ကို/မ ku yar nyi ရဲ့ အထက်ပါ မှတ်ချက်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။
ဘလော့ဂ်တခုကို ရေးသူအနေနဲ့ ဘယ်လို သဘောထားကြတယ်ဆိုတာက အမြင်အမျိုးမျိုး ရှိတတ်တာမို့ ကျနော် စဉ်းစားမိတာကို တင်ပြပါရစေ။
ဟုတ်ပါတယ်။ မိမိဘလော့ဂ်မှာ မိမိရေးချင်တာ ရေးပိုင်ခွင့် ရှိပါတယ်။ ကိုယ်ရေးချင်တာရေးဖို့ပဲ ကိုယ်ပိုင်ဘလော့ဂ် လုပ်ထားကြတာပါ။ ဘယ်သူကမှ လာစိစစ်လို့ မရတာ ဘလော့ဂ်၊ စိစစ်ခွင့် မရှိတာလည်း ဘလော့ဂ်၊ ကိုယ့်အယူအဆ၊ ကိုယ့်အမြင်ကို လွတ်လပ်စွာ ကြိုက်သလောက် အားရပါးရ ရေးနိုင်တာ ဘလော့ဂ်ပါပဲ။ ဒါကို ကျနော် အပြည့်အ၀ လက်ခံပါတယ်။ ငြင်းချက် မထုတ်လိုပါဘူး။
ဒါပေမယ့် ဘလော့ဂ်မှာ ပုံစံကွဲတွေ ရှိပါတယ်။ လူအများအားလုံးကို ဖတ်ခွင့်ပြုတဲ့ ဘလော့ဂ်၊ သီးသန့် ဖိတ်ကြားထားသူများကိုသာ ဖတ်ခွင့်ပြုတဲ့ ဘလော့ဂ်၊ ဘလော့ဂ် ပိုင်ရှင်က စိစစ်ပြီးမှ မှတ်ချက် တင်ပေးတဲ့ ဘလော့ဂ်၊ အမည်မဲ့များကို မှတ်ချက်ရေးခွင့် မပေးတဲ့ ဘလော့ဂ်၊ မည်သူမဆို မှတ်ချက် လွတ်လပ်စွာ ပေးခွင့်ပေးထားတဲ့ ဘလော့ဂ် စသဖြင့် ပုံစံကွဲတွေ အမျိုးမျိုး ရှိပါတယ်။ အဲဒီပုံစံကွဲတွေကို ဘလော့ဂ်ကို စတင် တီထွင်သူက လူတွေရဲ့ စိတ်ကို သိလို့ ခွဲခြားပေးထားတယ်လို့ ကျနော် မြင်ပါတယ်။
ချစ်သူခြင်းအတွက်သာ သီးသန့်လုပ်ထားတဲ့ ဘလော့ဂ် ဒါမှမဟုတ် ရင်းနှီးရာ မိတ်ဆွေတွေကိုသာ ဖတ်စေချင်တဲ့ ဘလော့ဂါတွေက သူဖတ်စေချင်တဲ့ သူ့ချစ်သူ ဒါမှ မဟုတ် မိတ်ဆွေတွေကိုသာ သီးသန့် ဖိတ်ကြားခြင်း လုပ်ထားနိုင်ပါတယ်။ အဲဒီတော့ မဖိတ်ထားတဲ့လူ လာဖတ်လို့ မရတော့ဘူးပေါ့။ ကိစ္စရှင်းပါတယ်။
အဲဒီလိုမှ မဟုတ်ဘဲ လူအများ ဖတ်နိုင်အောင် တင်ထားပြီဆိုရင်တော့ ဒါဟာ Public ဘလော့ဂ်ပါပဲ။ ကန့်သတ် ထိန်းချုပ်ထားခြင်း တစုံတရာ မရှိတဲ့ အတွက် တမင်တကာပဲ ဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် အဲဒီ ဘလော့ဂ်ကို ရောက်သွားသူ မည်သူမဆို အဲဒီ ဘလော့ဂ်ကို ဖတ်နိုင်ပါတယ်။ အဲဒီ ဘလော့ဂ်ရဲ့ အရေးအသားကိုလည်း လွတ်လပ်စွာ ကြိုက်ခွင့် မကြိုက်ခွင့် ရှိပါတယ်။
မှတ်ချက်မှာလည်း ဒီလိုပါပဲ။ ကိုယ်ခွင့်ပြုနိုင်တဲ့ အတိုင်းအတာ အထိ ဘလော့ဂါက ခွင့်ပြုလို့ရသလို ဖျက်ခွင့်လဲ ပေးထားပါတယ်။ အဲဒါတွေကတော့ ဘလော့ဂါ တယောက်ရဲ့ သူ့ဘလော့ဂ်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေပါ။ တင်ချင်တဲ့စာ တင်နိုင်တယ်။ ခွင့်ပြုချင်တဲ့ ကွန်မန့်ကို ခွင့်ပြုနိုင်တယ်။ ဖျက်ချင်တဲ့ ကွန်မန့်ကို ဖျက်နိုင်တယ်။
ဘလော့ဂါရဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေး သို့တည်းမဟုတ် လွတ်လပ်ခွင့်တွေ ပြီးရင်တော့ ဖတ်သူတွေ ဘက်က ရှိသင့်တဲ့ အခွင့်အရေးကိုလဲ တင်ပြချင်ပါတယ်။
ဘလော့ဂါတယောက်က သူ့ဘလော့ဂ်မှာ သူတင်ချင်တဲ့စာ တင်ခွင့်ရှိသလို လာဖတ်တဲ့လူကလည်း မြင်ချင်သလို မြင်ခွင့် ရှိပါတယ်။ ကောင်းတယ်ထင်ရင် ချီးကျူးမယ်၊ အမြင်မတူတာတွေ့ရင် ဝေဖန် ထောက်ပြမယ်၊ အဲဒီအမြင်တွေကို သက်ဆိုင်ရာ ဘလော့ဂ်မှာ မှတ်ချက်ရေးပြီး ထားခဲ့ချင်ထားခဲ့နိုင်သလို မိမိရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကနေလည်း ပို့စ်တခုအနေနဲ့ ချေပ တင်ပြခွင့် ရှိပါတယ်။ ဒါဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ။
`ငါတင်ချင်တဲ့စာ တင်မယ်၊ ဖတ်ချင်ဖတ် မဖတ်ချင်နေ၊ မကျေနပ်ရင် လာမဖတ်နဲ့´ လို့ လက်လွတ်စပယ် မပြောသင့်ပါဘူး။ သူက တင်ချင်လို့ တင်သလို ဖတ်သူကလည်း ဖတ်ချင်ဖတ်မယ်၊ မဖတ်ချင်မဖတ်ဘူး၊ ချီးကျူးချင် ချီးကျူးမယ်၊ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ နှစ်ဖက် အပြန်အလှန်ပါပဲ။ မဖတ်စေချင်ရင် အထက်က တင်ပြထားသလို Public အနေနဲ့ မတင်ဘဲ မိမိဖတ်စေချင်သူများကိုသာ ဖိတ်ကြားပြီး ပြတာ အကောင်းဆုံးပါပဲ။
ဒါဖြင့်ရင် ဆဲဆိုကြတာကရော ဆဲခွင့် ရှိသလားလို့ မေးစရာရှိပါတယ်။ ပြောကြစတမ်းဆိုရင်တော့ ဆဲလို့ရပါတယ်။ ဆဲခြင်း မဆဲခြင်းဟာ အဲဒီ ပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းပါပဲ။
နောက်တချက် တင်ပြချင်တာကတော့ မိမိတင်လိုက်တဲ့ စာတပုဒ်အပေါ် ထားသင့်တဲ့ `တာဝန်ယူမှု´ ပါ။ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ယုံကြည်ရာကို တင်လိုက်တယ်၊ လူအများကိုလည်း ဖတ်ခွင့်ပြုထားတယ်ဆိုရင် အဲဒီစာကနေ ဖြစ်လာတဲ့ ကောင်းခြင်း ဆိုးခြင်း အားလုံးကို တာဝန်ယူသင့်ပါတယ်။ အဲဒီလို တာဝန်မယူနိုင်ရင် အစကတည်းက မတင်ရုံပါပဲ။ ကိုယ်တင်လိုက်တဲ့ စာကို ဖတ်သူတွေဘက်က ပြန်လည်တုံ့ပြန်မှုဟာ ချီးကျူးချက်တွေ မဟုတ်ဘဲ ဝေဖန် ထောက်ပြတာတွေ ဖြစ်လာတဲ့ အခါမှ `မကျေနပ်ရင် လာမဖတ်နဲ့´ လို့ ပြန်ပြောတာဟာ တာဝန်ယူလိုစိတ် ကင်းမဲ့ခြင်း တမျိုးပါပဲ။ တနည်းအားဖြင့် `ကိုယ်နဲ့ မတူ ရန်သူ´ လို့ သတ်မှတ်လိုက်ခြင်း တမျိုးပါပဲ။
စာဖတ်သူတွေဆီက ချီးကျူးမှုတွေကိုပဲ မျှော်လင့်ထားလို့ မဖြစ်နိုင်ပါဘူး။ မတူညီတဲ့ အမြင်တွေကြားမှာ ကွဲလွဲချက်တွေကတော့ ရှိနေမှာပါပဲ။ အဲဒီ ကွဲလွဲချက်တွေကို အခြေခံပြီးတော့ ဘလော့ဂါတွေဟာ ကိုယ်နဲ့ စိတ်တူ၊ အမြင်တူရာအလိုက် အပြန်အလှန် အမြင်ဖလှယ်ကြပါတယ်။ တခါတလေလည်း ငြင်းခုန်ကြပါတယ်။ အဲဒီလိုနဲ့ပဲ တူရာစုကြတဲ့ ဘလော့ဂါ အစုလေးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ မထူးဆန်းတဲ့ သဘာဝ တခုပါ။ ကျနော်တို့ မြန်မာတွေကမှ ကွဲလွဲကြတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘယ်လူမျိုးမဆို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတခုလို့ မြင်ပါတယ်။
အခု ကျနော် တင်ပြခဲ့တဲ့ အချက်အလက်တွေကိုလည်း အမြင်တွေ တူချင်မှ တူနိုင်ပါမယ်။ ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာကတော့ ကျနော့်အရေးအသား၊ ကျနော့်တင်ပြချက်တွေကို လာဖတ်သူတိုင်း ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ထောက်ပြနိုင်ပါတယ်။ ပြန်လည်ဆွေးနွေးသင့်တာတွေကို ကျနော်ပြန်လည် ဆွေးနွေးပြီး ပြန်လည် ဆွေးနွေးဖို့ မလိုအပ်တဲ့ ရိုင်းပျမှုတွေကိုတော့ လစ်လျူရှုပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကလိုစေးထူး
3 comments:
“ကိုယ်တင်လိုက်တဲ့ စာကို ဖတ်သူတွေဘက်က ပြန်လည်တုံ့ပြန်မှုဟာ ချီးကျူးချက်တွေ မဟုတ်ဘဲ ဝေဖန် ထောက်ပြတာတွေ ဖြစ်လာတဲ့ အခါမှ `မကျေနပ်ရင် လာမဖတ်နဲ့´ လို့ ပြန်ပြောတာဟာ တာဝန်ယူလိုစိတ် ကင်းမဲ့ခြင်း တမျိုးပါပဲ။”
အဲဒီလို တုန့်ပြန်တဲ့ ဘလော့မျိုးတွေ့မိပါရဲ့ သွားဖတ်မိသူ ကိုယ်ငမိုက်သားပါပဲ ဒါပေသိ ယိုသူမရှက် မြင်သူရှက်၏ ဆိုသလိုမျိုး ဘာမှ မပြောတော့ ပဲ ပြန်လာလိုက်ပါတယ်
hi hi
ah-ko-gyi,
I link your post on forum without asking your permission.
:D
thanks.
အင်း အဲဒီဘလော့မျိုးရှိတယ်လေ။
ဒီတော့လည်း ပြန်လာလိုက်တာပေါ့။
နောက်ဘယ်တော့မှ မသွားတော့ဘူး။
အေးရော။
Post a Comment