ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
ထောင်ဆေးရုံ
နိုင်ငံတကာ အစိုးရတွေ လိုက်နာရမယ့် ကုလသမဂ္ဂ သဘောတူညီချက်မှာရော၊ အကျဉ်းထောင် လက်စွဲ ဥပဒေမှာပါ-
`ဆေးရုံတာဝန်ခံဟာ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင်၊ စိတ်ပိုင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်။ ထောင်ကျ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ထောင်ဆေးရုံဆရာဝန်ဟာ စိတ်ရောဂါကိုပါ နားလည်ရမယ့် အပြင် ပြင်ပက စိတ်ရောဂါကု ဆေးရုံတွေနဲ့လည်း ဆက်စပ် ဆောင်ရွက်ရမယ်´ လို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။
လွတ်လပ်ခွင့်ကို ပိတ်ထားခံရတာမို့ ပုံမှန် လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းနဲ့ အဆက်ပြတ်သွားရတဲ့ လူတယောက် အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားနိုင်လို့ ခန္ဓာကိုယ် ကျန်းမာရေးကို မဆိုထားနဲ့၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဥပဒေထဲမှာ အလေးအနက် ထည့်သွင်း ရေးဆွဲထားတာပါ။ လူကို တန်ဖိုးထားတဲ့ သဘော၊ လူ့တန်ဖိုးကို ကာကွယ် စောင့်ရှောက်တဲ့ သဘောပါ။
ဒါပေမယ့် န၀တ၊ နအဖခေတ် အကျဉ်းထောင်တွေထဲမှာတော့ ရောဂါဖြစ်လာရင် ဥပဒေပါ အခွင့်အရေးကို အားမကိုးနိုင်ဘဲ ထောင်တွင်းမှာ ငွေခင်းနိုင်မှ အသက်ရှင်ဖို့ အကြောင်း ရှိပါတယ်။ ရောဂါ တခုခုဖြစ်လို့ ဆေးကုခံချင်ရင် ဆရာဝန်ကို ပိုက်ဆံပေးမှ ဆေးရုံတက်ရောက် ကုသခွင့်ရပြီး ပိုက်ဆံပေးမှလည်း ဆရာဝန်က ဂရုစိုက် ကုသပါတယ်။ ပိုက်ဆံမပေးရင်တော့ သေကောင်ပေါင်းလဲဖြစ်မှ ဆေးရုံတင်တာမို့ ဆေးရုံတင်ရပြီ ဆိုတာနဲ့ လူနာ ဆယ်ယောက်မှာ ကိုးယောက် သေတော့တာပါပဲ။
`ရောဂါ တခုခု ဖြစ်လာရင် စနစ်တကျ ရောဂါ စစ်ဆေးတာမျိုး၊ ရောဂါအမျိုးအစား ခွဲခြမ်း စိတ်ဖြာ သတ်မှတ်တာမျိုး၊ ဂရုတစိုက်နဲ့ ကြပ်မတ်ကုသတာမျိုး လုပ်ရမယ်´ လို့ အင်္ဂလိပ် လက်ထက်ကတည်းက ကျင့်သုံးလာတဲ့ ထောင်ဥပဒေအရ ပြဋ္ဌာန်းထားပေမယ့် စစ်အစိုးရ ထောင်တွေမှာ အဲဒီဥပဒေကို မလိုက်နာပါဘူး။ ဒါကြောင့်မို့ အနာနဲ့ ဆေး လွဲနေတာမျိုးတွေ၊ ရောဂါလွန်မှ ဆေးအမှန် တွေ့တာမျိုးတွေ၊ မသေသင့်တဲ့ ရောဂါတွေလောက်နဲ့ သေရတာမျိုးတွေ ထောင်ထဲမှာ ရေတွက် မကုန်ပါဘူး။
ထောင်ထဲမှာ အခြေအနေ အဆိုးဆုံးက နိုင်ငံရေး အကျဉ်းသားတွေပါ။
နိုင်ငံရေး ဂုဏ်သိက္ခာအရ ထောင်ထဲမှာ ဘယ်သူ့ကိုမှ `လာဘ်ပေးပြီး အခွင့်အရေး မယူရ´ လို့ နိုင်ငံရေး အကျဉ်းသားအားလုံး တင်းတင်းကျပ်ကျပ် ခံယူထားတာမို့ ပိုက်ဆံပေးမှ၊ လာဘ်ထိုးမှ အသက်ရှင်နိုင်တဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေက စိုးရိမ် ပူပင်စရာပါပဲ။
ဒါ့အပြင် န၀တ စစ်အစိုးရကရော၊ ထောင် အရာရှိတွေကပါ `နိုင်ငံရေး အကျဉ်းသားဆိုရင် ပိုပြီး ရက်ရက်စက်စက် ဖိနှိပ် ပေးထားရမယ်´ ဆိုတဲ့ မူအရ ထောင်နဲ့ အစိုးရ ပေါင်းပြီး တက်ညီလက်ညီ တင်းကျပ်ထားတာမို့ သူတို့ အခြေအနေက ပိုဆိုးနေရတာပါ။ ဘာပဲပြောပြော အခုလို ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးတွေ၊ မတရားမှုတွေကို သိသိကြီးနဲ့ ဒီအတိုင်း လွှတ်ပေးထားတဲ့ သဘောကိုက ဆင်းရဲတဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တဖက်လှည့်နဲ့ သတ်ပစ်နေတဲ့ သဘောလို့ ယူဆရမလို ဖြစ်နေပါတယ်။
အဲဒီလိုနဲ့ နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်၊ ပညာရှင် နယ်ပယ်က ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ် အကျော်အမော် အများအပြား ထောင်ထဲမှာ ရောဂါဝေဒနာ အပြင်းအထန် ခံစားရပြီး မသေသင့်ဘဲ သေဆုံးသွားခဲ့ကြရတာပါ။ အဲဒီ ဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံအတွက် ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှု၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေဖြစ်လို့ ၀မ်းနည်းစရာပါ။ အဲဒီထက် ပိုပြီးဝမ်းနည်းစရာ ကောင်းတာက န၀တခေတ် အကျဉ်းထောင်တွေမှာ အဲဒီ ဆုံးရှုံးမှုမျိုးတွေဟာ ရှေ့ကိုလည်း ဆက်ပြီး ကြုံတွေ့နေရဦးမယ် ဆိုတာပါပဲ။
ထောင်ထဲမှာ တခုထူးခြားတာက ဘာရောဂါမှ မရှိဘဲ ဆေးရုံတက်နေကြတဲ့ လူနာအတုတွေပါ။ ထောင်ဆရာဝန်ကို တလ သုံးထောင် က ငါးထောင်အထိ (၁၉၉၀ခုနှစ် တ၀ိုက်က ဈေးနှုန်း) လာဘ်ထိုးလိုက်ရင် ဘယ်သူမဆို ဆေးရုံမှာ လူနာအဖြစ် တက်ရောက် နေထိုင်ခွင့် ရှိပါတယ်။ လူကောင်းတွေအတွက် ဆေးရုံမှာ နေရတာက ဘာပဲဖြစ်ဖြစ် တခြားနေရာတွေမှာ နေရတာထက် စာရင် ပိုကောင်းပါတယ်။ ထောင်တွင်း အလုပ်ကြမ်း မလုပ်ရဘူး။ ရဲဘက် စခန်း မလိုက်ရဘူး။ နောက် ဆေးရုံစာ ရတယ်။
ဆေးရုံစာဆိုတာက မနက် ည အသားဟင်း တမျိုးနဲ့ အသားစွပ်ပြုတ် တခွက် ဖြစ်လို့ ထောင်ထဲမှာတော့ ပထမတန်းစား ဟင်း၊ နတ်သုဒ္ဓါပါပဲ။ အဲဒီလိုမျိုး လူနာအတုတွေ ရောဂါတခုခု ဖြစ်ရင်လည်း ဆရာဝန်က သိပ်ဂရုစိုက်ပါတယ်။ ဒါကြောင့် ပိုက်ဆံရှိတဲ့ အကျဉ်းသားတွေ၊ များသောအားဖြင့် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျလာတဲ့ ဘိန်းစားတွေဟာ ထောင်ဆရာဝန်ကို ပိုက်ဆံပေး၊ လာဘ်ထိုးပြီး ဆေးရုံ တက်နေကြပါတယ်။ (ဘိန်းစားတွေ ဆေးရုံတက်နေကြတဲ့ နောက် အကြောင်း တခုကတော့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေကို လွတ်လွတ်လပ်လပ် ကိုင်ခွင့်ရှိတာမို့ ကြိုက်တဲ့အချိန် ဘိန်းထိုးနိုင်လို့ပါ)။
လာဘ်ထိုးပြီး နေတဲ့ အဲဒီလို လူနာ အတုတွေအတွက် နေရာကောင်းတွေ ပေးထားရတာမို့ ပိုက်ဆံ မတတ်နိုင်တဲ့ မျက်နှာမွဲ အကျဉ်းသား လူနာ အစစ်တွေဟာ ဆေးရုံမှာ ကုတင်တွေနဲ့ မနေကြရတော့ဘဲ တချို့လည်း ကုတင်ဘေး၊ ကြမ်းပြင်ပေါ်၊ တချို့လည်း အနံ့အသက် မကောင်းတဲ့ စတိုခန်းတွေ၊ တချို့လည်း လူသွားလမ်းတွေ၊ တချို့လည်း မသန့်ရှင်းတဲ့ အိမ်သာ အ၀င်အထွက် ရေစက်လက် နေရာတွေမှာ ဖြစ်သလို နေကြရပါတယ်။ ဒါ့အပြင် လူနာအတွက် မရှိမဖြစ် လိုအပ်တဲ့၊ ဆေးရုံက ပေးကိုပေးရမှာ ဖြစ်တဲ့ အ၀တ်အစား၊ မွေ့ယာနဲ့ စောင်တွေလည်း မရကြပါဘူး။ စောင်စုတ်ကလေးတွေ ဖြန့်ခင်းပြီး ဖြစ်သလို နေကြရတာပါ။ သူတို့ အတတ်နိုင်ဆုံး၊ အလုပ်ရဲဆုံး အလုပ်ကတော့ ဖြတ်သွားတဲ့ မျက်နှာကြောတင်းတင်း ဆေးရုံဝန်ထမ်းတွေကို အကူအညီ ပေးလိုပေးငြား မျက်နှာငယ်လေးတွေနဲ့ (လူသေမျက်လုံးတွေနဲ့) မျက်စိတဆုံး လိုက်ငေးကြည့်ကြတာပါပဲ။
အကျဉ်းထောင် ဥပဒေအရ လူနာရဲ့ ရောဂါဟာ ထောင်ဆေးရုံမှာ မကုနိုင်တဲ့ ရောဂါဖြစ်နေရင် ဒါမှမဟုတ် ရောဂါက သိပ် ပြင်းထန်နေရင် ထောင်အပြင် ထုတ်ပြီး ပြင်ပဆေးရုံကြီးတွေကို ပို့ဆောင် ကုသပေးရပါတယ်။ ဒါ အကျဉ်းသားတွေ ရကို ရရမယ့် ဥပဒေပါ အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အဲဒီ ဥပဒေကို အလွဲသုံးစားလုပ်၊ ပိုက်ဆံပေး လာဘ်ထိုးတဲ့ လူနာတွေကိုသာ ထောင်ပြင်ထုတ်ပြီး ဆေးကုသပေးပါတယ်။
ထောင်ထဲ ရောက်လာတဲ့ အကျဉ်းသား အများစုဟာ ပိုက်ဆံတတ်နိုင်ကြတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့ လူကို ဒုက္ခ ထပ်ပေးပြီး၊ ဒုက္ခနဲ့ အကျပ်ကိုင်ပြီး ငွေမရ ရအောင် လုပ်ရက်တဲ့ စိတ်ထားက အံ့အားသင့်စရာလည်းကောင်း၊ စက်ဆုပ် ရွံရှာစရာလည်း ကောင်းပါတယ်။ ထောင်တွေထဲမှာ အဲဒီလိုမျိုးတွေ ဖြစ်အောင် ဖန်တီးထားသူတွေကတော့ ထောင်အာဏာပိုင်တွေနဲ့ န၀တ အာဏာပိုင်တွေပါပဲ။
အဲဒီနည်းနဲ့ ထောင်ဆရာဝန်တွေဟာ အားကိုးမဲ့နေတဲ့ ထောင်သားတွေရဲ့ အသက်ကိုရင်းပြီး ခဏချင်းမှာ ကြီးပွား ချမ်းသာသွားကြပါတော့တယ်။
ထောင်ထဲမှာ သိသာတာ တခုက အကျဉ်းသားတဦး ထောင်ထဲမှာ သေသွားတိုင်း တခြား အကျဉ်းသားတွေ မျက်နှာငယ်လေးတွေ ဖြစ်သွားကြတာပါ။ တပြိုင်ထဲမှာပဲ အတွေးတခုကိုလည်း အထိတ်တလန့် တွေးမိကြပါတယ်။ အဲဒီ အတွေးကတော့ `ကိုယ့်အလှည့် ဘယ်တော့လဲ´ ဆိုတာပါ။
ထောင်ထဲမှာ အတော်ဆိုးဝါးတဲ့ နောက် ကိစ္စတခုက ဆေးထိုးအပ် အသုံးပြုပုံ အသုံးပြုနည်းပါ။
ဆေးထိုးတဲ့အခါ ဆေးထိုးပိုက်ထဲမှာ ဆေးတွေ အများကြီးထည့်ထားပြီး လူနာတွေကို တန်းစီ ဆေးထိုးပေးတာပါ။ အပ်ကိုလည်း တချောင်းထဲ သုံးပြီး လူနာတယောက်ကို ဆေးနည်းနည်း ထိုးပေးလိုက်၊ နောက် လူနာတယောက်ကိုလည်း ဒီအပ်၊ ဒီဆေးနဲ့ပဲ နည်းနည်း ထိုးပေးလိုက် လုပ်တာပါ။ လူနာပြောင်းပြီး ဆေးသာ ပြောင်းသွားတယ်။ ဆေးထိုးအပ်ကတော့ မပြောင်းပါဘူး။
ဒါကြောင့်ပဲ ထောင်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ပြန့်နှံ့ပြီး အေအိုင်ဒီအက်စ် ဖြစ်တဲ့သူ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးရသူတွေ မနည်းတာပါ။ ပြီးတော့ အေအိုင်ဒီအက်စ် ရောဂါအပြင် သွေးကတဆင့် သယ်ပေးလို့ ဖြစ်လာရတဲ့ ကူးစက်ရောဂါတွေလည်း အများကြီးပါပဲ။ (ထောင်ဆေးရုံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတဲ့ အကျဉ်းသားတွေကိုလည်း ထားပါတယ်)။
***
ထောင်ဆေးရုံက အဖြစ်အပျက် တခုကို ပြောပြချင်ပါသေးတယ်။ တခါတုန်းက နိုင်ငံရေး အကျဉ်းသား တယောက် ဆေးရုံတက်ရပါတယ်။
တနေ့ သူ ဆေးထိုးရမယ် ဖြစ်တော့ တခြားလူ ထိုးပြီးသား ဆေးထိုးအပ်နဲ့ သူ့ကို ထိုးမယ်လည်း လုပ်ရော သူက အဲဒီအပ်နဲ့ သူ့ကို မထိုးဖို့၊ အပ် ပြောင်းပေးဖို့ ပြောပါတယ်။ အဲဒီမှာ ထောင်ဆရာဝန် ဒေါက်တာ စိုးကြည်က `ဒါ ထောင်၊ မင့် ပထွေးအိမ် မဟုတ်ဘူး။ တခါသုံးအပ် သုံးချင်ရင် ထောင်အပြင်ရောက်မှ ပြော´ လို့ ပြောပါတယ်။ တဆက်ထဲမှာပဲ အဲဒီ နိုင်ငံရေး အကျဉ်းသားကို ဆေးထိုးပေးဖို့ လုပ်နေတဲ့ သူ့တပည့် ဘိန်းစားကို `ဒီကောင့်ကို ဆေးထိုးပေးစရာ မလိုတော့ဘူး´ လို့ ဒေါက်တာ စိုးကြည်က အမိန့် ပေးလိုက်ပါတယ်။ အဲဒီနောက် တခြား လူနာတွေကို အပ်တချောင်းထဲနဲ့ ဆေး ဆက်ထိုးသွားပါတယ်။ ဒါနဲ့ အဲဒီ နိုင်ငံရေး အကျဉ်းသားက အပ်တချောင်းထဲနဲ့ ဆေး အထိုးခံတဲ့ တခြား အကျဉ်းသားတွေကို `ဘာလို့ ခင်ဗျားတို့ ငြိမ်ခံနေကြတာလဲ´ လို့ မေးတော့ သူတို့က `အပ် တချောင်းထဲ သုံးလို့ အေအိုင်ဒီအက်စ်ဖြစ်ပြီး သေမှာက နောက်၊ ခင်ဗျားလို ပြောလို့ စိတ်ဆိုးပြီး ဆေးထိုးမပေးလို့ သေမှာက အခု၊ ဒီတော့ နောင်ခါလာ နောင်ခါဈေးပဲ´ လို့ ပြန်ပြောကြသတဲ့။
ဟုတ်ကဲ့။ နောက်ပိုင်းတော့ အဲဒီ နိုင်ငံရေး အကျဉ်းသားလည်း ဆေးထိုးခါနီးကျရင် အပ်ပြောင်းပေးဖို့ မပြောတော့ပါဘူး။
ဆက်ရန်…
(သတ်ပုံ အသုံးအမှားတခုကို မေးလ်ပို့ပေးပြီးဂရုတစိုက် ထောက်ပြပေးခဲ့တဲ့ အကိုဖိုးထွေးကို ကျေးဇူးတင်ပါတယ်)
1 comment:
အဲဒီ ထောင်ဆရာဝန်က ကိုယ်သင်ထားတဲ့ပညာရဲ့ မွန်မြတ်မှုကိုမှ အားမနာ.. လူတွေကို အသက်ဆက်ပေးမယ့်အစား သေမင်းဘက် တွန်းပို့နေတယ် ။
ခုလို အသေးစိတ်ပြန်ရေးပြနိုင်တဲ့ ကိုဝင်းနိုင်ဦးကို တကယ် လေးစားပါတယ် ။
Post a Comment