တခါတလေကျတော့ လူက တခုခုကို ရေးမယ်ကြံလိုက်၊ အဲဒီ ကြံရွယ်တာတွေက ဆောင်းပါးတပုဒ် စာတပုဒ် ရေးလောက်စရာ မဟုတ်တဲ့ အတွေးစလေးတွေမို့ မရေးဖြစ်လိုက်နဲ့ ဖြစ်လေ့ရှိပါတယ်။ အဲဒီလို အတွေးစလေးတွေကို စုစည်းကြည့်လိုက်တော့ စာတပုဒ်များ ဖြစ်လေမလားလို့ စဉ်းစားမိတာနဲ့ ဒီစာကို ချရေးမိပြန်ပါတယ်။
တလောက ကျနော့်ဘလော့ဂ်မှာ လာလည်သူတယောက်ကို ကျနော့်ဘလော့ဂ်ရဲ့ ပထမဦးဆုံး အကြိမ်အနေနဲ့ စီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။
အဲဒီလို ပိတ်ပင်ခံလိုက်ရတော့ သူကလည်း သူ့ဘလော့ဂ်ရဲ့ မှတ်ချက်တခုကနေ ကျနော်ဟာ သူ့အတွေး သူ့အမြင်တွေကို ကျနော့်ဘလော့ဂ်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် မပေးကြောင်း၊ ဒီမိုကရေစီဆိုတာ စာရွက်ပေါ်မှာသာ ရှိကြောင်းနဲ့ ကျနော့်ကို ဥပမာပေး ပြောသွားတာကို တွေ့လိုက်ရပါတယ်။
တကယ်တော့ သူကိုယ်တိုင် သတိမထားမိလိုက်တာက `လူတယောက်ဟာ ကိုယ့်အမြင်ကို လွတ်လပ်စွာ တင်ပြခွင့် မရတဲ့ အချိန်မှာ ဘယ်လိုခံစားလိုက်ရလဲ´ ဆိုတဲ့ အတွေးခံစားချက်ပါ။ စီဘောက်စ်လို နေရာလေးတခုမှာတောင် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်တာ ခံရတာကို သူ ဒီလို ခံစားတတ်တယ်ဆိုရင် ကျနော်တို့ မြန်မာပြည်မှာ တကယ်ခံစား တွေ့ကြုံနေရတဲ့ အဖြစ်အပျက်ခံစားချက်တွေကို ပြောခွင့်မရတဲ့ ပြည်သူတွေ၊ ပြောခွင့်ရအောင် ကြိုးစားနေတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အဲဒီ ပုဂ္ဂိုလ် ဘယ်လို တွေးမြင်ခံစားမလဲ။ ကိုယ်ချင်းစာတရားဆိုတာ ငွေနဲ့ပေးဝယ်ယူစရာ မလိုပါဘူး။
ဒါကြောင့် ဒီစီဘောက်စ် အသုံးပြုခွင့် ပိတ်ပင်ခံရလို့ ခံစားရတဲ့ ခံစားချက်လေးနဲ့ ယှဉ်ပြီး `လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်´ ကို တောင်းဆိုနေကြတဲ့ ပြည်သူတွေအပေါ် စာနာ နားလည်တတ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လူတိုင်းဟာ ကိုယ့်အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုတဲ့ အယူအဆဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ တခုဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို ကိုယ်တိုင်က လိုချင်တယ်ဆိုရင် ဒီမိုကရေစီကို လိုလားတောင့်တနေသူ ပြည်သူတွေရဲ့ ရင်ထဲက စကားတွေကိုလည်း နားလည်လိမ့်မယ်လို့ မျှော်လင့်ရင်း အဲဒီ ပုဂ္ဂိုလ်ရဲ့ အိုင်ပီကို ပြန်ဖွင့်ပေးလိုက်ပါတယ်။
စိတ်မကောင်း ဖြစ်စရာ အလွန်ကောင်းတဲ့ အယူအဆ တခုကိုလဲ မှတ်ချက်တခုမှာ ဖတ်မိပါတယ်။ `နိုင်ငံရေးပေတံနဲ့ တိုင်းတာခံရမှု´ လို့ ကျနော် နာမည်ပေးကြည့်ချင်ပါတယ်။
လူတယောက်ရဲ့ မိမိနိုင်ငံအရေးကို စိတ်ပါဝင်စားမှုကို အဲဒီလူရဲ့ နိုင်ငံရေး ဖြတ်သန်းမှု အတိုင်းအတာပေတံနဲ့ တိုင်းတာလို့ ရကောင်းပါသလား…။ ဘယ်အဖွဲ့မှာပါဖူးမှ၊ နိုင်ငံရေး ပုဒ်မနဲ့ ထောင် ဘယ်လိုကျဖူးမှ၊ တောထဲမှာ နှစ်ပေါင်း ဘယ်လောက်နေပြီး တော်လှန်ရေး လုပ်ဖူးမှ နိုင်ငံရေးသမား မည်ပါသလား။ အဲဒါတွေ လုပ်ဖူး၊ ဖြစ်ဖူးမှသာ နိုင်ငံအရေးကို ပြောဆို ဆွေးနွေးခွင့် ရှိပါသလား။ တခါတလေကျတော့ ကျနော်တို့ထက် ၀ါရင့်တဲ့ အကိုတော်၊ အမတော် နိုင်ငံရေးသမားကြီးတွေရဲ့ အတွေးထဲမှာ လူတယောက်ကို `ဒီကောင်က ဘယ်လောက်များ လုပ်ဖူးလို့လဲ´ ဆိုတဲ့ နိုင်ငံရေး သမိုင်းပေတံကြီး တကိုင်ကိုင်နဲ့ တိုင်းတာပြီးမှ အဲဒီလူရဲ့ နိုင်ငံရေး အမြင်ကို အကဲဖြတ်လိုစိတ်က မသိမသာတမျိုး၊ သိသိသာသာကြီးတမျိုး ကြီးစိုးနေတာကို တွေ့မိတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။
ဆယ်ကျော်သက်အရွယ်ပဲ ဖြစ်ဖြစ်၊ နှစ်ဆယ်ကျော် အစိတ်ပဲ ဖြစ်ဖြစ်၊ အရွယ်တော် တဆိတ်ပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံအရေးကို ကိုယ့်ပြည်သူအရေးကို စိတ်ဝင်စားတာ အကောင်းလက္ခဏာမဟုတ်ပေဘူးလား။ စိတ်မ၀င်စားသူ ပြည်သူတွေကိုတောင် စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးသင့်တဲ့ ဒီလိုအချိန်အခါမျိုးမှာ စိတ်ဝင်စားမှု ရှိနှင့်နေပြီးသားလူကို ပေတံနဲ့ တိုင်းသလို `သူကဘာလုပ်ဖူးတယ်၊ ငါက ဘာလုပ်ဖူးတယ်´ လို့ ပြောသင့်တဲ့ အချိန်မဟုတ်ဘူးလို့ မြင်ပါတယ်။
နောက်တခု တွေးမိတာကတော့ ကျနော်တို့နဲ့ ပြည်တွင်းက မြန်မာဘလော့ဂါတွေကြားမှာ ခြားနေတဲ့ `မမြင်နိုင်တဲ့ စည်း´ ဆိုတာပါပဲ။
သိပ်မကြာသေးခင် ရက်ပိုင်းက ပြည်တွင်းက မြန်မာ ဘလော့ဂါတွေ ရန်ကုန်မှာရော၊ မန္တလေးမှာပါ ဘလော့ဂါ ဆီမီနာတွေ အားကြိုးမာန်တက်နဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကို ကြည်နူးစွာနဲ့ ဖတ်ရှုလိုက်ရပါတယ်။ တဆက်တည်းမှာပဲ သူတို့နဲ့ ကျနော်တို့ကြားမှာ ရှိနေတဲ့ `စည်း´ ကို မြင်ယောင်လာသလို ခံစားရတော့ စိတ်ထဲမှာ ဘာမှန်းမသိ ဆို့နင့်သွားပါတယ်။
သူတို့တွေနဲ့ အတူ အဲဒီ ဆီမီနာမှာ ကျနော်လဲ သိပ်ဆွေးနွေးချင်တယ်။ ကျနော့်အမြင်လေးတွေကို သိပ်ပြောချင်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေကြီးက ဒါကို ခွင့်မပြုပါဘူး။ အွန်လိုင်းကနေ တဆင့် ပြောလို့ရသားပဲလို့ ဖြေတွေးနှစ်သိမ့်စရာ ရှိပေမယ့် အကန့်အသတ်ပေါင်း မြောက်များစွာက ကျနော်တို့နဲ့ ပြည်တွင်း မြန်မာဘလော့ဂါတွေကြားမှာ `စည်း´ တခု အဖြစ် အခိုင်အမာကြီး ခြားနေခဲ့တာကို တွေးမိပြီး စိတ်မကောင်းစွာနဲ့ပဲ တစုံတခုသော နေ့ကို မျှော်လင့်ရင်းနဲ့သာ ဘလော့ဆီမီနာမှာ ပျော်ရွှင်နေကြတဲ့ မြန်မာဘလော့ဂါတွေ အတွက် မုဒိတာပွား ၀မ်းမြောက်မိပါတယ်။
အတွေးစလေးတွေကို စုစည်းလိုက်တော့ စာတပုဒ် မဖြစ်တဖြစ် ရေးမိသလို ဖြစ်သွားပါပြီ။ ဒီပို့စ်ဟာ ကျနော့်ဘလော့ဂ်ရဲ့ ၂၀၀ မြောက် ပို့စ်ပါ။ နောက်ထပ် တွေးမိတာလေးတွေကိုလဲ အတွေးစများ ပို့စ်နဲ့ ထပ်ရေးချင်ပါသေးတယ်။
ကလိုစေးထူး
12 comments:
ကိုသံလွင်ရဲ့ အတွေးစတွေကိုတော့ အထွေအထူး မဆွေးနွေးတော့ပါဘူး။ ပို့စ် ၂၀၀ ပြည့်အတွက်ပဲ ဆုတောင်းပေးလိုက်ပါတယ် ... ။
ကိုသံလွင်ရဲ့ ပို့စ် ၂၀၀ ပြည့်မှသည် ... ပို့စ်ပေါင်း ထောင်သောင်းများစွာ စာပေများ ဆက်လက်ရေးသား နိုင်ပါစေ ... ။
ပျံသန်းနေတဲ့ ပန်းတိုင်ကိုလည်း အမြန်ဆုံး ရောက်ရှိနိုင်ပါစေ ... လို့ ... ။
မေဓာဝီ
၃၊ စက်တင်ဘာ၊ ၂၀၀၇
နံနက် ၉ နာရီ ၃၅ မိနစ်
ကိုဖားစည်ရေ..ဟုတ်တယ်..တမျိုးတော့ခံစားရတယ်..ဘာလဲတော့မသိ..အခြေအနေကြောင့်ဖြစ်မှာပါ။ ၂၀၀ ပြည့်အတွက်..ခင်မင်စွာဆက်လက်အားပေးနေပါတယ်
အေးဗျာ... ကျနော်တို့ဟာလည်း မြန်မာပြည်ကနေ မတင်ပေမဲ့၊ အိုင်ပီကလွဲလို့ အတွေးအခေါ်ရော၊ ဘာသာစကားကော ကုန်ကုန်ပြောရင် ကိုယ်ထဲက စီးနေတဲ့ သွေးပါ အားလုံး အတူတူပါပဲဗျာ... ကျနော် မတတ်မှန်း၊ ကျနော်မသိမှန်း၊ ကျနော် နားမလည်မှန်း ကျတော်သိတော့ ကိုယ် မပြောနိုင်ရင်တောင် ဘာပဲပြောပြော သူတို့ ဘာတွေဆွေးနွေးကြသလဲ ဆိုတာကို နားထောင်ရရုံလေးနဲ့ ကျေနပ်ပါတယ်။ အစကတော့ အွန်လိုင်းပေါ်မှာ လုပ်လည်း ရနိုင်တာပဲ ဆိုတာကို သတိမထားမိခဲ့ဘူး။ အကိုပြောပြမှ သတိရပြီး (စည်းကို မြင်သွားပြီး) ၀မ်းနည်းမိပါတယ်ဗျာ...
ကိုကြီးစေးထူးနဲ့ fat punk ရေ ဘာဖြစ်လို့ စည်းတွေခြားပြီး ခံစားသလဲဗျာ အွန်လိုင်းရော အော့ဖ်လိုင်းပါ ရင်းနှီးကြတာ စည်းလုံးကြတာ without boders for Myanmar Bloggers လေ နော်..နော်နယ်ခြားမဲ့ စည်းမခြားသော မြန်မာဘလော့ ဂါ မောင်နှမများပါလေ(ဒီသဘောထား ပြည်တွင်းဘလော့ဂါများအားလုံး တစိတ်တ၀မ်းထဲပါ)
ကိုစေးထူး
စည်းခြားနေတယ်လို့လည်း မပြောပါဘူး
ခြားမနေဘူးလို့လည်း အာမမခံနိုင်ဘူး
ပန်ဒိုရာအနေနဲ့လည်း ဘာကိုမှ ကိုယ်စားပြု ပြောမပြနိုင်ဘူးလေ
ကိုစေးထူးခံစားရတယ်ဆိုရင် မပြေးသော်လည်း ကန်ရာရှိ တစ်ခုခုတော့ တွေ့ရှိခဲ့လို့ဖြစ်မယ်
ကိုယ့်ပုဂ္ဂလိက အမြင်အနေနဲ့ကတော့ စည်းမခြားသင့်ဘူးလို့ပဲ ဖြစ်သင့်တဲ့အမြင်ကို ပြောပြနိုင်မယ်။ ကိုစေးထူးဘက်ကလည်း စည်းခြားနေတယ်လို့ မခံစားပါနဲ့လို့ပဲ အကြံပေးနိုင်မယ်။
သေချာတာကတော့ အပေါ်ယံမှာ မြင်ရသည် ဖြစ်စေ မမြင်ရသေးသည်ဖြစ်စေ
မြန်မာ ဘလော့ဂါတွေ အားလုံးရဲ့ တူညီတဲ့ ခံယူချက်တွေနဲ့ တူညီတဲ့ပန်းတိုင်ကတော့ ရှိနေပါတယ်
အားလုံးညီညီညာညာ လက်တွဲပြီး ရောက်သွားကြဖို့ မျှော်လင့်ပါတယ်
ပို့စ် ၂၀၀ မြောက်မှသည်.. ကျန်းမာ စိတ်ချမ်းသာစွာဖြင့် စိတ်ထင်တိုင်း ဘလောက်နိုင်ပါစေ
ကိုစေးထူး.. စည်းဆိုတာ ကိုယ့်မသိစိတ်က ခြားထားရင် ၊ ဖြစ်သွားတတ်တယ် ။
စည်းတွေ ပျက်သုန်းပြီး ပို့စ်တွေ ထပ်ရေးနိုင်ပါစေ လို့..
ဆုတောင်းတွေ ဆုတောင်းပေးနေကြတဲ့ လူတွေထဲက တစ်ယောက်အဖြစ်... ဂျစ် ဆုတောင်းပေးလိုက်ပါတယ် ။
ဒီနေရာမှာ ကျွန်တော် နားလည်မိ တဲ့ ကိုစေးထူး ဆိုလိုချင်တဲ့ “စည်း” ဆိုတာ ဘလော့ဂါချင်း ခြားတဲ့ စည်းထက် “ဘလော့ဂ် အကြောင်းအရာ တွေ ကို ကန့် သတ် ခြားထားတဲ့ ၊ အခြေအနေ နဲ့ ကန့် သတ်ထားတဲ မလွတ်လပ်သောစည်း” လို့ ဆိုချင်တယ်လို့ နားလည်ပါတယ်။ Fat Punk မြင်သွားတာလဲ အဲဒိစည်းပါပဲ….အဲဒိစည်း ကို ဘလော့ဂရေးသူ တစ်ယောက် ရဲ့ မသိစိတ်ရော၊သိစိတ်ရောက ခြားထားတာမဟုတ်ပဲ..ဒီကနေ့ အခြေအနေ တွေက ခြားထားတာပါလို ကျွန်တော့် နားလည်မိပါတယ်… စိတ်မကောင်းစရာပါပဲ…မနေ့ ကတင်ပဲ မြန်မာပြည်မှာ ဘလော့ဘန်း (Blogban) ဆိုတာကြီး က ပိုလက်သွက်လာ ပါပြီ…မြန်မာ ဘလော့ဂ page တော်တော်များများ မှာ Access Denied MPT ဆိုတဲ့ မက်ဆိကြီးစမြင်နေရပါပြီ…အဲဒါကတော့ သိသာထင်ရှားတဲ့လတ်တလော မြင်လွယ်တဲ့ စည်းပါ..
ကိုစေးထူး ဆုတောင်းမျှော်လင့်တဲ့ တစ်နေ့ ကို ကျွန်တော်လဲ ထပ်တူ မျှော်လင့်ပါတယ်…အဲဒိနေ့ မှာ ကိုစေးထူး တစ်ယောက် သူ အဖိုးတန် အမြင်တွေကို စင်ပေါ် အရင် တက်ဆွေးနွေး ဖို့ တော့ ခုထဲက Seminar အစီအစဉ်အကြမ်းလေးစိတ်ကူးနဲ့ ဆွဲထားလိုက်ပါပြီ။ ပြီးရင်တော့ Celebrity ပန်ဒိုရာ ကို တက် ပြောခိုင်းရမယ်..ပြီးမှ မဂျစ်..ကျွန်တော် အညတြလေး ကတော့ ကျေးလက် တောသားဆိုတော့ မြို့ ကြီးပေါ်မှာစကားပြောရဲမှာမဟုတ်ဘူး…Usher သို့ မဟုတ် TTMY ပေါ့ ...
ပို့  ၂၀၀ ပြည့်မှသည် နောင်ပိုစ်ပေါင်းများစွာတိုင် လွတ်လပ်စွာ ရေးသားနိုင်ပါစေခင်ဗျာ။
ကျနော်ဆိုလိုချင်ခဲ့တဲ့ စည်းက ကိုမောင်ရင် ပြောတဲ့ `စည်း´ ပါ။ သူကဘာ၊ ငါက ဘာဆိုတဲ့ စိတ်ခံစားချက် `စည်း´ မဟုတ်ပါဘူး။ ပြောရရင် ဘလော့ဂါအချင်းချင်း ခြားတဲ့ `စည်း´ မဟုတ်ပါဘူး။
ဘလော့ဂ်မှာ ရေးသားကြတဲ့ အကြောင်းအရာတွေကို တခုခုက ကန့်သတ်ခြားထားတဲ့ `စည်းပါ´။ အခုဆိုရင် အဲဒီ စည်း က အလုပ် စလုပ်နေပြီ ထင်ပါရဲ့ဗျာ။ ဘလော့ဂ် ရေးရတာ အရင်လို မဟုတ်တော့ဘူး။ အရင်လို မပေါ့ပါးလှတော့ဘူး။ ပို့စ် ၂၀၀ ပြည့်အတွက် ဆုတောင်းပေးသွားကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
ကိုကလိုစေးထူးရေ မတတ်နိုင်တော့တဲ့ အခြေအနေတစ်ခုမှာ တခါတလေ ခပ်ပါးပါးစည်းတွေကို လျစ်လျှူရှုပေးလိုက်ပါ။ ပိုပြီးလွတ်လပ်သွားလိမ့်မယ်။
udkuvdkap;xl;&JU tawG;pawGudk ESpfoufpGm zwfoGm;ygw,f/ ydkYpf 200 ajrmuftwGuf 0rf;ajrmufaMumif; qkawmif;ay;&if; aemif tjrJ tawG;pawG azmwfxkwfa&;om;yg/ tm;ay;aeygr,fvdkY...
ကိုကလိုစေးထူးရဲ့ အတွေးစတွေကို နှစ်သက်စွာ ဖတ်သွားပါတယ်။ ပို့စ် ၂၀၀ မြောက်အတွက် ၀မ်းမြောက်ကြောင်း ဆုတောင်းပေးရင်း နောင် အမြဲ အတွေးစတွေ ဖောတ်ထုတ်ရေးသားပါ။ အားပေးနေပါမယ်လို့...
Post a Comment