Wednesday, August 01, 2007

ရေကန်ဘေးက အတွေး…

ညနေ သုံးနာရီခွဲ…။

အလုပ်ရုံ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် အားရပါးရ တိုးဝှေ့နှုတ်ဆက်သည်က လေပူခပ်ကြမ်းကြမ်းများ…။ ဒါနဲ့တင် မလုံလောက်၊ အပေါ်က သူရိန်နေမင်းကလဲ အပူအားဖြည့်၊ အောက်က မြေကြီးကလည်း အပူစစ်ကူလို့ အပူခြင်းပြိုင် မြိုင်နေရော့သလား မှတ်ရအောင် ပူပြင်းလွန်းလှသည်။ အင်း…၊ နွေလယ်ရောက်ပြီပဲ။

`နွေရောက်ပြီလေ… ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလဲ ပြိုင်´

ပါးစပ်ထဲရောက်လာသော တေးတစကို ရွတ်ညည်းရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အပင်တွေက စိမ်းစိုလို့…။ ဂွကျပါဘိ။ ဒီက သစ်ပင်တွေက နွေမှာစိမ်း လို့ ဆောင်းမှာတိမ်းပါးရ ရှာတော့ စောစောက သီချင်းနဲ့ မဆီလေးရယ်မှ မဆိုင်…။ ဒုက္ခ၊ လက်ရှိအနေအထားနဲ့ ညီအောင် ဘာသီချင်း ညည်းရပါ့။

`ဟေ့ ဟေ့ နွေမ… ဟေ့ ဟေ့ နွေမ… နွေမရဲ့ ကပုံလေးက ချစ်စရာကွယ်´

ပိုဆိုးသွားပြီ ထင်တယ်။ နွေမ ကတဲ့ သင်္ကြန်က လွန်ခဲ့ပြီ။ အခုအချိန်မှာ ဘယ်နွေမမှ မကတော့…။ ဟူး… ပူလိုက်တာ။ ပူတယ်။ ပူတယ်။

***

အိမ်ကို ပြန်ရောက်တော့ တံခါးဖွင့်လိုက်သည်နှင့် ကော်ဖီခွက်၊ စာအုပ်၊ ဘီယာခွံ၊ စီဒီချပ် တွေနဲ့ ရှုပ်ပွနေသော ကွန်ပြူတာစားပွဲကို တွေ့လိုက်ရသည်။ ပူရတဲ့အထဲ စိတ်က ရှုပ်တုတ်တုတ် ပိုဖြစ်သွား၏။ ဟိုဖယ် ဒီရှင်း ပြီးတော့ တီဗွီရှေ့မှာ ထိုင်၊ အင်း… အပူသက်သာအောင် ဘယ်လိုလုပ်ရပါ့။ အသံကျယ်ပြီး အလုပ်မလုပ်သော အဲယားကွန်းကိုလည်း မဖွင့်ချင်…။

ဝရန်တာရှေ့ ထွက်ရပ်ပြီး ဟိုငေးဒီငေး လိုက်ငေးမိတော့ အပူသက်သာသလိုလို ခံစားရသည်။ ဟိုးရှေ့ ခပ်လှမ်းလှမ်းမှာက ရေကန်တကန်။ အင်း…၊ အဲဒီကန်ဘက် မရောက်တာတောင် တော်တော်ကြာပြီ။ မှတ်မှတ်ရရ… တနှစ်တောင် ကျော်ပြီ ထင်တယ်။ အခုလို ပူတဲ့အချိန်မှာ ကန်ဘေးသွားထိုင်နေတာ ကောင်းမယ်ထင်တယ်။ ဒီလိုနှင့်…။


ရေကန်ကိုရောက်တော့ တော်တော်လေး အပူသက်သာသွားသလို…။ ကန်ဘေး ခပ်လှမ်းလှမ်းက မေပယ်လ်ပင်တပင်အောက်မှာ ထိုင်ပြီး ဘာရယ်မဟုတ် ရေကန်ကို ငေးရင်း ဟိုဟိုဒီဒီတွေး…။ တွေး…။ ငေး…။ တွေး…။

ကန်က သိပ်အကျယ်ကြီး မဟုတ်သလို ကျဉ်းတော့လည်း မကျဉ်းလှ။ လူတို့ ဖန်တီးထားသော သဲပြင် ခပ်ကျဉ်းကျဉ်းလေးမှာ အသုံးမပြုတာ ကြာပြီ ဖြစ်ပုံရသည့် လှေငယ်တစီး။ လှမ်းလှမ်းတွင် လမ်းကလေးပေါ်သို့ သွားသည့် သစ်သားတံတားငယ်လေး။ ဟိုးတဖက် ကန်စပ်တွင်တော့ လူတယောက် အိုက်တင်အပြည့်ဖြင့် ငါးမျှားနေသည်။ ငါးမျှားတံကို ရွှီးခနဲ အရှိန်ယူလွှဲပစ်ပြီး ငါးစာချလိုက်၊ ပြန်ရစ်လိုက်၊ နေကာမျက်မှန်ကို ပင့်တင်လိုက်နှင့် ငါးခပ်ကြီးကြီး တကောင်မှ ရတာတော့ မမြင်သေး။ အကောင်သေးသေး ငါးငယ်လေးတွေကိုတော့ ရေထဲ ပြန်လွှတ်ပေး၏။ ခဏနေတော့ ထိုလူ ပြန်သွားသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ကန်ကြီးကို ကြည့်ရတာ တုတ်တုတ်မှ မလှုပ်။ တည်ငြိမ်လွန်းနေတာလား၊ ဒါမှ မဟုတ် အထီးကျန်ဆန်နေတာလား။ ကူးလူးပျော်ပါးနေသော ငါးတကောင်တလေမှလဲ မမြင်မိ။ ဘာဆို ဘာမှ လှုပ်ရှားမှု မရှိသော ရေပြင်က တကယ်ပဲ အေးဆေး တည်ငြိမ်နေတာလား။ ဘယ်သူမှ မသိ၊ မမြင်တဲ့ လှုပ်ခတ်မှု တခုတလေမှ ကန်ထဲမှာ မရှိဘူးလား။

ခပ်သေးသေး ခဲလုံးငယ် တခုကို ယူပြီး ကန်ထဲကို လှမ်း ပစ်ထုတ်လိုက်တော့ ဂယက်ငယ်လေးတခု ဖြတ်ခနဲ ပေါ်လာသည်။ ဂယက်က ပေါ်လာသော လှိုင်းလေးတွေက ခပ်ဝေးဝေး မရောက်မီမှာပင် ပျောက်ပြယ်ကုန်၏။ ခဲလုံး ကျသွားသံကလည်း တိုးညှင်းလွန်း၏။ `ပလုံ´ ဟု မြည်ရမည့် အစား `ဖောက်´ ခနဲ အသံငယ်သာ မမြည်ချင့် မြည်ချင် မြည်သွားသည်။ ဂယက်လှိုင်းကလည်း ခဏလေးမှ တကယ့် ခဏလေး…။

အတန်ငယ် အရွယ် နောက်ထပ် ခဲတလုံး ကောက်ယူပြီး ပစ်ထုတ်လိုက်ပြန်သည်။

`ပလုံ´

ဟော…။ ဒီတခါတော့ အသံက ပီပီသသကြီး ထွက်လာပါပကော…။

ခဲလုံး ကျသော နေရာတွင် ဂယက်တွေ ဖြတ်ဖြတ်လူး ထလာသည်။ စောစောကထက် ကြီးသော လှိုင်းတွေက နီးရာကမ်းစပ်သို့ အလန့်တကြားနှင့် ပြေးလာကြသည်။ ရှေ့က ပြေးလာသော လှိုင်းနောက်ကို နောက်ထပ် လှိုင်းငယ်လေးတွေက ထပ်ချပ်မကွာ လိုက်လာကြသည်။ အချိန်အနည်းငယ်ကြာမှသာ လှိုင်းတွေပျောက်လို့ အသံတွေ တိတ်တော့၏။

ဒီတခါတော့ ခပ်ကြီးကြီး ခဲလုံး…။ ပစ်ထုတ်ဖို့ကိုပင် မနည်း အားစိုက်ရမည်။ ကဲ… လာလေရော့ကွာ။

`ဗွမ်း´

အသံက ကြီးရုံတင်မက။ ခဲလုံးကျသော အရှိန်ကြောင့် ရေမှုံတချို့က အပေါ်ကို ဂယောင်ခြောက်ခြားနှင့် မြောက်တက်လာပြီး ၀ရုန်းသုန်းကား ပြန်ပြုတ်ကျသွားသည်။ ခဲလုံးကျသံက ဒေါသသံ ပါလေသလားတော့ မသိ။ ထွက်ပေါ်လာသော လှိုင်းဂယက်တွေက တစိုးတစိမှပင် ကဗျာမဆန်၊ မနုမရွတော့…။ သူတို့ ဖြတ်ပြေးသွားသည့် ရေပြင်နေရာမှန်သမျှလည်း နိမ့်ချည်မြင့်ချည်ဖြင့် တော်တော်နှင့် အတော

မသတ်နိုင်။ သူတို့ရဲ့ အရိုက်အခတ်ကို ခံရသော ကမ်းစပ်ခမျာမှာလည်း မသက်သာ…။ ဖြတ်ခနဲ ဖြတ်ခနဲ အဆက်မပြတ် ရိုက်ခတ်မှုကို နာနာကျင်ကျင် ခံစားလိုက်ရရှာသည်။ ဟော… ဟိုးမှာ ငါးလေးတကောင်၊ ကြောက်အားပိုပိုနဲ့ ထခုန်နေပါရောလား။ မဟုတ်ဘူး။ တကယ်က တကောင်မကဘူး။ ကျနော် မမြင်လိုက်တဲ့ ငါးလေးတွေလည်း တုန်တုန်လှုပ်လှုပ်နဲ့ ပြေးချင် ပြေးနေကြမှာပဲ…။

နောက်တော့…။

ကန်ကြီးတခုလုံး စောစောက ဖြစ်ခဲ့တာတွေ ဘာမှ မဟုတ်ခဲ့တဲ့အလား ပြန်လည် ငြိမ်သက်သွားပြန်သည်။ ကျနော့်လက်ထဲမှာတော့ ခဲလုံးတွေ…။ ဒါပေမယ့် ကျနော် ရေကန်ထဲကို မပစ်ချင်တော့ပါ။ ကန်ကိုလည်း လှိုင်းသေးသေးရော ကြီးကြီးရော ဘာတခုမှကို မထစေချင်တော့…။ သူ့နဂိုလို တည်ငြိမ်နေတာပဲ ကောင်းပါတယ်လေ…။ ခက်တာက ကျနော် ခဲလုံးတွေ ပစ်ချပြီးပြီ။ တည်ငြိမ်သည့်တိုင်အောင် နဂိုနဲ့ တူပါတော့မလား..။ အတွေးထဲမှာ ချာချာလည်လို့ စောစောက ခံစားခဲ့ရသော အပူဒဏ်တွေကိုပင် မေ့ပျောက်သွားသည်။

သို့သော်… လက်တွေ့မှာလဲ အပူက တကယ်ကို လျော့လာသည်။ တိုက်ခတ်လာသော လေက လေနုအေးတွေ ဖြစ်နေသည်။ ပူလောင်ခြင်း စိုးစဉ်းမျှပင် မရှိတော့ပေ…။ မျက်စိကို မှိတ်၊ ခေါင်းကို မော့ပြီး တိုက်ခတ်သမျှ လေနုအေးကို ငြင်သာစွာ၊ ကြည်စင်စွာ၊ ဖြူစင်စွာ ခံယူလိုက်သည်။ ငြိမ်းချမ်းလှပါဘိ…။



တဖြည်းဖြည်းနှင့် နေ၀င်ချိန်ကို ရောက်လာသည်။ တောအုပ်ထဲကို ၀င်လုဆဲဆဲ နေမင်းက ကျနော့်ကို အိမ်ပြန်ဖို့ အချက်ပြ သတိပေးနေသယောင်ယောင်။ ရေကန်ကို ကြည့်လိုက်တော့ အလင်းလက်ကျန်ဖြင့် လှနေဆဲ အရိပ်တွေက စောစောကလို ခဲလုံးတွေ လာပစ်ချမှာကိုတော့ စိုးရိမ်စိတ်မကင်းဟန် ရှိနေဆဲ…။ ကန်စပ်နားအထိ တိုးကပ်သွားရင်း အားရပါးရ ပြုံးပြလိုက်သည်။ ရေကန်ထဲတွင် အရိပ်တခု ထပ်တိုးသွားလေတော့သည်။


ကလိုစေးထူး

2 comments:

Anonymous said...

အင်း … ရေကန်လေးကတော့ သူ့ထဲကို ခဲလုံးပဲ ပစ်ချချ၊ အမှိုက်ပဲ ပစ်ချချ၊ တံတွေးနဲ့ပဲ ထွေးထွေး၊ အလှပျက်အောင် ဘယ်လိုလုပ်လုပ် … ပြုသမျှ ခံနေမှာ ပါပဲ။ ဒီရေကန်လေးအကြောင်း ဖတ်ပြီးတော့ ကျမရေးခဲ့ဖူးတဲ့ စာညွန့်လေးတပုဒ် အမှတ်ရမိတယ်။ ဘလော့ရေးခါစက တင်ဖူးခဲ့တဲ့ စာလေးပါပဲ။ အဲဒီစာရဲ့ အဆုံးသတ် စာပိုဒ်လေးကို ဒီနေရာမှာ တင်ခွင့်ပေးပါနော် … ။
… … … …. …. … … ….
ငြိမ်သက်နေတဲ့ ကန်ရေအိုဟာ ..
တခါတခါ ရောက်လာတတ်တဲ့
သစ်ရွက်ကြွေလေးတွေ ..
နွမ်းနယ်နေတဲ့ ပန်းပွင့်လေးတွေ ..
အထီးကျန်ငှက်ငယ်လေးတွေကို အဖော်ပြုရင်း ..
စွန့်လွှတ်ခြင်းတွေ .. ဆုံးရှုံးခြင်းတွေ .. နစ်နာခြင်းတွေကို မေ့လျော့
ငြိမ်းချမ်းတဲ့ ခွင့်လွှတ်မှုတွေနဲ့ ..
သူ့ဘ၀ အဆုံးသတ်မဲ့ နေ့ရက်တွေကို
စောင့်စားရင်း ..
တချိန်က သူဟာ ..
စီးဆင်းရင်း ရှင်သန်ခဲ့တယ်ဆိုတာ ..
ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေငေးမော ..
အတိတ်ကို လွမ်းမောလို့နေပါသတဲ့။ … ။

Anonymous said...

ဟယ်.. မမေရေးတာလေး ကြိုက်လိုက်တာ ။ စာပေအိုးထဲ ထည့်လိုက်ပြီ ။

ဂျစ်သာ ရေကန်အိုဆိုရင် ၊ မကျေနပ်ချက်တွေ စုစည်းလို့ ၊ ပြန်တော်လှန်တဲ့အနေနဲ့ ပိုပြီး လှပအသက်ဝင်အောင် ရှင်သန်ပစ်လိုက်မယ် ။ နောက်ထပ် ကျရောက်လာမယ့် အရာတွေတွက်လည်း ၊ နောက်ထပ် မခံရတော့အောင် ကိုယ့်ရေပြင်ကိုယ် အတတ်နိုင်ဆုံး ဂယက်မကျအောင် ၊ စွမ်းဆောင်မယ် ။