ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
မူးယစ်ဆေးဝါး
တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်ကို တန်းစီးအဖြစ် အုပ်ချုပ်နေတဲ့ နာမည်ကြီးလူဆိုး ကြိုးသမား မြခေါင်ကို နေ့ခင်းကြောင်တောင် လူကြားထဲမှာ တခေါင်းလုံး စိစိညက် ကျေမွသွားအောင် ပေါက်တူးနဲ့ ရက်ရက်စက်စက် ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ လူသတ်မှုကြောင့် တထောင်လုံး (လူသတ်ဖြတ်တဲ့၊ ရက်စက်တဲ့ ကိစ္စမျိုးတွေနဲ့ ယဉ်ပါးနေပါတယ်ဆိုတဲ့ ထောင်တွင်း လူဆိုးလောကပါ မကျန်) တုန်လှုပ်ခြောက်ခြား သွားခဲ့ပါတယ်။ အဲဒီ လူသတ်မှုနဲ့ ထောင်ထဲမှာ နာမည်ကြီးသွားတဲ့ လူဆိုး ငရှဥ့်ဟာလည်း မြခေါင်ကို သတ်ပြီး သိပ်မကြာခင် ထောင်ထဲမှာပဲ သေဆုံးသွားပြန်ပါတယ်။ သေဆုံးပုံကတော့ ဘိန်းဖြူထိုးရင်း `အပ်တန်းလန်း´ နဲ့ပါ။
ထောင်ထဲမှာ ဘိန်းဖြူ ဖောချင်းသောချင်း ပြန့်နှံ့နေပြီး ငရှဥ့်လို ဘိန်းထိုးလို့ သေဆုံးသွားရသူတွေ အများကြီးပါပဲ။ ထောင်ထဲကို ပစ္စည်းတွေ သွင်းရာမှာ အထပ်ထပ် စစ်ဆေးတဲ့ ကြားထဲက ဘယ်လိုလုပ်ပြီးတော့များ ဘိန်းဖြူတွေ ဖောချင်းသောချင်း ပြန့်နှံ့နေပါသလဲ။
ဒီအကြောင်း မပြောခင် ပဲခူးက နာမည်ကြီး ဓားပြကြီးဖြစ်သူ ဦးစန်းလွင် တမနက်မှာ အကျဉ်းသားတွေကို တန်းစီ ထိုင်ခိုင်းထားပြီး ပြောခဲ့တဲ့ စကားတွေကို အရင် ပြောပြချင်ပါတယ်။ ဦးစန်းလွင်ဟာ မြခေါင် သေပြီးနောက်၊ မြခေါင်နေရာ အမှတ်(၄) အဆောင်မှာ တန်းစီး ဖြစ်လာသူပါ။ ဓားပြကြီး ဦးစန်းလွင်ရဲ့ စကားတွေက ထောင်သားတွေရဲ့ ဘ၀ကို ရှင်းသွားအောင် တိုတိုနဲ့ ဖော်ပြနိုင်ပြီး ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကိုလည်း သွယ်ဝိုက် ဖော်ပြနေလို့ပါ။ ဦးစန်းလွင်က-
`အနှစ် အစိတ်လုံးလုံး သမ္မာအာဇီဝနဲ့ ပိုက်ဆံ တပြားဖိုးမှ ငါ ရှာမစားခဲ့ဖူးဘူး။ ငါ လူဆိုးအစစ်။ ငါ့အတွေ့အကြုံတခု မင်းတို့ကို ငါပြောပြမယ်။ ငါတို့ ငယ်ငယ် ထောင်ကျတော့ ထောင်ထဲ စစ်ခွေးတိုက်မှာ အလုပ်လုပ်ရတယ်။ စစ်ခွေးတွေကို အစာကျွေး၊ ရေတိုက်၊ ရေချိုးပေး၊ ပြီးရင် သူတို့ ချေးတွေ သေးတွေကို သန့်ရှင်းရေး လုပ်ရတယ်။ နေ့ခင်းဘက် ခွေးတွေ တရေးတမော အိပ်ချိန်ကျမှ ငါတို့ နားရတယ်။ တနေ့လည် ခွေးတွေ အိပ်ပျော်နေတုန်း အားနေတော့ တခြား သူလို ကိုယ်လို အကျဉ်းသားတွေနဲ့ စကား စုပြောကြတယ်။ အဲဒီအချိန် ထောင်ဝါဒါတွေ ရောက်လာပြီး ငါတို့ကို ၀င်ရိုက်တော့တာပဲ။ အပြစ်ကတော့ ငါတို့ စကားပြောသံကြောင့် ခွေးတွေ အိပ်ယာက နိုးသွားမယ်ဆိုပြီး ပြောတာပဲ။ အဲဒီတော့ မင်းတို့ ကိုယ့်ဘ၀ကို သဘောပေါက်ကြ။ ငါတို့ ထောင်ကျတွေဟာ ခွေးလောက်မှ အရေးမပါတဲ့ ဘ၀။ ခွေးထက် နိမ့်ကျတဲ့ ဘ၀။ မင်းတို့ ထောင်ထဲကို ပိုက်ဆံ လေးငါးရာ၊ စာရွက် တရွက်နှစ်ရွက်၊ ဘိန်း တပုလင်း နှစ်ပုလင်းပေါ့။ ပြီးတော့ ဖမ်းမိ၊ ရက်ရက်စက်စက် အရိုက်ခံကြရ။ ဒါပေမယ့် ထောင်ထဲကို ပိုက်ဆံတွေ သောင်းနဲ့ချီ ၀င်နေတယ်။ စာအုပ်တွေ အုပ်လိုက် ၀င်နေတယ်။ ဘိန်းတွေ အထုပ်လိုက် ၀င်နေတယ်။ ဘယ်လို ၀င်နေလဲ။ ဘယ်လို ပုံစံနဲ့ သွင်းနေကြလဲ။ သူများတွေ ဘယ်လို လုပ်နေကြတယ်ဆိုတာ လေ့လာကြ။ သဘောပေါက်ကြ´
ဟုတ်ပါတယ်။ လူဆိုးကြီး ဦးစန်းလွင် ပြောသလိုပဲ အကျဉ်းသားတွေ ဘ၀ဟာ ခွေးလောက်မှ အရေးမပါတဲ့ ဘ၀။ အဲဒီလို ဘ၀မျိုးရောက်အောင် လုပ်ထားသူတွေကတော့ တခြားလူတွေ မဟုတ်ပါဘူး။ `တရားဥပဒေ စိုးမိုးရေး´ `တရားဥပဒေ စိုးမိုးရေး´ ဆိုပြီး တရားဥပဒေ စိုးမိုးရေး အကြောင်း အာညောင်းအောင် ပြောတတ်တဲ့ စစ်အစိုးရနဲ့ သူ့လက်အောက် ငယ်သား ထောင်အာဏာပိုင်တွေပါပဲ။
ထောင်ထဲကို အကျဉ်းသားတွေ စာရွက်၊ ပိုက်ဆံ ခိုးသွင်းကြလို့ ဖမ်းမိရင် ထောင်ဝါဒါတွေက ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးတတ်ပါတယ်။ ဒါပေမယ့် ထောင်ထဲမှာ ဘိန်းတွေ အလျှံပယ်ပါပဲ။ ပိုက်ဆံတွေကလဲ အလျှံပယ်ပါပဲ။ ပိုက်ဆံရှိလို့ကတော့ ထောင်အပြင်မှာထက်တောင် ဘိန်းရဖို့ လွယ်ပါသေးတယ်။ ပိုက်ဆံကလည်း ခိုးသွင်းရင်ရပြီး ပိုက်ဆံ အမြောက်အမြား ခိုးသွင်းပေးတာကလည်း ထောင်အာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ ပိုက်ဆံသွင်းရာမှာ ထောင်အာဏာပိုင်တွေကို သွင်းခအဖြစ် ငွေတရာကို အစိတ်ကနေ ငါးဆယ်နှုန်း၊ အစားစား ပေးရပါတယ်။
တကယ်တော့ ထောင်ထဲကို အဓိက ဘိန်းခိုးသွင်းသူတွေကတော့ လူဆိုးကြီး ဦးစန်းလွင် သွယ်ဝိုက်ပြောသလို ထောင်အာဏာပိုင်တွေပါပဲ။ သူတို့ ဘိန်းသွင်းပုံ သွင်းနည်းကတော့ တိုက်ရိုက်နည်းနဲ့ သွယ်ဝိုက်တဲ့နည်း ဆိုပြီး နှစ်နည်း ရှိပါတယ်။
တိုက်ရိုက်နည်းကတော့ သူတို့ကိုယ်တိုင် တိုက်ရိုက်သွင်းပြီး ထောင်ထဲမှာ သူတို့ လူယုံ လူဆိုးတွေကနေ တဆင့် ဖြန့်တဲ့နည်းပါ။
သွယ်ဝိုက်တဲ့ နည်းကတော့ အခုလို ဖြစ်ပါတယ်။
ထောင်အရာရှိနဲ့ ရင်းနှီးတဲ့ လူဆိုးက ထောင်အပြင်က သူ့အဆက်အသွယ်ကို ထောင်အရာရှိရဲ့ အိမ်ကို စားစရာတွေ သွားအပို့ခိုင်းပါတယ်။ နောက်တနေ့မှာ အဲဒီ ပစ္စည်းအထုပ်ကို ထောင်အရာရှိက ထောင်ထဲ သွင်းယူလာပြီး သက်ဆိုင်ရာ အကျဉ်းသားလူဆိုးကို လက်ထဲ ထည့်လိုက်ပါတယ်။ အဲဒီ အထုပ်ထဲမှာ ဘိန်းပါပါတယ်။ ထောင်အရာရှိဆိုတော့ သူကိုင်လာတဲ့ ပစ္စည်းအထုပ်ကို ဘယ်သူမှ မရှာတော့ဘူးပေါ့။
ညွှန်ချုပ်နဲ့ ရင်းနှီးတဲ့ အကျဉ်းသားတဦးဆိုရင် သူ့ကို သူ့အိမ်က ထောင်ဝင်စာ လာတွေ့တဲ့အခါ ရင်းနှီးတဲ့ ညွှန်ချုပ်က အနားမှာ ထိုင်ပေးပါတယ်။ ထောင်ဝင်စာ တွေ့ပြီးချိန်ကျတော့ ပစ္စည်းတွေ သယ်ပြီး အဲဒီ အကျဉ်းသား ထောင်လူဆိုး ထောင်ထဲ ပြန်ဝင်လာပါတယ်။ သူ သူ့အိမ်နဲ့ စကားပြောချိန်မှာ ညွှန်ချူပ်က အနားမှာ ထိုင်နေတာကို ထောင်ရှာဖွေရေးတွေက သိထားတော့ သူ့ပစ္စည်းထုပ်ကို ဘယ်သူကမှ မစစ်ရဲ၊ မရှာရဲတော့ဘူးပေါ့။ အဲဒီ ပစ္စည်းထုပ်ထဲမှာ ဘိန်း ပါပါတယ်။
အဲဒီနည်းနဲ့ ထောင်ထဲမှာ ဘိန်းတွေပြန့်၊ ဘိန်းထိုးပြီး လူတွေသေ၊ ဘိန်းထိုးတဲ့ အပ်ကြောင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်နှံ့၊ ဘိန်းဖိုးရဖို့အတွက် ဘိန်းစားလူဆိုးတွေက အခြား အကျဉ်းသားတွေကို အနိုင်ကျင့်၊ ပိုက်ဆံတောင်း၊ မရရင် လူသတ် စသဖြင့် ထောင်ထဲမှာ ဒုစရိုက်မျိုးစုံ တသီတသန်းကြီး ဖြစ်လာတာပါ။
ကျနော် အခု ဖော်ပြတဲ့ ထောင်အာဏာပိုင်တွေ ဘိန်းသွင်းပုံ သွင်းနည်းကို ထောင်ထဲမှာ အများအားဖြင့် မသိကြပါဘူး။ ကျနော် သိရတာကတော့ ထောင်အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကိုယ်တိုင် ဘိန်းဖြန့်ခဲ့ဖူးတဲ့ နာမည်ကြီး လူဆိုးတဦးက ကျနော့်ကို အဲဒီ ကိစ္စတွေ ထုတ်ပြောပြခဲ့လို့ ဖြစ်ပါတယ်။ အခုအချိန်ထိ ထောင်ထဲမှာ သူ ရှိနေသေးပြီး သူ့ အသက်အန္တရာယ် စိုးရိမ်ရလို့ နာမည် ထုတ်ဖော်မပြောတာပါ။ ဘိန်းထိုးပြီး ငရှဥ့် သေသွားတဲ့ ကိစ္စမှာ ငရှဥ့်ကို ဘိန်းပေးခဲ့တာ သူပါပဲ။ သူက…
`ထောင်ထဲကို ၀င်လာတဲ့ ဘိန်းဖြူတွေဟာ များသောအားဖြင့် ရောထားကြတာ။ ဒါပေမယ့် ငရှဥ့်ကို ပေးလိုက်တဲ့ ဘိန်းက အစစ်ဖြစ်နေတယ်။ ဒါကို ငရှဥ့်က မသိတော့ အရင်လိုပဲ အောက်မေ့ပြီး အရင်နှုန်းအတိုင်း ထိုးလိုက်တာကနေ ဆေးလွန်ပြီး သေသွားတာ´
ဆက်ရန်…
No comments:
Post a Comment