Wednesday, August 15, 2007

လူတွေနဲ့...လူ

ညနေခင်းလေး တခု…။

တနေကုန် ဖြိုးဖျောက်ဖျောက် ရွာနေခဲ့သော မိုးကြောင့် အပူဒဏ်ရဲ့ နှိပ်စက်မှုမှ ကင်းလွတ်ခွင့် ရနေသောညနေ။ လေတချက်ဝှေ့လိုက်တိုင်း အပင်များပေါ်မှ မိုးဖွားလက်ကျန်များက မြေပေါ်သို့ ခုန်ပေါက်ဆင်းလာကြရင်း မြက်ခင်းများပေါ်တွင် နားခိုကြပြန်သည်။ ဒီတခါ မိုးက မြန်မာပြည် မိုးနှင့် တူလိုက်ပါသဘိတော့…။

ရေချိုးပြီးစ ဖြစ်လို့လားတော့ မပြောတတ်…။ ပင်ပန်းခဲ့သမျှ ပြေပျောက်ပြီး လူကလည်း အတန်ငယ် စိတ်ကြည်လင်နေ၏။ အိမ်ရှေ့ဝရန်တာကို ထွက်ငေးတော့ မြင်နေကြ မြင်ကွင်းက ရိုးအီလှစွာ ပျင်းတွဲ့တွဲ့ကြိုနေသည်။ ဘာရယ်တော့မဟုတ်…၊ မြင်နေကြ မြင်ကွင်းကိုပဲ ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေမိသည်။ လူရယ်ဆိုလို့ တယောက်တလေမှတောင် မမြင်…။ ကလေးကစားကွင်းမှာ ခါတိုင်း လာကစားနေကြ ကလေးကိုပင် မတွေ့ရ…။ ခက်တာက ကျနော်က လူတွေကို ကြည့်ချင်ခြင်းပင်…။

မြန်မာပြည်မှာတုန်းကတော့ ဒီလို ညနေခင်းမျိုးမှာ လက်ဖက်ရည်ဆိုင် ထိုင်ရင်းဖြစ်ဖြစ်၊ လမ်းဘေးအုတ်ခုံမှာ ထိုင်ရင်းဖြစ်ဖြစ် သွားလာလှုပ်ရှားနေကြသော လူတွေကို ထိုင်ငေးရတာကို အရသာ တခုလို ခံစားဖူးသည်။ တခါတခါလည်း ဖြတ်သွားသမျှ ကားတွေကို လိုက်ရေတွက်၏။ မပီမသနဲ့ အော်ဟစ်ပြီး ဘာရောင်းမှန်းမသိသော ဈေးသည်အော်သလိုလည်း လိုက်အော်ကြည့်ဖူးသည်။ လမ်းသွားရင်း ကွမ်းတံတွေးကို `ဗျစ်´ ခနဲ လမ်းဘေး ထွေးသွားသော ငနဲတချို့ကိုတွေ့တော့ စိတ်ထဲကနေ ကဲ့ရဲ့သည်။ စက်ဘီးဘဲလ်သံ ကလင်ကလင်နဲ့ လုံမလေးများကိုတွေ့ရင်တော့ မျက်စိတဆုံး လိုက်ငေး၏။ မည်သို့ပင်ဖြစ်စေ…၊ လူတွေကို လိုက်ငေးရသည့် အရသာကို ကျနော် ကြိုက်သည်။

အခု လက်ရှိရောက်နေတဲ့ နေရာမှာကတော့ ပါးလျားနည်းပါး လိုက်တဲ့လူတွေ။ တချက်တချက် ဖြတ်သွားသော ကားတစီးတလေမှလွဲပြီး ငေးစရာဘာမှကို မရှိ။

ဟော…၊ ဟိုးရှေ့ အခန်းက လူတယောက် အပြင်ကို ထွက်လာပါလား။ မထူးပါဘူး။ သူဘာလုပ်မလဲ ဆိုတာပဲ လိုက်ကြည့်မှ…။ သို့သော်၊ အနှီပုဂ္ဂိုလ်က အိမ်ရှေ့မှာ ခါးထောက်လို့ ဟိုဟိုဒီဒီ တခဏသာ ကြည့်ပြီး သူ့အခန်းထဲ ပြန်ဝင်သွားသည်။ ဘယ်လိုလူပါလိမ့်။ ကြောင်တောင်တောင်နဲ့။ (အမှန်တကယ် ကြောင်တာက ကျနော်)။

စိတ်ထဲမှာ တယောက်တည်း ဒီလိုကြီး အဓိပ္ပာယ်မဲ့ ရပ်ကြည့်ငေးမောနေရတာကို ဘာကို မကျေနပ်မှန်းမသိ မကျေမနပ် ဖြစ်ချင်လာသည်။ လူတွေ၊ လူတွေ၊ လူတွေ ဘယ်ရောက်နေလဲ…….။

အတွေးတခု ၀င်လာသည်။ လူတွေကို မြင်ချင်ရင် လူတွေရှိတဲ့နေရာကို သွားရမှာပေါ့…။ လူများများ မြင်ချင်ရင် များများရှိတဲ့နေရာကို သွား၊ လူများများ လာတတ်တဲ့နေရာကို သွား၊ ဒီလောက်လွယ်တဲ့ ပုံသေနည်းကို…။

***

ဒီလိုနဲ့ ကျနော် ကိုယ့်ကိုယ်ကို သတိပြုမိတဲ့ အချိန်မှာတော့ လူစည်ကားရာ မြို့လယ်ကို ရောက်နေပေပြီ။ ကော်ဖီဆိုင်၊ ရေခဲမုန့်ဆိုင်၊ မက္ကဆီကန် ဈေးဆိုင်၊ ကိတ်မုန့်ဆိုင်၊ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင်၊ ဆေးမှင်ကြောင် ထိုးသည့် ဆိုင်၊ ဘာဆိုင် ညာဆိုင်၊ ဟိုဆိုင် ဒီဆိုင်တွေမှာ ၀င်လိုက် ထွက်လိုက်၊ သွားလိုက် လာလိုက်နဲ့ များလိုက်တဲ့ လူတွေ။

သိပ်အကြိုက်ကြီး မဟုတ်လှသော်လည်း အီတာလျံ ကော်ဖီတခွက်ဝယ်ပြီး လမ်းဘေးမှာ ခင်းထားသည့် စားပွဲဝိုင်းငယ်မှာ ထိုင်ရင်း လူတွေကို အားရပါးရ ငေးပစ်လိုက်သည်။ အရသာ ရှိလိုက်ပါဘိ။ ဖြတ်သွားသော လူများထဲမှ တချို့က အားရပါးရပြုံးပြပြီး `ဟိုင်း´ ဟု နှုတ်ဆက်သွားသည်။ တချို့ကတော့ သာမန်ကာလျှံကာပင် `ဟယ်လို´ ဟု ခပ်သွက်သွက်ပြောသွားပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြ၏။ တချို့ကတော့ လှည့်ပင်မကြည့်၊ ရှိသည်ဟုပင် မထင်။

လူတွေကလည်း အရောင်အသွေးစုံလှသည်။ ဖြူ၊ မည်း၊ ၀ါ၊ ညို အသားရောင်စုံ၊ ပိုက်ဆံ ချမ်းသာဟန် ခပ်မော့မော့ လူတွေ၊ အိမ်ခြေမဲ့ဟန် ငိုက်ဆိုက်ဆိုက် လူတွေ၊ အရွယ်ကလဲ စုံ၊ သူ့အပူနှင့်သူ သူ့လမ်းနှင့်သူ၊ သူ့ခရီးနှင့်သူ သွားနေကြ၏။ တချို့ ခပ်သွက်သွက်၊ တချို့ ခပ်လေးလေး၊ တချို့ ခပ်မှန်မှန်၊ တချို့ကတော့ ရပ်လို့။ ကျနော်ကတော့ ထိုင်နေသည်။ ထိုင်နေမိတာကို သတိပြုမိရင်းနဲ့တောင် `ခဏလေး ထိုင်တာပါကွာ´ လို့ အတ္တလေး နှောပြီး ကိုယ့်ကိုယ်ကို အကောင်းမြင်လိုက်သေးသည်။

***

နောက်တော့…။

ညနေက ကျနော် ရပ်ငေးခဲ့သော ၀ရန်တာကို ပြန်ရောက်လာသည်။ ဘယ်သူမှ မရှိ။ အင်းလေ၊ ဘယ်သူမှ မရှိတဲ့ နေရာမှာ ရပ်နေမှတော့ ဘယ်သူတွေကိုရော မြင်ရမှာပါလဲ၊ ဘယ်သူတွေကရော ကျနော့်ကို မြင်မှာပါလဲ။

ဒီနေရာမှာ လူတွေ မရှိပေမယ့် စောစောကလို မြို့လယ်မှာတော့ လူတွေ မြောက်များစွာ ရှိနေပါသည်။ မြို့လယ်မှာတင် မကပါ။ ဘီယာဘားမှာလည်း လူတွေရှိသည်။ မောလ် မှာလည်း လူတွေရှိသည်။ ကာစီနိုရုံမှာလည်း လူတွေ ရှိသည်။ ပန်းခြံမှာလည်း လူတွေ ရှိသည်။ မတူညီသော နေရာတွေမှာ ကွဲပြားသော စရိုက်စုံဖြင့် လူမျိုးစုံ ရှိနေကြပါသည်။ ကဲ…၊ ဘယ်နေရာက အကောင်းဆုံးပါလဲ။

သို့သော်…၊ သေချာသည်ကတော့ လူတွေကို ငေးရသည်မှာ အရသာရှိသည်။ လူတွေကို ခံစားရသည်က စိတ်လှုပ်ရှားစရာ ကောင်းသည်။ လူတွေက ရသအမျိုးမျိုးကို ပေးစေသည်။ တခါတလေမှာ လူတွေက စိတ်ညစ်စရာတွေ ပေးတတ်သလို တခါတလေတော့လည်း လူတွေကြောင့်ပင် စိတ်ပျော်ရွှင်ရသည်။

တကယ်တော့…။

ကျနော်သည်လည်း ထိုထိုသော လူတွေထဲက လူတယောက် ဖြစ်ပါသည်။


ကလိုစေးထူး

5 comments:

Mg Yin said...

Nice essay..!! really cool..

မေဓာဝီ said...

မိုးကလည်း ဖြိုးဖျောက်ဖျောက်
မြင်ကွင်းကလည်း ပျင်းတွဲ့တွဲ့
အဲဒီမြင်ကွင်းကို ကြည့်နေပုံက ငေးကြောင်ကြောင် …

ဟဲဟဲ .. ဘာရယ်မဟုတ်ပါဘူး။ ပထမစာပိုဒ် ၂ ပိုဒ်ကိုဖတ်ပြီး သတိထားမိတဲ့ အသုံးအနှုန်းလေးတွေမို့ပါ။ :)

ကျမလည်း တခါတလေ ပျင်းပျင်းရှိရင် အိမ်ပေါ်ထပ်ပြတင်းပေါက်ကနေ လူတွေကို ငေးကြည့်ဖြစ်တယ်။ ကျမ အိမ်ရှေ့က လမ်းမမှာတော့ လူတွေက မပြတ်ဘူး။ ဥဒဟိုပဲ။ အဲဒီလိုကြည့်ရင်းကနေ ရေးစရာဇာတ်လမ်းတွေတောင် ရသေး။ ဟိုအရင်က ရေးခဲ့ဖူးတဲ့ မင်းသိင်္ခကိုချောင်းကြည့်ခြင်း လိုမျိုးတွေပေါ့။ လူတွေက ရသ အမျိုးမျိုးပေးနိုင်တာတော့ အမှန်ပဲ။ များသောအားဖြင့် ရယ်ရတယ်။ တကယ်တော့ အဲဒီလို သူ့အကြောင်းနဲ့သူ အသီးသီး သွားလာလှုပ်ရှားနေကြတဲ့ လူတွေကို လိုက်ကြည့်နေမိတဲ့ ကိုယ်တိုင်ကပဲ ရယ်စရာကောင်းနေမလားမသိဘူးနော်။
အဲ … နောက်ကို လူတွေကို ကြည့်လည်းကြည့်ချင် လူတွေကလည်း အနားမှာ မရှိရင် မှန်ရှေ့သာ ရပ်ကြည့်နေပေတော့။ :P နောက်တာပါ။
ဒီ အက်ဆေးလေးကို သဘောကျပါတယ်။ (အခုမှ လိုရင်းရောက်တော့တယ်။)

MELODYMAUNG said...

လူတွေကို ကြည့်တဲ့ အခါ သူတို့ အသံတွေမပါပဲ အမူအရာတွေချည်း ကြည့်ရတာ ၀ါသနာပါတယ် ။ ရယ်လဲရယ်ရတယ်။ ကိုစေးထူးရဲ့ မှန်ရှေ့ကနေ ကိုယ့်မျက်နှာကိုယ်ပြန်မြင်တဲ့ ပို့စ်ကိုဆို ခုထိမျက်စိထဲ မြင်ယောင်ပြီး ရယ်နေရတုန်းပဲကိုစေးထူးကြီးကို အပြင်မှာ မြင်ကြည့် ချင်သေးရဲ့ ငှက်ငှက်ငှက်

pandora said...

ရန်ကုန်မှာ ဈေးတစ်ခုနဲ့ မနီးမဝေး အိမ်တစ်အိမ်ရဲ့ ၀ရံတာကထိုင်ပြီး သွားလာနေတဲ့လူတွေကို အကြာကြီး ထိုင်ငေးဖြစ်ခဲ့တဲ့ အချိန်တွေ သွားသတိရတယ်..
လူတွေ လူတွေ..

hninhnin said...

လူတွေကို ငေးရသည်မှာ အရသာရှိသည်။ လူတွေကို ခံစားရသည်က စိတ်လှုပ်ရှားစရာ ကောင်းသည်။ လူတွေက ရသအမျိုးမျိုးကို ပေးစေသည်။ တခါတလေမှာ လူတွေက စိတ်ညစ်စရာတွေ ပေးတတ်သလို တခါတလေတော့လည်း လူတွေကြောင့်ပင် စိတ်ပျော်ရွှင်ရသည်။ တကယ်တော့… သိုးလေးလည်း ထိုထိုသော လူတွေထဲက လူတယောက် ဖြစ်ပါသည်။