တို့ရွှေဌာနာ ပြည်မြန်မာဝယ်
အုပ်ချုပ်ချယ်လှယ် ဆိုးချက်ရယ်ကြောင့်
သံဃာများပြား ဘုရားသားကား
မြို့ရွာအနှံ့ စကြာဖြန့်လျက်
မေတ္တာပေးဝေ တောင်းဆုခြွေ၏…။
မိုးရေသွန်းရွှဲ ချမ်းရှာလွန်းလဲ
လှမ်းမြဲခြေလှမ်း မေတ္တာလွှမ်းကြောင့်
ဒကာကျောင်းသား တွဲလက်များမှာ
ချိတ်ဆက်ကာသာ ၀န်းရံကာ၏…။
မျက်ရည်ရွှဲစို အမယ်အိုလည်း
လက်အုပ်ချီကာ ဖူးမျှော်ရှာ၏
သူ့မျက်နှာထက် ခံစားချက်ကား
ပြည့်မျှော်လင့်ချက် တိုင်းပြည်တွက်တည့်…။
စစ်မြေပြင်နှယ် ပြင်ဆင်ရွယ်လျက်
ပစ်တော့မည့်လား ပြည့်စစ်သားကား
မဲ့စွာနှလုံး အပြုံးကွယ်လျက်
အမုန်းဖက်ကာ လက်နက်ကိုင်စွဲ
အားမာန်ခဲ၏…။
လူဆိုးမဖမ်း မိုက်မှောင်လွှမ်းလျက်
အတ္တအာဏာ ခိုင်းသည့်ဟာကြောင့်
အပါယ်မြန်းရာ လှမ်းမြန်စွာ၏…။
ရွှေပွင့်ဖျတ်မြူး ထိုတပ်မှူးလည်း
ဟိုဒီဆက်သွယ် အမိန့်လှယ်လျက်
တပ်သားအများ သူ့ငယ်သားအား
ညွှန်ကြားမပျက် အရှက်မဲ့၏…။
ဘုရားကားအောက် မျောက်များအထက်
ရှက်လိုက်ပါဘိ…။
ဒိဋ္ဌိအလား
သဘောက်များကား မတုန်မလှုပ်
ကျောက်ရုပ်များလား ထင်မှတ်မှားကာ
ကန်တော့သူများ ဘုရားသားအား
ရိုက်ပုတ်ကန်ကျောက် မိုက်ဂုဏ်မောက်၏…။
မေတ္တာအတွက် ထိုသွေးစက်ကား
တို့တိုင်းပြည်တွက် သက်သေချက်တည့်
အို… ကမ္ဘာမြေ၊ ကမ္ဘာမြေဟု
ကြွေးဟစ်ခေါ်ကာ သက်သေတိုင်အံ့
လူကိုလူချင်း နှိပ်စက်ခြင်း
ကင်းရှင်းကြစေသား…။
မေတ္တာအစွမ်း ကမ္ဘာလွှမ်း
ငြိမ်းအေးကြစေသား…။
မိစ္ဆာအများ အပယ်လား
သစ္စာစူးစေသား…။
ကလိုစေးထူး
4 comments:
ရင်ထဲကို တကယ်ထိတဲ့ ကဗျာပါပဲဗျာ။
အကိုရေ ကြိုက်လွန်းလို့ ကျွန်တော့် ဘလော့ဂ်မှာ တင်ပြပါရစေ။
ဓာတ်ပုံမြင်တိုင်းမျက်ရည်ကျတယ်..ကောင်းလိုက်တဲ့ကဗျာ
ကိုသင်္ကြန်ရေ...။ အဆင်ပြေသလိုသာ လုပ်ပါဗျာ။ သမုဒယနွယ်...၊ ဒီအချိန်မှာ အားလုံးရဲ့ ခံစားချက်တွေက အခု ကျနော်ရေးထားတာထက် အဆပေါင်းများစွာ ပိုနေမှာပါ။
Post a Comment