Friday, August 31, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၇)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း အကျင့်ပျက် လာဘ်စားမှုများ (ဒုတိယပိုင်း)

ထောင်ထဲမှာ တောင်ယာအလုပ်နဲ့ အလုပ်ကြီးလို့ ခေါ်တဲ့ လက်သမား၊ အုန်းဆံထု၊ ဘိနပ်ချုပ် စတဲ့ အင်မတန် ပင်ပန်းတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ အဲဒီအပြင် အညစ်အကြေးတွေကို သိမ်းဆည်းရတဲ့၊ ဘယ်သူမှ မလုပ်ချင်ကြတဲ့ မိလ္လာသိမ်း အလုပ်တွေလည်း ရှိပါတယ်။ တပြိုင်ထဲမှာပဲ ပင်ပင်ပန်းပန်း လုပ်စရာ မလိုတဲ့ တခြား အလုပ်တွေလည်း ရှိပါသေးတယ်။ ထောင်အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ စာရေးစာချီ အလုပ်၊ ထောင်ပိုင်ရုံး၊ ထောင်ကျရုံး၊ အချုပ်ရုံး၊ မိန်းဂျေးရုံး စတဲ့ ရုံးတွေက ရုံးအလုပ်၊ အခန်းလူကြီး၊ အခန်းစာရေး အလုပ်၊ ထောင်ရာရှိတွေကို ဝေယာဝစ္စ လုပ်ပေးရတဲ့ အလုပ် စတဲ့ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ လုပ်ကြရသူတွေဟာ အလုပ်ကြမ်းလည်း မလုပ်ရတဲ့ အပြင် ထောင်အရာရှိတွေနဲ့ နီးနီးစပ်စပ်လည်း နေရ၊ ထောင်ပြင်ပနဲ့လည်း ဆက်သွယ်နိုင်တဲ့အတွက် ပေါက်ပေါက်ရောက်ရောက် ရှိကြပါတယ်။ ဒါကြောင့်ပဲ ထောင်ကျ အချင်းချင်းကြား အထူးလေးစား အရိုသေခံရပြီး `ဟိုလူက ခေါ်ချင်၊ ဒီလူက ခေါ်ချင်´ နဲ့ အင်မတန် `မျက်နှာပန်းပွင့်´ တဲ့ အခွင့်ထူးခံ အလုပ်မျိုးတွေပါ။

အဲဒီ အလုပ်မျိုးတွေ၊ အဲဒီ နေရာမျိုးတွေမှာ လုပ်ခွင့်ရချင်ရင် ထောင်အရာရှိတွေကို သောင်းနဲ့ချီ လာဘ်ထိုးရပါတယ်။ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကတော့ အကြမ်းတမ်းဆုံး အလုပ်နဲ့ မိလ္လာကျုံးအလုပ် စတာတွေ လုပ်ပေတော့၊ အရိုက်နှက် အညှဉ်းပန်းခံပေတော့ပါပဲ။

ထောင်တွင်းမှာ နောက်ထပ် လာဘ်စားနည်း တခုကတော့ `ရဲဘက်စခန်း´ ခေါ် `အလုပ်ကြမ်း´ စခန်းတွေနဲ့ ပတ်သက်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတွေ အကြောက်ဆုံးက ရဲဘက်စခန်း လို့ ခေါ်တဲ့ အလုပ်ကြမ်း စခန်းတွေ အပို့ခံရမှာကိုပါ။ ရဲဘက်စခန်းတွေဟာ များသောအားဖြင့် လူနေအရပ်တွေ၊ ရွာတွေနဲ့ ဝေးလံခေါင်ပါးတဲ့ နေရာမှာ ရှိပြီး အဆက်အသွယ်လည်း ခက်ခဲလွန်းလို့ ရဲဘက်စခန်း အပို့ခံရတယ်ဆိုရင် အကျဉ်းသားတွေအဖို့ သေရွာ အပို့ခံရသလိုပါပဲ။ တကယ်လည်း ရဲဘက်စခန်းတွေရောက်ရင် အသက်ရှင်ရက်နဲ့ ပြန်ထွက်လာနိုင်ဖို့ မလွယ်လို့ သေရွာသွားတဲ့ အတိုင်းပါပဲ။

ရဲဘက်စခန်းတွေဟာ ဝေးလံပြီး လူသူအရောက်အပေါက် နည်းလွန်းတဲ့ အရပ်တွေ ဖြစ်လို့ ဆွေမျိုးသားချင်းတွေက သက်ဆိုင်ရာ အကျဉ်းသားတွေကို လာတွေ့နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရဲဘက်စခန်းက အကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ တခြား အရေးတကြီးကိစ္စတွေ၊ အရေးပေါ် ကိစ္စတွေ ပေါ်လာရင် အိမ်ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားဖို့၊ အကူအညီတောင်းဖို့ မလွယ်ပါဘူး။ သက်ဆိုင်ရာ ထောင်အရာရှိတွေကလည်း လူလူချင်း စာနာပြီး အဆက်အသွယ်တွေရအောင် ဂရုတစိုက် ဆောင်ရွက်ပေးတာမျိုးကလည်း ထုံးစံမရှိဘူး မဟုတ်လား။

အဲဒီနည်းနဲ့ အိမ်နဲ့ အဆက်အသွယ်မရလို့၊ အိမ်ရဲ့ အကူအညီ မရလို့၊ အိမ်က ငွေကြေး မပံ့ပိုးလိုက်နိုင်လို့ မသေသင့်ဘဲ ရဲဘက်အကျဉ်းစခန်းတွေမှာ သေသွားရတဲ့ အကျဉ်းသားတွေ ရေတွက်မနိုင်ပါဘူး။ အဲဒီလို သေသွားလို့လည်း `သေသွားပြီ´ ဆိုတဲ့ အကြောင်း သက်ဆိုင်ရာ မိသားစုကို ထောင်အာဏာပိုင်တွေက ဥပဒေအရ လူ့ကျင့်ဝတ်အရ ဂရုတစိုက်နဲ့ အချိန်မီ အသိပေး အကြောင်းကြားတာမျိုးလည်း ရဲဘက်အကျဉ်းစခန်းတွေမှာ ရှိတာ မဟုတ်ပါဘူး။

တချို့ မိသားစုတွေဆိုရင် ကိုယ့်သားသမီး၊ ကိုယ့်လင်၊ ကိုယ့်မောင်ဘွား အကျဉ်းသား သေပြီးလို့ ခြောက်လ၊ တနှစ်လောက်ကြာမှ သေမှန်း သိပါတယ်။ တချို့ဆိုရင် ကိုယ့်အိမ်က အကျဉ်းသားနဲ့ အဆက်အသွယ် လုံးဝလုပ်မရလို့ ဟိုစုံစမ်း ဒီစုံစမ်း လုပ်တော့မှ သေမှန်း သိရတာမျိုးတွေ၊ တခါတခါလည်း ကိုယ့်အိမ်က အကျဉ်းသားကို စုံစမ်းရာမှာ သက်ဆိုင်ရာတွေက ဟိုလိုလို ဒီလိုလိုလုပ်၊ မရေမရာတွေပြော၊ အဲဒီနည်းနဲ့ စုံစမ်းဖို့ လမ်းစပျောက်၊ နောက်ဆုံးတော့ ကိုယ့်သား ကိုယ့်လင် ကိုယ့်မောင် သေပြီလို့ ယူဆပြီး သပိတ်သွတ်လိုက်ရတဲ့ အဖြစ်မျိုးတွေလည်း မနည်းပါဘူး။

ဒါ့အပြင် ရဲဘက်စခန်းတွေမှာ အကျဉ်းသားတွေကို ခိုင်းတာ တိရိစ္ဆာန်တွေလို၊ ကျေးကျွန်တွေလို ရက်ရက်စက်စက် ခိုင်းတာမျိုးပါ။ ဒီကြားထဲ အလုပ်လုပ်နေတုန်း ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပါသေးတယ်။ အစားအသောက်ကလည်း ဖြစ်သလို ကျွေးတာဆိုတော့ အကျဉ်းသားတွေ အရှက်အကြောက် မရှိတော့လောက်အောင် ဆာလောင်နေတာပါ။ ရန်ကုန်-မော်လမြိုင် ရထားလမ်းဘေး၊ ဇင်းကျိုက်၊ ကျောက်ထု ရဲဘက်စခန်းက ရဲဘက်အကျဉ်းသားတွေဆိုရင် ဆာလွန်းလို့ ရထားတစင်း ဖြတ်သွားတဲ့အခါတိုင်း ရထားပေါ်က ခရီးသည်တွေ မုန့်ပဲသားရေစာလေးများ ပစ်ချပေးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရထားနောက်က (အားကလည်း ပြတ်နေတော့) ယိုင်ထိုးယိုင်ထိုးနဲ့ အပြေးလိုက်ကြတာ တွေ့ရတာ မျက်ရည်လည်စရာကြီးမှန်း ကြုံဖူးသူများ အသိ ဖြစ်ပါတယ်။

အဲဒီလို အာဟာရကလည်း ပြတ်၊ သံခြေကျင်း လေးလေးကြီးတွေကလည်း ခြေထောက်မှာ အခတ်ခံထားရ၊ နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပင်ပန်းပန်းလည်း အလုပ်လုပ်ရဆိုတော့ အဲဒီဒဏ် မခံနိုင်လို့ အလုပ်လုပ်ရင်း အမောဖောက် ပစ်လဲသွားကြသူတွေ၊ သတိလစ် မေ့မျောသွားကြသူတွေ ရှိသလို အလုပ်လုပ်ရင်း တန်းလန်း အသက်ထွက်သွားကြသူတွေလည်း မရှားပါဘူး။

ဖျားနာတဲ့ အခါတွေမှာလည်း ဂရုတစိုက် ဆေးဝါးကုသပေးမှုကလည်း ဆေးဝါးကလည်း မပြည့်မစုံနဲ့မို့ ရဲဘက်စခန်းမှာ ဖျားတယ်ဆိုရင် သေတာပါပဲ။ ရဲဘက်စခန်းမှာ အဖြစ်အများဆုံး ရောဂါတွေကတော့ ၀မ်းလျှော၊ ၀မ်းကိုက်၊ ပန်းဖျား၊ ငှက်ဖျားတွေပါ။ အပင်ပန်းဆုံး၊ အကြမ်းတမ်းဆုံး ရဲဘက်စခန်းတွေထဲက တခုဖြစ်တဲ့ ကျောက်ကြီး ကျောက်ထု ရဲဘက်စခန်းမှာဆိုရင် တချို့ အကျဉ်းသားတွေဟာ ပင်ပန်းဆင်းရဲတဲ့ဒဏ် မခံနိုင်လွန်းလို့ နောက်ဆုံးမှာ ၀ါးချွန်ကို ရင်ဝမှာထောက်၊ ကျောက်တောင် အမြင့်ကြီးပေါ်ကနေ တောင်အောက်ကို ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ အဖြစ်အပျက်တွေကလည်း မကြားချင် အဆုံးပါပဲ။

ကျောက်ကြီး ရဲဘက်စခန်းမှာပဲ တခါတုန်းက ၀မ်းရောဂါဖြစ်တော့ ဂရုတစိုက် ကုသမပေးလို့ အကျဉ်းသားတွေ အတုံးအရုံး သေဆုံးကြပါတယ်။ အသေအပျောက်များလွန်းလို့ တယောက်ချင်း မြေမမြှုပ်နိုင်တော့ဘဲ ကျင်းကြီးတွေတူးပြီး အစုလိုက် အပြုံလိုက် မြှုပ်ရပါတယ်။

ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းဖောက်လုပ်ရေး ရဲဘက်စခန်းမှာလည်း အကျဉ်းသား အသေအပျောက်က ကြောက်ခမန်းလိလိပါပဲ။ သေသွားတဲ့ အကျဉ်းသားတွေရဲ့ အလောင်းတွေကို ဆက်လိုက်ရင် သူတို့ ဖောက်နေတဲ့ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး နှစ်ပြန်စာလောက် ရှိမယ်လို့ ရန်ကုန်-မန္တလေး ရဲဘက်စခန်းက အကျဉ်းသားတွေက ပြောကြပါတယ်။

အဲဒီ အကြောင်းတွေကြောင့် ရဲဘက်အလုပ်ကြမ်း စခန်းတွေ လိုက်ရမှာ အကျဉ်းသားတွေ မျက်စိပျက် မျက်နှာပျက် ကြောက်ကြတာပါ။ အဲဒီတော့ အဲဒီလို ရဲဘက်စခန်းတွေ မလိုက်ချင်ရင်၊ လိုက်ရမှာ ကြောက်ရင် ထောင်အာဏာပိုင်တွေကို ပိုက်ဆံ ပေးပေတော့ပဲ။ ပေးရတဲ့ ပိုက်ဆံကတော့ အကျဉ်းသား တဦးကို အနည်းဆုံး ငါးထောင်ကနေ တသောင်းနှုန်း ဖြစ်ပါတယ်။ ပိုက်ဆံ မပေးနိုင်သူများကတော့ သေရာသွားရတော့တာပါပဲ။ တကယ်တော့ န၀တခေတ် ထောင်အာဏာပိုင်တွေဟာ သူတို့ လာဘ်စားကြီးပွားနိုင်ရေးအတွက် တရားဥပဒေကို ချောင်ထိုးပြီး အကျဉ်းသားတွေအတွက် ဆင်းရဲဒုက္ခမျိုးစုံ၊ ဘေးဒုက္ခမျိုးစုံနဲ့ အသက်အန္တရာယ်တွေကို ထောင်ထဲမှာ လူမဆန်စွာ တမင် ဖန်တီးထားကြတာပါ။

ထိုင်းဘုရင်ကြီးရဲ့ (၇၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ (၁၉၉၈ခုနှစ်) စက်တင်ဘာလ (၂၁) ရက်နေ့က ထိုင်းအကျဉ်းသား တရာ့တဦးကို နအဖအစိုးရက အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ ထောင်တွေထဲမှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အဲဒီ ထိုင်နိုင်ငံသားတွေက ရဲဘက် အလုပ်ကြမ်းစခန်းတွေနဲ့ ပတ်သက်လို့ ပြန်ပြောပြကြတာ စိတ်ထိခိုက်စရာပါ။

ထိုင်းနိုင်ငံ ပြန်ရောက်လို့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ အတွေ့အကြုံတွေ ပြန်ပြောကြရာမှာ အင်းစိန်ထောင်မှာ ထောင် (၁၈)နှစ် ကျရာကနေ ပြန်လွတ်လာသူ ထိုင်း ပတ္တမြားကုန်သည်က `ရဲဘက် အလုပ်ကြမ်းစခန်းမှာ လူ သုံးရာ ရှိတဲ့ အနက် ကျနော်နဲ့ တခန်းထဲ အတူနေခဲ့တဲ့ မြန်မာ အကျဉ်းသားတဦး အပါအ၀င် လူခုနှစ်ဆယ်ပဲ အသက်ရှင်ရက်နဲ့ ထောင်ကို ပြန်လာနိုင်ကြတယ်´ လို့ ပြောပါတယ်။

အခြား ထိုင်းတယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြတာကတော့ `အခြေအနေ အဆိုးဆုံးကတော့ အင်းစိန်ထောင်ပဲ။ ဒီနှစ် မေလထဲမှာ အကျဉ်းသား ငါးရာကျော်ကို ရဲဘက်အလုပ်ကြမ်းစခန်း ပို့လိုက်တယ်။ အသက်ရှင်ရက် ပြန်ရောက်လာသူ တရာတောင် မပြည့်ဘူး။ ပြန်ရောက်လာသူတွေ အားလုံးကလည်း လူတွေ မဟုတ်တော့ဘူး။ အရိုးစုတွေပဲ´ တဲ့။

ဆက်ရန်…

No comments: