ဒီနေ့…။
ကျနော့်ဘလော့ဂ်လေးရဲ့ သက်တမ်း တနှစ်ပြည့်ခဲ့ပါပြီ။ ခံစားချက်လေးတွေ ရင်ဖွင့်လိုက်၊ ရသလေးတွေ ရေးခြစ်လိုက်၊ ယုံကြည်ချက်တွေ ချခင်းပြလိုက်နဲ့ ပို့စ်ပေါင်း ၂၀၀ ကျော်ကိုလည်း ရေးဖြစ်ခဲ့ပါတယ်။ ပျော်ရွှင်ရင်း၊ ငြင်းခုန်ရင်း၊ ၀မ်းနည်းရင်းနဲ့ပေါ့။
မနှစ်က ဒီအချိန် မတိုင်ခင်တုန်းကတော့ ကျနော့် အချိန်တွေ တော်တော်များများက Chatting နဲ့ပဲ ကုန်လွန်ခဲ့တာ များပါတယ်။ ဟိုးအရင်ကတော့ စာစောင်တချို့တလေမှာ ဟိုရေး၊ ဒီခြစ် အတန်အသင့် လုပ်ခဲ့ဖူးပေမယ့် Chatting ၀င်ဖြစ်ခဲ့တဲ့ ကာလတွေ အတွင်းမှာတော့ ဘာမှကို မရေးဖြစ်ခဲ့ပါဘူး။
ဘလော့ဂ် မရေးခင်က Zanga ဆိုတာကို ကျနော် လုပ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ဘလော့ဂ် ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ရဲ့ ဆွဲဆောင်မှုက Zanga ထက် ကျနော့်အပေါ် သာလွန်ခဲ့ပါတယ်။
ကျနော် ဘလော့ဂ် တခု စရေးဖြစ်ဖို့ အဓိက အကျဆုံး ကူညီပေးခဲ့သူကတော့ ငွေလမင်း ဆိုတဲ့ ကောင်မလေးပါ။ ကျနော့်ထက် အသက် ၁၁ နှစ်လောက် ငယ်သော်လည်း နင်နဲ့ငါနဲ့သာ အမြဲပြောသူ၊ အဆူအဆဲထူထဲသူ၊ ပျော်ပျော်နေတတ်သူ၊ စိတ်ရင်းကောင်းသူ အဲဒီကောင်မလေးဟာ ကျနော့်ကို အတော်လေး နားလည်မှု ရှိပါတယ်။ ကျနော်က ဘလော့ဂ်သာ ရေးချင်တယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်၊ မသိတဲ့လူ ဆိုတော့ သူကပဲ ကျနော့်ဘလော့ဂ်ကို မြန်မာလို တင်နိုင်တဲ့ အထိ အကောင်အထည်ဖော်ပေးခဲ့ပါတယ်။
ဘလော့ဂ် စရေးခါစကဆိုရင် ပို့စ်တောင် ကိုယ့်ဘာသာကိုယ် မတင်တတ်ပါဘူး။ သုံးလေးခုလောက်အထိ ငွေလမင်းကပဲ တင်ပေးခဲ့ရပါတယ်။ ရေးခါစမို့လို့လားမသိ၊ ကျနော့်အကြောင်းတချို့လဲ ရေးပြီးရော ဘာဆက်ရေးရမှန်း မသိ ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ရေးပါများရင်းနဲ့ တစတစနဲ့ ဘလော့ဂ်ရေးရတဲ့ အရသာကို ကောင်းကောင်း ခံစားတတ်သွားပါတယ်။
ကျနော့် ဘလော့ဂ်ကို ပုံမှန် အသက်သွင်းပေးဖို့ တစိုက်မတ်မတ် အားပေးခဲ့သူ၊ ကျနော့် စိတ်ဓာတ်တွေ လဲပြိုကျလုမတတ် အချိန်တွေမှာ နားလည်မှု အပြည့်နဲ့ ကျနော့်ဘက်က ရပ်ခဲ့သူ၊ ခက်ထန်တဲ့ ကျနော့်စိတ်တွေကို ထိန်းမတ်ပေးခဲ့သူကတော့ မမေဓာဝီပါပဲ။ ဒါပေမယ့် ဒီနေ့ ကျနော့် ဘလော့ဂ် တနှစ်ပြည့်မှာ မမေက ဘလော့ဂ် မရေးဘဲ ရပ်နားနေရတာကို တော်တော် ၀မ်းနည်းပါတယ်။ မမေနဲ့ ကျနော် အပြန်အလှန် အားပေးကူညီရင်း၊ တယောက်ရေးတဲ့ စာကို တယောက်က ကူပံ့အားပေးရင်း တက်ညီလက်ညီ ဘလော့ဂ်ရေးခဲ့ရတဲ့ အချိန်ကို အရမ်းသတိရမိသလို အဲဒီနေ့ ပြန်ရောက်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။
ကျနော့်အတွက် အဓိကကျတဲ့ နောက်ထပ် အားဆေးကတော့ ကျနော့်ဆီကို လာလည်ပြီး ကျနော့်စာတွေကို အရေးတယူလုပ် ဖတ်ရှုပေးကြတဲ့ ချစ်လှစွာသော မိတ်ဆွေများပါပဲ။ သူတို့ရဲ့ မှတ်ချက်စကားများ၊ ဝေဖန် ထောက်ပြချက်များဟာ ကျနော့်အတွက် အင်မတန် အကျိုးရှိခဲ့ပါတယ်။ ဒီအတွက် ဘယ်တော့မှ မမေ့နိုင်စွာ အမှတ်ရရနဲ့ ကျေးဇူးတင်ရှိပါတယ်။
***
သင် ဘလော့ဂ် ဘာကြောင့် ရေးရပါသလဲ… တဲ့။
ဒီအကြောင်းက မြန်မာ ဘလော့ဂါတွေ အတော်များများ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အကြောင်းပြချက်အမျိုးမျိုး၊ ရည်ရွယ်ချက် အစုံစုံနဲ့ ဘလော့ဂ်ရေးနေကြတဲ့ မိတ်ဆွေ ဘလော့ဂါတွေရဲ့ အတွေးတွေနဲ့ အတူ ကျနော် ဘလော့ဂ် ဘာကြောင့် ဘလော့ဂ် ရေးနေရသလဲဆိုတာ တင်ပြချင်ပါတယ်။
ဘလော့ဂ်ရေးရတာဟာ ကျနော့်အတွက် `စိတ်ထွက်ပေါက်´ ပါပဲ။ ကျနော် ပြောချင်တာ၊ ကျနော်ခံစားနေရတာ၊ ကျနော် ဖြစ်ချင်မိတာတွေကို ချခင်းပြစရာ ထွက်ပေါက်တခုပါပဲ။ ကျနော့် ဘလော့ဂ် စာမျက်နှာပေါ်ကနေ နေ့စဉ် ဖြစ်ပျက်နေတဲ့ ကျနော့် အတွေ့အကြုံက အစ၊ ကျနော့် ယုံကြည် ရပ်တည်ချက်တွေအထိ အဆုံး ဘယ်သူ့ တည်းဖြတ်မှုမှ မခံရဘဲ တင်ပြခွင့် ရပါတယ်။ ဒီအချက်တွေကြောင့် ကျနော် ဘလော့ဂ် ရေးပါတယ်။
ဘလော့ဂ်မှာ ပို့စ်တခုတင်လိုက်တဲ့ အခါ ကျနော်နဲ့ စိတ်တူကိုယ်တူတွေက ကျနော်ခံစားရသလို ခံစားပြီး သူတို့ရဲ့ အတွေးတွေကို မှတ်ချက်အဖြစ် ပေးလေ့ရှိသလို ကျနော်နဲ့ မတူညီသူတွေကလည်း သူတို့ အမြင်ကို ပြန်တုံ့ပြန်လေ့ရှိတာကလည်း ဘလော့ဂ်ရဲ့ ဆွဲဆောင်မှု တခုပါပဲ။ သာမန်အားဖြင့် စာစောင်၊ မဂ္ဂဇင်းတွေမှာ စာရေးတယ်ဆိုတာကတော့ ကိုယ့်စာကို ဘယ်သူက ကြိုက်လဲ၊ ဘယ်သူက မကြိုက်ဘူးလဲဆိုတာ ဘလော့ဂ်လောက် လျင်မြန်စွာ အလွယ်တကူ မသိနိုင်ပါဘူး။ ဒီအချက်မှာ ဘလော့ဂ်က သာလွန်ပါတယ်။ စာဖတ်သူ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရပါတယ်။
ဘလော့ဂ်ရေးရတဲ့ အတွက် စာလဲ ပိုဖတ်ဖြစ်လာပါတယ်။ ကိုယ်တင်ပြချင်တဲ့ အချက်အလက်ကို ကိုးကားချင်တာပဲဖြစ်ဖြစ်၊ တွေးမိတဲ့ အတွေးကို အထောက်အကူဖြစ်စေလိုတာပဲ ဖြစ်ဖြစ် စာတွေ ပိုဖတ်ရပါတော့တယ်။ နောက်ဆုံး…၊ ဘာစာအုပ်မှ မဖတ်ဖြစ်သည့် တိုင်အောင် တခြားသော မိတ်ဆွေ ဘလော့ဂါတွေရဲ့ အရေးအသား၊ တင်ပြချက်တွေကို ဖတ်မှတ်လေ့လာရင်း၊ နည်းနာယူရင်းနဲ့ စာတွေ ပိုဖတ်ဖြစ်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးပါပဲ။
ဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ သိပ်တော်တဲ့ လူတွေကို တွေ့လာရပါတယ်။ စိတ်ထား မွန်မြတ်တဲ့ လူတွေကိုလည်း တွေ့လာရပါတယ်။ အပြောင်းအလဲ တခုခုကို ပြင်းပြစွာ လိုလားတောင့်တနေတဲ့ လူငယ် အများအပြားကိုလည်း တွေ့လာရပါတယ်။ အဲဒီကြားထဲမှာပဲ… …………… ……………..။ အဲဒီလူတွေကိုလည်း တွေ့လာရပါတယ်။
တခါတရံမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်အရပဲ ဖြစ်ဖြစ်၊ တခြားသော အကြောင်းအရာတွေကြောင့်ပဲ ဖြစ်ဖြစ် ဘလော့ဂ်လောကကို ကျောခိုင်းပစ်ချင်စိတ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းများရဲ့ နားလည်စွာ ဖေးမမှုတွေနဲ့ပဲ စိတ်ကူးတွေကို အသက်ဆက်ဖြစ်ရင်း ဆက်ရေးမိပြန်တာပါပဲ။ တချို့ကတော့ ဒါကို `ဘလော့ဂ်နာကျတယ်´ လို့ ချစ်စနိုး ကျီစယ် သတ်မှတ်ကြပါတယ်။
ဘလော့ဂ်ရေးတာနဲ့ ပတ်သက်ပြီး ကဗျာလေး တပုဒ် ကျနော် ခံစားရေးခဲ့ဖူးပါတယ်။ ဖတ်ဖူးသူများ ရှိပေမယ့် ဒီနေ့ ပို့စ်မှာ အမှတ်တရ အနေနဲ့ ထပ်မံ တင်ပြချင်ပါတယ်။
ဘလော့ဂ်ရေးသူ…
ကျနော်တို့ ဘလော့ဂ်ရေးတယ်
ယုံကြည်ချက်၊ ခံစားချက်…
ကျေနပ်ချက်၊ မကျေနပ်ချက်…
စိတ်ကူးချက်၊ မျှော်မှန်းချက်…
ဝေမျှရင်း၊ ခံယူရင်း
သင်ယူရင်းနဲ့…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
အားပေးနေမယ်နော်၊ ဆက်ရေးပါ
ကျေးဇူးပါနော်၊ အတွေးအမြင်တွေ ရစေတယ်
ကြိုးစားနော်၊ ဖတ်လို့ကောင်းတယ်
စာများများရေးပါ၊ စာရေးတာ ကောင်းတယ်
…………………………….
…………………………….
ချီးမွမ်းမှုတွေကို နေ့စဉ်စားသုံးရင်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
မင်းက ဒါမျိုးလေးတွေ ရေးမှ ထမင်းစားရမယ်ဆိုတာ ငါသိတယ်
ဘာမဟုတ်တာလေးကို ဇာချဲ့တယ်
အလကားပါ၊ ဘာတွေ ရေးထားမှန်း မသိဘူး
အင်တာနက်ပေါ်မှာ အတင်းတုတ်တယ်
………………………………..
………………………………..
ဝေဖန်စကားလုံးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်းနဲ့လည်း
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
ဟင်းတခွက်ချက်လိုက်တာ
တယောက်က ပြောတယ်
`အစပ်အဟပ် မတည့်ဘူး´ တဲ့
နောက်တယောက်ကတော့
`စားလို့ ကောင်းသားပဲကွ´ တဲ့
နောက်တော့လည်း သူတို့တတွေ
အဲဒီဟင်းရဲ့ အာဟာရကို အတူတူစားကြပြီး
နောက်တခွက် ထပ်ချက်ခိုင်းကြပြန်တော့
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
မိသားစုနဲ့ အတူတူနေချင်တဲ့ ကလေးငယ်
သားပြန်အလာကို မျှော်နေတဲ့ အမေ
ဘောင်းဘီချွတ်ပြတဲ့ ပြည်သူ့စစ်သား
ခိုးရာပါ စိန်တွေနဲ့ မင်္ဂလာပွဲ
နယ်မြေပျောက်သူ၊ ကျောင်းပျောက်သူတွေ
………………………………..
………………………………..
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
အခန်းထဲက ကွန်ပြူတာထဲမှာ
နေ့စဉ်ရောက်နေကျ မြန်မာပြည် ရှိတယ်
ဟိုးခပ်ဝေးဝေးမှာ ပန်းတိုင်ရှိတယ်
မျှော်လင့်ခြင်းတွေ ရှိတယ်
အဲဒီအတွက်…
ကျနော်တို့ ဘလော့ဂ် ရေးတယ်…။
ဘလော့ဂ်ကို လာလည်ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိလျက်ပါခင်ဗျာ။
ကလိုစေးထူး
18 comments:
လမ်းလေးရဲ့ခရီးက ပို့စ်ပေါင်း ၂၀၀ ကျော်နဲ့အတူ ၁ နှစ်ပြည့်ပြီဆိုတော့ Happy Birthday ပါ။
နောင်နှစ်တွေကိုလည်း ပို့စ်တွေရေးရင်း ကျော်ဖြတ်နိုင်ပါစေ. ။အမြဲတမ်းအားပေးနေမှာပါ ကိုစေးထူးရေ။
ကိုကြီးစေးထူးရဲ့ ဘလော့ ဂ်သားလေး တစ်နှစ်ပြည့် ကနေ နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်လို့ စာတွေ အများကြီးရေးနိုင်ပါစေနော် ထာဝရ ပရိတ်သတ်လေ မုံ့ကျွေးနော်..နော်
တစ်နှစ်ပြည့်မှာတောင်းဆုချွေမယ်
ကိုစေးပျော်ရွင်နိုင်ပါစေ
တစ်နှစ်ပြည့် လမ်းကလေး ပန်းတိုင်အထိ ပျော်ပျော်ရွှင်ရွှင် အရောက်လှမ်းနိုင်ပါစေ။
အစဉ်အားပေးလျက်
ပန်ဒိုရာ
In the end, the truth shall prevail. Keep up your good work.
Lwin Moe
P.S. I am following "လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…". Please keep posting :) :) Can't wait :) :)
နှစ်ပတ်လည် အတွက်..၀မ်းမြောက်ဂုဏ်ယူပါတယ်။ ဘလော့စရေးတဲ့ အချိန်ကနေ ခုထိ ပြောင်းလဲမူတွေ တွေ့လာကြတာပဲမဟုတ်လား။ အဲဒီတော့ ဆက်ရေးကြမယ် ဒီထက်ပိုကောင်းတဲ့ အချိုးအကွေ့တွေ..ရလဒ်တွေ ကိုမျှော်လင့်ကြမယ်။
ဆက်ရေးကြပါစို့။
လမ်းလျှောက်နေတဲ့ ပန်းတိုင်
သူလျှောက်သောလမ်း..
စမ်းတ၀ါးဝါးတော့မဟုတ်….
သူ့ ဘ၀ရဲ့ စာမျက်နှာတစ်ချို့ ….
သူ့ ဘ၀ရဲ့ ဒါဏ်ရာတစ်ချို့ …
သူ့ ဘ၀ရဲ့ အသိ တစ်ချို့ …
သူ့ ဘ၀ရဲ့ ဒဿန တစ်ချို့ …
သူ့ နှလုံးသား ရဲ့ ရသ တစ်ချို့ …
လမ်းကလေးထက် စီရီခင်းကျင်းလို့ …
ရင်ဘတ်နဲ့ ခံစား
တင်ထားတဲ့ ပို့ (စ)တွေ
မောတလှည့်ပျော်တချီ..
ဒီတစ်နွေမိုးဆောင်း
ရာသီစက်ဝိုင်းတစ်လီပြောင်းလဲ..
မဟောင်းပဲမဆုတ်မနစ်
အသစ်အသစ်တွေဝေဖျာ
ဟိုးအေ့ရွမွာ…..
ပန်းတိုင်လဲ..အသေအချာ...
လမ်းကလေး ရဲ့ ..မင်္ဂလာနှစ်သစ်တွေ
စိမ်းလန်း..သာယာ..ဖြောင့်ဖြူးစေ…..
မောင်ရင်
စက်တင်ဘာ.၂ ၀၀၇
တနှစ်ကနေ ၂နှစ်ပေါ့ 
ဒီနှစ်ပြီး နောက်နှစ်... နောက် တစ်နှစ်ပြီးရင် နောက်ထပ်... နောက်ထပ်...
Happy Birthday ပါဗျာ
ကိုစေးထူး ကဗျာလေးကို ကြိုက်တယ်။ ရင်ဘတ်နဲ့ ခံစား သွားပါတယ်။
ကိုစေးထူးရဲ့ ဘလော့ဂ်လေး တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ မွေးနေ့ပွဲများကို စင်နွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ အမြဲအားပေးနေပါတယ်
ပျော်ရွှင်ဘွယ်ရာ ဘလော့ဂ်မွေးနေ့ပါ ကိုစေးထူးရေ..
စာတွေအများကြီး ဆက်ရေးနိုင်ပါစေနော
ကိုစေးထူးကြီး ၁ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာ
တည်စေသော်ဝ်။
အခုလိုစာကောင်းပေမွန်တွေဝေမှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဆက်လက်ပြီးရေးသားနိုင်ပါစေ
ကျနော့်ကို အားပေးထားကြတဲ့ မက်ဆေ့လေးတွေကို ကြည့်ပြီး အရမ်းပဲ ကြည်နူးအားတက်ရပါတယ်။ ကိုမောင်ရင်ရဲ့ ကဗျာကိုလည်း ကျနော် သေသေချာချာ သိမ်းထားပါမယ်။ အမှတ်တရပေါ့။ ကျနော် ကြိုးစားပါအုံးမယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
တနှစ်ပြည့်အတွက် အားလုံးရဲ့ နောက်ဆုံးမှ ဆုတောင်းလိုက်မယ် ... (ဘယ်သူမှ ထပ်မရေးကြေး .. :P )
အဟမ်းးးးး
တနှစ်ပြည့် ဘလော့ဂ်မှသည် ... နှစ်ပေါင်းများစွာတိုင် မြဲမြံခိုင်ကျည်ပါစေ... ။
ဤဘလော့ဂ်၏ အရှင်သခင်သည်လည်း ....
ဟိုးရှေ့မှာရှိတဲ့ ပန်းတိုင်ဆီကို အားစိုက်ပျံနေသော ငှက်ကလေးတွေပမာ ...
ပန်းတိုင်မရောက်မခြင်း မလျှော့သော ဇွဲနဲ့ အမြဲတမ်း ပျံသန်းနိုင်ပါစေ ... ။
ဖြောင့်ဖြူးသော လမ်းကလေးပမာ ... ဘ၀ခရီးလမ်းတလျှောက် ဆူးညောင့် ခလုတ်များ ကင်းဝေးကာ ဖြောင့်ဖြူးသာယာနိုင်ပါစေ ... ။
စိမ်းလန်းသော သစ်ပင် သစ်ရိပ်တွေပမာ ... သာယာအေးမြ ငြိမ်းချမ်းသောဘ၀ကို ရရှိပိုင်ဆိုင်နိုင်ပါစေ ... ။
***
အခုမှ ၀င်ကြည့်မိတော့ အခုမှသိတယ် နောက်ကျပြီးမှ မွေးနေ့ဆုတောင်းပေးရတာ စိတ်မကောင်းပါဘူး
တစ်နှစ်ပြည့်ဘလော့လေးကျန်းမာပါစေနော်
Post a Comment