Saturday, September 01, 2007

အဓိက…

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက စပြီး ကျနော် အွန်လိုင်း ချက်တင်တွေ စတင် ၀င်ဖြစ်ခဲ့ပါတယ်။ မိုဒင်၊ ပလဲနက်၊ မြန်မာ စသဖြင့် မြန်မာချက်ရွမ်းတွေကို အချိန်အတော်များများ ၀င်ဖြစ်ခဲ့ဖူးပါတယ်။

ချက်ရွမ်းတွေထဲမှာက လူစုံပါတယ်။ ကျောင်းသားကျောင်းသူ၊ ရုံးဝန်ထမ်း၊ အလုပ်သမား၊ စစ်ဘက်နယ်ဘက်မှ ပုဂ္ဂိုလ်များနဲ့ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့များမှ လူများ စသဖြင့် အရောင်စုံ လူစုံပါတယ်။ ချက်ရွမ်းတွေထဲမှာ မကြာခဏထိပ်တိုက်ဖြစ်လေ့ရှိတာကတော့ စစ်တပ်ဘက်မှ ပုဂ္ဂိုလ်များနဲ့ သူတို့ကို ဆန့်ကျင်သူများ တနည်းအားဖြင့် ပြောရရင် အုပ်ချုပ်သူအာဏာပိုင်ကို ကိုယ်စားပြုသူများနဲ့ ပြည်သူများ ဖြစ်ပါတယ်။

အဲဒီလို ထိပ်တိုက်ဖြစ်လေ့ရှိတဲ့ အခါတိုင်းမှာ အုပ်ချုပ်သူများဘက်က အမြဲလိုလိုပြောလေ့ ရှိတဲ့ စကားတခွန်းရှိပါတယ်။ `ဘာမှ လုပ်မရတဲ့ အင်တာနက်ပေါ်ကနေ လေကျယ်နေတယ်´ ဆိုတာပါ။ အဲဒီအခါတိုင်းမှာ ကျနော်ကလည်း တုံ့ပြန်နေကြ စကားတခွန်း ရှိခဲ့ပါတယ်။

`ချက်ရွမ်းလို အပျော်တမ်း စိတ်အပန်းဖြေတဲ့နေရာမျိုးမှာတောင် ခင်ဗျားတို့ကို ပြည်သူတွေက မထောက်ခံဘူးဆိုတာ သိစေချင်တယ်၊ အပြင်မှာ မပြောသာလို့သာ ဒီထဲမှာ ပြောနေကြရတာ ဖြစ်တယ်´

***

ဒီဘက်ခေတ် နောက်ပိုင်းမှာ ကိုယ့်အိမ်ကိုယ်ယာကို ခွဲခွာပြီး ပြည်ပထွက်လာကြတဲ့ အဝေးရောက် မြန်မာတွေ အတော်များလာပါတယ်။ အာဏာပိုင်ကို ဆန့်ကျင်ပြီး ထွက်လာသူများ၊ ပညာရှာ ထွက်လာသူ ကျောင်းသားများ၊ မြန်မာပြည် စီးပွားရေး အခြေအနေအရ ပြည်ပထွက် အလုပ်လုပ်ရသူများ၊ ပညာတော်သင်များ စသဖြင့် လူစုံ အလွှာစုံကလူတွေ ပြည်ပထွက်လာကြပါတယ်။

မြန်မာပြည်တွင်းမှာတုန်းက အာဏာပိုင်တွေကို မကျေနပ်ပါလျက်၊ မထောက်ခံပါလျက် အခြေအနေအကြောင်း အမျိုးမျိုးအရ ရေငုံနှုတ်ပိတ်ခဲ့ရသူ လူငယ်လူရွယ်များ၊ ပညာရှင်များဟာ ပြည်ပကို ရောက်လာတဲ့ အချိန်မှာ သူတို့ရဲ့ ဆန္ဒသဘောထား အစစ်အမှန်ကို အွန်လိုင်း မီဒီယာတွေကတဆင့် ထုတ်ဖော်ပြောဆိုပြီး အာဏာပိုင်တွေကို တုံ့ပြန်လေ့ရှိပါတယ်။

အခုနောက်ပိုင်းမှာတော့ အွန်လိုင်းမီဒီယာ လောကက အရင်ထက်စာရင် များစွာ ပိုမိုကျယ်ပြန့်လာပါတယ်။ အရင်တုန်းကဆိုရင် မြန်မာပြည် သတင်းကို သတင်းဌာနတွေကနေ တဆင့်သာ သိနိုင်ပေမယ့် အခုအခါမှာတော့ ဘလော့ဂ်များ၊ အွန်လိုင်းမိတ်ဆွေများမှတဆင့် တိုက်ရိုက်သိနိုင်ကြပါတယ်။ အဲဒီအခါမှာ မြန်မာပြည်တွင်းက အခြေအနေ အစစ်အမှန်ကို သိရှိသူတွေ အရင်ကထက် ပိုများလာပြီးတော့ လက်ရှိ အုပ်ချုပ်နေသူ အာဏာပိုင်တွေကို ဆန့်ကျင်သူတွေ ပိုများလာပါတယ်။ ဒါကြောင့် အာဏာပိုင်တွေနဲ့ ဆက်စပ်ပြီး အခွင့်အရေးရနေသူ လူတချို့တလေက လွဲရင် သာမန်ပြည်သူတွေ အားလုံးလိုလို လက်ရှိအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ရွံရှာမုန်းတီး ရှုံ့ချလာကြပါတယ်။

အဓိကအားဖြင့် ကြီးမားတဲ့ သက်သေပြစရာ တခုကတော့ ယနေ့ မြန်မာဘလော့ဂ် လောကပါပဲ။ ဘလော့ဂ် ရေးနေကြသူ မြန်မာများအနက် လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်သူနဲ့ ထောက်ခံသူ အင်အားကို ယှဉ်ထိုး လေ့လာကြည့်မယ်ဆိုရင် ဆန့်ကျင်သူတွေက အဆများစွာ ပိုများပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ `အာဏာရှင်´ ကို မနစ်မြို့ဘူးဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ အစိတ်အပိုင်း တခုပါ။

***

အားလုံး သိကြတဲ့ အတိုင်းပါပဲ။ သိပ်မကြာသေးခင်က မြန်မာပြည်မှာ စက်သုံး လောင်စာဆီဈေးနှုန်းတွေ အဆမတန် တိုးမြှင့်လိုက်ပါတယ်။ အဲဒါဟာ ပြည်သူတွေအတွက် သတင်းဆိုးဖြစ်ခဲ့သလို အတော်လေးလဲ လှုပ်ခတ်ခဲ့ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ နေရာအနှံ့ဖြစ်ခဲ့ပါတယ်။ အခုလဲ ဖြစ်နေဆဲပါပဲ။

မြန်မာပြည်မှာ တစုံတခု ထူးခြားမှု ဖြစ်တိုင်းမှာ မချင့်မရဲ အဖြစ်ရဆုံးကတော့ ကျနော်တို့ အဝေးရောက် မြန်မာတွေပါပဲ။ လက်ရှိအနေအထားနဲ့ မြန်မာပြည်ကို ပြန်ဖို့ကလည်း အခြေအနေမပေး၊ အဝေးကနေလည်း ဘာမှ မတတ်နိုင်၊ ဒီလိုနဲ့ပဲ အာဏာပိုင်တွေရဲ့ နှိမ်နင်းခံနေရတဲ့ ပြည်သူတွေ ပုံရိပ်ကို ကြည့်ပြီး စိတ်မသက်မသာ အလွန်ဖြစ်ရပါတယ်။

ဒီရက်ပိုင်းတွေမှာ အွန်လိုင်းမှာ ဆုံမိသမျှ အဝေးရောက် မြန်မာမောင်နှမတွေ ပြောလေ့ ရှိတာ စကားတခွန်း ရှိပါတယ်။ `မြန်မာပြည် သတင်းတွေ ကြားရတာ စိတ်ဆင်းရဲလိုက်တာ၊ မတရားလိုက်ကြတာ၊ ကျနော်/ကျမ တို့က ဒီဘက်ကနေ ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို အားမရဘူး၊ ဘယ်လိုလုပ်ကြမလဲ´ ဆိုတဲ့ စကားပါ။ တဘက်မှာကျတော့လည်း မိမိဆန္ဒကို အင်တာနက် အွန်လိုင်းမီဒီယာကတဆင့် ထုတ်ဖော်ပြောဆိုတဲ့ အဝေးရောက် မြန်မာများကို အာဏာပိုင်များနဲ့ သူတို့ကို လိုလားသူများက `အင်တာနက်ပေါ်ကမို့လို့ လေကျယ်နေတာပါ´ လို့ အားရပါးရကြီး ပုတ်ခတ်နေပြန်ပါတယ်။

တကယ်တော့ သေသေချာချာ ပြန်စဉ်းစားကြစတမ်းဆိုရင် ကိုယ့်နိုင်ငံအရေး၊ ကိုယ့်ပြည်သူအရေးကို ဘယ်နေရာရောက်နေပါစေ မမေ့မလျော့ မျက်ခြေမပြတ် စောင့်ကြည့်တာ၊ ကိုယ့်ပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခကို သူတို့နဲ့ ထပ်တူ ခံစားတာဟာ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံရေး စိတ်ပါပဲ။

တလောက စင်ကာပူမှာ မြန်မာကျောင်းသားတချို့ တင်းကျပ်တဲ့ စင်ကာပူဥပဒေကြားထဲမှာပဲ သူတို့ တတ်နိုင်သလောက် လူစုပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတဲ့ သတင်းတွေ ဖတ်လိုက်ရပါတယ်။ ကဲ၊ သူတို့ အဲဒီလို လမ်းလျှောက်လို့ ဘာတွေ အကျိုးအမြတ်ရနိုင်ပါသလဲ။ သေချာတာကတော့ အရင်ဦးဆုံး အနေနဲ့ စင်ကာပူဥပဒေအရ ရဲဖမ်းပါလိမ့်မယ်။ ဒီထက်ပိုလာရင် ကြိမ်ဒဏ်တို့ ဘာတို့တောင် ရနိုင်စရာရှိပါတယ်။ အကျိုးအမြတ် ဘယ်မှာများ ရမှာပါလဲ။ ငွေလား၊ နိုင်ငံရေးအမြတ်လား။

အာဏာပိုင်တွေကို ထောက်ခံနေသူတွေကတော့ ဒါကို `အပိုအလုပ်တွေ´ လို့ ပုတ်ခတ်လေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ မသိတာက အဲဒီ ကျောင်းသားလေးတွေရဲ့ မြန်မာပြည်က ပြည်သူတွေဆန္ဒနဲ့ တသားတည်း ရှိနေတဲ့ စိတ်ကိုပါ။ ဘာမှ မထူးလာနိုင်တဲ့ အခြေအနေမှာ ကိုယ်နေတဲ့ နေရာမှာ လုပ်လို့ရမယ်ထင်တာလုပ်ပြီး ဆန္ဒထုတ်ဖော်တယ်။ ဟိုးအဝေးကြီးမှာ ရောက်နေပေမယ့် ပြည်သူတွေနဲ့ တသားတည်း ရှိနေတယ်၊ သူတို့ဟာလည်း ပြည်သူ့သားသမီးတွေပါပဲ ပြည်သူတွေ ဆင်းရဲနေတာဟာ သူတို့ ဆင်းရဲနေသလိုပဲ ဆိုတဲ့ ခံစားချက်ကို ပြချင်လို့ ရနိုင်တဲ့ နည်းနဲ့ သူတို့ဆန္ဒကို ထုတ်ဖော်တာပါ။

အဲဒီလိုပါပဲ။ တခြားသော နိုင်ငံအသီးသီးကို ရောက်နေကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများဟာလည်း သူတို့ရဲ့ လိုလားချက်၊ သူတို့ရဲ့ ဆန္ဒသဘောထားကို ဆန္ဒပြလို့ရတဲ့ နေရာမှာ ဆန္ဒပြ၊ ဆန္ဒပြဖို့ အခြေအနေမပေးတဲ့ နေရာက လူတွေကလည်း တခြားသော လက်လှမ်းမီရာတွေကို သတင်းတွေဖြန့်၊ မီဒီယာကနေ တဆင့် တောင်းဆိုကြပါတယ်။ အဲဒါတွေ အားလုံးဟာလည်း ဘာမှမဖြစ်လာသည့်တိုင်အောင် `ငါတို့လိုလားတာ ဒါ၊ ငါတို့ ပြည်သူတွေနဲ့ ငါတို့ သဘော တထပ်တည်းပဲ´ ဆိုတာကို ပြနေတဲ့ စိတ်တွေပါပဲ။

ကျနော်တို့ အဝေးကို ရောက်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်တွေက ကျနော်တို့ ပြည်သူတွေနဲ့ ဝေးမသွားဘူး။ ကျနော်တို့ လိုလားချက်တွေက ကျနော်တို့ ပြည်သူတွေနဲ့ တထပ်တည်းပဲ။ သူတပါးတိုင်းပြည်မှာ အလုပ်လေးလုပ်၊ ငွေတွေရ၊ အဲဒီတိုင်းပြည်ရဲ့ တိုးတက်မှုတွေမှာ အလိုက်အထိုက်နဲ့ မျောပါပြီး ခံစားမေ့လျော့မနေဘူးဆိုတာကို ပြနိုင်ဖို့ဆိုတာကလည်း တကယ်တော့ အဲဒီနည်းလမ်းတွေသာ ရှိတယ် မဟုတ်ပါလား။

`နဲ့ပါများတော့ ယိုင်´ ဆိုသလို တဘက်က အာဏာပိုင်တွေနဲ့ သူတို့ အလိုတော်ရိတွေရဲ့ ပုတ်ခတ်မှုမှာ ကျနော်တို့ စိတ်ဓာတ်တွေ ယိုင် သွားတတ်ပါတယ်။ သူတို့ပြောတာ ဟုတ်နေမလား၊ ငါတို့ ဒီလို အဝေးကနေ ပြောနေ၊ တောင်းဆိုနေလို့ ဘာများထူးလာမှာလဲ ဆိုတဲ့ အတွေးတွေ ၀င်သွားတတ်ပါတယ်။ ဒါပေမယ့် စိတ်ပါပဲ။ ကိုယ့်ပြည်သူတွေနဲ့ တသားတည်း ရှိနေတဲ့ စိတ် မပျောက်ပြယ်သွားသရွေ့ ဘယ်သူတွေ ဘယ်လောက် ပုတ်ခတ်တိုက်ခိုက်ပါစေ အဲဒီ ယုံကြည်ချက်အတိုင်း ရပ်တည်သွားကြမှာပါပဲ။ မိမိဆန္ဒကို ရရာနေရာ၊ အခန်းကဏ္ဍကနေ ထုတ်ဖော်သွားကြရမှာပါပဲ။

ဒါကြောင့် အသက် နှစ်ဆယ်ကျော် အစိတ်ပဲဖြစ်ဖြစ်၊ အရွယ်တော် တဆိတ်ပဲ ဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲ နေနေ၊ တခြား ဘယ်နိုင်ငံမှာပဲ ရောက်ရောက် အဓိကကတော့ `နိုင်ငံရေးစိတ်´ `နိုင်ငံ့အရေးကို မျက်ခြေမပြတ်တဲ့စိတ်´ `ပြည်သူနဲ့ တသားတည်း ရှိတဲ့စိတ်´ က အဓိကပါပဲ လို့ တင်ပြလိုက်ရပါတယ်။


ကလိုစေးထူး

6 comments:

PeTi said...

ကလိုစေးထူး ရေးသားချက်ကို လေးစားလျက်ပါ။ ကျွန်တော်တို့ဟာ အခြေအနေကြောင့် နိုင်ငံပြင်ပမှာ နေပေမယ့် စိတ်ကတော့ ကိုယ့်နိုင်ငံရဲ့ အရေးကို စိတ်ဝင်စားနေလျက်ပါ။ ဘာပဲပြောပြော တရက်ရက်တော့ အများဆန္ဒနဲ့ဆန့်ကျင်တဲ့ အာဏာရှင်ဆိုတာ ကျဆုံးရမှာပါ။ အားလုံး ညီညီညာညာ ၀ိုင်းပြီးနဲ့ကျတာပေါ့။

Thet Oo said...

မြန်မာနိုင်ငံပြောင်းလဲဖို့ ကြိုးစားနေတဲ့ အရေးမှာ ကျနော်တို့ ပြည်ပရောက် ဘလော့ရေးသူတွေက ဘယ်လို ထိရောက်စွာကူညီနိုင်မလဲဆိုတာ ၀ိုင်းဆွေးနွေးကြရင် ကောင်းမယ်လို့ အကြံပြုလိုပါတယ်။

Anonymous said...

ကုန်ဈေးနှုန်းတွေကျဆင်းအောင်လမ်းလျှောက်ကြတဲ့သူတွေ
ကြောင့်ဈေးတွေသာပိုပြီးတက်တော့မဲ့အ၇ိပ်အယောင်တွေ့ နေ၇တယ်၊ ကြည့် လဲလုပ်ကြပါအုံး။ ပြည်သူတွေမှာပဲလှော်ကြားကဆားဖြစ်နေဘီ

ရာပြည့် said...

ကိုစေးထူးရဲ့ စာတွေက တဖက်က လာပြောတာ မခံချင်လို့ ပြန်ပြောချင်ပေမယ့် ချက်ကျလက်ကျ ပြန်မပြောတတ်တဲ့ ကျနော့်အဖို့ သိပ်ကို အကျိုးရှိပါတယ်။ အမြဲတမ်းဖတ်လျှက်ရှိပါတယ်။ ဟုတ်ပါတယ်။ အပြင်ကလူတွေရဲ့ အွန်လိုင်းပေါ်က မကျေနပ်မှု၊ ပွင့်ထွက်မှုတွေဟာ အထဲကလူတွေနဲ့ တသားတည်းဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။

lwinmoe said...

good points. Keep it up.

ain said...

high idea....awesome. i respect you.