Thursday, August 02, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၈)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောက်လှမ်းရေး တယောက်က နောက်တယောက်ကို လက်ညှိုး ထိုးပြတယ်။ ကျနော်လည်း သူ လက်ညှိုး ထိုးပြတဲ့ နေရာ လိုက်ကြည့်မိတယ်။ ထောင်ကျ အကျဉ်းသားတွေ။ အပေါ်အောက် ထောင်ဝတ်စုံ အဖြူတွေနဲ့။ လားလား။ ခြေထောက်တွေမှာက အားလုံး သံခြေကျင်းကြီးတွေနဲ့ပါလား။ ခေါင်းပေါ်မှာက ခမောက် ကိုယ်စီနဲ့။

`ဟားဟား။ နောက်ဆုံးတော့ ခမောက်တွေ ဒီဘ၀ ရောက်သွားမှာပေါ့ကွာ´

ထောက်လှမ်းရေး တယောက်က မဲ့ရွဲ့ပြီး ပြောတယ်။

သူတို့စကားအရ ဆိုရင် သူတို့ ပြောပြောနေတဲ့ `တပ်မတော်က ရွေးကောက်ပွဲမှာ ကြားနေပါ့မယ်။ ပြည်သူ ရွေးကောက်လိုက်တဲ့ အစိုးရကို အာဏာလွှဲပေးမယ်´ ဆိုတဲ့ စကားတွေက ဘာတွေလဲ။ သူတို့ ဖြစ်စေချင်တာက ခမောက်တွေ၊ ဒီမိုကရေစီ လိုလားသူတွေကို ထောင်ထဲ ပို့ထားချင်နေတာ ဖြစ်မနေဘူးလား။ ဒီစိတ်ထားနဲ့ ရှေ့ ဘယ်လို ဆက်လုပ်ကြမလဲ။

အကျဉ်းသားအုပ်ကြီးကို ကျနော် ငေးကြည့်နေမိတယ်။ လေးငါးခြောက်ဆယ်လောက် ရှိမယ်။ သူတို့ အုပ်စုကြီး ခြေလှမ်းလိုက်တိုင်း ခြေကျင်းသံတွေက တဂျွမ်းဂျွမ်း။ ကျနော်ပဲ အားနည်းနေလို့လား။ ခြစ်ခြစ်တောက် ပူနေတဲ့ မေလ နေအောက်က ချွေးတွေ ရွှဲနစ်နေတဲ့ အကျဉ်းသားတွေကို ကြည့်ရင်း ကျနော့်ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာတယ်။ ကျနော်တို့က တိရိစ္ဆာန်တွေကို ကြိုးတွေနဲ့ချည်၊ ခြံတွေထဲ လှောင်ပိတ်။ အဲဒီ တိရိစ္ဆာန်တွေလိုပဲ ကျနော်တို့လို လူသားတွေလည်း သံခြေကျင်းတွေနဲ့ခတ်၊ လှောင်ပိတ်တာ ခံကြရ။ ဒါပေမယ့် လူတွေကို ချုပ်နှောင်နေသူတွေက လူတွေပဲ ဖြစ်နေပြန်တယ်။

နှစ်နာရီလောက် အကြာမှာတော့ SB ဌာနကနေ ကျနော်တို့ကား ပြန် မောင်းထွက်လာပြီး နောက်ထပ် အဆောက်အဦ တခုရှေ့ကို ရောက်သွားတယ်။ မေးကြည့်တော့ စစ်ခုံရုံးတဲ့။ စစ်ခုံရုံး။ ကျနော်တို့ကို စစ်ခုံရုံး တင်ပြီပဲ။ ဘာတွေ ဖြစ်လာဦးမလဲ။

***

အထဲဝင်လိုက်တော့ အဆောက်အဦက အကြီးကြီး။ အကျယ်ကြီး။ ဘေးတဘက်တချက်မှာ စစ်သားတချို့ အဆင်သင့် ရပ်နေတာ တွေ့ရတယ်။ တယောက်က ကျနော်တို့ သုံးယောက်ကို စင်မြင့်ရှေ့က ခုံတန်းတခုမှာ ထိုင်ခိုင်းတယ်။ `တရားသူကြီးတွေ စင်ပေါ် တက်လာရင် မတ်တပ် ရပ်ပေးရမယ်´ လို့ သူက ပြောတယ်။ ကျနော်တို့လဲ ခုံတန်းပေါ်မှာ သုံးယောက် ယှဉ်ပြီး ထိုင်လိုက်ကြတယ်။

`တရားသူကြီးမင်းများ ကြွရောက်လာပါပြီ´

ခဏအကြာမှာ တယောက်က အသံကုန် အော်လိုက်တယ်။ ကျနော်လည်း စိတ်လှုပ်ရှားရင်း စင်ပေါ် ကြည့်နေတယ်။

`ဒုံး´ `ဒုံး´ `ဒုံး´

စင်ပေါ်ကို တရားသူကြီးတွေ တက်လာကြတာ။ အားလုံး သုံးယောက်။ ကြည်း၊ရေ၊လေက အရာရှိကြီးတွေ။ ယူနီဖောင်းတွေက တောက်တောက်ပြောင်ပြောင်။ ဇာတ်ထဲကလို ဟန်ပါပါနဲ့ စစ်ဖိနပ်တွေကို ဆောင့်ဆောင့်နင်းပြီး စင်ပေါ်ကို တက်လာကြတာ။ တမင် အသံမြည်အောင် ဆောင့်နင်းပုံလည်း ရတယ်။ နောက် စင်မြင့်ပေါ်က စားပွဲ အမြင့်ကြီးနောက်မှာ သူတို့ ထိုင်လိုက်ကြတည်။ သူတို့ အားလုံး မျက်နှာထားကြီးတွေ ခပ်တင်းတင်းနဲ့။ တမင် ဟန်လုပ် တင်းထားတာလို့ ကျနော့်စိတ်ထဲ ထင်နေတယ်။ သူတို့ရှေ့ စားပွဲ အမြင့်ကြီးပေါ်က ရွှေကလာပ်တခု။ ကလာပ်ထဲမှာက ရွှေရောင်အဖုံးနဲ့ စာအုပ်ကြီးတအုပ်။ ကျမ်းစာအုပ်ကြီး ဆိုတာနဲ့ တူပါရဲ့။

တရာသူကြီးတွေ ထိုင်ပြီးချိန်မှာတော့ SB ဌာနက ပါလာတဲ့ လူတယောက်က ကျနော်တို့ သုံးယောက်အပေါ် စွဲချက် တင်ပါတော့တယ်။ ပထမဆုံး အောင်သူ၊ နောက် ဝေလင်း၊ ဘိတ်ဆုံးက ကျနော်။ စွဲချက်တွေကို ကျနော် နားထောင်နေတယ်။

ဟာ။ အောင်သူ့ စွဲချက်ကိုပဲ ဖတ်ဖတ်၊ ဝေလင်း စွဲချက်ကိုပဲ ဖတ်ဖတ်၊ ကျနော့်နာမည်ချည့်ပါလား။ ၀င်းနိုင်ဦးက၊ ၀င်းနိုင်ဦးသည်၊ ၀င်းနိုင်ဦးဟာ၊ ၀င်းနိုင်ဦးက တဆင့်၊ ၀င်းနိုင်ဦးရဲ့ မှာကြားချက်အရ၊ ၀င်းနိုင်ဦးရဲ့ ခိုင်းစေချက်အရ၊ ၀င်းနိုင်ဦး၊ ၀င်းနိုင်ဦး…။

ကျနော့်နာမည်တွေ တန်းစီနေတယ်။ ကိုယ့်နာမည်ကိုယ် ကြားနေရတာပဲ သည်းမခံနိုင်အောင် နားထဲ အူလာတယ်။ နားထဲ ပေါက်ကွဲမတတ် ကျယ်လောင်လွန်းတယ်။ တခန်းလုံး ကျနော့်နာမည်နဲ့ ပြည့်နေတယ်။ နာမည်ထဲမှာ လူက နစ်မြုပ်သွားသလို ခံစားရပြီး မွန်းကျပ်လာတယ်။ ဒီကောင်တွေ သက်သက် ပုံကြီးချဲ့နေတာ။ အမှု မလေး လေးအောင် လုပ်နေတာ။ သေဒဏ်များ ချမလို့လား။ မဖြစ်နိုင်ပါဘူး။ အနှစ်နှစ်ဆယ်လား။ စွဲချက်တွေကို နားထောင်ကြည့်တော့ သူတို့ စွဲချက်မှာ ကျနော် တကယ်မလုပ်ခဲ့တာ၊ မဖြစ်ခဲ့တာ၊ မပြောခဲ့တာတွေ ပါနေတယ်။ ဘာလို့ လိမ်တာလဲ။ ပြီးတော့ စွဲချက်တွေကလည်း ရှေ့ရောက်လိုက်၊ နောက်ရောက်လိုက်။ ကဘောက်တိ ကဘောက်ချာ။ တချို့ အချက်တွေဆို သူတို့မို့ မရှက်တယ်။

ပြောမယ်ဆို ကျနော်တို့က တရားမျှတမှုအတွက် လုပ်တယ်။ သူတို့ကလည်း တရားမျှတမှုအတွက် လုပ်တယ်လို့ ပြောတယ်။ ပြောပါ။ ဒါဆို ဘာလို့ ကျမ်းစာအုပ်ကြီး ရှေ့မှာ မဟုတ်တမ်းတရားတွေ သူတို့ လုပ်နေရတာလဲ။ ပြောရတာလဲ။ သူတို့ ယုံကြည်တဲ့ အမှန်တရားနဲ့ တရားမျှတမှု ဆိုတာက ဘာလဲ။ သေချာတာက ဘယ်ကိစ္စမဆို သူတို့ လုပ်သလိုမျိုး ကျနော်တို့ မလုပ်ဘူး။ တရားမျှတမှုကို လိုလားပါတယ်ဆိုပြီး လူတွေကို မတရားသဖြင့် ကျနော်တို့ မယုတ်မာဘူး။ မရက်စက်ဘူး။ မညှင်းပမ်းဘူး။ အနိုင်မကျင့်ဘူး။

ကျနော်လည်း သူတို့ လုပ်ချင်တာတွေ လုပ်နေတာကို စိတ်ပျက်လက်ပျက်ကြီး ကြည့်နေမိတယ်။ စစ်ခုံရုံး အခင်းအကျင်းကို ကြည့်ပြီး ကျနော်နားလည်လိုက်တာက (တခြားလူတွေလည်း ကျနော့်လိုပဲ နေကြမှာပါ။) စစ်အစိုးရရဲ့ တရားဥပဒေဆိုတာ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မဟုတ်ဘူး။ ကိုယ့်ကို ဆန့်ကျင်သူကို ဖျက်ဆီးပစ်ဖို့ အတွက် လက်နက်သက်သက်ပဲ ဆိုတာပါ။ ဒါကို ကျနော် အရင်က သိခဲ့ပြီးသား ဆိုပေမယ့် အခုလို တရားရုံး အခင်းအကျင်းရှေ့မှာ ခံစားရတာမျိုးလောက် မလေးနက်ခဲ့ဘူး။ တကယ်တော့ တရားဥပဒေ ဆိုတာက သူတို့ ပါးစပ်ထဲမှာ ရှိနေတာ၊ သူတို့ အကျိုးစီးပွားနဲ့ သူတို့ အမုန်းတရားအောက်မှာ ရှိနေတာ မဟုတ်လား။

SB က အဲဒီလို တဘက်သတ် စွဲချက်တင်ပြီး စစ်ခုံရုံးကို ခဏ ရပ်နားလိုက်တယ်။ ဆယ့်ငါးမိနစ်လောက် အကြာမှာ စစ်ခုံရုံး ပြန်ဖွင့်တယ်။ တရားသူကြီးတွေ စီရင်ချက် ချမယ်တဲ့။ ကျနော် နားစွင့်နေတယ်။

`စွဲချက်အရ ပြစ်မှုထင်ရှားသဖြင့်… တရားခံ အောင်သူ၊ ဝေလင်း၊ ၀င်းနိုင်ဦးတို့အား ထောင်ဒဏ်…´

အလို။ `၁၃နှစ်´ တဲ့။ ကျနော့်စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တော်တော် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဒါနဲ့ အောင်သူနဲ့ ဝေလင်းဘက်ကို လှည့်ပြီး ရယ်ပြလိုက်တယ်။ သူတို့ကလည်း ကျနော့်ကို ပြန် ရယ်ပြတယ်။

အစအဆုံး စစ်ခုံရုံး နာရီဝက် ကျော်ကျော်လောက်ပဲ ကြာမယ်ထင်တယ်။ ဟုတ်တယ်။ အဲဒီလောက်ပဲ။ လူသုံးယောက်ရဲ့ ကံကြမ္မာ တခုလုံးကို စဉ်းစား ဆုံးဖြတ်ဖို့က အချိန် သိပ်မလိုပါဘူး။ နာရီဝက်ပါပဲ။

***

စစ်ခုံရုံး ရုတ်သိမ်းလိုက်တယ်။ နောက် ကျနော်တို့ကို တနေရာ ခေါ်သွားတယ်။ အင်းစိန်ထောင်ထဲ။ (စစ်ခုံရုံးက အင်းစိန် ထောင်ရှေ့ ကပ်လျက်မှာ ဖွင့်ထားတာပါ။) ကျနော်တို့ကို ထောင်ထဲ ပို့လိုက်ပြီပဲ။ ထောင်မှာ မှတ်ပုံတင် စာရင်းသွင်းတယ်။ ထောင်နံပါတ် ပေးတယ်။ ၀င်းနိုင်ဦး။ အကျဉ်းသား နံပါတ် ၄၀၀၁/စီ။

ထောက်လှမ်းရေးက `ကျနော်တို့ကို ထောင်မှာ စာရင်းသွင်းပြီးရင် ပြန်ခေါ်သွားမယ်။ စစ်ဆေးစရာတွေ ကျန်သေးတယ်´ တဲ့။ ပြဿနာပဲ။ စစ်စရာ ကျန်သေးတယ်တဲ့။ (ကျန်ရင် ဘာလို့ စစ်ခုံရုံး တင်လဲ။) ဒီမှာတင် ထောင်အရာရှိတွေနဲ့ ထောက်လှမ်းရေးတွေ စကားများတော့တာပဲ။ ထောင်က လက်မခံဘူး။ စာရင်းသွင်းပြီးသား အကျဉ်းသားကို ထောင်ဥပဒေအရ အပြင်ခေါ်ထုတ်သွားခွင့် မရှိဘူးတဲ့။ ထောက်လှမ်းရေးကလည်း ခေါ်မယ်ပဲ။ နောက်ဆုံး ထောင်က မလျှော့တာနဲ့ ထောက်လှမ်းရေးတွေ စိတ်ဆိုးပြီး ဖုန်းဆက်တယ်။ အကြီးအကဲတွေဆီ။ နောက်ဆုံးတော့ ထောင်က လက်လျှော့ပြီး ကျနော်တို့ကို ထောက်လှမ်းရေးကို ပြန်ခေါ်သွားခွင့် ပေးလိုက်ရတယ်။

ဒါပေမယ့် ထောက်လှမ်းရေး လက်ထဲ ချက်ချင်း ထည့်မပေးဘဲ ထောင်အရာရှိတွေက ကျနော်တို့ သုံးယောက်ကို တနေရာ ခေါ်သွားပြီး သုံးယောက်စလုံးကို သံခြေကျင်းတွေ ခတ်ပါတော့တယ်။ ခြေကျင်းတွေက တအားလေးတာပဲ။ ဘာလို့ အခုလို ခြေကျင်းခတ်တာပါလိမ့်။ `မှတ်ပုံတင်ထားပြီးတဲ့ အကျဉ်းသား တဦးဦးကို ခြေကျင်းမခတ်ဘဲ ထောင်အပြင် ခေါ်ထုတ် မသွားရဘူး ဆိုတဲ့ ထောင်ဥပဒေ ရှိတယ်။ ဒါကြောင့် ခြေကျင်းခတ်တာ´ တဲ့။

အမှန်ဆို ကျနော်တို့ကို ခြေကျင်းခတ်စရာ မလိုပါဘူး။ ကျနော်တို့မှာ လက်ထိပ်နဲ့၊ အနီးကပ် လက်နက်ကိုင် အစောင့်နဲ့။ ကျနော်တို့ ဘယ်လိုမှ ထွက်မပြေးနိုင်တာ သူတို့ အသိပါ။ အမှန်ကတော့ ထောက်လှမ်းရေးတွေ မောက်မာတာကို ထောင်အရာရှိတွေက မကြိုက်လို့ အခုလို ခြေကျင်းခတ်တာပါ။ ခံရတာက ကျနော်တို့။ (ဒီလိုမျိုး ထောင်ထုံးစံဖျက်ပြီး ထောင်မှာ မှတ်ပုံတင်ပြီးတော့မှ ထောက်လှမ်းရေး စခန်းကို ပြန်ခေါ်သွားတာမျိုး အဲဒီအချိန်ထိ ကျနော်တို့ ကိစ္စတခုတည်းပဲ ရှိတယ်တဲ့)။ ခြေကျင်းခတ်လိုက်တော့ စောစောက SB ရုံးရှေ့ ကားပေါ်က မြင်လိုက်ရတဲ့ ခြေကျင်းခတ် အကျဉ်းသားအုပ်ကြီးကို ကျနော့် မျက်လုံးထဲ ပြေးမြင်မိတယ်။ ကြည့်စမ်း။ ဘာမှ မကြာသေးဘူး။ ကျနော်တို့လည်း သူတို့လို ဖြစ်သွားပြီ။

တကယ်တော့ ကျနော်တို့ကို သံခြေကျင်း ခတ်လိုက်သူတွေ၊ သံခြေကျင်း ခတ်မိန့်ပေးသူတွေဟာ ကျနော်တို့ထက် အသိဥာဏ် ကြီးမြင့်သူတွေ၊ ကျနော်တို့ထက် ယဉ်ကျေးမှု မြင့်သူတွေ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် ဘယ်လိုနည်းနဲ့ တွက်တွက်၊ ကျနော်တို့ထက် အသိဥာဏ်အရာမှာရော၊ ယဉ်ကျေးမှု အရာမှာပါ အများကြီး နိမ့်ကျသူတွေ ဖြစ်နေတာပါ။

ဒီလိုနဲ့ ကျနော်တို့ ထောင်ထဲကနေ ပြန် ထွက်လာကြပြန်ပါရော။ ထောင်ဗူးဝက အထွက်။ ဗူးဝမှာ ထောင်ဝင်စာတွေ့ဖို့ ရောက်နေကြတဲ့ လူတွေကို တွေ့ရတယ်။ အများကြီး။ ကျနော်တို့ ထွက်လာတော့ သူတို့ ၀ိုင်းကြည့်နေကြတယ်။ ကျနော်တို့က လက်ထိပ်ရော သံခြေကျင်းကြီးတွေနဲ့ပါ ဆိုတော့ ကျနော်တို့ကို တော်တော်ဆိုးသွမ်းတဲ့ ရာဇ၀တ်ကောင်တွေ၊ ရာဇ၀င်လူဆိုးတွေလို့ ထင်နေရှာကြတယ် ထင်ပါရဲ့။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျနော်တို့ ရာဇ၀တ်ကောင် လူဆိုးတွေ မဟုတ်ရပါဘူး။ ကျနော်တို့ ကျောင်းသားတွေပါ။ ခင်ဗျားတို့ မုန်းတီးတဲ့ စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေပါ။ လွတ်လပ်မှု၊ တရားမျှတမှုကို လိုလားတောင်းဆိုလို့ အခုလို မတရား သဖြင့် အဖမ်းခံနေရသူတွေ၊ မတရားသဖြင့် အဆက်ဆံ ခံနေရသူတွေပါ။ ကျနော် အဲဒီလို ပြောပြချင်လိုက်တာ။

`ဟဲ့ ကျောင်းသားတွေတဲ့ ဟဲ့။ ကျောင်းသားတွေတဲ့´

လူအုပ်ကြီးကို ဖြတ်ကျော်မိချိန်မှာတော့ အမျိုးသမီး တယောက်ရဲ့ အသံထွက်လာတာ ကြားလိုက်ရတယ်။

ကျနော် တော်တော် ပျော်သွားတယ်။ ကျနော် ဆင်းရဲ ပင်ပန်းသမျှတွေ ပျောက်သွားတယ်။ ခွန်အားတွေ ချက်ချင်း စီးဝင်လာသလိုပဲ။ နွေးလာတယ်။ လူအုပ်ကြီးဘက် နောက်ဘက် ပြန်လှည့်ပြီး ကျနော် အားရပါးရ ပြုံးပြလိုက်တယ်။ လက်ဝှေ့ယမ်းပြလိုက်တယ်။ လူအုပ်ကြီးက ကျနော်တို့ဘက် အတင်း တိုးဝှေ့လာတယ်။

ထောက်လှမ်းရေးတွေက `မြန်မြန် မြန်မြန်´ ဆိုပြီး ကျနော်တို့ကို ကားဆီ အတင်း ဆွဲခေါ်သွားတော့တယ်။ (နောက်မှ သိရတာက ခုနက အော်လိုက်တဲ့ အမျိုးသမီးနားက ဖြတ်လာချိန်မှာ အတူပါလာတဲ့ ထောက်လှမ်းရေးအလစ်၊ အောင်သူက `ကျနော်တို့ ကျောင်းသားတွေပါ´ လို့ မသိမသာ ကပ်ပြောခဲ့တာတဲ့)။

ဆက်ရန်…

2 comments:

P.Ti said...

ကျောင်းသားတွေရဲ့ သွေးက ရဲတယ်။ ဖတ်ရင်းဖတ်ရင်း ကြက်သီးတွေတောင်ထလာပါတယ်။ ဒီလူတွေ လူမဆန်တာ ကတော့ ကမ်းကုန်ပဲ။ နာဇီရက်စက်တာက တခြားလူမျိုးတွေကိုပါ၊ စစ်အစိုးရ ရက်စက်တာက ကိုယ့်လူမျိုး၊ တိုင်းပြည်ရဲ့အနာဂတ် ကျောင်းသားတွေပါ။ သေချာစဉ်းစားရင် တော်တော်ရင်နာစရာကောင်းတယ် ..

ရွက်ဝါ said...

၈၈၈၈ နည်းလာတော့ ဒီလိုပို့စ်လေးတွေလည်း ပိုတွေ့လာရတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက်အလက်တွေမရှိလို့ တင်ချင်ပေမယ့်၊ သူများရေးတာပဲ လိုက်ဖတ်နေရတယ်။ ကျေးဇူးတင်ပါတယ်။