Saturday, August 04, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၉)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

အင်းစိန်ထောင်ကနေ ထောက်လှမ်းရေး (၆) ကို ကျနော်တို့ ပြန်ရောက်တယ်။ ကျနော်တို့ ဆက်ပြီး အစစ်ခံရတယ်။ အမှုစစ်လို့ မပြီးခင် ကျနော်တို့ကို စစ်ခုံရုံးတင်တဲ့ ကိစ္စကို နောက်မှ ကျနော် နားလည်လာတယ်။ ကျနော်တို့ကို စစ်ခုံရုံးတင်တာက မေလ (၂၅)ရက်။ နောက် နှစ်ရက်အကြာ (၂၇)ရက် ဆိုရင် ရွေးကောက်ပွဲ စပြီ။ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရက ၀ါဒ ဖြန့်ချိရေး လုပ်ချင်တယ်။ တိုင်းပြည်ကို လိမ်ချင်တယ်။ `ABSDF သောင်းကျန်းသူ အဖွဲ့နဲ့ ပတ်သက်သူတွေ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အဖျက်လုပ်ငန်းတွေ လုပ်ဖို့၊ ပြည်သူတွေကို အထိတ်တလန့်တွေ ဖြစ်အောင်လုပ်ဖို့ ပြည်တွင်း ၀င်လာမှုကြီးကို ထောက်လှမ်းရေးက ကာကွယ်ပေးလိုက်နိုင်ခြင်း´ ပေါ့။ ဒါကြောင့် စစ်လို့ ဆေးလို့ မပြီးသေးဘဲနဲ့ ကျနော်တို့ကို စစ်ခုံရုံး တင်လိုက်တာ။

(၂၆)ရက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ကျနော်တို့ အကြောင်း အဲဒီအတိုင်း ထုတ်လွှင့်တယ်လို့ နောက်ပိုင်းမှာ သိရတယ်။ (မင်းကိုနိုင်ကို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေသူများ လို့ အဆစ် ထည့်ရေးထားလိုက်သေးတယ်။ တကယ် တတ်လည်း တတ်နိုင်တဲ့ လူတွေ။)

***

ထောက်လှမ်းရေး(၆) ပြန်ရောက်ပြီးတရက်လား၊ နှစ်ရက်လား အကြာမှ မမျှော်လင့်ဘဲ အောင်သူနဲ့ နှစ်ယောက်သား ပြန်ဆုံတယ်။ စစ်ခုံရုံးက ပြန်လာပြီးကတည်းက ကျနော့်မှာ အောင်သူ၊ ဝေလင်းနဲ့ ပတ်သက်ပြီး အမြဲလို စိတ်မချမ်းမသာ ဖြစ်နေတာ တခုရှိတယ်။ ကျနော်က သူတို့ထက် ထောင်ဒဏ် ပိုများရင်များ၊ ဒါမှမဟုတ် သူတို့က လျော့ရင်လျော့၊ ခုတော့ အဓိက တာဝန်ရှိတဲ့ ကျနော်ကလည်း ဆယ့်သုံးနှစ်။ သူတို့ကလည်း ဆယ့်သုံးနှစ် ဆိုပြီး ကျနော် စိတ်မကောင်းတာပါ။ ဒါကြောင့် ဆုံဆုံခြင်း ကျနော်က…

`အောင်သူ၊ ဆောရီးကွာ´

အောင်သူက…

`ဘာဖြစ်လို့လဲ´

`အောင်သူတို့ နှစ်ယောက်စလုံး ကိုယ်နဲ့ အတူတူ ထောင် ဆယ့်သုံးနှစ် ကျလို့ပါ´

`ဘယ်က ဆယ့်သုံးနှစ်လဲ´

`အောင်သူ ဘာကြောင်တာလဲ။ စစ်ခုံရုံးက ကိုယ်တို့ကို ချလိုက်တဲ့ ထောင်ဒဏ်ပေါ့´

`ခင်ဗျား ဘာကြောင်တာလဲ။ သုံးနှစ်ဟာကို´

`အောင်သူ ကြောင်နေပြီ´

ဒီအချိန်မှာပဲ ထောက်လှမ်းရေးက ကျနော်တို့ နှစ်ယောက်ကို လူခွဲလိုက်လို့ စကားပြတ်သွားတယ်။ ကျနော်လည်း အောင်သူ့ကို သနားပြီး ငေးကြည့်နေမိတယ်။ ထူးဆန်းတာက အောင်သူကလည်း ကျနော့်ကို သနားကြည့်နဲ့ ကြည့်တာပဲ။ အောင်သူ၊ အောင်သူ။

နောက် စိတ်ထဲ တမျိုးဖြစ်လာတာနဲ့ ကျနော့်ကို စစ်နေတဲ့ ထောက်လှမ်းရေးကို မေးကြည့်လိုက်တယ်။ ကျနော်တို့ကို ထောင် ဘယ်လောက် ချလိုက်တာလဲလို့။ သူကလည်း ကျနော့်ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ ပြီးတော့မှ ပြောတယ်။ သုံးနှစ် တဲ့။

ကျနော် လွတ်သွားသလိုပဲ။ (ကျနော်တို့ကို ချလိုက်တဲ့ ထောင်ဒဏ် နည်းသွားတယ်လို့ ထောက်လှမ်းရေးတွေက နောက်ပိုင်းမှာ ပြောပါတယ်။ ထောင်ဒဏ် နည်းသွားတာမှာ အဓိကကတော့ ကျနော်တို့ကို စစ်လို့ မပြီးမပြတ်သေးဘဲ စစ်ခုံရုံးကို ကမန်းကတန်း တင်လိုက်တဲ့ အချက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူတို့ကလည်း ရွေးကောက်ပွဲ မစခင် တိုင်းပြည်ကို သိပ် ၀ါဒဖြန့် ကြေညာချင်နေတာ မဟုတ်လား)။

နောက်ပိုင်း ကျနော့်ကို စစ်ဆေးမေးမြန်းရာမှာ ရိုက်နှက် ညှင်းပန်းတာ မရှိတော့ဘူး။ ညဘက် ပုံမှန်လောက် နီးနီး အိပ်ရတယ်။ ကျနော့်ကို အခန်းကျဉ်းလေး တခုမှာ ထားတယ်။ အခန်းကလည်း ကျဉ်းလွန်းလို့ တယောက်အိပ် ကုတင်တလုံး ချထားတာတောင် ဆန့်ရုံပဲ။ ကုတင်ကလည်း ပျဉ်ကြမ်းတွေကို ခပ်ကြမ်းကြမ်း ကျဲကျဲ ရိုက်ထားတာ။ အိပ်တော့ အခင်း မရှိဘူး။ ညည အိပ်ရတာ အဆင်မပြေဘူး။ သံခြေကျင်းတွေက ခြေထောက်မှာ တထွေးကြီး ဆိုတော့ သိပ် အနေရ ခက်တာပဲ။

ဒီကြားထဲ သံခြေကျင်းက ကွင်းတွေ အများကြီးဆိုတော့ ညဘက်အိပ်နေတုန်း၊ ကွင်းတကွင်းက ကုတင်ပျဉ်ပြား နှစ်ချပ်ကြားထဲ ညပ်ညပ်သွားတတ်တယ်။ အဲဒီအခါမျိုး လူက လှည့်လို့ မရတော့ဘဲ တုတ်နဲ့ ကန့်လန့်ခံထားသလို ဖြစ်ဖြစ်သွားတယ်။ ညပ်နေတဲ့ သံကွင်းတွေကို ပျဉ်ပြားကြားထဲက ခဏခဏ ပြန်ဆွဲထုတ်ရတာ ညဘက်ညဘက် အလုပ်တခု။ တခါတခါတော့လည်း ညပ်နေတဲ့ သံကွင်းတွေကို ဆွဲမထုတ်တော့ဘဲ သံခြေကျင်းကြီး (သံချေးတွေကလည်း ထူလဗျစ်နဲ့) ကို စိတ်ပျက်လက်ပျက်နဲ့ ကျနော် ထိုင်ငေးကြည့်နေတတ်တယ်။

အခန်းက ပြတင်းပေါက် မရှိဘဲ တံခါးမ တခုပဲ ရှိတယ်။ အခန်းတံခါးကို အပြင်ကနေ သော့ခတ်ပိတ်ထားပြီး တံခါးမှာ ခြောက်လက်မ ပတ်လည်လောက် ကျယ်မလား၊ အပေါက် တပေါက် ဖောက်ထားတယ်။ အပေါက်ကလေးကနေ ကြည့်လိုက်ရင် အစောင့်စစ်သားတွေ လမ်းလျှောက်နေတာ လှမ်းတွေ့ရတယ်။ အချိန်ကျရင် အဲဒီ အပေါက်ကလေးကနေ ပန်းကန်တချပ် သွင်းပေးတယ်။ ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း။ ကျနော်က သူတို့ ပေးတဲ့ ထမင်းကို မစားနိုင်ဘူး။ ထမင်းက မစားနိုင်လောက်အောင် ဆိုးလို့ မဟုတ်ပါဘူး။ ကျနော်ကိုက စားချင်စိတ် မရှိဖြစ်တာ။ ဒီလိုနဲ့ တမနက် စောစော။ ကျနော့် အခန်းတံခါး ခေါက်သံကြားပြီး ထပြီး ကြည့်တယ်။ အပေါက်ကလေးကနေ စစ်သားတယောက်က ကျနော့်ကို မျက်နှာအပ်ပြီး အမူအယာနဲ့ လှမ်းခေါ်တယ်။ ကျနော် ထသွားတော့ ပစ္စည်းတချို့ လှမ်းပေးတယ်။

အိုး။ နို့တခွက်၊ ပဲပြုတ်နံပြား၊ ကြက်ဥနှစ်လုံး။ ဘယ်လိုပါလိမ့်။ ကျနော် စိတ်ရှုပ်ထွေးသွားတယ်။ ဒီအချိန် ဘေးခန်းက အသံတသံ ထွက်လာတယ်။

`ကုန်အောင်စား။ စားချင်ချင် မစားချင်ချင်စား။ အားရှိအောင် စား´

အောင်သူ၊ အောင်သူ။ အောင်သူ့ အသံ။

`ကျနော် စီစဉ်လိုက်တာ´

သြော် သူငယ်ချင်း ရဲဘော်။

[နောက်မှ ကျနော်သိရတယ်။ အောင်သူက သူ့အခန်းကနေ ထမင်းစားပြီးလို့ အစောင့်က ပန်းကန်လာသိမ်းချိန်၊ သူ့အပေါက်ကလေးကနေ ကျနော့်ဘက် အခန်း လှမ်းလှမ်းကြည့်တဲ့ အခါ ကျနော့်အခန်းထဲက ထွက်လာတဲ့ ထမင်းပန်းကန်က ခြေရာလက်ရာ မပျက် ပြန်ပြန်ထွက်လာတယ်တဲ့။ ကျနော်နဲ့ တခါ လူချင်းတွေ့ရတုန်းကလည်း ကျနော့်ကြည့်ရတာ အခြေအနေက မဟန်ဘူး။ ဂရိုးဂယိုင်၊ မျက်တွင်းဟောက်ပက်၊ `လျှော´ များ သွားမလား လို့တောင် ကျနော့်ကို ထင်မိတယ်တဲ့။ သူတို့ထက် ကျနော်ပိုပြီး အကြမ်းပတမ်း အကိုင်ခံရတာကိုလည်း သူတို့ သိနေတယ်။ ဒါနဲ့ စိတ်ပူတာနဲ့ ထောက်လှမ်းရေး မတွေ့လို့ ကျန်နေတဲ့ သူ့အိပ်ထဲက ပိုက်ဆံ။ ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး။ အဲဒါနဲ့ အစောင့်ကို စည်းရုံးတယ်။ ပိုက်ဆံပေးတယ်။ ဒါနဲ့ အစောင့်က အခုလို စားစရာတွေ ၀ယ်ပေးတာ။ ကျနော် အဲဒီလိုမျိုး သုံးမနက်လောက် စားလိုက်ရတယ်။]

ထောက်လှမ်းရေး(၆) မှာ ကျနော်တို့ တပတ်ထပ်နေရတယ်။ ထောင်ကို ပို့ခါနီး နှစ်ရက် သုံးရက်အလိုမှာ ကျနော့်ကို မေးခွန်းတွေ လုံးဝ မမေးတော့ဘူး။ ကျနော့် အဖြေတွေ အပေါ်မှာ အထက်လူကြီးတွေက မရှင်းရင် ပြန်မေးချင်လို့၊ ကျနော်တို့ကို ထောင်မပို့သေးတာတဲ့။

ဒီအတွင်းမှာပဲ ထောက်လှမ်းရေး ပုဂ္ဂိုလ်တယောက်က ကျနော့်ကို `လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ မင်းအမြင်နဲ့ မင်းယုံကြည်တာတွေ ရေးပေးပါ။ လွတ်လွတ်လပ်လပ် ရေးပါ။ အဲဒီအတွက် အရေး မယူပါဘူး´ ဆိုပြီး ပြောလာတယ်။ ကျနော် စဉ်းစားတယ်။ အရေးမယူပါဘူး ဆိုတဲ့ သူတို့ ကတိစကား ကျနော် မယုံဘူး။ သူတို့ကို ကျနော် လုံးဝ စိတ်မချဘူး။ ဒါပေမယ့် ဘာလို့မှန်း မသိဘူး။ ကျနော် ရေးချင်နေတယ်။ နောက် ပြဿနာ နောက် ကြည့်ရှင်း။ ဒါနဲ့ ကျနော် ရေးတယ်။ ကျနော့်မှာ ရေးစရာတွေ အများကြီး ရှိတယ် ထင်တယ်။ ဒီတော့ လွတ်လွတ်လပ်လပ်ကို ကျနော် ရေးတယ်။

ကျနော့် ယုံကြည်ချက်က ဘာမှ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါ့အပြင် ကျနော့် ယုံကြည်ချက်မှာ သူများကို ဖျက်ဆီးပစ်ဖို့ မပါဘူး။ မတူသူတွေ၊ ဆန့်ကျင်သူတွေကို ရှင်းပစ်ဖို့ မပါဘူး။ ရက်စက်ပစ်ဖို့ မပါဘူး။ ကျနော့် ကိုယ်ကျိုးစီးပွား မပါဘူး။ လူသားချင်း အမုန်းစိတ် မပါဘူး။ ကျေနာ် ညှင်းပန်းနှိပ်စက် ခံထားရတဲ့ အတွက် ဆိုပြီး အညှိုး အာဃာတ ထားတာမျိုး မပါဘူး။ ဒါကြောင့် ကျနော် ယုံကြည်တဲ့ နိုင်ငံရေး အကြောင်း ကျနော် ရေးတယ်။ ပြီးတော့ ပေးလိုက်တယ်။ သူတို့က ကျနော် ရေးတာကို လက်မှတ်ထိုးခိုင်းတယ်။ ထိုးပေးလိုက်တယ်။

ဒီလိုနဲ့ တရက်မှာ ကျနော့်ကို လေးဘီးဆလွန်းကားလေး တစီးနဲ့ လာခေါ်ထုတ်တယ်။ ခေါင်းစွပ်စွပ်တယ်။ ကားကို ဟိုကွေ့မောင်း ဒီကွေ့မောင်း လုပ်တယ်။ အမှန်က ဒီဝင်း တ၀င်းထဲပါပဲ။ နောက်တော့ ကားပေါ်က ဆင်းခိုင်း၊ တယောက်က တွဲပြီး အခန်းတခန်းထဲ ထည့်၊ တယောက်ကတွဲပြီး အခန်းတခန်းထဲထည့်။ ခေါင်းစွပ်ချွတ်ပေး၊ လက်တဖက်စီကို လက်ထိပ်နှစ်ခုနဲ့ ကုလားထိုင် လက်တန်းနှစ်ခုမှာ ခတ်။ ကျနော် စိတ်ပူသွားတယ်။ အခုလို လက်ထိပ် နှစ်ခုနဲ့ တခါမှ အခတ် မခံရဖူးဘူး။ အင်း။ နောက်တကြိမ် ဇာတ်လမ်း ပြန်စပြီ ထင်ပါရဲ့။ ကျနော် ရေးပေးလိုက်တဲ့ စာရွက်စာတမ်း ကိစ္စနဲ့များ ဆိုင်နေလား။ ဒါမှမဟုတ် နောက်ထပ် ဘာပြဿနာ ပေါ်လာပြန်လဲ။ မနေနိုင်တဲ့ အဆုံး ကျနော့်ကို လက်ထိပ်ခတ်သူ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးကို မေးကြည့်တယ်။

`ကျနော့်ကို ဘာလုပ်မလို့လဲ´

သူက ပြုံးပြတယ်။

`ဘာမှ မလုပ်ပါဘူး။ လူကြီးက မင်းကို တွေ့ချင်လို့´

လူကြီးတဲ့။ ဘယ်သူပါလိမ့်။ ဗိုလ်ခင်ညွှန့်များလား။

သုံးနာရီလောက် ကြာအောင် အဲဒီလို ထိုင်နေရတယ်။ ပြီးတော့မှ တံခါးဖွင့်သံ ကြားရတယ်။ စောစောက ဗိုလ်ကြီး။ (အရပ်ဝတ် ၀တ်ထားတော့ ဗိုလ်ကြီးဆိုတာ နောက်မှ သိရတာပါ)။

`အစီအစဉ် ပြောင်းသွားတယ်။ လူကြီး မလာတော့ဘူး။´

ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ အခန်း ပြန်ပို့တယ်။

နောက်တရက်မှာတော့ ကျနော်တို့ကို အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ထောင်ထဲရောက်တော့ လက်ထိပ်ဖြုတ်၊ သံခြေကျင်းဖြုတ်၊ တိုက်နံပါတ်(၅)၊ အခန်းနံပါတ် (၄)။

***

အဲဒီနေ့ ကျနော် အပျော်ဆုံးနေ့ပေါ့။

တကယ်ပဲ ထောက်လှမ်းရေး လက်က လွတ်ပြီ။ ငရဲခန်းက လွတ်ပြီ။ လူမဆန်မှုတွေ၊ ရိုင်းစိုင်းမှုတွေ၊ ရက်စက်မှုတွေ၊ နာကျင်မှုတွေ၊ မအိပ်ရမှုတွေ၊ ဆာလောင်မှုတွေ၊ ဒလစပ် မေးခွန်းတွေ၊ ဂယောင်ချောက်ချားတွေ၊ သံသယတွေ၊ အဖော်ကင်းမဲ့မှုတွေ၊ အားငယ်ရမှုတွေ၊ စိတ်ထိခိုက်ရမှုတွေ၊ အခြားရဲဘော်တွေရဲ့ နာနာကျင်ကျင် စူးစူးဝါးဝါး အသံကုန်ခြစ်ပြီး အော်ဟစ် ညည်းတွားလိုက်တဲ့ အသံတွေ…။ အားလုံးကနေ ကျနော် လွတ်ပြီ။

(ဒါပေမယ့် အဲဒီထက် ပိုမိုဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ထောင်ထဲက စောင့်နေတယ် ဆိုတာကိုတော့ အဲဒီတုန်းက ကျနော် မသိခဲ့ဘူးပေါ့။)

ဆက်ရန်…

(ဒီနေရာမှာ ကျနော် စကားနည်းနည်း ဖြတ်ပြောပါမယ်ခင်ဗျာ။ အခု ကိုဝင်းနိုင်ဦးရဲ့ မှတ်တမ်းကို တင်တာ မှတ်တမ်း-၁ အပိုင်း ဒီမှာတင် ပြီးပါပြီ။ မှတ်တမ်း-၂ နဲ့ မှတ်တမ်း-၃ ရှိပါသေးတယ်။ မှတ်တမ်း-၂ မှာကတော့ သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံ မှတ်တမ်းတွေပါ။ အပိုင်း ၂၄ ပိုင်း တင်ရပါမယ်။ မှတ်တမ်း-၃ မှာကတော့ လေးပိုင်းပါ။ ကျနော် ပြီးအောင် ဆက်တင်သွားပါမယ်။ စောင့်မျှော်ဖတ်ရှုသူများရှိနေတာဟာ ကျနော် စာရိုက်ပြီး တင်ဖို့ အားဆေးပါပဲ။

တကယ်တော့ စာရိုက်ပြီး တင်ပေးရတာလေးကို အားဆေးလို့ ပြောလိုက်ရတာကိုက စိတ်တော့ တယ် မသန့်လှပါဘူး။ တကယ်ခံခဲ့ရတာက ကျနော်တို့ နောင်တော်တွေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အဲဒီ အဖြစ်သနစ်တွေကို အခု ကျနော့် ဘလော့ဂ်ကို လာကြည့်မိတဲ့ တယောက်တလေက တဆင့် ဖတ်ခွင့်မရတဲ့၊ ဖတ်ခွင့်မကြုံလိုက်တဲ့ သူငယ်ချင်းတွေ သိလိုက် ဖတ်လိုက်ရတယ်ဆိုတဲ့ အသိ တခုတည်းနဲ့ ကျနော် ပြီးအောင် ရိုက်ပြီး တင်ပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်)

6 comments:

့Yarpyae said...

ကိုစေးထူး
ဆက်တင်ပါနော်။ ကျနော်တို့စောင့်ဖတ်နေကြပါတယ်။ အဲဒီစာအုပ်က အခရိုဘက်နဲ့ပဲဖြစ်ဖြစ် ဘယ်ဝက်ဘ်ဆိုက်မှာမှ မရှိဘူးလားမသိဘူး။ သိပ်ဖတ်ချင်တယ်။ တစ်ပိုင်းချင်းစီရိုက်တင်ရတဲ့ ကိုစေးထူးကို အားမနာသလိုဖြစ်နေပြီ။

SMM said...

I salute Ko Win Naing Oo and other heroes. There are also unwritten stories of heroes.Hope we can hear it one day. Hope we can meet them on our motherland one day.

PeTi said...

(ကို)ကလိုစေးထူးကို အားလည်းနာတယ်၊ ဒီမှတ်တမ်းကို အရမ်းလည်းဖတ်ချင်တယ်။ ကျေးဇူးတင်ပါတယ်၊ ဆက်ပြီးတင်ပေးပါဦး…

Mg Yin said...

ဒါသိပ်ကောင်းတဲ့ မှတ်တမ်း တစ်ခုပါ။အရင်ကဖတ်ချင်လို့ ကျွန်တော်ဝယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။မရဘူး..။အခု ကိုစေးထူး ကနောင်တော်ကျောင်းသားတွေ အနစ်နာခံခဲ့ရတာကို အချိန်ပေး၊လူအားစိုက်ပြီး တာဝန်သိသိပြန်လည်ဝေမျှပေးတာ လဲတန်ဖိုးရှိလို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ပါတယ်..
နောက်နှစ်ပိုင်းစာအတွက် ကျေးဇူးကြို တင်ထားတယ်ဗျာ..ပြီးအောင်သာဝေမျှပါတော့…

Soe said...

Salute Ko Win Naing Oo and others who sacrifice for people.
Thanks a lot for ur effort.Pl,share until the end.

ကိုညီ said...

ကျေးဇူးတင်ပါတယ် ကိုစေးထူး ။ အခုလို ထောင်ထဲမှာ
နောင်တော် တွေ့ကြုံခဲ့ရတာကို အကို ဝေငှ လို့ သိရပါတယ် ခင်မျာ ။ နောင်တင်မဲ့ စာသားများကိုလဲ မျှော်လင့်နေပါတယ် ။