Monday, August 06, 2007

လက်ဆင့်ကမ်း စိတ်ဓာတ်များဖြင့်…



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၅ ရက်နေ့မှာ ကျနော်တို့ ပြည်နယ်ရောက် မြန်မာများရဲ့ ၈၈၈၈ အရေးတော်ပုံနေ့ အောက်မေ့ဖွယ် အခမ်းအနားတရပ် ကျင်းပဖြစ်ခဲ့ပါတယ်။

သူတပါးနိုင်ငံမှာ လူတန်းစေ့နေနိုင်ရေးအတွက် ၀မ်းရေးကလည်း ရှိသေးတာမို့ ၈၈၈၈ အရေးတော်ပုံနေ့ ရက်အတိအကျ သြဂုတ်လ ၈ ရက်နေ့မှာ မပြုလုပ်နိုင်ခဲ့ဘဲ အလုပ်အားရက် တနင်္ဂနွေမှာ တင်ကြို ပြုလုပ်ခဲ့ရတာ ဖြစ်ပြီး တက်ရောက်နိုင်ခဲ့ကြတဲ့ မြန်မာအင်အားစုကလည်း များများစားစား မဟုတ်လှပါဘူး။ အင်ဒီယားနားပြည်နယ်မှ ပင့်ဖိတ်ထားတဲ့ အရှင်ကုသလ အပါအ၀င်ရဟန်းသုံးပါးကို ၈၈၈၈ နေ့မှာ ကျဆုံးသွားကြတဲ့ အာဇာနည် ရဟန်းရှင်လူအပေါင်းအတွက် ရည်စူးဆွမ်းကပ်၊ အဲဒီနောက် အောက်မေ့ဖွယ် အခမ်းအနားတရပ် ပြုလုပ်…။ ဒီလောက်ပါပဲ။

၈၈၈၈ အရေးတော်ပုံနေ့ နီးလာပြီ ဆိုတာနဲ့ (အရင့်အရင်နှစ်တွေက အတိုင်း) အောက်မေ့ဖွယ် အခမ်းအနား လုပ်ဖို့ လူစု၊ အစည်းအဝေးခေါ်ပါတယ်။ ဟိုလူပါလို့ ငါမပါဘူး၊ ဟိုတယောက်ကို မကြိုက်လို့ ငါမလာဘူးဆိုတဲ့ ကတုံးကတိုက်တွေကို လစ်လျူရှုရင်း၊ ဘယ်လိုလေးဆိုရင် ကောင်းမယ်၊ မနှစ်ကတော့ ဘယ်လိုလေး လိုအပ်သွားတယ်၊ ဒီနှစ်တော့ ဒီအစီအစဉ်လေး ဖြည့်ရင် ပိုကောင်းမယ် ဆိုတဲ့ အပြုသဘောတွေကို စုစည်းရင်းနဲ့ ကိုယ်တတ်နိုင်သလောက် ငွေစု၊ ထည့်ဝင်ပြီး ဒီအခမ်းအနားလေးကို ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။

ဘယ်အလုပ်မဆို အလုပ်တခုကို လုပ်ပြီဟေ့ဆိုတာနဲ့ နေရာတိုင်းမှာ အတွန်းအတိုက်ရှိတာ ဓမ္မတာပါ။ အဲဒီလိုပဲ အခု…၊ ကျနော်တို့ လုပ်ခဲ့တဲ့ အခမ်းအနားလေးကို မပါဝင်လိုသူတွေ၊ တနည်းအားဖြင့် ကဖျက်ကယက် လုပ်သူတွေကလည်း ဒီအခမ်းအနားလုပ်ဖို့ စိုင်းပြင်းသူတွေကို သူတို့နည်း သူတို့ဟန်နဲ့ အနှောင့်အယှက် ပေးပါတယ်။ ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံကနေ ပြောဆိုဝေဖန်ကြတဲ့ အထဲမှာမှ ကျနော်တို့တွေရဲ့ စိတ်ဓာတ်ကို အဓိက စိန်ခေါ်တာကတော့ `ဒီအခမ်းအနားတွေ လုပ်လို့ မြန်မာပြည် ဒီမိုကရေစီ ရမှာမို့လို့လား´ ဆိုတဲ့ ထင်မြင်ယူဆချက်ယောင်ဆောင်ထားတဲ့ စိတ်ဓာတ်ကို ရိုက်ချိုးတဲ့ ထိုးနှက်ချက်ပါပဲ။

အဲဒီအတွေးက ကျနော့်ကို တော်တော်လေး စိတ်အနှောင့်အယှက်ပေးခဲ့သလို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တခြားသော မိတ်ဆွေ တော်တော်များများကိုလည်း တွေဝေစေခဲ့ပါတယ်။ ဒီလိုနဲ့ ဒီစာစုကို ရေးကြည့်မိပါတယ်…။

***

ကဲ…၊ ဟုတ်ပြီ။

အထက်က တင်ပြခဲ့တဲ့ အတိုင်း အဲဒီအခမ်းအနားတွေ လုပ်နေတာဟာ တခုခု ထူးခြားမှု တစုံတရာ မရှိနိုင်တော့ဘူးလား။ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ဒီအခမ်းအနားတွေကနေ ဘာတခုမှ အထောက်အပံ့ မပေးစေနိုင်တော့ဘူးလား…။

ဘက်နှစ်ဘက်စလုံးကနေ ကျနော် စဉ်းစားကြည့်မိပါတယ်။

ပထမဆုံး စဉ်းစားကြည့်ပါမယ်။ Negative အမြင်…။

ဘာထူးမှာလဲ…၊ ဒါတွေလုပ်တော့၊ အခမ်းအနားမှာ ကြေညာချက်လေးဖတ်လိုက်၊ ဟိုလူက မိန့်ခွန်းပြောလိုက်၊ ဒီလူက အမှာစကားခြွေလိုက်၊ လက်ခုပ်လေး တဖျောက်ဖျောက်တီးလိုက်၊ ပြီးပြီးရော မဟုတ်လား။ ငွေကုန်တယ်။ အချိန်ကုန်တယ်။ ပြီးတော့ ဘာမှလဲ မထူးလာဘူး။ အလကားသက်သက် လျှောက်အော်နေတာနဲ့ မတူပေဘူးလား…။

အဲဒီလိုတွေးကြည့်လိုက်တော့ လူရဲ့ စိတ်ဓာတ်တွေက ၈၈၈၈ အရေးတော်ပုံနဲ့ အတွေးတခုတွေးလေ ဝေးလေ၊ နောက်တခု ထပ်တွေးလေ ဝေးလေနဲ့ တွေးရင်းဝေးသွားလိုက်တာ အဆုံးသတ်ကျတော့ ၈၈၈၈ အရေးတော်ပုံနဲ့ ငါ ဆိုတဲ့ ကျနော့် အတ္တဘောကြီးနဲ့ လားလားမှ မဆိုင် ဖြစ်သွားပါတော့တယ်။

ဒုတိယ…။ Positive အမြင်…။

အင်း…၊ ၈၈၈၈ နေ့ကိုတောင် ရောက်တော့မှာပါလား…။ ကြည့်လိုက်စမ်း သမိုင်းစာမျက်နှာမှာ၊ ငါတို့ နောင်တော်တွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေ သွေးစက်စက်ယိုခဲ့ရတယ်။ ဘယ်သူတွေ ဘယ်လိုလိမ်လိမ် သမိုင်းကို ဘယ်လိုဖျောက်ဖျောက်၊ အဲဒီနေ့မှာ မြန်မာ့သမိုင်း သွေးစွန်းခဲ့တယ်။ ဟော… အခု အဲဒီ အဖြစ်သနစ်တွေကနေ ၁၉ နှစ်တာ လွန်မြောက်ခဲ့ပြီ။ ငါတို့ နိုင်ငံက ဘာမှ မထူးလာသေးဘူး။ ဒီအဖြစ်အပျက်တွေမှာ ယုတ်မာရင့်သီးခဲ့ကြသူတွေက အခုအချိန်ထိ ခေါင်းမော်နေကြတုန်း…၊ ဒါတွေကို ငါတို့ မေ့မလား…။ ဘယ်သူတွေကရော မေ့နေကြပြီလဲ။ အဲဒီ မေ့နေကြသူတွေကို ဒီနေ့ ဒီရက်မှာ လုပ်တဲ့ အခမ်းအနားလေးက တဆင့် ၈၈၈၈ အရေးတော်ပုံ စိတ်ဓာတ်ဟာ ဘာလဲ ဆိုတဲ့ အသိစိတ်ကို ပေးရမယ်။ နောက် လာမယ့် မျိုးဆက်သစ်တွေကိုလဲ ဒီစိတ်ဓာတ်ကို ဒီအခမ်းအနားလေးတွေက တဆင့် လက်ဆင့်ကမ်းရမယ်…။

အဲဒီ အတွေးကို တွေးစဉ်မှာတော့ အတွေးတခုတိုင်း တခုတိုင်းမှာ ၈၈၈၈ အရေးတော်ပုံကြီးဟာ အခုပဲ ဖြစ်ပျက်နေတဲ့အလား စိတ်ကူးထဲ မြင်ယောင်လာပြီးတော့ တကယ့်တကယ်တမ်း ပါဝင်ခဲ့ကြတဲ့၊ အသက်ပေးသွားကြတဲ့ အနစ်နာခံခဲ့ကြတဲ့ ကျနော်တို့ နောင်တော်တွေရဲ့ စိတ်ဓာတ်တွေပါ စီးကူးဝင်မျောလာသလို ခံစားရစေပါတယ်။ တနည်းအားဖြင့် ၈၈၈၈ အရေးတော်ပုံတုန်းက ကျနော် (အသက်ငယ်ရွယ်သေးမှုကြောင့်) မပါဝင်ခဲ့ရသည့်တိုင် အဲဒီအရေးတော်ပုံနဲ့ ကျနော်နဲ့ တသားတည်း ဖြစ်သွားပါတယ်။ အဲဒီ အရေးတော်ပုံကြီးက လိုလားတဲ့ မတရားသော အာဏာရှင်စနစ် ပြုတ်ကျရေး ဆန္ဒကိုလည်း အဲဒီတုန်းက ပါဝင်ပတ်သက် စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ပြည်သူများနဲ့ ထပ်တူကျစွာ လိုလားမိပါတယ်။

***

ငယ်ငယ်တုန်းက ကျောင်းနေတော့ သင်ခဲ့ရဖူးတဲ့ ပုံပြင်လေး တပုဒ်ရှိပါတယ်။

လူငယ်လေးတယောက်က ပေါက်တူးတလက်နဲ့ လမ်းတခုကို စဖောက်ပါတယ်။ ရည်ရွယ်ချက်ကတော့ တောင်နံရံခြားနေတဲ့ ဟိုးတဖက်ရွာနဲ့ သူနေထိုင်တဲ့ ရွာကို ဆက်သွယ်ရေး လွယ်ကူဖို့၊ တနည်းအားဖြင့် အများအကျိုးအတွက် အဲဒီလမ်းကို စဖောက်ပါတယ်။ သူတယောက်တည်း…။

သူ လမ်းစဖောက်တော့ လူတွေက စူးစမ်းပါတယ်။ တချို့ကလည်း ဒီလမ်းကို သူတယောက်တည်းနဲ့ ဖောက်လို့ သူ့တသက်တောင် ပြီးနိုင်ပါ့မလား ဆိုတဲ့ ထိုးနှက်ချက်တွေနဲ့ လူငယ်ကို သွေးတိုးစမ်းခဲ့ပါတယ်။ လူငယ်လေး ပြန်ဖြေခဲ့တာကတော့-

`အခု ဒီလမ်းကို ကျွန်ုပ်ဖောက်၍ မပြီးစီးခဲ့လျှင် ကျွန်ုပ်၏ သား၊ မြေးများက ဆက်လက် ဖောက်လုပ်ကြလိမ့်မည်၊ သူတို့ သေဆုံးသွားကြလျှင်လည်း သူတို့၏ နောက်မျိုးဆက်များက အစဉ်တစိုက် ဆက်လက်ဖောက်လုပ်ကြလျှင် ဒီလမ်းက တနေ့နေ့မှာ မုချပြီးစီးမည်´ လို့ ဖြေခဲ့ပါတယ်။

ပုံပြင်လေးရဲ့ အဆုံးမှာတော့ လူငယ်လေးရဲ့ စိတ်ဓာတ်ကို စံပြနမူနာ ယူကြတဲ့ ရွာသူရွာသားတွေပါ တတပ်တအား ပါဝင် ပူးပေါင်းကြလို့ ရွာနှစ်ရွာကို ပေါင်းကူးတဲ့ လမ်းကလေး စောစီးစွာ ပြီးစီးခဲ့တာနဲ့ နိဂုံးချုပ်ပါတယ်။

တကယ်တော့ အားထုတ်မှုတိုင်းမှာ အချည်းနှီး ဆိုတာ မရှိပါဘူး။ နည်းနည်း အားထုတ်ရင် နည်းနည်း အကျိုးသက်ရောက်မယ်၊ များများအားစိုက်ရင် များများ အကျိုးခံစားရပါမယ်။

၈၈၈၈ အရေးတော်ပုံနေ့ အောက်မေ့ဖွယ် အခမ်းအနားကနေ မြန်မာပြည် ဒီမိုကရေစီ ရမလာသည့်တိုင် မြန်မာပြည် ဒီမိုကရေစီရရှိရေး ကြိုးစားနိုင်ဖို့ စိတ်ဓာတ်အားအင် တခုခုကိုတော့ ပေးနိုင်စွမ်းလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ တခြားသော ဗာဟီရကိစ္စတွေ၊ လုပ်ငန်းခွင်တွေ စတာတွေကြောင့် မေ့လျော့နေမိတဲ့ လူတဦးဦးကို ဒီအခမ်းအနားလေးက ပေးတဲ့ အသိကနေ စိတ်ဓာတ်တစုံတရာကို ပေးပါလိ့မ်မယ်။ ပြန်လည် နိုးကြားစေပါလိမ့်မယ်။ အဲဒီ နိုးကြားလာတဲ့ အားတွေ၊ အသိတွေ၊ စုစည်းမှုတွေ ရှိလာတဲ့ တနေ့မှာ ကျနော်တို့ လိုလားမှုဟာ အရာထင်ကို ထင်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ ကျနော်တို့ အတွက် ပန်းတိုင်ကို ကာဆီးနေတဲ့ ကြားထဲက တောင်နံရံကြီးက အခိုင်အမာ ရှိနေတုန်းပါပဲ။ နည်းနည်းပဲ ဖောက်လုပ်သည် ဖြစ်စေ၊ များများစားစား ဖောက်လုပ်သည် ဖြစ်စေ အရေးကြီးတာက ဖောက်လုပ်နေဖို့၊ ဖောက်လုပ်ချင်တဲ့ စိတ်ဓာတ် မပျောက်သွားစေဖို့ ဖြစ်ပါတယ်။

အဲဒီလို ဖောက်လုပ်ချင်တဲ့ စိတ်တွေ ပျောက်မသွားစေဖို့ သတိသံပတ်ပေးတဲ့ သဘောနဲ့ ကျနော်တို့ ဒီနေ့ ဒီအချိန်ရောက်တိုင်းမှာ ဒီအခမ်းအနားလေးတွေကို ကျင်းပကြပါတယ်။ သတိတမံ စိတ်ဓာတ်ခိုင်မာပြီးသား လူတွေအတွက် ပိုမိုအားကောင်းစေဖို့ ရည်ရွယ်သလို အမေ့မေ့အလျော့လျော့ ဖြစ်နေသူ၊ ဖြစ်လုဆဲဆဲ အင်အားတွေကို တပ်လှန့်လိုတဲ့ သဘောကိုလဲ ဆောင်ကျဉ်းပြီး ဒီအခမ်းအနားကို ပြုလုပ်တယ်လို့ ခံယူမိပါတယ်။

***

မရိုးနိုင်တဲ့ မြန်မာ စကားပုံလေး တခုရှိပါတယ်။ `တနေ့ တလံ ပုဂံဘယ်မရွေ့´ တဲ့။

ရောက်ဖို့အတွက်က သွားနေဖို့ အဓိကပါပဲ….။

၈.၈.၈၈ နေ့တွင် ကျဆုံးသွားကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ အာဇာနည် အပေါင်းအား လေးစား ဦးညွှတ်စွာဖြင့်…။


ကလိုစေးထူး

4 comments:

kay said...

Let me share and apply my motto..
" Something is better than Nothing"

pandora said...

တနေ့တလံ ပုဂံဘယ်မရွေ့..တဲ့

အင်း.. တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ.. ဆိုတာတော့ မဖြစ်သင့်ဘူး။

Anonymous said...

ဟုတ်တယ် ကိုစေးထူးရေ.. ကျနော်တို့တတ်နိုင်တဲ့နည်းနဲ့တော့ စိတ်ဓာတ်ခွန်အားတွေ လက်ဆင့်ကမ်းပေးရမှာပဲလေ..။ ကျနော်တို့တုန်းက လက်ခံခဲ့ဘူးသလိုပေါ့။ (ပီတိဘက်ကနေ လာဖတ်သွားတာပါ) :)

Anonymous said...

လက်ဆင့်ကမ်း စိတ်ဓာတ်များဖြင့် ထဲက အယူအဆတွေကြိုက်မှကြိုက်။ ဒါမျိုးတွေလည်း ကြိုကြားကြိုကြား ဖတ်ပါရစေ။