Tuesday, August 14, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၂)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း ကျန်းမာရေးနဲ့ ဆေးဝါးကုသမှု

တခါတုန်းက ထောင်သားသုံးယောက် ဗိုက်အောင့်တာ မခံနိုင်လို့ ည ဆယ့်တနာရီလောက်မှာ ထောင်ဝါဒါကနေ တဆင့် ထောင်ဆေးရုံကို သတင်းပို့ အကြောင်းကြားလိုက်ပါတယ်။ တော်တော်နဲ့ ဆေးရုံဝန်ထမ်း ပေါ်မလာပါဘူး။ ဒါနဲ့ ထောင်ဝါဒါကို တောင်းပန်ပြီး ထပ် အကြောင်းကြား ခိုင်းရပါတယ်။ လူနာတွေရော၊ သူတို့ ဝေဒနာ ခံစားနေရတာကို မကြည့်ရက်နိုင်သူ တခြား အကျဉ်းသားတွေပါ လည်တဆံ့ဆံ့နဲ့ပေါ့။

တနာရီလောက် ကြာတော့မှ ဆေးရုံဝန်ထမ်း ရောက်လာပါတယ်။ ရောက်လာတယ်ဆိုရင်ပဲ ဗိုက်အောင့်လို့ တညည်းညည်း တညူညူနဲ့ အော်ဟစ်ရင်း တန်းစီ ထိုင်စောင့်နေတဲ့ ထောင်သားသုံးဦးကို သံတိုင်တံခါး အပြင်ဘက်ကနေ ဆဲဆို မာန်မဲပါတော့တယ်။ ပြီးတော့ လူနာရောဂါ အခြေအနေကို မမေးမြန်း မစုံစမ်းဘဲ ပါလာတဲ့ နံပါတ်တုတ်နဲ့ ရှေ့ဆုံးက အကျဉ်းသားခေါင်းကို သုံးချက်ဆင့် ရိုက်၊ ပြီးတော့ အောင့်နေတဲ့ ဗိုက်ကို တုတ်နဲ့ ဆောင့်ထိုးပါတယ်။ ပြီးတော့မှ ဆေးပေးပါတယ်။

နောက်တယောက်ကိုလည်း အဲဒီအတိုင်းပါပဲ။

ရှေ့က နှစ်ယောက်ကို ဆေးရုံဝန်ထမ်းက အဲဒီလို ဖေးဖေးမမ၊ ကြင်ကြင်နာနာ ဆက်ဆံတာ တွေ့တော့ တတိယမြောက် လူနာအဖိုးအိုကို အလှည့်ရောက်လို့ `ဘာဖြစ်တာလဲ´ လို့ ဆေးရုံဝန်ထမ်းက ဆောင့်ဆောင့် အောင့်အောင့်နဲ့ မေးလည်း မေးလိုက်ရော အဖိုးကြီးလည်း ဗလုံးဗထွေးနဲ့ `ဘာမှ မဖြစ်ဘူး၊ ငါ မပါဘူး၊ ဘာမှ မဖြစ်ဘူး´ ဆိုပြီး ထပြေးပါတော့တယ်။ ရောဂါ ဝေဒနာထက် အရိုက်ခံရမှာ ကြောက်လို့ပါ။ ထောင်ဆေးကုပုံက အဲဒီလိုပါ။

နိုင်ငံတကာ အစိုးရတွေ လိုက်နာရမယ့် ကုလသမဂ္ဂ သဘောတူညီချက်၊ အပိုဒ်(၂၂)မှာ…

`ထောင်တိုင်းမှာ အရည်အချင်း ပြည့်မီတဲ့ ဆရာဝန် တဦး ရှိရမယ်။ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အတွက် စိတ်ရောဂါကု ဆေးရုံတွေ အပါအ၀င်၊ အခြား ကျန်းမာရေးဌာနကြီးတွေနဲ့လည်း စနစ်တကျ ဆက်စပ် ဆောင်ရွက်ရမယ်။ လိုအပ်တဲ့ ဆေးဝါး၊ ကိရိယာနဲ့ ကျွမ်းကျင်သူ ၀န်ထမ်းတွေ ထားရှိပေးရမယ်´

အပိုဒ်(၂၄)မှာ…

`အကျဉ်းသား လူနာကို ဆေးရုံရောက်တာနဲ့ တပြိုင်နက် စနစ်တကျ ရောဂါ ရှာဖွေ စစ်ဆေးရမယ်´

အပိုဒ် (၂၅)မှာ…

`လူနာ အားလုံးနဲ့ ဖျားနာတယ်လို့ အကြောင်းကြားလာတဲ့ အကျဉ်းသား အားလုံးကို နေ့စဉ် ကြပ်မတ် စစ်ဆေး ကုသရမယ်´ စသဖြင့် ဖော်ပြထားပါတယ်။

တကယ်တော့ အဲဒီ ဥပဒေတွေ ဆိုတာက အကျဉ်းသား တဦးဟာ ကိုယ့်နိုင်ငံသား မဟုတ်စေကာမူ လူသားတယောက် ဖြစ်တယ်လို့ အသိအမှတ်ပြုပြီး တရားမျှတစိတ်၊ လူသားချင်း စာနာစိတ်၊ လူသား ဂုဏ်သိက္ခာအပေါ် တန်ဖိုးထား လေးစားစိတ်တွေနဲ့ ပြဋ္ဌာန်းထားတာတွေပါ။ ကျနော်တို့ နိုင်ငံရဲ့ အစိုးရမင်းများကတော့ တခြား နိုင်ငံသားကို မဆိုထားနဲ့ ကိုယ့်နိုင်ငံသား အချင်းချင်း အကျဉ်းသားတွေ အပေါ်မှာတောင် အဲဒီလို စိတ်ထားမျိုး ရှိတာ မဟုတ်ပါဘူး။

ထောင်ထဲမှာ အကျဉ်းသား တဦး နေမကောင်းဖြစ်လို့ ဆေးရုံကို သတင်းပို့ရင် ဆေးရုံဝန်ထမ်းတွေ တော်တော်နဲ့ ရောက်မလာပါဘူး။ ခံရတဲ့ လူနာတော့ အော်ဟစ် လူးလိမ့် ခံပေတော့ပဲ။ အခြေအနေဆိုးတဲ့ လူနာများဆိုရင် တကိုယ်လုံး ပြာနှမ်း တွန့်လိမ်နေတော့မှ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆေးရုံဝန်ထမ်း ရောက်လာတာမျိုးပါ။ အမှန်က ဆေးရုံနဲ့ အကျဉ်းသားတွေ နေတဲ့ နေရာက ဘာမှ ဝေးတာ မဟုတ်ဘဲ ဓာတ်တိုင် တတိုင်စာလောက်သာ ဝေးတာပါ။

ဒီနေရာမှာ ထောင်ဆေးရုံအကြောင်း ပြောပြလိုပါတယ်။

ဆေးရုံဆိုပေမယ့် ဆရာဝန် တဦးတည်း ရှိတဲ့ ဆေးရုံပါ။ ထုံးစံကတော့ ဆေးရုံရောက်လာတဲ့ လူနာတွေကိုလည်း ဆရာဝန်က ကြည့်ရှုစစ်ဆေးတာ မဟုတ်ဘဲ များသောအားဖြင့် ဆေးရုံမှာ ခိုင်းထားတဲ့ ဆေးအကြောင်း နည်းနည်းပါးပါး ကြားဖူးနားဝ ရှိတဲ့ အကျဉ်းသားတွေကသာ ကြည့်ကြတာပါ။ ဒါ့အပြင် ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးတွေလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ ဒါကြောင့်ပဲ ဆေးရုံလာပြတဲ့ လူနာတိုင်းကို အက်စ်ပရင်၊ ဘတ်စ်ပရို၊ ဆိုဒါမစ် စတဲ့ ဆေးတမျိုးမျိုးပေးပြီး ပြန်လွှတ်တာ များပါတယ်။ ဒါကြောင့် ဆေးရုံကို ရောဂါသွားပြပြီး ပြန်လာတဲ့ အကျဉ်းသားကို `ဘတ်စပရို´ လို့ တခြား အကျဉ်းသားတွေက နောက်ပြောင် အော်ဟစ် ခေါ်တတ်ပါတယ်။

အဲဒီလို လိုအပ်တဲ့ ဆေးဝါး ပြည့်ပြည့်စုံစုံ မရှိတာမှာ အကြောင်းရင်း တခုက အကျဉ်းသားတွေကို လူလိုသူလို သဘောမထားတော့ သူတို့ ကျန်းမာရေးကိုလည်း ထည့် စဉ်းစားစရာ မလိုဘူး ဆိုပြီး အထက်အာဏာပိုင်တွေကိုက ထောင်ဆေးရုံကို လိုအပ်တဲ့ ဆေးဝါး မထောက်ပံ့ပေးတာပါ။

ဒုတိယ အကြောင်းရင်းကတော့ ဆေးရုံက ရှိစုမဲ့စု ဆေးကောင်းတွေကို ထောင်ဆရာဝန်က ထောင်ပြင်ထုတ်၊ မှောင်ခိုရောင်းစားပြီး ဈေးပေါတဲ့၊ အပြင်ထုတ်ရောင်းလည်း ဘာမှ မထူးတဲ့ ဆေးလောက်သာ ဆေးရုံမှာ ချန်ထားလို့ ဖြစ်ပါတယ်။ ဆေးကလည်း မရှိ၊ ဆရာဝန်ကလည်း ဂရုမစိုက် ဆိုတော့ ထောင်ထဲမှာ ရောဂါ တခုခု ဖြစ်မှာ အကျဉ်းသားတွေ အင်မတန် ကြောက်ကြပါတယ်။

နိုင်ငံရေး အကျဉ်းသား အများစုကတော့ တခြား ရာဇ၀တ် အကျဉ်းသားတွေနဲ့ မတူဘဲ ကျန်းမာရေး ဗဟုသုတလည်း ရှိ၊ တတ်လည်း တတ်နိုင်ကြတယ် မဟုတ်လား။ ဒီတော့ ထောင်ရဲ့ ခွင့်ပြုချက်နဲ့ ထောင်အပြင်ကနေ ဆေးမှာယူတတ်ကြပါတယ်။ အဲဒီ ဆေးတွေကို ကိုယ်လည်း သုံးတန်သလောက် သုံးပြီး တခြား ဆင်းရဲနွမ်းပါးတဲ့ အကျဉ်းသားတွေ (နိုင်ငံရေး အကျဉ်းသား၊ ရာဇ၀တ် အကျဉ်းသားရယ်လို့ မခွဲပါဘူး) နေထိုင်မကောင်း ဖြစ်တဲ့ အခါမျိုးတွေမှာ ပေးကမ်း၊ တိုက်ကျွေးတတ်၊ ဇီဝိတဒါန ပြုတတ်ကြပါတယ်။ (နိုင်ငံရေး အကျဉ်းသားတွေကို ရာဇ၀တ်အကျဉ်းသားတွေ လေးစားရာမှာ အဲဒီ အချက်လည်း တချက် အပါအ၀င် ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို နောက်ပိုင်းမှာ ဖော်ပြပါမယ်)။

အဲဒီလို ကိုယ့်ပိုက်ဆံနဲ့ကိုယ် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ အပြင်ကနေ ဆေးမှာယူပြီး ဆောင်ထားတဲ့ ကိစ္စမှာကိုပဲ ထောင်အာဏာပိုင်တွေ ညစ်တာ ရှိပါသေးတယ်။ ဆေးတွေ အများကြီး သောက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှာ စိုးလို့ ဆိုတဲ့ အဓိပ္ပာယ်မရှိ၊ ခပ်လွယ်လွယ် အကြောင်းပြချက်နဲ့ `လိုတော့ ပြန်ထုတ်ပေးပါမယ်´ ဆိုပြီး ထောင်အရာရှိတွေက အဲဒီ ဆေးတွေကို သိမ်းယူထားလေ့ ရှိပါတယ်။ နောက်တော့ ဆေးကို နည်းနည်းချင်း ပြန်ထုတ်ပေးပြီး နောက်ဆုံးတော့ ကျန်တဲ့ ဆေးကို လုံးဝ မပေးတော့ဘဲ ထောင်ပြင်ထုတ် ရောင်းစားလိုက်ပါတော့တယ်။

အဲဒီ လုပ်ရပ်ကို သက်ဆိုင်ရာ အကျဉ်းသားက မခံနိုင်လို့ အထက် ထောင်အာဏာပိုင်ကို တိုင်တန်းပြန်ရင်လည်း ဆေးကို အလွဲသုံးစားလုပ် ထုတ်ရောင်းသူ အကျင့်ပျက် ထောင်ဝန်ထမ်းကို အရေးမယူဘဲ `ဒီကနေ့က စပြီး ဘာဆေးမှ ထောင်ထဲ သွင်းခွင့် မပြုတော့ဘူး´ ဆိုပြီး အပေါ်စီးကနေ အမိန့်ထုတ်ပါတော့တယ်။ ကိုယ့်လက်ခုပ်ထဲက ရေလို ဖြစ်နေတဲ့ အကျဉ်းသားတွေကို အနိုင်ကျင့် အကျပ်ကိုင်တာပါ။ ကျန်းမာရေးအတွက် ဆေးမသွင်းရမှာ ကြောက်ကြတော့ မတရားလုပ်တာ သိသိကြီးပေမယ့်လည်း မတိုင်တန်းကြဘဲ အကျဉ်းသားတွေ ကြိတ်မှိတ်ခံကြရပါတယ်။

ထောင်တွင်း ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်လို့လည်း စိတ်မချမ်းမြေ့စရာ အဖြစ်အပျက် တခု ပြောပြချင်ပါသေးတယ်။

အင်းစိန်ထောင်မှာ အဆောင် (၅)ဆောင် ရှိပြီး အဆောင်(၁)က လွဲလို့ တဆောင်ဆောင်မှာ အခန်း ရှစ်ခန်း၊ တခန်းမှာ ပုံမှန်အားဖြင့် အကျဉ်းသား တရာကျော်၊ တခါတခါများ တရာ့ငါးဆယ်လောက် ထားတတ်ပါတယ်။ လူ ခုနှစ်ဆယ် ရှစ်ဆယ်လောက် ထားမှ အိပ်တဲ့အခါ ဟိုဘက် ဒီဘက်၊ နည်းနည်း လှည့်သာ ဖယ်သာတဲ့ အခန်းကို လူ တရာ့သုံးလေးငါးဆယ် ထားတော့ များသောအားဖြင့် ပက်လက်အိပ်လို့ မရဘဲ ဘေးတိုက် တစောင်းသာ အိပ်လို့ ရကြပါတယ်။ ဒါ့အပြင် ခင်းအိပ်စရာ ၀ါးဖျာကြမ်းတွေကလည်း စုတ်ပြတ်နေတာနဲ့၊ တပိုင်းတစလောက်ပဲ ရှိတာနဲ့၊ ရှိသလောက်ကလည်း လူစေ့ မရှိတာနဲ့ ဆိုတော့ ဒီအတိုင်း တမံတလင်းကြမ်းပြင် အေးစက်စက်ကြီးပေါ်မှာ အိပ်ရသူတွေ များပါတယ်။

အကျဉ်းသား တဦးကို စောင်တထည် ပေးရမယ် ဆိုတဲ့ ထောင်ဥပဒေ ရှိပေမယ့် ထောင်အာဏာပိုင်တွေက စောင်တွေထုတ်၊ ရောင်းစားလိုက်လို့ အခန်းတခန်း၊ လူတရာကျော်အတွက် စောင် ကိုးထည် ဆယ်ထည် လောက်သာ ရကြပါတယ်။ ဒါကြောင့် တတ်နိုင်သူတွေက ကိုယ့်အိမ်တွေကနေ စောင် မှာယူကြရပါတယ်။

တညမှာ လူ တရာ့ငါးဆယ်လောက် ရှိနေတဲ့ ကျနော်တို့ (၄)ဆောင်၊ အမှတ်(၂) အခန်းကို အကျဉ်းသား နှစ်ဆယ်လောက် ထပ်ရောက်လာပါတယ်။ အခန်းထဲမှာ နဂိုကတည်းက လူတွေ ငါးပိသိပ် ငါးချဉ်သိပ် လှုပ်မရအောင် ပြည့်သိပ်နေတာ ဆိုတော့ အသစ် ထပ်ရောက်လာတဲ့ သူတို့ကို ဘယ်လို နေရာချမလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး။ ဒါပေမယ့် ထောင်လူဆိုး အာဏာပိုင်တွေ စဉ်းစားတတ်ပါတယ်။

`ဟေး´ `ဟေး´ `ကပ်ထား´ `ကပ်ထား´ `ငါတွေ´ `မအေတွေ´ မျိုးစုံ တိုင်းထွာ တော်လဲသလို ကြောက်စရာ အသံနက်ကြီးတွေနဲ့ ထောင်လူဆိုး အာဏာပိုင်တွေက အော်ဟစ် ဆဲဆိုရင်း နဂိုကတည်းက ကျောချစရာ နေရာမရှိလို့ ဘေးတိုက် တစောင်းလှဲပြီး နေနေရတဲ့ အကျဉ်းသားတွေကို ၀ါးရင်းတုတ်တွေနဲ့ သုံးပင်လိမ် ကြိမ်လုံးတွေနဲ့ ဆက်တိုက် တောက်လျှောက် တတန်းကြီး တန်းစီ ရိုက်ချသွားပါတယ်။ ရိုက်ရင်းလည်း စောစောကလို ရိုင်းရိုင်းပျပျ ဆဲဆို အော်ဟစ်သွားပါတယ်။ အကျဉ်းသားတွေ မျက်စိပျက်၊ မျက်နှာပျက်၊ အကြောက်ကြောက် အလန့်လန့်နဲ့ ၀ရုန်းသုန်းကား တိုးကပ်လိုက်ကြတာ တယောက်ပေါ် တယောက် ထပ်သွားကြပါလေရော။

ဟုတ်တယ်။ နေရာ နည်းနည်း ထပ်ထွက်လာတယ်။ စောစောက အတိုင်း ၀ုန်းဒိုင်းကြဲပြီး ထပ်ရိုက်ပြန်ပါတယ်။ နေရာ နည်းနည်း ထပ်ထွက်လာပါတယ်။ အဲဒီ ထွက်လာတဲ့ နေရာမှာ အသစ် ရောက်လာတဲ့ အကျဉ်းသား နှစ်ဆယ်ကို နေရာ ချထားလိုက်ပါတယ်။ ထောင်လူဆိုးတွေရဲ့ နေရာချနည်းက အဲဒီလိုမျိုးပါ။

အဲဒီအချိန်မှာပဲ အသစ်ရောက်လာတဲ့ အကျဉ်းသားတွေထဲက အသက် နှစ်ဆယ်ကျော် အရွယ် အကျဉ်းသားလေး တဦးက မျက်စိပျက် မျက်နှာပျက် တုန်တုန်ယင်ယင်နဲ့ သူ့မှာ `နှလုံးရောဂါ ရှိတယ်။ အမောဖောက်လာပြီ။ ဆရာဝန် ခေါ်ပေးပါ´ လို့ ပြောပါတယ်။ (ခုနက အလန့်တကြား အော်ဟစ်ပြီး ၀ရုန်းသုန်းကား တန်းစီရိုက်ချသွားတာ တွေ့လိုက်ရလို့လည်း ဖြစ်မှာပါ)။

အဲဒီအချိန် အခန်းအုပ်ချုပ်ရတဲ့ အခန်းလူကြီး လူဆိုးက စိတ်ဆိုးမာန်ဆိုးနဲ့ `လူက ရောက်မယ်မှ မကြံသေးဘူး။ ပြဿနာက ရှာလာပြီ´ လို့ ပြောပြီး အဲဒီ အကျဉ်းသားလေးကို ဘယ်ပြန်ညာပြန် မျက်နှာကို ဖြတ်ပြီး သုံးလေးချက်လောက် ဆင့် ရိုက်လိုက်တာ အကျဉ်းသားသစ်လည်း အကြောက်ကြောက် အလန့်လန့်နဲ့ ပါးစပ် မဟရဲတော့ပါဘူး။ လူတွေကလည်း အခန်းထဲမှာ အပြည့်အသိပ်၊ ဖျာကလည်း မလောက်မင၊ စောင်ကလည်း မရှိ ဆိုတော့ အဲဒီညက လူသစ် အကျဉ်းသားတွေ တမံတလင်း ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြရပါတယ်။

ကျနော် မှတ်မိသလောက် အဲဒီညက မိုးကြီးလေကြီး ကျပါတယ်။ တ၀င်းဝင်း တလက်လက် လျှပ်စီးတွေ ပြက်၊ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မိုးကြိုးတွေ ပစ်နဲ့ပေါ့။

မနက်မိုးလင်းလို့ ထောင်ထုံးစံအတိုင်း လူစစ်ချိန် တန်းစီရတော့ ညက `နှလုံးရောဂါ ရှိတယ်၊ အမောဖောက်လာပြီ´ ဆိုတဲ့ အကျဉ်းသားလေး အိပ်ယာက မထသေးတာ တွေ့ရပါတယ်။ ဒါနဲ့ သွားနှိုးကြပါတယ်။

ဟုတ်ကဲ့။ နှိုးလို့ မရတော့ပါဘူး။ သေနေပါပြီ။ သေလို့ အေးစက် တောင့်တင်းလို့တောင် နေရှာပါပြီ။

ဆက်ရန်…

3 comments:

့yarpyae said...

သိပ်မိုက်ရိုင်းကြတာပဲ။ လုံးဝလူမဆန်ဘူး။ ၀ဋ်ဆိုတာလည်တဲ့သဘောရှိတယ်။ ဒီကောင်တွေ သူတို့လုပ်ရပ်နဲ့တန်တဲ့ အကျိုးပြန်ရမှာပဲ။

Anonymous said...

Glad to see your new post again.

ဂျစ်တူး - gyit_tu said...

လူငယ်တဦးရဲ့မှတ်တမ်းကို မအားတဲ့ကြားက အသက်ဆက်ပေးတာတွက် ကျေးဇူးပဲ ကိုစေးထူးရေ ။