Wednesday, August 29, 2007

ကွန်မန့်များက ပေးသော အတွေး…

တကယ်တော့ ဒီလို စာမျိုးကို မရေးချင်ပါဘူး။ ဒါပေမယ့် ရေးသင့်လာပြီလို့ ယူဆတဲ့ အတွက် ရေးပါမယ်။


ပထမဆုံး ရေးချင်တာက အထက်ပါ မှတ်ချက်ပါ စာသားပါ။ အဲဒီမှတ်ချက်ကို ဒီပို့စ်မှာ ဖတ်မိပါတယ်။ ပို့စ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေကိုတော့ မဆွေးနွေးချင်ပါဘူး။ သူ့ဆန်စားလို့ ရဲရတယ်လို့သာ သူ့ပို့စ်ကို နားလည်သတ်မှတ်နိုင်ပေမယ့် မှတ်ချက်မှာ ပါတဲ့ စာသားကတော့ တပ်မတော်သားတယောက်အနေနဲ့ ပြည်သူတွေအပေါ်ကို အတော်လေးကို စော်ကားလွန်းတယ်လို့ မြင်ပါတယ်။

`တပ်မတော် အနေနဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာ မရှိပါဘူး´ တဲ့။

ဒါဟာ ဗြောင်လိမ်တာလား၊ သတ်နေတာတွေကို မသိလို့လားဆိုတာတော့ အဲဒီ အရာရှိငယ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ တပ်မတော်က အကြောင်းမဲ့ သတ်ဖြတ်တာ ခံခဲ့ရတဲ့ ပြည်သူ တယောက် အကြောင်းကို ဒီပို့စ်မှာ ကျနော် ရေးခဲ့ပါတယ်။ ဒါဟာ သတ်ဖြတ်ခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ရေးခဲ့တာပါ။ အဲဒီအပြင် ကျနော် မမြင်လိုက်ရသေးတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေသေးမှာ ယုံမှားဖွယ်ရာ မရှိပါဘူး။ ကျနော် ပေါ်တာ လိုက်ခဲ့ရစဉ်တုန်းကဆိုရင် စစ်တပ်အနေနဲ့ စစ်ဆင်ရေး ဒေသက အပြစ်မဲ့ ရွာသူရွာသားတွေကို မဲမဲမြင်ရာ ပစ်ခတ်ခဲ့တာကိုလည်း ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါဟာ အကြောင်းရှိလို့ သတ်ဖြတ်တာပါလား။

`၈၈၈၈ မှာ သေတယ် ဆိုတဲ့ လူတွေဟာလဲ ဆူပူမှုမှာ ပါဝင်ခဲ့လို့၊ နောက်တချက်က ၎င်းတို့ကိုလဲ ပြည်သူလို့ သတ်မှတ်လို့ မရပါဘူး။ ဆူပူ သောင်းကျန်းရေး သမားတွေပါပဲ။ အေးအေးဆေးဆေး အိမ်ထဲမှာ နေနေတဲ့ ပြည်သူကို သတ်သွားပါတယ် ဆိုတဲ့ တပ်မတော်သား ရှိရင် ပြပါ။ အကျိုး ရှိလို့ အကြောင်း ဖြစ်လာတာပါ။ အပြစ်မရှိ မသေပါဘူး။ အပြစ်ရှိရင်တော့ သေမှာပါပဲ´

အထက်ပါ စကားကို မြင်တော့ သွားလေသူ ဦးနေ၀င်းကို သတိရမိပါတယ်။ `စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်´ လို့ မိုက်ကြေးခွဲသွားတဲ့ ဦးနေ၀င်း လေသံနဲ့ ဒီစစ်ဘိုလေသံ တထပ်တည်းပါပဲ။ ကဲ… ဒီလို လူမျိုးက ကျနော်တို့ တိုင်းပြည်ကို ခေါင်းဆောင်မတဲ့။ မတရားတာကို ငုံ့မခံဘဲ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ဆူပူသူတွေလို့ သတ်မှတ်တာဟာ ဦးနှောက်မှ ရှိပါသေးရဲ့လားလို့တောင် စဉ်းစားမိပါတယ်။ အိမ်ထဲမှာ အေးအေးဆေးဆေး နေနေတဲ့ ပြည်သူကို သတ်သွားတဲ့ တပ်မတော်သားတွေကို မြင်ချင်သပ ဆိုရင်တော့ ကရင်ပြည်နယ် တခွင် စစ်ဆင်ရေးတွေ ထွက်နေတဲ့ စစ်တပ် တခုခုနဲ့သာ ရှေ့တန်းထွက်ခဲ့ပါ။ အနိမ့်ဆုံးတော့ တွေ့ကရာလူ ပေါ်တာဆွဲတာ မြင်ရပါလိမ့်မယ်။ အုပ်ချုပ်သူကို ဆန့်ကျင်တိုင်း၊ အုပ်ချုပ်သူအကြိုက် မနေတိုင်းသာ အပြစ်လို့ သတ်မှတ်ရင်တော့ တပြည်လုံး (နအဖ အလိုတော်ရိများမပါ) အပြစ်ရှိပါတယ် လို့သာ ပြောရမှာပါပဲ။

ကျနော့်ကို `မင်းက သွားဖတ်တာကိုး၊ ဖတ်ရင်လည်း အသာလှည့်ပြန်လာရောပေါ့´ လို့ အပြစ်တင်ရင်လည်း ကျေနပ်စွာ ခံယူပါမယ်။ ပြည်သူထဲက ပြည်သူ ဖြစ်ပါလျက်နဲ့ ပြည်သူကို စော်ကားတာကို မခံမရပ်နိုင်လို့ အခုလို ရေးပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး ကျနော်တို့ တိုင်းပြည်ရဲ့ ခေါင်းဆောင် နေရာကို ရလာခဲ့ရင် တကယ်ကို ရင်လေးစရာပါပဲ။ လွတ်လပ်ရေး ဖခင်၊ တပ်မတော်ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားလို့ ပြီးသွားပြန်တော့ ထမင်းရှင် ပြည်သူကို ထပ်မံစော်ကားပြန်ပါတယ်။ အဲဒီလို လူကို တပ်မတော် အရာရှိလောင်းအဖြစ် ရွေးချယ်ခဲ့တဲ့၊ နိုင်ငံခြား ပညာတော်သင် အဖြစ် ရွေးချယ် စေလွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ထက်မြက်တဲ့ ဦးနှောက်ကိုလည်း သြချမိပါတယ်။ သူ အခုလို ရေးနေတာတွေအတွက် တခြားသော ရုရှရောက် မြန်မာ ပညာတော်သင် များကိုပါ ထိခိုက်စေပါတယ်။ တပ်မတော် သိက္ခာကျပါတယ်။ တခြားသော တပ်မတော်သားတွေလဲ သိက္ခာကျပါတယ်။

အခု ကျနော် ရေးရခြင်းဟာလည်း လူ ကို တိုက်ခိုက်လိုတဲ့ စိတ် အလျဉ်း မရှိပါဘူး။ ကျနော်တို့ကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းမှာ ပါဝင်တဲ့ လူတယောက်၊ အရာရှိငယ် တယောက်ရဲ့ အမြင်ဟာ `ဒါ´ ဆိုတာကို ချပြချင်တာပါ။




အထက်ပါ ကွန်မန့်ကတော့ ကျနော် နားလည်လက်ခံစရာ အချက်တွေရော လက်မခံစရာ အချက်တွေပါ ပါဝင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ `စိတ်မသက်သာခြင်းများ…´ ပို့စ်က လက်ရှိ နောက်ဆုံးကွန်မန့်ပါ။

ဟုတ်ကဲ့ ကို bluephoenix ခင်ဗျာ။ ပထမဆုံး ပြန်ကြားချင်တာကတော့ ကျနော် ကို bluephoenix ကို မသိပါဘူး။ အားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းတဲ့ အရေးအသားက ကျနော် ဘယ်နေရာမှာ ရေးခဲ့သလဲ ဆိုတာကို အသေးစိတ် ပြန်လည် ထောက်ပြပေးစေချင်ပါတယ်။ ကျနော် ၀ါးလုံးရှည်နဲ့ သိမ်း မရမ်းခဲ့ပါဘူး။ ဗိုလ်ချုပ်ကို စော်ကားထားတဲ့ ပို့စ်ကြောင့် စိတ်မချမ်းမြေ့ရကြောင်းနဲ့ အဲဒီလူဟာ ဘယ်က၊ သူ့ကို ၀ိုင်းဝန်း ထိန်းသိမ်းပေးဖို့ အကြံပြုချက်သာ ရေးခဲ့ပါတယ်။

အားလုံးကို မိတ်ဆွေလို တလေးတစား ဆွေးနွေးမယ့် စိတ်ဓာတ်ကို လှိုက်လှဲစွာ လေးစားပါတယ်။

ပြန်လည် ဆွေးနွေးလိုတာက ရှေ့တန်းမှာ ကျည်ဆံကို ပန်းလို သဘောထားပြီး အသက်စွန့်နေရတဲ့ သူတွေဟာ တကယ်တော့ အခြားအဆင့် စစ်သည်တွေပါ။ အရာရှိက အနည်းဆုံး ရှေ့မှာ လူဆယ်ယောက်လောက် သွားပြီးမှ တပ်စုမှူးအဆင့် တပွင့် လောက် ပုဂ္ဂိုလ်က့ အန္တရာယ် နည်းပါးစွာ လိုက်ရတာပါ။ ဆိုလိုတာက ရှေ့တန်း ထွက်ရသည့် တိုင်အောင် အရာရှိက အခြားအဆင့် စစ်သည်ထက် သေဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ကျနော်တို့ကလည်း ဘာမှ မသိ ဘာအခွင့်အရေးမှ မရတဲ့ အခြားအဆင့် စစ်သည်တွေကို မဝေဖန်ပါဘူး။ မဟုတ်တာ လုပ်နေတဲ့ စစ်ဘို များကိုသာ ဝေဖန် ထောက်ပြပါတယ်။

နောက်ပြီးတော့ ယနေ့ခေတ်မှာ ကျည်ဆံကို ပန်းလို လက်ခံရရှိနေတာက နအဖ စစ်တပ်က စစ်သည်တွေ မဟုတ်တော့ပါဘူး။ သူတို့ ဆီက ပန်းမဟုတ်တဲ့ ကျည်ဆံတွေကို ရရှိနေတဲ့ နိုင်ငံရေးဆိုလို့ ဘာမှ မသိမနားလည်ရှာတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ နေကြရှာတဲ့ အပြစ်မဲ့ပြည်သူတွေပါ။ အဲဒီလို ဘာလို့ ပြောနိုင်လဲ ဆိုတော့ ကျနော်က အဲဒီလို ဒေသက လာခဲ့လူ၊ နအဖ စစ်တပ်ရဲ့ စစ်ဆင်ရေး ပေါ်တာ အထမ်းသမားအဖြစ် ကိုယ်တွေ့ လိုက်ဖူးခဲ့တဲ့လူ ဖြစ်လို့ နအဖ စစ်တပ်တခုရဲ့ ရှေ့တန်း ထွက်ပုံ ထွက်နည်းကို သိပါတယ်။

ဆိုးတဲ့လူ ရှိတယ် ဆိုတာကို လက်ခံပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ တိုင်းပြည်သာ တကယ် တိုးတက်မယ်ဆိုရင် ဘယ်အစိုးရ အုပ်ချုပ်နေပါစေ၊ ကောင်းတဲ့လူကို ထောက်ခံအားပေးဖို့လည်း ကျနော့်အနေနဲ့ ၀န်မလေးပါဘူး။ ဒါဟာ ပြည်သူတွေထဲက ပြည်သူတယောက်ရဲ့ ဆန္ဒပါပဲ။ တကယ် အနစ်နာခံပြီး လုပ်နေတယ်ဆိုတာ သေချာရင် ကျနော်တို့ ပြည်သူတွေ ဒီလောက် မတုံးပါဘူး။ ထောက်ခံပါလိမ့်မယ်။ အားလုံးကို သိမ်းကြုံးသလို ရေးမိခဲ့တယ်ဆိုရင် ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒါပေမယ့် မစဉ်းစားဘဲတော့ ဘာကိုမှ မရေးခဲ့ပါဘူး။ အတွေးအခေါ် ရှိခြင်း မရှိခြင်းကို ဖတ်သူက ဆုံးဖြတ်မယ်လို့ ခံယူပါတယ်။


ဒီကွန်မန့်ကိုလည်း ကျနော့်ရဲ့ ပို့စ် `စိတ်မသက်သာခြင်းများ´ မှာပဲ အမည်မသိ တယောက်က ရေးခဲ့ပါတယ်။

သူက ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် အလွန်အင်မတန် ရုပ်ဆိုးလှပါတယ်။ တပ်မတော်ကို ဆန့်ကျင်သည် ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ လူအများ လာရောက် ဖတ်ရှုနေတဲ့ စာမျက်နှာမှာ ဒီလို မရေးသင့်ဘူးလို့ ကျနော် မြင်ပါတယ်။

ပိုပြီး စိတ်မကောင်း ဖြစ်မိတာက စကားလိမ်နဲ့ ပြောထားတဲ့ (နားနဲ့မနာ ဖ၀ါးနဲ့ နာပါ ခင်ဗျာ) `ကိုမိုးကိုလေ… တပ်မတော်သားများ´ ဆိုတဲ့ စကားလုံး အသုံးအစွဲပါ။

တပ်မတော်က တပ်မတော်သားတိုင်း လူဆိုးတွေလို့ ကျနော် မယုံကြည်ပါဘူး။ ကို bluephoenix ပြောခဲ့သလို ကောင်းတဲ့လူ ရှိသလို ဆိုးတဲ့ လူလဲ ရှိမှာပါ။ ပြည်သူနဲ့ တသားတည်း ရှိလိုတဲ့ ပြည်သူ့တပ်မတော်သားတွေလဲ တပ်မတော်မှာ ရှိနေအုံးမှာ ဧကန် မလွဲပါ။ တကယ်တော့ တပ်မတော်သားဆိုတာလည်း ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ အဲဒီ စကားဟာ ပြည်သူနဲ့ တသားတည်း ရှိလိုတဲ့၊ ပြည်သူ့ တပ်မတော်သားတွေကိုပါ စိတ်ဓာတ်ပျက်ပြားစေတဲ့ စကား ဖြစ်လို့ မပြောသင့်ဘူးလို့ ယူဆပါတယ်။

ကျနော်တို့တတွေဟာ ဘာကို ရည်ရွယ်ပါသလဲ။ ဘယ်ဘက်က ဖြစ်နေပါစေ။ အားလုံးကတော့ `တိုင်းပြည် ကောင်းအောင်´ လို့ မဆိုင်းမတွ ပြန်ဖြေမယ့် လူချည်းပါပဲ။ အရေးကြီးတာက စေတနာတကယ်မှန်ရင် ဘယ်သူ့ကို မဆို ပြည်သူက လက်ခံပါလိမ့်မယ်။

ရေးခဲ့တာ အတန်ငယ် ရှည်ပါပြီ။ ဒီပို့စ်ဟာ တဦးတယောက်ကို ပုဂ္ဂိုလ်ရေးရာအရ ရန်လို မုန်းတီးလိုစိတ်နဲ့ ရည်ရွယ် ရေးသားတာ မဟုတ်ပါဘူး။ ဖြစ်သင့်တယ် ထင်မြင်တာကို ချပြ ဆွေးနွေးရုံ သက်သက်သာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထား တူညီခွင့်၊ ကွဲလွဲခွင့် ရှိပါတယ်။ တခုတော့ ရှိပါတယ်။ မောင်နဲ့ နှမ၊ သားနဲ့ အမိ မြင်ဖို့ မသင့်တော်တဲ့ စကားလုံး အသုံးတွေကို သုံးစွဲပြီး မှတ်ချက်ရေးခြင်းကိုတော့ အားလုံးကိုယ်စား တောင်းပန် တားမြစ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


ကလိုစေးထူး


6 comments:

Anonymous said...

နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့ အစည်းမှာတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့စစ်အရာရှိတစ်ဦးရဲ့ IMNTMan ရဲ့ ပြောကြားချက်က တိုင်းပြည်အနာဂတ်အတွက် အင်မတန် အန္တရာယ်ရှိတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။အင်မတန်မှလဲတပ်မတော်ဂုဏ်သိက်ခါထိခိုက်စေတဲ့အပြောအဆိုဖြစ်ပါတယ်။ ကာကွယ်ရေး အတွက်သာလေ့ကျင့်ပေးထားတဲ့ တပ်မတော်သားများ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကိုမည်သည့်ပြည်သူကတရားဝင်ပေးထားလို့ အုပ်ချုပ်နေတာပါလဲ။
၈၈မှာဆန်ဒ ပြကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေပဲအပြစ်ရှိပီးအာဏာ ရှင်ကအာဏာ ကိုကာကွယ်တာအပြစ်လို့ ပြောမရကြောင်း တခြားကွန်မန့် တစ်ခုကို လဲ ဒီမှာဖတ်ရလို့  စဉ်းစားနေဆဲပါ။ ဆရာမမေငြိမ်း ပို့ (စ) မှာပါ။ လင့် (ခ) က http://maynyane.blogspot.com/2007/08/blog-post_28.html
လောလောဆယ် ကွန်မန့် ကို တော့ ဒီမှာပဲရေးခဲ့ပါရစေ။ ဒီလို ပဒေသရာဇ် အတွေးအခေါ်တွေနဲ့ ခေတ်နောက်ပြန်ဆွဲ အုပ်ချုပ်မှုတွေ ကြောင့် ကျွန်တော်တို့ တိုင်းပြည် သူများနောက်ကျန်ခဲ့တာ မဆန်းပါ။

အမြင်မတူတာတွေကို လက်ခံလို့ ရပေမယ့် အိမ်ထဲဝင်ပစ်သတ်မှ ပြည်သူ ကိုသတ်တာမည်တယ် ဆိုတဲ့ အင်မတန် အန္တရာယ်ရှိ တဲ့ 
ခံယူချက်မျိုးတွေကိုတော့ သိပ်လိုအပ်လာ ရင် ကျွန်တော်တို့ အားလုံး ဆက်လက်သုံးသပ် တင်ပြသွားရပါမယ်။

Chit Lay Pyay said...

အိမ်ထဲ ၀င်ပစ်သတ်မှ ပြည်သူကို သတ်တာမည်တယ် ဆိုရင် ကျွန်မ ကတော့ သူတို့ကို လူသတ်သမားတွေ လို့ ဒီနေရာကနေ စွပ်စွဲ လိုက်ပါတယ်၊ ကျွန်မ ၁၀တန်းတုံးက မြန်မာစာသင်တဲ့ ဆရာရဲ့ မိန်းမ အိမ်ထဲမှာ ထမင်းစားနေရင်း ပွဲချင်းပြီးဆုံး သွားတာပါ၊ ဒါ တကယ့် အဖြစ်အပျက်ပါ၊ ကျွန်မ ဆရာက ပြောပြပါတယ်၊ သူတို့မှာ ကြောက်လွန်းလို့ ဘယ်မှမသွားပဲ အိမ်ထဲမှာ နေခဲ့တာပါ၊ ကဲ အဲဒီကိစကိုရော ဘယ်လို ဖြေရှင်းချက်တွေနဲ့ ကာဘာ လုပ်ချင်ပါသလဲ၊ အဲဒီကျွန်မဆရာကို သက်သေခေါ်ပြ လို့ ရရင် ပြချင်ပါတယ်၊ ကျွန်မ ကလဲ နိုင်ငံရေးလုပ်နေတဲ့သူ မဟုတ်ပါဘူး၊ ဒါပေမယ့် မတရားတာကို သိသိကြီးနဲ့ ခေါင်းငုံ့ မခံချင်ပါဘူး ၊ အမှန်ကို မှန်တဲ့ အတိုင်း ဆွေးနွေးတာကို လက်ခံပါတယ်၊ ဒါပေမယ့် လယ်ပြင် မှာ ဆင်သွားတာကို ထင်ထင်ရှားရှား မြင်ရသားနဲ့ ဆင်သေ ကို ဆိတ်သရေနဲ့ ဖုံးချင်တာကို ဘယ်လို အကြောင်းပြချက်မှ လက်မခံနိုင်ပါဘူး၊ ကျွန်မလဲ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါ၊ လွတ်လပ်စွာတွေးခေါ်ပြီး မှန်တဲ့ဘက်ကို ရပ်တည်ဖို့ အသင့်ပါ၊

Anonymous said...

တပ်မတော်က ပြည်သူကို လူလို့သဘောမထားသရွေ့ ကတော့ ဘာလုပ်ပြပြ အလကားပဲ

မိုးကုတ်မီဒီယာ said...

ကိုကြီးစေးရေ.. အခုခေတ်က သတင်းအချက်အလက်တွေ မြန်ဆန်ပြည့်လျှံနေတဲ့ ခေတ်ကြီးပါ..။ တော်ရုံ လိမ်လို့ ညာလို့ ၀ါဒဖြန့်လို့ကတော့ ကြက်ဆူဦးဏှောက်တွေကိုပဲ ရမယ်..။ လူသားစိတ်ရှိတဲ့ လူစစ်စစ်တွေကိုတော့ မရပါဘူး..။

ဘလူးဖီးနစ် said...

နေစမ်းပါဦးဗျာ ကွန်မန့်မှာ ရေးထားတာကို လိုတာဆွဲပြီးတော့ ပို့စ်မလုပ်စမ်းပါနဲ့။ ကွန်မန့်ဆို တာ အစဉ်လိုက်ဖတ်မှ အဓိပါယ်ရှိတယ်ဗျ။ ကျွန်တော်ရေးထားတာလဲ အပေါ်ကပေးထားတဲ့ကွန်မန့်တွေကို အမြင်ကတ်လို့ ခပ်ချဉ်ချဉ် နဲ့ ပြန်ရေးတာဗျ။ ပြောလက်စနဲ့ တခြား နေရာတွေမှာ ပြောထားတာတွေ စီဘောက်စ်တွေမှာ ရိုင်းရိုင်းစိုင်းစိုင်းပြောထားတာတွေကို ထည့်ပြောလိုက်တာ။ ခင်ဗျားရေးတဲ့ အကြောင်းတွေကို ဘာမှ မပြောချင်ဘူး။ ကွန်မန့်လဲ မပေးဘူး။ နာမည် အမျိုးမျိုးနဲ့ ဘလော့စ်တွေမှာ အဆင့်မရှိတဲ့ကွန်မန့်ရေးတဲ့သူတွေကို အမြင်ကတ်လို့ရေးလိုက်တာပါ။ ဂျီတော့ကို လာဆွေးနွေးတဲ့ သူတွေကို သေချာရှင်းပြပြီးပြီ။ ဂျီတော့ကို ပဲ လာမယ်ထင်မိလို့။ ခုလိုရေးထားတာ သူများပြောမှ သိတယ်။ သေသေချာချာဖတ်ကြည့်ရင် ဘာတွေရေးထားလဲဆိုတာ အသိသာကြီးပါ။ နောက်ထပ် ကွန်မန့် မပေးတော့ပါ။ ကျုပ်က နိုင်ငံရေးကို စိတ်မ၀င်စားဘူး။

ကလိုစေးထူး said...

ဆောရီးပဲ ဘလူးဖီးနစ်ရေ…။ ကွန်မန့်ကို အစဉ်လိုက်ပဲ ဖတ်ပေမယ့် အစဉ်လိုက် ရေးရမယ်လို့ တွေးတောင် မတွေးမိဘူး။ ကျနော်ရေးထားတာတွေကို ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ အဲဒါကတော့ ဘလူးဖီးနစ်ရဲ့ လွတ်လပ်ခွင့်ပါပဲ။ လာမဖတ်ဘဲ မနေနိုင်တာကိုတော့ ၀န်ခံလိုက်ပေါ့ဗျာ။ ဘာတွေရေးထားတယ်ဆိုတာ သိသာလို့ကို ကျနော်ကလည်း ပြန်ရေးတာပါ။ တခုတော့ ပြောလိုက်ချင်တယ်ဗျာ။ ကျနော် ခင်ဗျားရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး။ အမိန့်ပေးသလိုလို၊ အပေါ်စီးဆန်သလိုလို လေသံ လာမလုပ်ပါနဲ့။ အဲဒါမျိုးလေသံကို ခင်ဗျား မြန်မာပြည် ပြန်ရောက်တဲ့အခါကျမှ ခင်ဗျား ငယ်သားတွေကို သွားပြောပါ။