Tuesday, August 07, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၁၁)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်အစားအစာနဲ့ ရေသုံးစွဲမှု

အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ဥပဒေအဖြစ် နိုင်ငံတကာ အစိုးရတွေ မဖြစ်မနေ လိုက်နာ ကျင့်သုံးရမှာကတော့ ကုလသမဂ္ဂဆိုင်ရာ၊ ဂျနီဗာ သဘောတူညီချက် ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက် အပိုဒ်(၂၀)မှာ…

`ထောင်သားတွေကို ကျန်းမာရေးနဲ့ ခွန်အားအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ၀လင်အောင် ကျွေးရမယ်။ အကျဉ်းသားတွေကို ကျွေးတဲ့ အစားအသောက်ဟာ အရည်အသွေးလည်း ပြည့်မီပြီး သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင် ကျွေးမွေးရမယ်´ လို့ တိတိကျကျ ပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံ ထောင်တွေမှာ အစားအသောက် ကျွေးပုံ ကျွေးနည်းကတော့ နေ့စဉ်မနက် တကြိမ်၊ ညနေ တကြိမ် ထမင်းကျွေးပါတယ်။ ကျွေးတဲ့ ထမင်းက အပေါစားဆန်ကြမ်းကို ချက်ထားတာဖြစ်ပြီး ခဲတွေ၊ သဲတွေ၊ အမှိုက်တွေ ဖယ်ပြီး စားရပါတယ်။ တခါတခါ ထမင်းထဲမှာ သဲတွေများလွန်းလို့ ဘယ်သူမှ မစားနိုင် ဖြစ်ရတာတွေလည်း ထောင်ထဲမှာ အဆန်းတော့ မဟုတ်ပါဘူး။

ဟင်းအနေနဲ့ကတော့ မနက်မှာ ပဲဟင်းနဲ့ ငါးပိ၊ ညနေဘက်မှာ တာရပေါ ဟင်းရည်နဲ့ ငါးပိ၊ အသားကတော့ တပတ်မှာ တနပ် ကျွေးပါတယ်။ ပဲဟင်းက ပဲအညံ့စားကို ရေအများကြီးနဲ့ ထည့်ပြုတ်ထားတာမို့ ပဲဟင်းလို့သာ နာမည် ခေါ်ရတယ်၊ ပဲဟင်းထဲမှာ ပဲဖတ်ကို ရှာမတွေ့ပါဘူး။ ပဲဟင်း ချက်ပုံက ဒီလိုပါ။

ပဲကို အဖတ်တွေချည့်ကျန်အောင် အရင်ပြုတ်၊ နောက်မှ ပဲဖတ်တွေကို ရေနွေးနဲ့ ရောတာပါ။ အဲဒီလို ရေနွေးနဲ့ မရောခင် ထောင်ဝန်ထမ်းတွေ၊ ဟင်းချက်ရာမှာ တာဝန်ကျတဲ့ အကျဉ်းသားတွေက ပဲဖတ်အနှစ်တွေကို ခပ်ယူထားကြပါတယ်။ အဲဒီ ခပ်ယူထားတဲ့ ပဲဖတ်၊ ပဲအနှစ်တွေကို ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေ၊ လူဆိုးဗိုလ်တွေက ဦးဦးဖျားဖျား စားကြပါတယ်။ တကယ်တော့ ထောင်ဝါဒါတွေ၊ ထောင်အရာရှိတွေဟာ ထောင်ဥပဒေအရ အကျဉ်းသားတွေရဲ့ အစားအစာကို စားခွင့် မရှိပါဘူး။

ဒါ့အပြင် အဲဒီ ပဲဖတ်တွေကို ထောင်အရာရှိတွေနဲ့ ပင်းပြီး ထောင်ထဲ ပိုက်ဆံခိုးသွင်းထားတဲ့ အကျဉ်းသားတွေကိုလည်း ပိုက်ဆံနဲ့ ရောင်းစားပါတယ်။ တကယ်တော့ သူတို့ စားတဲ့၊ ရောင်းတဲ့အတွက် ထောင်သားတဦးချင်း ရရမယ့် ဝေစု လျော့နည်းသွားတာမို့ အကျဉ်းသား အများစုဟာ ရေသာသူ ပဲဟင်းကိုသာ စားကြရတာပါ။

တာရပေါဟင်း ဆိုတာက ဟင်းရွက်သောင်းပြောင်းကို ရောပြုတ်ထားတဲ့ ဟင်းရွက် ပြုတ်ရည်ပါ။ ထောင်ထဲမှာ အကျဉ်းသားတွေဟာ တောင်ယာ စိုက်ကြရပါတယ်။ အဲဒီ သီးနှံစိုက်ခင်းထဲက ဟင်းရွက်တွေကို သိမ်းကြုံး ခုတ်ဖြတ်ပြီး ရေနွေးထည့်ကြိုထားတဲ့ မိုးဗြဲဒယ်အိုးကြီးထဲကို ဟင်းရွက်တွေ မဆေးမကြောဘဲ ပစ်ထည့်လိုက်လို့ ရလာတဲ့ ဟင်းရည်ကျဲဟာ `ထောင် တာရပေါဟင်း´ ပါပဲ။

တခါ တခါ ဟင်းရွက်မပါတဲ့ အဲဒီ ဟင်းရည်ကျဲထဲမှာ အမှိုက်တွေ၊ ကျောက်ခဲတွေ ပိုးကောင်တွေ၊ မျှော့တွေ ပါလာရင်လည်း ထုံးစံ ဖြစ်နေလို့ ဘယ်သူမှ အံ့အားလည်း မသင့်၊ ရွံလည်း မရွံရှာနိုင်ဘဲ စိတ်ပျက်လက်ပျက် ကြိတ်မှိတ် ဖယ်စားရုံပဲ ရှိပါတော့တယ်။

ထောင်သားတွေကို ပေးတဲ့ ငါးပိကလည်း သဲတွေ၊ ကျောက်စရစ်ခဲတွေနဲ့ ရောထားတာပါ။ ထောင်သားတွေကို ကျွေးရမယ့် ငါးပိတွေထဲက တချို့ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေက ထုတ်ရောင်းစားလိုက်လို့ ပမာဏ လျော့နည်းသွားတာကို ကာမိအောင် ထပ်ဖြည့်တဲ့အနေနဲ့ ကျန်တဲ့ ငါးပိထဲ အခုလို အရောအနှောတွေ လျှောက် ထည့်ထားတာပါ။ အကျဉ်းသားတဦးကို တနပ်စာအတွက် အဲဒီလို ငါးပိမျိုး ခပ်သေးသေး လက်ဘက်ရည်ဇွန်းနဲ့ တဇွန်း ရပါတယ်။

တပတ်ကို တကြိမ် အသား တနပ် ရပါတယ်။

ဒါပေမယ့် အကျဉ်းသားတွေ ရရမဲ့ အသားခွဲတမ်း ဝေစုထဲကနေ အသားကောင်းနဲ့ အသားအများစုကို ထောင်အာဏာပိုင်တွေအတွက် ဖယ်ပေးထားရတာမို့ ထောင်ဥပဒေအရ ထောင်သားတဦး ရရှိရမယ့် ပမာဏရဲ့ တ၀က်လောက်သာ ထောင်သားတွေ ရပါတော့တယ်။ အသားအစား ငါး ကြော်တဲ့ နေ့ကျရင် အကျဉ်းသားတွေဟာ ခေါင်းနဲ့ အမြီးသာရလို့ `ငါး အလယ်ပိုင်းဆိုတာ ဘာကို ခေါ်တာလဲ´ လို့ ထောင်ထဲမှာ မေးကြပါတယ်။

အဲသလိုနဲ့ အကျဉ်းသားတွေ စားရတဲ့ အစားအစာတွေဟာ လောက်လည်း မလောက်င၊ အာဟာရကလည်း မပြည့်ဝတာမို့ အကျဉ်းသား အများစုဟာ အမြဲလို ဆာလောင်နေကြတဲ့ အပြင် အစားအစာ မသန့်ရှင်းလို့ ဖြစ်ရတဲ့ ရောဂါတွေလည်း စွဲကပ်နေကြပါတယ်။

***

နောက်တခုက ရေချိုးတဲ့ ကိစ္စပါ။

အကျဉ်းထောင်ဆိုင်ရာ ကုလသမဂ္ဂ၊ ဂျီနီဗာ သဘောတူညီချက် အပိုဒ် (၂၆)မှာ…

`ထောင်အာဏာပိုင်တွေဟာ ထောင်တွင်း သန့်ရှင်းရေးနဲ့ အကျဉ်းသားတွေရဲ့ တကိုယ်ရေ သန့်ရှင်းရေး ရှိမရှိ၊ လေကောင်းလေသန့် ရ မရ စတာတွေကို ပုံမှန် စစ်ဆေးပေးရမယ်´ လို့ အတိအကျ အလေးအနက် ဖော်ပြထားပါတယ်။

အင်းစိန်ထောင်ထဲမှာ အဆောင် (၅)ဆောင်ရှိပြီး အဆောင်အမှတ် (၁) က လွဲလို့ ကျန် အဆောင်တွေမှာ အကျဉ်းသား တထောင်ကျော်စီ ထားပါတယ်။ အဆောင်အမှတ် (၁) ကတော့ အမှု ရင်ဆိုင်နေရတဲ့ အချုပ်သားတွေ အတွက် ဖြစ်ပြီး လူဦးရေ နှစ်ထောင်၊ နှစ်ထောင်ကျော်လောက် ထားပါတယ်။

အဆောင် တဆောင် တဆောင်မှာ ရေကန် တကန်စီ ရှိပြီး အရှည်ပေ ရှစ်ဆယ်၊ အကျယ် သုံးပေလောက်ရှိတဲ့ ရှည်မျောမျော ရေကန် ဖြစ်ပါတယ်။ အဲဒီ ရေကန်ရဲ့ သုံးပုံတပုံလောက်ကို သောက်ရေအတွက် ဆိုပြီး သီးခြား ကန့်ထား ခွဲထားပါတယ်။ သောက်ရေအတွက် ဆိုပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ လူဆိုးဗိုလ်တွေကတော့ အဲဒီ ရေကန် အကန့်မှာ ကြိုက်သလို ရေချိုးခွင့် ရေသုံးစွဲခွင့် ရှိပါတယ်။

ကျန်တဲ့ ရေကန်အကန့်မှာ တကြိမ်ကို အကျဉ်းသား တရာလောက် ရေကန် ဟိုဘက်ဒီဘက် လူခွဲ တန်းစီပြီး ရေချိုးရပါတယ်။ ရေကန် တဘက်တချက်မှာ လူတွေ မလှုပ်သာ မယှက်သာ ပြည့်သိပ်ကြပ်ညှပ်နေတာမို့ အတည့်ရပ်လို့ မရတာနဲ့ အကျဉ်းသားတွေဟာ ဘေးတိုက် တစောင်းရပ်၊ အချင်းချင်း တိုးဝှေ့ပြီး ရေချိုးကြရပါတယ်။

တနေ့ကို တကြိမ်သာ ရေချိုးရပြီး တကြိမ်ကို ထမင်းစားတဲ့ ဒန်ပန်းကန်ပြား ပက်ပက်နဲ့ ဆယ်ချပ်ထက် ပိုမချိုးရပါဘူး။ ရေကန် တာဝန်ကျ လူဆိုးတွေ စိတ်ကြည်သာရင်တော့ ရေပန်းကန်ပြား ဆယ့်ငါးချပ်လောက် ရတတ်ပြီး မကြည်သာရင်တော့ လေးငါးခြောက်ချပ်လောက်နဲ့ပဲ ကိစ္စပြီးသွားတာမျိုးပါ။ အဲဒီ ရေလောက်နဲ့ ဘယ်လိုမှ ဆပ်ပြာတိုက်လို့ မရပါဘူး။ ဒီကြားထဲ ညစ်ပတ်နေလွန်းလို့ ဆပ်ပြာတိုက်မိရင်လည်း ဆပ်ပြာတွေ မစင်ခင် ရေချိုးရပ်သွားရတာမို့ ဆပ်ပြာ မတိုက်တာကမှ တော်ပါသေးတယ်။

ဘေးတစောင်းတိုက် အလုအယက် တိုးခွေ့ ရပ်နေရတဲ့ အကျဉ်းသား တတန်းကြီးဟာ ရှည်မျောမျော ရေကန်ရဲ့ ထိပ်မှာ မျက်နှာရှုသိုးသိုးနဲပ ထိုင်နေတဲ့ ရေကန်တာဝန်ကျ အကြီးအကဲလူဆိုးက အသံနက်ကြီးနဲ့ `ခပ်´ လို့ အော်မှ ရေခပ်ရပါတယ်။ လူဆိုးကလည်း ဆောင့်ကြီး အောင့်ကြီးနဲ့ အမြန်အော်နေတာ ဆိုတော့ ကိုယ်က နှေးနေရင်၊ ဒါမှမဟုတ် ရေခပ်တာ မညီရင် ရေကန်ဘောင်ပေါ်မှာ တုတ်ထမ်းရင်း လျှောက်နေတဲ့ ရေကန်ဘာယာခေါ် အစောင့်တွေက တုတ်နဲ့ မချိမဆံ့ ရိုက်တာ ခံရပါသေးတယ်။ တခါတခါ ရေကန်ဘာယာတွေက ရေခပ်တာ မညီတဲ့ အကျဉ်းသားတယောက်ကို ရိုက်ရင်းနဲ့ ဘာမဆိုင် ညာမဆိုင် တခြား အကျဉ်းသား အကုန်လုံးကို ဆက်တိုက် တန်းစီ ရိုက်သွားတာမျိုးတွေလည်း ထောင်ထဲမှာ မဆန်းပါဘူး။ ပန်ကန်ပြားနဲ့ ရေခပ်ရတာကလည်း လူဆိုးဗိုလ်ရဲ့ `ခပ်´ ဆိုတဲ့ အသံကို နားစွင့်ရင်း ကတိုက်ကရိုက် ခပ်ကြရတာမျိုးပါ။ အဲဒီလိုနဲ့ ဘယ်သူမှ အေးအေးဆေးဆေး ရေမချိုးကြရဘဲ အကြောက်ကြောက် အလန့်လန့် ကျီးလန့်စာစား တက်သုတ်ရိုက် ချိုးကြရတာပါ။

အဲဒီလို ရေ လုံလုံလောက်လောက် မချိုးရတာ၊ သေသေချာချာ မချိုးရတာတွေကြောင့် ထောင်သားတွေဟာ ညစ်ပတ်နေပြီး ၀ဲစို၊ ၀ဲခြောက်၊ ပွေး စတဲ့ အရေပြား ရောဂါမျိုးစုံနဲ့ ၀မ်းပျက်၊ ၀မ်းလျှော၊ ၀မ်းကိုက် စတဲ့ ရောဂါတွေ လူတိုင်းလို စွဲကပ်နေကြပါတယ်။ အဲဒီလို ရောဂါတွေ ဖြစ်လို့လည်း ဂရုတစိုက် ဆေးဝါးကုသပေးတာမျိုး မရှိလို့ ၀မ်းလျှော ၀မ်းကိုက်ရောဂါလောက်နဲ့ မသေသင့်ဘဲ သေဆုံးသွားကြရသူတွေ ထောင်ထဲမှာ မနည်းလှပါဘူး။ အသက်တွေ နှမြောစရာပါ။

ဆက်ရန်…

1 comment:

loimwethu said...

Thank for sharing unrecorded record. feel suffocated after reading from post 4-11 continuously. Needless to say, I am proud that the author is our fellow YITian.