ လူတွေဟာ ပိုမိုဇောင်းပေးခဲ့ရင် ဒီလိုတံတားမျိုး ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်။

***

Excuse me!

တံထားထိပ်မှာရပ်ပြီး အေးစက်စက် ရာသီဥတုကို မေ့လို့ အတွေးစတွေ ပွားနေတုန်း နောက်ကနေ ကြားလိုက်ရတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ ထူထဲတဲ့ အားကစားဝတ်စုံကို ၀တ်ထားတဲ့ အပြေးလေ့ကျင့်သူတယောက်... ... ...။

သူ့ကို ပြုံးပြလိုက်ပြီး လမ်းဘေးကို ဖယ်ပေးလိုက်တော့ သူကလဲ ပြန်ပြုံးပြရင်း ရှေ့ကိုဆက်ပြီး ပြေးသွားတယ်။

တံတားအောက်ကို ကျနော် ငုံ့ကြည့်လိုက်တော့ တဟဲဟဲစီးနေတဲ့ မြစ်ရေပြင်က သူ့အပေါ်ကိုဖြတ်မိုး ကျော်ခွသွားတဲ့ တံတားကို ဘာမှမတတ်နိုင်တော့လေဟန် ပြန်မော့ကြည့်တယ်။ သူဘယ်တတ်နိုင်တော့မလဲလေ၊ သူ့ရဲ့ မြစ်ရေစီးကို ဘယ်သူကမှ ကြောက်စရာမလိုတော့အောင် လူတွေက တံတားထိုးထားလိုက်ပြီလေ။

ရှေးကလူတွေရဲ့ ညီညွတ်မှု ပြယုဂ် ဒီတံတားပေါ်ကနေ အခုဆိုရင် နှောင်းလူ ကျနော်က ရေစီးကြမ်းပါတယ်ဆိုတဲ့ မြစ်ရေကို တံတားပေါ်ကနေ အခန့်သားနဲ့ အေးအေးလူလူ ကြည့်နေနိုင်ခြင်းရဲ့ အဖြေကတော့... ... ...။

***

ကလိုစေးထူး


(ကင်မရာက ပုံတွေကို ကွန်ပျူတာထဲ သွင်းနေတာ အဆင်မပြေတာနဲ့ အရင်နှစ်က ပုံဟောင်းတွေကိုပဲ ပြန်တင်လိုက်ပါတယ်)

Friday, February 20, 2009

လန်းခွင့်မသာ...၊ နေခြည်မဖြာတာမို့...

လေးထောင့်ပုံစံ ရွှေရောင်ကြုတ်ကလေးကို တပတ်ပြီးတပတ် လှည့်လိုက်၊ အောက်ခံ အခင်းပေါ်ကို ပေါင်ဒါနည်းနည်းလောက် ဖြူးလိုက်၊ ပြီးရင် တခါပြန်လှည့်လိုက်နှင့် လူတယောက် အလွန်အလုပ်ရှုပ်နေ၏။ အတန်ကြာအောင် စိတ်တိုင်းကျ လှည့်ပြီးသည့်အခါမှာတော့ သူက ကြုတ်ကလေးကို ၁၂၃၄ နံပါတ်တွေ ရေးထားတဲ့ အခင်းရဲ့ အလည်တည့်တည့်မှာ ဂရုတစိုက်ဖြင့် တည်လိုက်၏။ ထိုသူ တည်ပြီးသည်နှင့် တပြိုင်နက် ဘေးကထိုင်နေသူတွေနှင့် ရပ်ကြည့်နေသူ တချို့ဆီက ငွေများ အခင်းပေါ်သို့ အစီအရီရောက်လာတော့သည်။

`ရင်ဘတ် တထောင်နော်´
`မီးတိုက်၊ အရိပ်ခို၊ လေးထောင်နော်´
`လက်မမှာ သုံးထောင် အောတယ်ကွာ´

ဝိုင်းရဲ့ ထိပ်ဆုံးက အောက်လင်း မီးသီးကြီးနားမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ဒိုင်ဖြစ်သူ ဖိုးတင်လှက သူ့အနားက မိစန်းကြည်ကို ...

`ဟဲ့၊ ထိုးကြတာတွေကို နင်သေသေချာချာကြည့်နော်´
`အင်းပါ ကိုတင်လှရဲ့´

***

ကံဆိုးချင်တော့ မနှစ်က ဘုရားပွဲတပွဲမှာတုန်းက မိစန်းကြည်တို့ရဲ့ အံဂလုံဒိုင်လေး အရင်းပြုတ်သွားသည်။ လောင်းကစားဆိုတာက နိုင်တခါရှုံးတလှည့်လို့ ပြောကြပေမယ့် ရှုံးခဲလှတဲ့ ဒိုင်ကိုင်သူတွေထဲမှာမှ မိစန်းကြည်တို့ခုံက ကံဆိုးမိုးမှောင်ကျခဲ့ခြင်း ဖြစ်သည်။

ဒါကြောင့် ဒီနှစ်မှာတော့ ဇာတ်ပွဲတွေ စည်တဲ့ ဘုရားပွဲရာသီကို ရောက်လာပေမယ့် အံဂလုံဒိုင် မကိုင်နိုင်တော့ပါ။

`ဟဲ့၊ မိစန်းကြည်၊ နင်တို့ အံဂလုံဒိုင် မလိုက်ဖြစ်ကြတော့ရင် ငါ့အနီထောင်ဒိုင်မှာ နင်ထိုင်ကူမလား၊ တညကို ၃ ထောင်ပေးမယ်၊ နိုင်ရင်လဲ ဘောက်ဆူးထပ်ချမယ်လေ´

ရုပ်ရည်ပြေပြစ်တဲ့ မိစန်းကြည်ကို အနီထောင်ဝိုင်းနားမှာ အထိုင်ခိုင်းထားရုံနဲ့တင် ကာလသား ထိုးသားတွေ ၀ိုင်းအုံနေမှာကို ကြိုတင်အကွက်မြင်တဲ့ ဖိုးတင်လှက အဲဒီလို လာခေါ်တော့ မိစန်းကြည်တယောက် မငြင်းဆန်မိခဲ့ပါ။ ဒီလိုမှ မလုပ်ရင်၊ ဒီလိုရာသီမျိုးမှာမှ ပိုက်ဆံမရှာနိုင်ရင် ပွဲတော်ချိန်တွေ ကုန်လို့ မိုးရာသီရောက်ရင် ပိုဒုက္ခရောက်တော့မည်လေ။

`အဖေ့ကိုပါ ခေါ်ရမှ လိုက်မှာနော်´
`အေးပါ၊ နင့်အဖေလဲ ဘေးကနေ ကူပေးပေါ့ဟ၊ ငါကြည့်ကျက်ပေးပါမယ်´

***

အနီထောင်ဆိုတာက အံစာတုံး သေးသေးလေးကို ဂွင်ကျဝင်နိုင်အောင် ဖန်တီးထားတဲ့ အုတ်ခဲသေးသေးလေးနဲ့ တူသည့် ရွှေရောင် သတ္တုကြုတ်ကလေးထဲတွင် ထည့်ပြီး ကစားရသော နည်းဖြစ်သည်။ အံစာတုံးက တခြားအံစာတုံးတွေလို ဂဏန်းအစက်ကလေးတွေ နဲ့ အံစာတုံး မဟုတ်ချေ။ အံစာတုံး၏ မျက်နှာပြင်တိုင်းတွင် အနီရောင် တခြမ်း၊ အဖြူရောင် တခြမ်း ဆေးခြယ်ထားသည်။ `အနီထောင်အုတ်´ လို့ ခေါ်ကြတဲ့ ရွှေရောင်ကြုတ်ကလေးထဲမှာ ဂွင်ကျထည့်ပြီးလျှင် ထိုးသားထဲက တယောက်ယောက်က ၁၂၃၄ ဂဏန်းတွေ ရေးထားတဲ့ အခင်းပေါ်မှာ အုတ်ကို တပတ်ပြီးတပတ်လှည့်၊ သူစိတ်တိုင်းကျပြီဆိုလျှင် ၀ိုင်းအလည်တည့်တည့်မှာ အုတ်ကို တည်ထားပြီပြီဆိုမှ ထိုးသားတွေက ငွေထိုးကြရသည်။

အနီထောင် ကစားသည့် အခင်းက စတုရန်းပုံစံ တာလပတ်သား အခင်းဖြစ်၏။ ဟိုဘက်ထောင့် ဒီဘက်ထောင့် ကန့်လန့်ဖြတ် မျဉ်းနှစ်ကြောင်း ဆွဲပြီး ၁၂၃၄ ဂဏန်းတွေကို အစဉ်လိုက်ရေးထားသည်။ ၁ ဂဏန်းက အုတ်လှည့်သူ ထိုးသားဘက်မှာ အမြဲရှိရသည်။ ထိုးသားက အုတ်ကြုတ်ကလေးကို လှည့်တဲ့အခါ အဲဒီ ၁ ဂဏန်းပေါ်မှာ လက်မ အမြဲ ရှိနေတတ်လို့၊ ၁ ကို လက်မ၊ ၁ နှင့် မျက်နှာချင်းဆိုင်က ဒိုင် ထိုင်နေရာနေရာမှာက ၃ ဂဏန်း၊ ဒိုင်ရဲ့ ရင်ဘတ်တည့်တည့်က ဂဏန်းဆိုတဲ့ သဘောနှင့် ၃ ကိုတော့ ရင်ဘတ်လို့ ခေါ်ကြသည်။

အနီထောင်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ၂ ဂဏန်းရှိရာနေရာမှာ အောက်လင်းမီး ထွန်းထားလေ့ရှိတော့ ၂ ကိုတော့ မီး ဟု ခေါ်ကြပြီး ၂ နဲ့ မျက်နှာချင်းဆိုင် ဂဏန်း ၄ ရဲ့ နေရာမှာတော့ အောက်လင်းမီးရဲ့ အရိပ်ကျတဲ့ နေရာမို့ ၄ သည် အရိပ်။

ဝိုင်းလယ်မှာ တည်ထားသည့် အုတ်ကြုတ်ကလေးကို အုတ်လှည့်သူ ထိုးသားက ဖြည်းညင်းစွာဖွင့်ကာ အထဲက အံစာတုံးက ၁၂၃၄ အနက် ဘယ်ဘက်ကို အနီရောင်ချယ်ထားတဲ့ အခြမ်းက ပြနေတယ်ဆိုတာကို ကြည့်ပြီး အလျော်အစားလုပ် ကစားကြရသည်။ အုတ်ဖွင့်တဲ့ အချိန်မှာ အုတ်ကြုတ်လဲကျလို့ မရ၊ လဲခဲ့ပါက အုတ်ဖွင့်သူ ထိုးသားက တ၀ိုင်းလုံးကို လျော်ရသည်။

အနီထောင် ငွေထိုးနည်းကလဲ ပေါင်းစုံရှိသည်။ အနီထောင်ထိုးသည့် ထိုးသားက လက်မ၊ ရင်ဘတ်၊ မီး၊ အရိပ်ထဲက မိမိစိတ်ကြိုက် ဂဏန်းတခုအပြင် နောက်ထပ် အရန်တခုကိုလဲ ယူခွင့်ရှိသည်။ စိတ်ကြိုက်ယူတဲ့ ဂဏန်းကို အတိုက်၊ အရန်ဂဏန်းကို အခို ဟု ခေါ်ဝေါ်လေ့ရှိသည်။ တရပ်နှင့် တရပ် အခေါ်အဝေါ်တော့ အနည်းငယ် ကွာခြားတတ်လေ့ ရှိသေးသည်။ အတိုက်ဘက်မှာ အနီရောင်ကျလျှင် လျော်ကြေးငွေ၏ နှစ်ဆရသည်။ ဒိုင်က အမြတ်ငွေ၏၁၀%ကို အကောက်ပြန်ကောက်သည်။ ဥပမာ ငွေနှစ်ထောင် ထိုးသည့် ထိုးသားက အတိုက်ရလို့ ဒိုင်လျော်တဲ့အခါ လေးထောင် မလျော်ဘဲ ၃၆၀၀သာ အလျော်အဖြစ်ရမည်ဖြစ်သည်။ အခိုထိုးထားတဲ့ဘက်ကို အံစာအနီရောင်ခြမ်းက ပြရင်တော့ အလျော်အစားမရှိ အရင်းပြန်ယူရသည်။

ဂဏန်းလေးလုံးထဲက တခုတည်းကိုသာ စိတ်ကြိုက်ယူပြီး အရန်မထားဘဲ ထိုးတာကိုတော့ အောထိုးသည်ဟု ခေါ်၏။ ထိုးတဲ့ဘက်မှာ တိုက်လျှင် ထိုးထားသည့် ပိုက်ဆံ၏ ၃ ဆ ကို ဒိုင်က ၁၀% အကောက်ပြန်ကောက်ပြီး အလျော်ရမည်။ ဥပမာ ငွေ ၂၀၀၀ ကို အောထိုးလို့ တိုက်ခဲ့လျှင် အမြတ်ငွေ ၅၄၀၀ ရမည်။

အနီထောင်ဝိုင်းနောက် လိုက်ပြီဆိုမှတော့ မိစန်းကြည်တယောက် အထက်က အနီထောင်ကစားနည်း စည်းကမ်းတွေကို သိအောင် လုပ်ထားရသည်။ ဒါမှလဲ ကျွမ်းကျင်ရာ လိမ္မာပေတော့မည်ကိုး... ...။

***

ပထမတော့ မိစန်းကြည် သတိမထားမိသေး။

အရှေ့က အနီထောင်ဝိုင်းကို အာရုံစိုက်ပြီး အလျော်အစားလုပ်နေတာကြောင့် သတိမထားမိတာလဲ ဖြစ်သည်။ နောက်တော့ တခါက နှစ်ခါ၊ နှစ်ခါကနေ သုံးလေးခါ မက ဖြစ်လာတော့ နောက်ကို ဆတ်ခနဲ လှည့်ကြည့်ပစ်လိုက်သည်။ မိစန်းကြည်နောက်မှာ ရပ်နေတာက အရက်သောက်ထားကြဟန် လူနှစ်ယောက်...။ မိစန်းကြည် လှည့်ကြည့်လိုက်တော့မှ အရှေ့က၀ိုင်းကိုပဲ စူးစိုက်ကြည့်နေသလိုလို ပုံစံတွေနဲ့။ စိတ်ထဲက ဒေါသကို အသာမျိုချလိုက်ပြီး...

`အကိုတို့၊ နောက်နည်းနည်းဆုတ်ပေးပါလားဟင်၊ သမီး ဒီမှာ အလျော်အစားလုပ်နေရတာ မို့လို့ပါ´

ပြောလဲပြောရင်း ခပ်လှမ်းလှမ်းက အဖေ့ကိုပါ မျက်စလှမ်းပစ်ပြတော့ သဘောပေါက်တဲ့ အဖေက အနားကို လှစ်ခနဲရောက်လာပြီး အနှီသကောင့်သား နှစ်ယောက်နဲ့ မိစန်းကြည်ကြားမှာ ၀င်ထိုင်လိုက်သည်။ မိစန်းကြည် စိတ်ထဲကနေ အဖေ့ကို ကျေးဇူးတင်ရင်း ဟိုနှစ်ယောက်ကိုတော့ ကျိန်ဆဲပစ်လိုက်သည်။

`သေနာကောင်တွေ၊ သူတို့ နှမ တင်ပါးကို ခြေမနဲ့ သွားကလော်ကြပါလား´

လူအမျိုးမျိုး၊ စိတ်အစုံစုံနဲ့ ဘုရားပွဲက ကစားပွဲမို့ ဒီလိုမျိုးတွေကိုလဲ တခါတလေ သည်းခံရလေ့ရှိပြန်သည်။

***

`ဟော၊ ငါ့အကိုကြီးက ရင်ဘတ်ကို ကန်လိုက်ပါပြီ၊ အကို့တယောက်ထဲမှ တယောက်ထဲပါလား´
`ကဲ...၊ ကဲ ထိုးထားနော်၊ ထိုးထား´

တ၀ိုင်းလုံးမှာ မိစန်းကြည်ရဲ့ အသံစာစာ စာစာက အလုပ်များလို့ နေလေသည်။ ညနက်လာသည်နှင့် အမျှ ၀ိုင်းက အရှိန်ကောင်းလာလေ၏။ `မီးကွ´ `လက်မကွ´ `ရင်ဘတ်တဲ့ဟေးးးး´ ဟူသော ထိုးသားများ၏ အော်ဟစ်သံများ၊ `အရိပ်မှာခိုပါတယ်ဗျားးး´ ဆိုသော ဒိုင်၏ အောင်မြင်တဲ့အသံနဲ့အတူ မိစန်းကြည်၏ ဖြူနုနုလက်တွေမှာ ငွေစက္ကူများနှင့်အတူ အလုပ်များနေလေတော့သည်။

***

မနက် ၃ နာရီထိုးခန့် ရှိပါပြီ။

စောစောက လူတွေအုံနေတဲ့ မိစန်းကြည်တို့ အနီထောင်ဝိုင်းလဲ ရှုံးသူကရှုံး၊ နိုင်သူ တချို့တလေကလဲ အနိုင်နဲ့ပိုင်းပြီး ပြန်သူကပြန်နဲ့ ၀ိုင်းစဲပါပြီ။ ကစားဝိုင်း တာလပတ်ခင်းကို တသေတချာခေါက်သိမ်းပြီး စောစောက ကစားသွားတဲ့ အုတ်ကြုတ်ကလေးတွေကို ပြောင်လက်နေအောင် မိစန်းကြည်တယောက် တသေတချာ ပြန်ပွတ်တိုက်နေ၏။ ဒိုင်ဖြစ်သူ ဖိုးတင်လှကတော့ ငွေတွေ ရေလို့ကောင်းတုန်း...၊ သူ့မိန်းမ အမြင့်က မစောင့်နိုင်တော့ဟန်ဖြင့်...

`ဟဲ့၊ ဘယ်လောက်နိုင်တုန်း´
`ဟ၊ နေပါဦးဟ၊ အမြင့်ရ´
`မိစန်းကြည်၊ ရော့ဟေ့၊ နင့်ရဲ့ ဒီည ညကြေး၊ နင့်အဖေအတွက်က နှစ်ထောင်ယူ၊ ဘောက်ဆူးက ထောင့်ငါးရာယူပေါ့ဟာ´

ဖိုးတင်လှ တယောက် ဒီည အတော်နိုင်လိုက်ပုံပေါ်သည်။ မိစန်းကြည်က ညကြေးပိုက်ဆံထဲက ခြောက်ထောင်ကို အဖေ့ကို အပ်လိုက်သည်။ ကျန်တဲ့ ငါးရာနှင့် ပွဲခင်းထဲ သွားလည်မည်လေ။ ဒီညကသည့် မင်းသား ချစ်ဆူးငယ်က မိစန်းကြည် အသည်းစွဲ ဇာတ်မင်းသားကိုး...။

***

ဇာတ်စင်ရှေ့ရောက်တော့ မင်းသား ချစ်ဆူးငယ်ရဲ့ ပြဇာတ် ဇာတ်ဝင်သီချင်း ဆိုခန်းကိုပင် ရောက်နေလေပြီ။ ဆိုနေတဲ့ သီချင်းစာသားတွေက ရိုးသားပြီးချောမောတဲ့ ဆင်းရဲသူလေးကို သူဌေးသားလေးက အလွန်ချစ်မိပုံ၊ ဂုဏ်ရွှေငွေတွေကိုထက် ချစ်ရသူလေးကိုသာ တန်ဘိုးထားရပုံ၊ မိဘမောင်ဘွားတွေ တားနေပါစေ၊ ချစ်သူလေးနဲ့ လက်တွဲလို့ လောကဓံကို ရင်ဆိုင်လိုက်ချင်ပုံကို ဖွဲ့နွဲ့စပ်ဆိုလို့...။

ထိုခဏမှာပင် မိစန်းကြည်တယောက် သူ့ရဲ့ အနီထောင်ဝိုင်းအကူ သမ ဆိုတဲ့ အပြင်ဘ၀ အစစ်ကို မေ့လို့ ရွှေမင်းသားလေးရဲ့ ချစ်သူအဖြစ် အတွေးထဲမှာ သီချင်းနဲ့အတူ မျောပါသွားလေ၏။

***

နောက်တနေ့ ပွဲခင်းကျရင်တော့... ... ...။

`လက်မကွ´ `အရိပ်ကွ´ `ရင်ဘတ်ကို တိုက်မယ်ကွ´ ဆိုတဲ့ အသံတွေကြားမှာ မိစန်းကြည်တယောက် အလုပ်များရပါဦးမည်။ ဘုရားပွဲရာသီ မကုန်မချင်း ပွဲခင်းတွေနောက် တကောက်ကောက်လိုက်ရင်းနဲ့ပေါ့... ... ...။

***


ကလိုစေးထူး


မိစန်းကြည်အကြောင်း`ဘုရားပွဲနဲ့ကစားပွဲ´ ဆိုပြီး ကျနော်ရေးဖူးပါသေးတယ်။

Thursday, February 19, 2009

ငါ...ပြိုင်ပွဲ (၂)

............................................ငါငါငါငါငါငါ
.....................................ငါငါငါငါငါငါငါငါငါငါငါငါ
...............................ငါငါငါငါငါ.............ငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
.............................ငါငါငါငါငါငါ............ငါငါငါငါငါငါ
....................ငါငါငါငါငါငါငါငါ................ငါငါငါငါငါငါ
...............ငါငါငါငါငါငါငါငါငါငါငါငါ...........ငါငါငါငါငါငါ
..........ငါငါငါငါငါငါ........ငါငါငါငါငါငါ........ငါငါငါငါငါငါ
..........ငါငါငါငါငါငါ........ငါငါငါငါငါငါ.........ငါငါငါငါငါငါ
..........ငါငါငါငါငါငါ........ငါငါငါငါငါငါ.........ငါငါငါငါငါငါ
..........ငါငါငါငါငါငါ...............................ငါငါငါငါငါငါ
..........ငါငါငါငါငါငါ...............................ငါငါငါငါငါငါ
..........ငါငါငါငါငါငါ................................ငါငါငါငါငါငါ
..........ငါငါငါငါငါငါ........ငါငါငါငါငါငါ.........ငါငါငါငါငါငါ
..........ငါငါငါငါငါငါ........ငါငါငါငါငါငါ.........ငါငါငါငါငါငါ
...............ငါငါငါငါငါငါငါငါငါငါငါငါ............ငါငါငါငါငါငါ
....................ငါငါငါငါငါငါငါငါ.................ငါငါငါငါငါငါ

ငါပြိုင်ပွဲ...(၁)

Monday, February 16, 2009

Jacqui ပေးတဲ့ သင်ခန်းစာ...

စာအသစ် မတင်ဖြစ်တာ တပတ်လောက် ရှိသွားပါပြီ။ ဒီကြားထဲ ကွန်ပျူတာက သူ့သခင်နဲ့အပြိုင် ချောင်းဆိုးရင်ကျပ် ဖြစ်တော်မူနေတာနဲ့ သူ့ကို ဆေးကုနေရတာနဲ့ အပျင်းရောဂါ နှစ်ခုပေါင်းပြီး ပြီးခဲ့တဲ့ တပတ်အတွင်း ဘာမှမရေးဖြစ်ခဲ့ပါဘူး။

ကွန်ပျူတာ ပြန်ကောင်းလာတော့ အီးမေးလ်တွေကို စစ်ကြည့်တော့ မတွေ့တာကြာပြီ ဖြစ်တဲ့ အကိုမင်းဇင်ဆီက Forward mail တစောင်ရောက်နေတယ်။ ပထမတော့ (Forward mail ဆိုတော့) ဘာရယ်မဟုတ် ဖွင့်ကြည့်လိုက်တာပါပဲ။ ဒါပေမယ့် မေးလ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖတ်ပြီးတဲ့အချိန်မှာတော့ ကရုဏာစိတ်၊ ကြောက်ရွံ့စိတ်တွေကို တပြိုင်တည်း ခံစားလိုက်ရတယ်။ စိတ်ထဲမှာလဲ အမည်ဖော်ပြမတတ်တဲ့ ၀မ်းနည်းမှုကြောင့် အဲဒီစာထဲမှာ ပါတဲ့ အကြောင်းအရာကို မှတ်မှတ်ရရသဘော ကျနော့် ဘလော့ဂ်မှာလဲ တင်ပြီး ကျနော့်မိတ်ဆွေများကို ဝေမျှချင်တာကြောင့် အခုပို့စ်ကို ရေးဖြစ်ပါတယ်။

အဖြစ်အပျက်က လွန်ခဲ့တဲ့ လေးနှစ်ကျော်က ဖြစ်ခဲ့တာမို့ အဲဒီအကြောင်းအရာကို သိပြီးသားဖြစ်နေတဲ့သူတွေလဲ ရှိမှာပါ။ ကျနော်ကတော့ အရင်က မသိခဲ့ပါဘူး။ ဒါကြောင့် ကျနော့်လိုပဲ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သင်ခန်းစာ တခုခု ရနိုင်ကောင်းပါရဲ့ လို့ မျှော်လင့်ပါတယ်။

***



Jacqui Saburio ...တဲ့။ သူကလေးရဲ့ မွေးရပ်က ဗင်နီဇွဲလား နိုင်ငံကပါ။



ဒါကတော့ ၁၉၉၈ ခုနှစ်တုန်းက ဂျက်ကီနဲ့ သူ့အဖေရဲ့ပုံပါ။

ဂျက်ကီဟာ ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ တက်က်ဆက် ပြည်နယ်ကို အင်ဂျင်နီယာ ပညာရပ်နဲ့ အင်္ဂလိပ်စာ သင်ကြားဖို့ ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်တွေ တလှေကြီးနဲ့ပေါ့... ... ...။

ဂျက်ကီက ကလေးတွေကို ချစ်လို့၊ ကလေး သုံးလေးယောက်လောက်လဲ မွေးချင်ပါသေးသတဲ့။ မိခင်စိတ်ထားလဲ ပိုင်ဆိုင်သူလေးပေါ့။ ဒါပေမယ့် ဂျက်ကီအတွက် မျှော်လင့်မထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်ခဲ့တဲ့ နေ့ရဲ့ နောက်ပိုင်းမှာတော့... ... ...။



တချိန်က အလွန်တရာချောမောလှပဲတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ခဲ့သူလေးဟာ အခုလို ရုပ်ရည်ကို နောက်တချိန်မှာ ပြောင်းလဲ ပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ခဲ့မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခု မြင်ရတာကတော့ အခုလက်ရှိ ဂျက်ကီ့ရဲ့ ရုပ်ရည်ပါပဲ။

ဂျက်ကီရဲ့ ချောမောတဲ့ ရုပ်ရည်ကိုရော သူ့ရဲ့ မျှော်မှန်းချက်အားလုံးကိုပါ ဖျက်ဆီးပစ်လိုက်တာကတော့ မူးယစ်ပြီး မဆင်မခြင် ကားမောင်းခဲ့တဲ့ အသက် ၁၇နှစ် အရွယ် ဆယ်ကျော်သက် လူငယ်လေး တယောက်ပါ။



သူ့ရဲ့ အမှားကို သူဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ နှောင်းနောင်တတွေနဲ့ လူငယ်က အခုတော့ ထောင်ထဲမှာပေါ့။ ထောင်ဒဏ် ၇ နှစ်ဟာ သူ့ရဲ့ အမှားအတွက် နောင်တကောင်းရစေနိုင်လောက်ပေမယ့် ဆုံးရှုံးသွားတဲ့ ဂျက်ကီရဲ့ ဘ၀ကိုတော့ ပြန်မရနိုင်တော့ဘူးပေါ့။

***

အခုပို့စ်ဟာ စာလာဖတ်သူ မိတ်ဆွေတွေကို `မူးရင်မမောင်းကြနဲ့´ လို့ ပြောချင်တာထက် ကျနော့်ကိုယ်ကျနော်လဲ သတိပေးချင်တာ ပါပါတယ်။ ဘီယာလေး နည်းနည်းပါကွာ၊ ဘာဖြစ်မှာလဲ ဆိုတဲ့ အတွေးက ၀င်ဖူးတာကိုး။

အောက်မှာကတော့ ဂျက်ကီ့အကြောင်းကို စီစဉ်တင်ဆက်ခဲ့တဲ့ ရုပ်သံအစီအစဉ်လေး တခုပါ။



***

ဂျက်ကီတယောက် အရင်လို ဘ၀ကို ပြန်ရနိုင်ဖို့မလွယ်တော့ပေမယ့် နောက်ထပ် ဂျက်ကီ့လိုမျိုးတွေ ထပ်မဖြစ်စေဖို့အတွက်ပေါ့... ... ...။

ကလိုစေးထူး

Tuesday, February 10, 2009

ကျောင်းသင်ခန်းစာမှာ...

အင်္ဂလိပ်စာ တပိုဒ်ကို ဖတ်တဲ့တနေရာမှာ စကားလုံး တလုံးခြင်းစီကို ဖြည်းလေးစွာ ဖတ်ပြီဆိုပါစို့...။ အဲဒါဟာ ပိုလွယ်ကူစေမလား၊ ဒါမှမဟုတ် ပိုပြီး အခက်တွေ့မှာလား။ အောက်မှာရေးထားတဲ့ အတိုင်း စကားလုံး တလုံးစီကို ခွဲခြားပြီး ဖတ်ရရင်...

What -----really -----happen -----when -----we -----read? -----Some -----people -----think -----we read -----one -----word -----at -----a -----time. -----They ----- think -----we -----read ----- a word, -----understand -----it -----and -----then -----move -----on to -----the -----next -----word.

တကယ်တော့ အဲဒီလို စကားလုံးတွေကို တလုံးခြင်းစီ နားလည်အောင် လိုက်ဖတ်တာဟာ အင်္ဂလိပ်စာလေ့လာရာမှာ ပိုအခက်တွေ့ပါလိမ့်မယ်...တဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီတလုံးခြင်းစီကို နားလည်အောင်လို့ အဘိဓာန်ကိုလှန်လိုက်၊ နောက်တလုံးကို ထပ်မှတ်လိုက် လုပ်နေရင်းနဲ့ပဲ စာကြောင်းရဲ့ အဆုံးကိုရောက်တဲ့အခါမှာတင်ပဲ စာကြောင်းအစကို ပြန်မေ့သွားပါလိမ့်မယ်။

ဒီတော့ ကျနော်တို့တွေ အင်္ဂလိပ်စာကို ခပ်မြန်မြန် (ကြိုးစားပြီး) ဖတ်လိုက်တာဟာ စာလုံးတလုံးစီရဲ့ အချင်းချင်း ဆက်စပ်မှုကို ပိုပြီးတော့ ပုံဖော်နိုင်ပါလိမ့်မယ်။

***

ပြီးခဲ့တဲ့ ခရစ်စမတ်ကာလမှာ ခေတ္တပိတ်ခဲ့တဲ့ ကျနော့်ကျောင်းက ဇန်န၀ါရီ ၂၀ မှာ ပြန်စခဲ့ပါတယ်။ ကျောင်းမပိတ်ခင်မှာ လုပ်ခဲ့တဲ့ Test result ကြောင့်လားတော့ မသိ၊ တလကျော်လောက်ပဲ တက်ရတဲ့ Level 5 ကနေ Level 6 မှာ တက်ခွင့်ရခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မောင်ကျည်ပွေ့ကျနော်ကတော့ တရွေ့ရွေ့နဲ့ အတက်ပေါက်နေဆဲပေါ့...။

Level 6 ဟာ ESL class ရဲ့ နောက်ဆုံးအဆင့် ဖြစ်ပြီးတော့ တချို့ကောလိပ်တွေကလဲ သူတို့ကျောင်းမှာ တက်နိုင်ကြောင်း လာခေါ်တာတွေ ရှိလာပါပြီ။ ပြီးတော့ အတန်းထဲမှာလဲ လူမျိုးတွေက ပိုစုံလာသလားလို့ ထင်ရတယ်။ အီရန်၊ ပေါ်တူဂီ၊ ဘရာဇီး၊ မွန်ဂိုလီးယား၊ လာအို၊ ထိုင်း၊ မက္ကဆီကို၊ ပီရူး၊ မြန်မာ စသဖြင့် စသဖြင့် စုံလို့စုံလို့။

ဘရာဇီးတွေက ပေါ်တူဂီစကားပြောတော့ ပေါ်တူဂီသားနဲ့ အဖွဲ့ကျလို့ရသလို စပိန်ဘာသာနဲ့လဲ နီးစပ်ပြန်တာကြောင့် မက္ကဆီကိုနဲ့ ပီရူးသားတွေနဲ့လဲ အဆင်ပြေလို့...။ အာရှသား လူလည် (မဟုတ်တဲ့) ကျနော်တို့ကတော့ ငေါင်တောင်တောင်လေးတွေပေါ့။

အခု အဆင့်မှာတော့ Grammar ပိုင်းနဲ့ Idea ပိုင်းကို ပိုပြီး ဖိဖိစီးစီး သင်လာတာကို သတိထားမိပါတယ်။ ဖတ်ခိုင်းလိုက်တဲ့ စာပိုဒ်တွေအတွက် မိမိရဲ့ ထင်မြင်ယူဆချက်ကိုပါ ကိုယ်ပိုင်ဉာဏ်နဲ့ ပြောလာရတာတွေ ရှိတယ်။ တပတ်မှာ သတင်းနှစ်ပုဒ်ဖတ်ပြီး အိမ်စာအဖြစ်နဲ့ အဲဒီ သတင်းရဲ့ အတိုချုပ်ရယ်၊ သတင်းအပေါ် ဘယ်လိုထင်သလဲ ဆိုတာကိုပါ ထည့်ရေးရပါတယ်။

တချို့စာပိုဒ်လေးတွေဆို ဗဟုသုတကို ရလို့... ...။

***

ချောကလက်ဟာ ကမ္ဘာပေါ်မှာ ပေါ်ပြူလာ အဖြစ်ဆုံး အချိုစာတွေထဲက တခုပါ။ သူ့ကို သကြားလုံးသဖွယ်၊ ဒါမှမဟုတ်လဲ ကိတ်မုန့်၊ မုန့်မျိုးစုံနဲ့ ပူတင်းတွေမှာ ထည့်သွင်း စားသုံးတတ်ကြပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ချောကလက်ကို အချိုစာ မဟုတ်တဲ့ အစားအစာ တခုအနေနဲ့ စားတတ်ကြပါသတဲ့။ ဥပမာအားဖြင့် မက္ကဆီကန်တွေရဲ့ ကြက်သားဟင်း တမျိုးဟာ ချော့ကလက်အစပ်တမျိုးနဲ့ ချက်ထားတာ ဖြစ်ပါတယ်တဲ့။

စကော့လူမျိုးတွေဟာ ဂေါက်သီးအားကစားနည်းကို အလွန်တရာနှစ်သက်ပြီးတော့ စကော့တစ်အားကစားတခု အသွင် ကစားပါတယ်။ ဒါပေမယ့် အဲဒီကစားနည်းဟာ တကယ်တော့ စကော့တလန်က စတင်ကစားခဲ့တာ မဟုတ်ပါဘူး။ ၁၄ ရာစုနှစ်မှာ ဟော်လန်နိုင်ငံက စတင်ကစားခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာမှ စကော့တလန်ပြည်မှာ လူကြိုက်များခဲ့တာပါတဲ့။

ဥရောပသားတွေဟာ မြောက်အမေရိကကို စတင်ရောက်ခဲ့တဲ့ အချိန်ဖြစ်တဲ့ ၁၆၂၀ တုန်းလောက်ဆိုရင် တောအုပ်တွေမှာ ၀က်ဝံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အနည်းဆုံး ၅သိန်းကျော်လောက်ရှိတဲ့ ၀က်ဝံတွေကို အဲဒီတောအုပ်တွေမှာ ဥရောပသားတွေဟာ အမဲလိုက် သတ်ဖြတ်ပစ်ခဲ့လိုက်တာ ၁၉၀၀ ပြည့်နှစ်ခန့်လောက်မှာတော့ တောအုပ်တွေထဲမှာ ၀က်ဝံကောင်ရေ အတော်ကြီးကို နည်းသွားခဲ့ပါတယ်။ ဒါတောင်မှ အခုလက်ရှိ ၀က်ဝံကောင်ရေဟာ ၂ သိန်းဝန်းကျင်လောက် ရှိနေပါသေးတယ်တဲ့။

***

အပေါ်က သုံးပိုဒ်ကတော့ သင်ခဲ့ရတဲ့ စာပိုဒ်တချို့ထဲက မှတ်သားလောက်စရာလေးတွေကို ကြိုးစားဘာသာပြန်ကြည့်တာပါပဲ။ အဲဒီလို စာပိုဒ်တချို့ကို အောက်မှာ အင်္ဂလိပ်လို မူရင်းရိုက်ပေးပါမယ်။ ကျနော့်မိတ်ဆွေများထဲက အင်္ဂလိပ်စာလေ့လာတာ ၀ါသနာပါလိုသူတွေအနေနဲ့ (a) (b) (c) (d) အနက်က အဖြေမှန် တခုကို ရွေးကြည့်နိုင်ပါတယ်။ ပျော်ပျော်ပါးပါးပေါ့။

1. In the past, many people in western Ireland and the Scottish Highlands spoke Gaelic as their first language. Now only a few people speak Gaelic, and they are mostly from the older generation. The younger pople
a. hardly understand any English.
b. don't like to speak with strangers.
c. often don't even understand Gaelic.
d. don't often speak with the older generation.

2. The tulip is a flower that originally grew in Turkey. In the 17th century it became very popular in Holland. Some Dutch merchants became very rich by importing tulips. They sold them to the
a. Dutch at very high prices.
b. Turkish at very high prices.
c. Turkish at very low prices.
d. Dutch at very low prices.

3. For many years, alligator skin was popular in the United States for making fashionable leather shoes and purses. From 1870 to 1965 at least ten million alligators were killed in the United States for leather. Then in 1967, the goverment made laws against hunting alligators. After that the alligator population began to grow again. Now there are
a. no more alligators in the United States.
b. fewer alligators than there were in 1967
c. more alligator skins for making shoes and purses.
d. nearly two million alligators in the United States.

***

သင်ခဲ့ရသမျှ အင်္ဂလိပ်စာထဲက တချို့ကို ပြန်လည် ဖောက်သည်ချခြင်းသက်သက်ပါပဲ။ ပညာသည်တွေအတွက် မဟုတ်ပါ၊ ကျနော့်လို မောင်ကျည်ပွေ့များနဲ့တကွ အင်္ဂလိပ်စာလေ့လာနေဆဲ ကျနော့်မိတ်ဆွေများအတွက် တခုခု ရသွားတယ်ဆိုရင် ကျေနပ်ပါပြီ။


ကလိုစေးထူး

Monday, February 09, 2009

ခေတ်နဲ့ သီချင်း...

မင်္ဂလာဒုံ လေဆိပ်... ... ...။

နက်ခ်တိုင် လည်စည်း၊ အင်္ကျီအဖြူလက်ရှည်နှင့်အတူ စတိုင်ခပ်ကျကျ ဘောင်းဘီကို ၀တ်ထားသော လူငယ်တယောက်မှာ မကြာခင်ထွက်ခွာရတော့မည့် ပြည်ပခရီးအတွက် အတန်ငယ်တော့ စိတ်လှုပ်ရှားနေလေဟန် ရှိ၏။ သို့သော်၊ တခုခုကို ဂုဏ်ယူနေဟန်လဲ ရှိသယောင်ယောင်...။

ခပ်လှမ်းလှမ်း လေယာဉ်ကွင်းထဲမှာရှိနေတဲ့ ကျိုးတို့ကျဲတဲ လေယာဉ်တွေကို လှမ်းငေးနေလိုက်သေးသည်။ အရွယ်ခပ်ကြီးကြီး၊ သစ်သစ်လွင်လွင် လေယာဉ်တစီး တရွေ့ရွေ့နဲ့ သွားနေတာကိုတွေ့တော့ သူ့ကို လိုက်ပို့တဲ့ အမေဖြစ်သူကို လက်ညှိုးထိုးပြလိုက်ရင်း...

`အဲဒီ ဖလိုက်အသစ်ကြီးနဲ့ ကျနော်သွားရမှာ အမေရ၊ ရပ်ကွက်ထဲကလူတွေကို ပြောလိုက်ဗျာ၊ ကျနော်တော့ ဒီနေ့ပဲ ဖောရင်းသွားပြီလို့´
`အေးပါ...၊အေးပါ´

ပြန်ဖြေလိုက်တဲ့ အမေ့စိတ်ထဲမှာတော့ သားဖြစ်သူ နိုင်ငံခြားထွက်ဖို့အတွက် ရောင်းချလိုက်ရတဲ့ ရှိစုမဲ့စု ပစ္စည်းလေးတွေကို ပြန်လည်မြင်ယောင်နေလေ၏။

လေယာဉ်ကြီး ထွက်သွားတော့ သားဖြစ်သူကတော့ မြင့်တက်လာတဲ့ လေယာဉ်ကြီးထဲကနေ မိုးပေါ်ကိုချောင်းလိုက်၊ အောက်က ရှုခင်းတွေကို ငေးလိုက်နဲ့ မရိုးမရွဖြစ်လို့....။ အမေကတော့ လေယာဉ်ကြီး ပျောက်သွားသည်အထိ လက်ပြလို့၊ စိတ်ထဲကနေလဲ ဆုတောင်းလို့...။

`ငါ့သားလေး ဟိုမှာ မြန်မြန်အဆင်ပြေပါစေ´

***

`ဘယ်လိုလဲဗျ၊ ဒီရောက်နေတာ ကြာပြီလား´
`ယပက်လက်မှာ နေတုန်းကထက်စာရင်တော့ အခု စလုံးကတော့ မဆိုးပါဘူး။ ဒါပေမယ့် သိတဲ့အတိုင်း ဒီမှာကလဲ ရုန်းရကန်ရသေးတာကိုး။ ဖြစ်နိုင်ရင်တော့ `အ´ ကို သွားချင်သေးတယ်။ ဘကုန်းကကောင်တွေလဲ အဆင်ပြေတယ် ပြောတယ်´
`ကျနော့် ဘော်ဒါတော့ ကကြီးကို အဟုတ်မှတ်ပြီးသွားတာ အဆင်မချောဘူးဆိုပဲ၊ ဟေးး၊ ခင်ဗျားရဲ့ ဂငယ်က ကောင်မလေးနဲ့ကရော ဘယ်လိုလဲဗျ´

အရင်က ဘာမှန်းမသိတဲ့ အခေါ်အဝေါ်တွေနဲ့လဲ ကောင်းကောင်းကျင်လည်တတ်လာလေပြီ။ မြန်မာကိုလား...၊ ဒါကတော့ လူတိုင်းသိပါတယ်လေ၊ `ရွှေ´ ဆိုတာ မြန်မာကို ပြောတာပေါ့။

***

`ဘာ))))))´
`အာ...မင်း...၊ မင်း... ဒါတော့ သစ္စာဖောက်တာပဲကွ´
`ဟာ...၊ မင်းက ငါပြန်လာတာတောင် မစောင့်နိုင်တော့ဘူးလားကွာ၊ မင်းနဲ့ငါ ချစ်ခဲ့ကြတဲ့ သံယောဇဉ်တွေက ဘယ်နားမှာ သွားပစ်လိုက်ပြီတုန်း´

တဘက်မှ ဖုန်းကိုချလိုက်တော့ ဒီဘက်မှာ ပြောနေတဲ့ လူငယ်က ရှူးရှူးရှားရှားနှင့် ပေါက်ကွဲတော့သည်။ `သစ္စာမရှိတဲ့ မိန်းမ´ `ငွေမက်တဲ့ မိန်းမ´ လို့ ပွစိပွစိလဲ ရေရွတ်နေသေးသည်။ တော်တော်နဲ့လဲ ပြန်အိပ်လို့မရနိုင်...။ တော်တော်လေး ကြာတော့ အခန်းဖော် သူငယ်ချင်းက အသည်းကွဲ လူငယ်ကို ပုခုံးကို ဖွဖွပုတ်ပြီး...

`သူငယ်ချင်း၊ အိပ်လိုက်တော့၊ မနက်ကျတော့ ငါတို့က အလုပ်ပျက်လို့ မရဘူးလေ´

နောက်တနာရီလောက်ကြာတော့ အသည်းကွဲ လူငယ်ရော၊ သူ့အခန်းဖော် သူငယ်ချင်းပါ တရှူးရှူးနဲ့ အိပ်ပျော်နေလေပြီ။
မနက်မိုးလင်းလျှင် ပုရွက်ဆိတ်များလို အလုပ်လုပ်ကြရဦးမည်။ အလုပ်သွား၊ အလုပ်ပြန်၊ အလုပ်ပြန်၊ အလုပ်သွား၊ ဒီသူငယ်ချင်းတွေနဲ့ပဲ အတူတူ ကုန်းရုန်းလုပ်လိုက်ကြ၊ ဒီသူငယ်ချင်းတွေ အချင်းချင်းပဲ ဖေးမလိုက်ကြ...။ ရွှေပြည်ကြီးမှာ ကျန်ခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးကိုတော့ အဝေးကသာ ဦးချလို့ပေါ့...။ တချိန်ချိန်တော့ ငွေထုပ်ပိုက် ပြန်နိုင်ကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်တွေက ကိုယ်စီနှင့်... ... ...။

***

အီးမေးလ်စစ်ကြည့်တော့ Forward mail ပို့လေ့ ရှိတဲ့ မိတ်ဆွေ တယောက်ဆီက စာတစောင်ရဲ့ ခေါင်းစဉ်က ထူးခြားနေတာကြောင့် သတိထားမိသွားသည်။ ခေါင်းစဉ်အမည်က...

`လူလည် အာရှသား´ ...တဲ့။

***

အနုပညာဆိုတာ ခေတ်ကို ထင်ဟပ်နေရမည်ဟု ဖတ်မှတ်ရဖူးသည်။ `လူလည် အာရှသား´ ကတော့ လက်ရှိ မြန်မာလူငယ်တွေရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေစေတာတော့ အမှန်။ သီချင်းကို ဖန်တီး/သီဆိုသူ အနုပညာရှင်က အရိုး ...။

အပေါ်မှာ ရေးခဲ့တဲ့ စာပိုဒ်တွေကတော့ အဲဒီသီချင်းကို ခံစားမိပြီး ချရေးကြည့်တာ သက်သက် ဖြစ်ပါသည်။

အရိုးသီချင်းက ခေတ်ကို ဘယ်လိုထင်ဟပ်နေတာလဲ...၊ ခံစားနားဆင်ကြည့်ကြပါစို့။



***


အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ


ကလိုစေးထူး

(သီချင်းပေးပို့ပေးခဲ့တဲ့ ကိုအောင် ကို ကျေးဇူးတင်ပါတယ်)

Friday, February 06, 2009

ကျော်ဝင်းနဲ့ နေဇာ...

`ဘိန်ညာ၊ ဘိန်ညာ၊ ဘိန်ညာ ဘေး၊ ဘိန်ညာ ဘေး၊ အမှတ်စဉ် အမှတ်စဉ် အမှတ်စဉ် ဆို´
`တိတ်...၊ နှိပ်...၊ သုံး...၊ လေး...၊ တိတ်နှိပ်သုံးလေး၊ တိတ်နှိပ်သုံးလေး ပြည်သူ့စစ်သား၊ ပြည်သူ့စစ်သား ပြည်သူ့စစ်သား´
`အားဆယ်ပါး...၊ ဆောင်ပုဒ်ဆို))))´
`လေ့ကျင့်တိုက်ရည် ကျန်းမာစေ၊ စိတ်ဓာတ်ခိုင်ကြောင်း စည်းကမ်းကောင်း ... ... ...´

မနက်ခင်း မြူနှင်းဝေ့ဝေ့၏ နေရောင် ဖြိုးဖြိုးဖျအောက်တွင် နေဇာနှင့်တကွ တပ်သားသစ်များ၏ အပြေးတက်လေ့ကျင့်သံများက တေဇတပ်ခွဲမှတဆင့် စစ်ရေးပြကွင်းနှင့်တကွ တပ်တွင်းလမ်းမတလျှောက် လွင့်ပျံ့သွား၏။ `ဘယ်ညာ´ တိုင်ပေးနေသော နည်းပြဖြစ်သူ၏ လေသံဝဲနေတာလား ဘာလား မသိရတဲ့ စစ်မိန့်သံ `ဘယ်ညာ ဘယ်ညာ´ အစား `ဘိန်ညာ ဘိန်ညာ´ ဖြစ်နေတာကိုက သင်တန်းကျောင်းမနက်ခင်းရဲ့ သရုပ်သကန်တခုနှယ်...။

`အာ...၊ ဒီကောင် ကျန်ခဲ့ပြန်ပြီ၊ ဒီ ငါ... တော့၊ ဟေ့ကောင် ကျော်ဝင်းးး)))))´

အပြေးတက်ချိန်တိုင်း အနောက်မှာ ကျန်ကျန်နေတတ်တဲ့ ကျော်ဝင်းဆိုတဲ့ ကောင်လေးကို ဆဲဆိုခေါ်ငင်နေတဲ့ နည်းပြရဲ့ အသံကလဲ တဖြည်းဖြည်းနဲ့ ကြားနေကျ အသံတခု ဖြစ်လို့ နေလေပြီ။

***

ကျော်ဝင်း ...တဲ့။

ဒီကောင်လေး အသက်က ရှိလှမှ ၁၄၊၁၅ ထက် မပိုဟု နေဇာထင်မိသည်။ တိုင်းရင်းသား တမျိုးမျိုး ဖြစ်ဟန်တူတဲ့ အဲဒီကောင်လေးက စကားပြောလိုက်ရင် ၀ဲတဲတဲဖြစ်ရတဲ့ ကြားထဲ စကားပါ ထစ်လိုက်သေးသည်။ `ကျော်ဝင်း´ လို့ ခေါ်လိုက်ရင် `ရှိ..ရှိ´ ဆိုပြီး ထစ်ထစ်အအနဲ့ ထူးတတ်လွန်းလို့ အထုအရိုက်ခံရတာကလဲ ခဏခဏ။ တပ်စုတွေ ခွဲကြတော့ နေဇာတို့ တပ်စု(၃)မှာ ကျော်ဝင်းလဲ ပါလာတော့ တပ်သားသစ်အချင်းချင်း `မင်းနာမည် ဘယ်သူတုန်းကွ´ လို့ မိတ်ဆက်ကြတဲ့အခါ `ကျော်...ကျော်ဝင်းပါ´ ဆိုတဲ့ ထစ်အအ ဖြေသံလေးရယ်၊ ကလေးမျက်နှာလေးရယ်ကြောင့် ကျော်ဝင်းကို တပ်စု(၃) တဆောင်လုံးက နောက်ပိုင်းမှာ `ကျော်ဝင်းပါလေးရေ´ ဆိုပြီး စနောက်တတ်လေ့ ရှိသည်။

`ကျော်ဝင်းပါလေး...၊ မင်းက ဘယ်စုဆောင်းရေး အင်အားနဲ့ ၀င်လာတာတုန်း´
`ဆက်...ဆက်... ဆက်သွယ်ရေး´
`ဟားဟားဟားဟား´

ဆက်သွယ်ရေး စစ်သားတွေဆိုတာက မြင်ဖူးခဲ့ရသမျှ ရုပ်ရှင်ဗွီဒီယိုတွေထဲမှာ `ပျံလွှားမှ စင်ရော်၊ အသံကောင်းလား၊ အသံဘယ်လောက်ကြားလဲ´ ဆိုတာမျိုးတွေ ခပ်သွက်သွက် ပြောကြတာကိုသာ မြင်ဖူးခဲ့ကြတာဆိုတော့ အဲဒီထဲက ဆက်သွယ်ရေး တပ်သားတွေနဲ့ ကျော်ဝင်းကို ဘယ်လိုမှ တွဲကြည့်လို့က မရတော့ အားလုံးက ရယ်လိုက်ကြတဲ့အမျိုး။

လူက ဘယ်လောက်ပဲ ကလေးရုပ်မပျောက်သေးပေမယ့် ဘယ်သူကမေးမေး `မင်းအသက် ဘယ်လောက်တုန်းကွ´ လို့ မေးရင် `ဆယ့်...ဆယ့်ရှိုက်´ ဆိုတာကနေ တပြားသားမှ မလျှော့။ `ဟုတ်ရဲ့လား ကျော်ဝင်းရာ´ လို့ မေးတော့ `မ...မဟုတ်ရင် ဆ...ဆရာရိုက်မှာပေါ့´ ...တဲ့။

ခန္ဓာကိုယ်လေးက သေးညှက်ညှက်လေးမို့ ညနေပိုင်း ဖက်ထိပ်ချိန်တွေကို ရောက်ပြီလား ဆိုရင် ကျော်ဝင်းတယောက် မျက်နှာလေး ညှိုးညှိုးငယ်ငယ်နဲ့ တခါတလေလဲ မြက်ရမ်းဓားလေးထမ်းလို့၊ တခါတလေတော့ ပေါက်ပြားလေးထမ်းလို့ လိုက်သွားလေ့ရှိ၏။

***

ညတည...။ ကျော်ဝင်း ပျောက်သွားသည်။ ကျော်ဝင်း တယောက်ထဲတော့ မဟုတ်ပါ။ အဲဒီညက တခြားတပ်သားသစ် လေးငါးယောက်လဲ ပျောက်သွားကြခြင်း ဖြစ်သည်။

နေဇာတို့ တပ်သားသစ် သင်တန်းမှာ တချို့ညဘက်တွေမှာ တပ်သားသစ်တယောက်တလေ ပျောက်ပျောက်သွားကြတာ သိပ်တော့ ဆန်းလှတော့တာတော့ မဟုတ်ပါ။ ပြောရရင်တော့ ထွက်ပြေးကြတာပေါ့။ နည်းပြတွေကတော့ ဓာတ်ပြားဟောင်းကြီး တခုလိုပဲ `သောက်ကျင့် မကောင်းတဲ့ကောင်တွေ ပြေးတာ´ လို့ အမြဲပြောတတ်သည်။

ကျော်ဝင်းတို့ ပျောက်သွားကြတော့ နည်းပြတွေ ခါတိုင်းလိုပင် အဲဒီညက လိုက်ရှာကြပါသေးသည်။ မတွေ့ဘူးတဲ့။ သူတို့ကို မတွေ့ပေမယ့် ကျန်ခဲ့တဲ့ တပ်သားသစ်တွေကတော့ တန်းစီကွင်းမှာ အကြာကြီး မတ်တပ် အရပ်ခိုင်းထားခံရပြီး ဟိန်းဟောက်ဆဲဆို စကားတွေကို နားထောင်ရလေ၏။ တဆွေလုံးတမျိုးလုံး ထောင်ထဲရောက်သွားမှာတွေရော၊ မအေတွေ နှမတွေပါ ကျွမ်းပြန်သွားမှာတွေရော စုံလို့ပင်။

နေဇာကတော့ မပြေးရဲပါ။ မပြေးရဲပေမယ့် နေဇာ့ စိတ်ထဲကနေတော့ ဆုတောင်းမိလိုက်၏။

`ကျော်ဝင်း လွတ်သွားပါစေ´

***

ဒါပေမယ့်... ...။ နောက်တနေ့ မနက်မှာတော့ ... ... ...။

နေဇာ့ ဆုတောင်း မပြည့်လိုက်ပါ။

ရိုးလွန်းအလွန်းတဲ့ ကျော်ဝင်းက မနက်စောစော ထွက်မယ့် ဘတ်စ်ကားပေါ်မှာ ငုတ်တုပ်လေး သွားထိုင်နေသတဲ့။ သူ့စိတ်ထဲမှာ အရပ်ဝတ် လဲဝတ်ထားလိုက်ရုံနဲ့ သူ့ကို တပ်သားသစ်မှန်း တခြားလူတွေ မသိလောက်တော့ဘူး လို့ ထင်နေပုံလဲ ရသည်။ ဒီလိုနဲ့ပဲ တယောက်ယောက်က သတင်းပေးမှုကြောင့် သင်တန်းဆရာတွေက သူ့ကို ကားဂိတ်ကနေ ပြန်ခေါ်လာခဲ့ကြ၏။

ညနေကျရင် သင်တန်းသား အားလုံးရှေ့မှာ စံပြအဖြစ် အပြစ်ပေးမယ်တဲ့...။

****

`ကဲ...၊ အားလုံး နားထောင်´

သင်တန်းမှူး ဗိုလ်ကြီးရဲ့ အသံက ဟိန်းခနဲနေအောင် ထွက်လာ၏။ သင်တန်းသားအားလုံး မည်သူမှ အသံမထွက်ရဲကြဘဲ အပ်ကျသံကြားရလောက်အောင် ငြိမ်သက်နေကြသည်။ ကျော်ဝင်းကတော့ လက်ပြန်ကြိုးတုပ်လျက်သား၊ မျက်နှာညှိုးနွမ်းနွမ်းကို ခေါင်းငိုက်စိုက်ချလို့ ခပ်လှမ်းလှမ်းမှာ...။ သူ့ဘေးမှာကတော့ ဇာတ်တူသားခြင်း တပ်သားသစ် အစောင့်နှစ်ယောက်က ၀ါးရင်းတုတ်ကိုယ်စီ၊ မှုန်တေတေ မျက်နှာထားဖြင့် ရပ်နေကြ၏။

`အခု မြင်နေရတဲ့ ကျော်ဝင်းဟာ ဘာအပြစ်လုပ်ထားလဲ၊ မင်းတို့ သိကြလား´
`...........´
`ပြောကြလေကွာ)))))))))))´

တိတ်ဆိတ်မှင်သက်နေသော လူအုပ်ကြီး၏ အလန့်တကြားသံ...

`စစ်ပြေးမှု´ ပါ ဆိုသော အသံ ထွက်လာ၏။ သင်တန်းမှူးက အတန်ငယ် အားရသွားဟန်ဖြင့်...

`အေး၊ စစ်တပ်ဆိုတာ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရနေတဲ့ မင်းတို့ အမေ့လင်အိမ်မဟုတ်ဘူး၊ အလှူအိမ်လဲ မဟုတ်ဘူး၊ အခု ဒီကောင် စစ်ထဲကို ၀င်လာပြီးမှ ပြန်ထွက်ပြေးတယ်၊ စစ်ပြေးတယောက်ကို ဘယ်လိုဆုံးမမယ်ဆိုတာ မင်းတို့ကို စံပြအနေနဲ့ အခုပြမယ်´

ဗိုလ်ကြီးက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး လူအုပ်ကြီးဆီ တချက် ဝေ့ကြည့်လိုက်၏။ ပြီးမှ...

`တကယ်ဆို စစ်ပြေးမှုဆိုတာက ထောင်ဒဏ် သုံးနှစ်အထိချလို့ရတယ်။ စစ်ပြေးကို လက်ခံထားတဲ့ မိဘဆွေမျိုးတွေကိုလဲ ထောင်နှစ်နှစ် ချလို့ရသေးတယ်။ အခု ကျော်ဝင်းကိုတော့ နောက်ကြဉ်သွားအောင် အပြစ်ပေးမယ်။ ကြိမ်ဒဏ်ပေါ့ကွာ´

ကြိမ်ဒဏ်ဆိုတော့ တော်ပါသေးရဲ့လို့ နေဇာ့စိတ်ထဲ တွေးမိလိုက်တုန်း ရှိသေး ...

`ငါက ဆယ်ချက်ရိုက်မယ်။ ဒီသင်တန်းမှာ သင်တန်းဆရာ အားလုံး ဆယ်ယောက်ရှိတယ်။ အဲဒီ ဆယ်ယောက်က တယောက်ကို ငါးချက်စီ ရိုက်ရမယ်။ တပ်စုမှူးလေးယောက်က တယောက် သုံးချက်စီ။ ဒုတပ်စုမှူးတွေက တယောက် နှစ်ချက်စီ ရိုက်ရမယ်´

`မြတ်စွာဘုရား´ လို့ တလိုက်မိရင်း နေဇာ့ခေါင်းထဲမှာ ကိန်းဂဏန်းများဖြင့် တခဏမျှ အလုပ်များသွားသည်။ ဗိုလ်ကြီးက ဆယ်ချက်၊ ဆရာဆယ်ယောက်အတွက်က အချက်ငါးဆယ်၊ တပ်စုမှူး၊ ဒုတပ်စုမှူးတွေနဲ့ဆိုတော့ ဟင်...၊ အချက် ၈၀ တောင်မှ ပါလား။ အတွေးစတွေနဲ့ တွက်ချက်နေဆဲမှာပင်... ... ...။

`ဖုန်း´
`အားး´
`ဖုန်း´
`အောင်မလေးး ဆရာရဲ့၊ နောက်မပြေးတော့ပါဘူး´

ဗိုလ်ကြီးက စရိုက်နေလေပြီ။ တချက်ရိုက်လိုက်တိုင်း ငယ်သံပါအောင် ငိုယိုအော်ဟစ်နေတဲ့ ကျော်ဝင်းအသံက စူးစူးဝါးဝါး ထွက်ပေါ်နေ၏။ အဲဒီ အအော်ကိုပင်...

`ဟေ့ကောင်၊ ငါ ဆရာ မဟုတ်ဘူးကွ´
`ဖုန်း´
`အောင်မလေး၊ ဆရာဗိုလ်ကြီးရဲ့´
`ဖုန်း´
`အောင်မလေး၊ သားမပြေးတော့ပါဘူး´
`စစ်တပ်မှာ သားမရှိဘူးကွ´
`ဖုန်း´
`အူးးး´
`ဖုန်း´
`အူးးး´

တကိုယ်လုံး ရှိသမျှအားကို အကုန်သုံးပြီး အားပါးတရ လွှဲရိုက်ချနေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ကျော်ဝင်းတယောက် ဗိုလ်ကြီးရဲ့ ဆယ်ချက်နဲ့တင် တဖြည်းဖြည်းနဲ့ အူးးအူးးလို့သာ အသံထွက်နိုင်တော့သည်။ အမဲဖျက်နေတဲ့ ဗိုလ်ကြီး ပြီးတော့ သင်တန်းဆရာတွေရဲ့ အလှည့်။ သူတို့ကျတော့ ဗိုလ်ကြီးအားရ ဆရာပါးဝမို့လို့လား မသိ၊ ရိုက်ချက်တွေက ပိုလို့တောင် ပြင်းလာသလားတောင် ထင်ရ၏။ သင်တန်းဆရာတွေ ပြီးတော့ တပ်စုမှူးတွေရဲ့ အလှည့်...

`ကဲ...၊ တပ်စုမှူးတွေရိုက်။ ညှာမယ်တော့ မကြံနဲ့နော်၊ ညှာတဲ့ကောင်တွေကို ငါပြန်ရိုက်မှာ´

`ဖုန်း´
`အူးးး´
`ဖုန်း´
`အု´
`ဖုန်း´
`...´
`ဖုန်း´
`...´

နောက်ဆုံးတော့ ကျော်ဝင်းတယောက် ဘာသံမှကို မထွက်နိုင်ရှာတော့ပါ။

***

`တပ်စု ၃၊ ရှေ့ကင်းကောင်း အကြောင်းထူး မရှိ´
`နောက်ကင်းကောင်း အကြောင်းထူး မရှိ´

နေဇာ့ ကင်းချိန်ကုန်ပြီး အိပ်ရာထဲ ပြန်ရောက်နေပေမယ့် အပြင်က ကင်းသတင်းပို့သံတွေကိုတော့ ကြားနေရပါသေးသည်။ ခပ်လှမ်းလှမ်းက အိပ်ရာထဲက ညည်းသံတခု ခပ်သဲ့သဲ့ ထွက်လာသည်။

ကျော်ဝင်း... ...။

ညည်းရင်းနဲ့ပင် ရှိုက်သံတချက်တချက်ကလဲ ထွက်လာပါသေးသည်။ မှောက်ခုံလျက် အိပ်နေရတဲ့ ကျော်ဝင်းတယောက် ဒီဒဏ်ရာကို တော်တော်တော့ ခံရဦးမည်မှာ သေချာပါသည်။ အဲဒါထက် ဆိုးတာက ရင်ထဲက အနာ...။

အပြင်က ထွက်ပေါ်နေသော ကင်းသတင်းပို့သံကို နေဇာ့စိတ်ထဲကနေ ပြောင်းဆိုလိုက်၏။

`ရှေ့ကင်း နောက်ကင်းကြောင်း၊ အကောင်းထူး မရှိ´
`ရှေ့ကင်း နောက်ကင်းကြောင်း၊ အကောင်းထူး မရှိ´

***


ကလိုစေးထူး