Friday, August 03, 2007

ငါ…ပြိုင်ပွဲ

ဟောဒီမှာ…ငါ
င ရေးချ ငါချင်းအတူတူ
သိပ်ထူးခြားချင်သေးတော့
အောက်ကမြစ်ပါ ဖြည့်ပြီး ပေါင်းလိုက်မယ်
ငါ့ ငါ…။

အလို…
ဟိုးတဘက်မှာလဲ ငါတွေပါလား
ဒါပေမယ့်
အဲဒါတွေက သူ့ငါ
သူ့ငါက သူ့ငါ
ငါ့ငါနဲ့ သူ့ငါ တခြားစီ…။

ငါ့ငါမှာ ငါတချို့ပေါင်းတော့ ငါတို့…
ငါတို့တွေထဲမှာမှ
ငါဖြူ၊ ငါနီ၊ ငါပြာ၊ ငါဝါ
ငါကြီး၊ ငါလတ်၊ ငါငယ်၊ ငါပေါက်စ
ငါဝါရင့်၊ ငါဝါနု၊ ငါတက်သစ်စ၊ ငါမအူမလည်
အရောင်စုံ အရွယ်စုံလိုက်တဲ့ ငါတွေ..။

ငါတို့ထဲက ငါတွေက
တခါတလေမှာ ညီညွှတ်
တခါတလေတော့ အပီခွပ်
ငါ့ငါကမှ ငါ၊ ငါ့ငါနဲ့ ပေါင်းမှ ငါ
င့ါငါကို ငါ့ငါကထောက်ခံမှ ငါ
အို… တချက်တချက်များ
င့ါငါတွေ အချင်းချင်းထိခတ်ကုန်တာ
ငါမီးတွေ ဟုန်းဟုန်းတောက်ကြတော့
ဟိုးတဘက်က
သူ့ငါတွေက စောင့်ကြည့်
ငါ့ငါတွေကို
ဟားတိုက်နေပါရောလား…။

မိုးဝေးက သူ့ငါထဲ
ရှရာပိုဗာထည့်ထားသတဲ့
ငါ့ငါတွေကတော့ ရှာရာပိုဗာတင်မက
နီကိုးလ်ကစ်ဒ်မင်းရော
အင်ဂျလီနာဂျိုလီရော
လီယိုနာဒိုလဲ ပါလို့
ဟော…
တခါတလေကျတော့
ငါ့ငါတွေထဲ
တက်ညီလက်ညီနဲ့
ယက္ခတွေ ကုမ္ဘာန်တွေတောင် ပါလိုက်သေး…။

တကယ်တော့…။
ဘယ်သူ့ငါထဲ ဘယ်ငါပဲပေါင်းပေါင်း
သူ့ငါက ဘာဖြစ်ဖြစ် ငါ့ငါက ဘာညစ်ညစ်
ငါတွေကွဲချင်ကွဲ ခွဲချင်ခွဲ
သူသူငါငါ သူ့ငါနဲ့ ငါ့ငါ
ငါနဲ့ င့ါငါ ငါပေါင်းများစွာ

နောက်ဆုံးတော့…
သူ့ငါလည်း သူ့ငါ
ငါ့ငါလည်း ငါ့ငါ
ငါ…
ငါ...
ငါ… နဲ့
ဟူး…
ငါလှိုင်းတွေ ထန်လိုက်ပါဘိတော့…။


ကလိုစေးထူး

11 comments:

ဂျစ်တူး - gyit_tu said...

ဟိုက်.. ၀ိုင်နီမသောက်ဘဲ ငါကဗျာ ဖတ်ပြီး ၊ ငါ ဆိုတဲ့တယောက် မူးသွားတယ် :P

Chocolaier said...

ငါ့အစ်ကိုရဲ့ ငါကဗျာဖတ်ပြီး ငါ့ကိုငါသေချာပြန်ဆင်ခြင်ကြည့်တော့ ငါ့မှာလဲ ငါခွဲတွေများပါ့လားလို့...

MELODYMAUNG said...

ကိုစေးထူးရေ ကဗျာကို စိတ်နဲ့ တင်မဖတ်ပဲ အသံထွက်ပြီးရွတ်မိပါတယ်
င.ငါ တွေ ရွတ်ရလွန်းလို့ အံချော်မတတ်ပါပဲ
သတိထားမိတယ် ရွတ်တာတောင် အံချော်နိုင်ရင်
ငါလှိုင်းတွေထန်တဲ့ ဘ၀ ငါမီးတွေ ဟုန်းဟုန်းတောက်
အဲလိုလူတစ်ယောက်ဆိုရင် လူတွေနဲ့ အံမချော်ခံနိုင်ရိုးလားလို့
Just thinking naw :P

မေဓာဝီ said...

တကယ်တော့ လူတွေဟာ ငါတွေ ... အတ္တတွေ ပြိုင်နေကြတာပါပဲ။ ငါတွေပြိုင်နေကြတဲ့ ပွဲမှာ ... ဘယ်ငါကများ အနိုင်ရမှာပါလဲလို့ စဉ်းစားမိရင်း
တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေး သတိရမိလို့ ဒီနေရာမှာ တင်ခွင့်ပြုပါဦးနော်။

* ရုပ်ဟုတွင်မည်/ နာမ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်-ပျက် နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ အနတ္တာ၊ မှန်လှစွာ၏။ ငါ - ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတခုမျှ၊ မဟုတ်ကြသည် ... ဓမ္မ သက်သက် ပါတကား။ ... ။

tun, wai lin said...

ကိုစေးထူး ကဗျာကို ဖတ်လိုက်ရတော့ အာပါးပါး ငါ့ကိုများ စောင်းရေးထားရော့လေသလားလို့ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်မိပါရဲ့။
မကြီးမငယ်နဲ့ ရေးစရာနေရာလေးတခုရပဟဲ့လို့ အားရ၀မ်းသာ ဘလော့ဝင်ရေးကာမှ ငါဘယ်သူပဲကွ ဆိုပြိး ငါရေးဝင်ပြသလိုများ ဖြစ်နေမလားလို့ တွေးပူမိပြန်ရော။
ကဗျာကောင်းကလေးပါဗျာ။
အားကျမိပါရဲပ။
စာကောင်းတွေအများကြီး ဆက်လက်ရေးနိုင်ပါစေဗျာ။

mg yin said...

ကိုစေးထူးရေ..

ငါနှင့်ငါသာနှိုင်းရာ မရှိဆိုတဲ့….ငါစွဲတွေသတ်….တဲ့
ခန္ဓာကိုယ်မှာ ငါဘယ်မှာလဲရှာကြည့်တော့.. တကယ်တော့ ငါဆိုတာမရှိပါဘူး… ဥပမာ..ငါဆိုတယဘယ်မှာလဲ..ငါ့ရဲ့ လက်ဆိုတာရောထောက်ပြပါ..ဆိုရင် ဟင်..အဲဒါ လက်မှမဟုတ်တာ..လက်ဖမိုးကြီး..လက်ဖ၀ါးကြီး..လက်ချောင်းတွေဘဲ..ခင်ဗျားထောက်ပြနေတာ အရေပြားကြီးဘဲ..လက်မှမဟုတ်တာ…ဒါဆိုလက်ကဘယ်မှာလဲ..ငါဆိုတာရောဘယ်မှာလဲ..မရှိပါဘူးတဲ့..ခန္ဓာငါးပါးနဲ့ ဖွဲ့ စည်းထားတဲ့ရုပ်ဝတ္ထုအစုအ၀းကြီးပါတဲ့….

အထင်မကြီးကြပါနဲ့အုံး..ကျွန်တော်ပြောတာမဟုတ်ပါဘူး…ဦးဇောတိက လား ချမ်းမြေ့ ဆရာတော်လား..မမှတ်မိပါ..ဆရာတော်ကြီးတွေရဲ့  တရားပါ….
ကျွန်တော်လဲ……မကင်းသေးဘူးလေ….
ကဗျာခေါင်းစဉ်လေးကို Ego Racing လို့ ဘာသာပြန်ချင်ပါတယ်…
မောင်ရင်

pandora said...

ဘယ်သူတွေ ဘာပြောပြော
ငါ့လောက် ငါစွဲကင်းတာ ငါပဲရှိတယ် (ငါကွ)

thamudayanwe said...

i like!

မောင်မျိုး said...

ငါကလည်း ငါပါပဲလေ ဖတ်ပြီး ငါငါငါဖြစ်သွားတယ်း)

အောင်သာငယ် said...

ခုမှ ဖတ်ရတယ်...
ကောင်းလိုက်တဲ့ ကဗျာ...
ခုတလော တွေ့နေရတဲ့ ငါတွေကို တရားကျမိပါရဲ့...

nadine said...

ကိုစေထူးရေ...
စိတ်တော့ မဆိုးလိုက်ပါနဲ့ ၊ ကိုစေထူးက ဟိုဒင်းအကြောင်း ကောင်းကောင်းသိနေတော့ တစ်ချိန်က ကိုစေထူးလည်း အဲဒီလှောင်အိမ်ထဲမှာ အလှောင်ခံခဲ့ရဘူးသူဖြစ်မယ်ထင်လို့ပါ၊ ဒီလိုမွမ်းကြပ်တဲ့လှောင်အိမ်ထဲက ဘယ်လိုများ ရုန်းထွက်ခဲ့ပါသလဲဆိုတာ သိချင်လို့ပါ....

ကိုနဒင်း